အပိုင်း (၂၂၉)
နှစ်ယောက်လုံးက ကျွမ်းကျင်အဆင့်တွေချည်းပဲ
နန်းပေါင်ရီက ဒါန်းပေါ်ကနေ ခုန်ဆင်းလာပြီး “အစ်ကို ၂၊ ညီမလေး ဆုန်းဟယ့်ခြံကို ပြန်လိုက်ဦးမယ်”
သွားပြီး အကြီးတွေ ဘာပြောနေကြတယ် ဆိုတာကို သွားနားထောင်မှဖြစ်မယ်….
တစ်ချိန်တည်းမှာပဲ ဆုန်းဟယ့်ခြံ ပန်းပွင့်ခန်းမထဲတွင်…..
နန်းယန်က သခင်မဟောင်၏ စကားတွေကို နားထောင်ပြီးသောအခါ မျက်နှာက ဖျော့တော့သွားပြီး တုန်ယင် လာတော့သည်။
ချန်းမိသားစုက တကယ်ပဲ သူမနှင့် စေ့စပ်ထားတာကို ဖျက်သိမ်းပြီး နန်းပေါင်ရီကို အစားထိုး လက်ထပ်ချင်တာ တဲ့လား။
ဘာကြောင့်လဲ။
မနေ့ညက သူမ ဘုရင်ခံရွယ်၏ ညစာစားပွဲကို သွားခဲ့တာကြောင့်လား။
နောက်ဆုံး အရင်းစစ်ကြည့်တော့ ဒီကို ရောက်လာတာဟာ ချန်းတယ်ယွီ၏ ဖိတ်ခေါ်မှုကြောင့်ပဲ မဟုတ်လား။
ထိုအရာက သူမ ချန်းတယ်ယွီကို စိတ်ထဲရှိနေကြောင်း သက်သေပြနေသည်။
သူမက သခင်မဟောင်ကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ပြီး “ဒေါ်ဒေါ် မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာကို အထင်မှားနေတယ်လို့ မထင်ဘူးလား”
“အထင်လွဲတယ်”
သခင်မဟောင်က ခနဲ့တဲ့တဲ့ဖြင့် “မင်းရဲ့အမေက အသုဘတောင် မြေမကျသေးဘူး မင်းက ညစာစားပွဲကို ပြေးသွားပြီး ချမ်းသာပြီး အာဏာရှိတဲ့ သူကို ကုတ်ကပ်တွယ်ဖို့ ကြိုးစားနေတယ်လေ၊ နင် သမီးအရင်းမှ ဟုတ်ရဲ့လား။ နင့်မှာ ငွေမရှိပေမယ့် လက်ဝတ်လက်စားတွေကိုတော့ ညွတ်နေအောင် ဝတ်ချင်တယ်၊ နင်အနှစ်သာရ မဲ့လှချည်လား။ နင်နဲ့ လန်အာက ညလယ်ခေါင်ကြီးမှာ ရထားလုံးစီးပြီး ပြန်လာတယ်၊ နင် အရှက်သိက္ခာ မရှိဘူးလား။ တကယ်တမ်းတော့ အပြင်ဆောင်က ကလေးတွေဆိုတာ နာမည်တစ်ခုပဲ၊ အံဝင်ဂွင်ကျတော့ ဖြစ်မလာနိုင်ဘူး”
သူမက နန်းယန်၏ မျက်နှာကို အချက်ပေါင်းများစွာ ပါးရိုက်နေသကဲ့သို့ပင်။
နန်းယန်က မျက်ရည် တွေတွေကျရင်း လက်သည်းတွေကို လက်ဖဝါးပြင် နီရဲသွားတဲ့အထိ ဖျစ်ညှစ်ဆုပ်ကိုင် ထားမိသည်။
ဆယ်နှစ်……
သူမ သိတတ်စ အရွယ် ကတည်းက သူမက ကျော်ကြားဖို့နဲ့ မရေမတွက်နိုင်တဲ့ ပွဲလမ်းသဘင်တွေမှာ ပါဝါခွင့်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသည်။ နှိမ့်ကျတဲ့ အစေခံ တစ်ယောက်လိုမျိုး နောက်ဆုံးမှာ အရည်အချင်းရှိတဲ့ မိန်းမပျိုဆိုတဲ့ ဂုဏ်ပုဒ်ကိုရရန်အတွက် ဖြစ်သည်။
သို့ပေတည့် သူမ၏အမေ သေဆုံးသွားတာကြောင့် အိမ်တော်မှာ သူမက သားသမီး ကျင့်ဝတ်ကို လေးစားလိုက်နာခြင်း မရှိသလိုမျိုး သူမ၏ အရည်အချင်းရှိသည့် မိန်းမပျိုဆိုသော ဂုဏ်ပုဒ်နှင့်အတူ အောင်မြင် ကျော်ကြားမှုတွေက သူ့လက်နှင့်ကိုယ်တိုင် ကြိုးစားခဲ့ရတာ ဖြစ်သည်။ အားလုံးက တစ်စစီ ပျက်စီးကြေမွ သွားလေပြီ…..
အစိုးရအရာရှိ တစ်ယောက်နှင့် လက်ဆက်နိုင်မယ်ဆိုသည့် အခွင့်အရေးကတော့ ပျက်သုဉ်း သွားရှာလေပြီ….
သူမက ကတိမ်းကပါးဖြင့် နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လဲမကျစေရန် ပန်းပွင့်စားပွဲကို ကိုင်ထားလိုက်သည်။
သခင်မဟောင်ကတော့ သူမ၏ အနေအထားကို လုံးဝ အရေးမစိုက်ပါချေ။ အဘွားအိုဘက်သို့ လှည့်သွားပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလေသည်။
“နန်းသခင်မကြီး၊ ဒီကို လာတယ်ဆိုတာက ရိုးရိုးသားသားနဲ့ ကျောင်းကျောင်းကို ကမ်းလှမ်းချင်လို့ပါ၊ ကျောင်းကျောင်းက မိန်းမကောင်းလေးပဲ၊ သူက ဉာဏ်လည်း ကောင်းတယ်၊ ဗဟုသုတလည်း ရှိပြီး ချစ်စရာလည်း ကောင်းတယ်၊ လန်အာက အရမ်းကိုသဘောကျနေတာ”
အဘွားအိုက မျက်တောင်တွေကို ချလိုက်ပြီး နဖူးကို အလွန်အမင်း စက်ဆုပ် ရွံရှာနေဟန်နဲ့ ပွတ်သပ်နေသည်။
အချိန်အတန်ကြာမှ သူမက အငြင်းစကား ဆိုသည်။
“ကျွန်မတို့ နန်းမိသားစုက ကုန်သည်တွေ ဆိုပေမယ့် သိက္ခာရှိတဲ့ ကုန်သည်ပါ၊ ကျွန်မတို့ သမီးလေးက ဈေးထဲက မုန်လာထုပ် မဟုတ်ဘူး၊ ရှင်တို့က လက်ထပ်ပွဲကို သေးနုပ်သိမ်ဖျင်းတဲ့ ကိစ္စတစ်ခုလို ကောက်ယူပြီး ရွေးချယ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ ပြန်လိုက်ပါ၊ ချန်းသခင်မ၊ အခုကစပြီး ရှင်တို့နဲ့ ကျွန်မတို့မိသားစု လက်ထပ်ဖို့ အကြောင်းကို ထပ်မပြောပါနဲ့”
အစေခံတစ်ယောက်က ရုတ်ခြည်းပင် သခင်မဟောင်၏ လက်ထဲက လက်ဖက်ရည်ခွက်ကို နွယ်ချိုနှင့် တန်ဆာဆင်ထားသော စွပ်ပြုတ်ခွက်ဖြင့် အစားထိုး ပေးလိုက်သည်။
ဧည့်သည်ကို လက်ဖက်ရည်နှင့် စွပ်ပြုတ်ကို လဲပေးလိုက်တယ် ဆိုတာက သဘောထားကို ပြလိုက်တာပင်။
စွပ်ပြုတ်ကို ဆက်သလိုက်သည်က ဧည့်သည်ကို ထွက်သွားခိုင်းခြင်း ဖြစ်သည်။
သခင်မဟောင်၏ မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုး သွားလေတော့သည်။
သူမက ဝတ်စုံလက်ကို တင်းတင်းဆုပ်ရင်း ချန်းယဲ့ရူ ဘက်သို့လှည့်၍ မလိုမုန်းတီးသော အပြုံးရေးရေးဖြင့် “ယဲ့ရူ၊ နင်ကအခု ကျောင်းကျောင်းရဲ့ အမေဖြစ်နေပြီ၊ တကယ်လို့ ကျောင်းကျောင်းနဲ့ လန်အာရဲ့ လက်ထပ်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ငါတို့မိသားစု နှစ်ခုက ရွှေရွှေချင်းထပ် မြတ်သလိုပဲပေါ့…..”
“ယောင်းမ စကားကို ကြည့်ပြောပါ”
ချန်းယဲ့ရူက ပျော့ပျောင်းသော လေသံဖြင့် “ကျင်းကွမ်မြို့မှာ အစိုးရအရာရှိတွေနဲ့ အရာရှိကတော်တွေ အများကြီးပါ၊ ဘာလို့ နန်းမိသားစုက မိန်းကလေးမှလဲ။ နန်းမိန်းကလေးရဲ့ အတွင်းပစ္စည်းတွေနဲ့ ဂုဏ်ကျက်သရေကို တပ်မက်စိတ် ပြင်းပြနေတာလား ဆိုတာတော့ ကျွန်မ မသိဘူး”
သခင်မဟောင်၏ ဒေါသတွေက ပေါက်ကွဲ ထွက်လာလေတော့သည်။ သူမက လက်ဝကျယ်တဲ့ ဝတ်စုံထဲမှာ ပိတ်မိနေပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထရပ်လိုက်သည်။
ခြေလှမ်းနှစ်လှမ်း လှမ်းပြီး နောက်ကို ပြန်လှည့်၍ စွပ်ပြုပ် ပန်းကန်ကို ကောက်ယူပြီး ရည်ရွယ်ချက်ရှိရှိဖြင့် နန်းမိသားစု၏ မိန်းမများကြားထဲမှ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
သူမက ‘ဟွန့်’ခနဲ နှာမှုတ်ရင်း ထွက်သွားလေတော့သည်။
သခင်မကျန်းက အားရဝမ်းသာနှင့် ရယ်မောရင်း “သခင်မဟောင်ကတော့ ပြည့်စုံတယ်ဆိုတဲ့ နေရာကနေ ဆင်းသွားပြီး မရှုနိုင်မကယ်နိုင် ဖြစ်နေပြီ”
သူမက လက်ယပ် ခေါ်လိုက်သောအခါ အစေခံနှစ်ယောက်က ချက်ချင်း ကြမ်းပြင်ကို လှည်းကျင်း လိုက်ကြသည်။
အဘွားအိုက ငိုနေသော နန်းယန်ကို တစ်ချက် ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ဖြင့် “အားလုံး ထွက်သွားကြတော့၊ ငါနန်းယန်ကို ပြောစရာ ရှိတယ်”
သခင်မကျန်းနှင့် တခြားသူများ ထွက်သွားပြီးနောက် နန်းယန်က မျက်ရည်စိုလူးပြီး နီရဲဖောင်းအစ် နေသောမျက်နှာဖြင့် အဘွားအို၏ရှေ့မှာ နာခံစွာ ဒူးထောက်လိုက်သည်။
သူမက ခေါင်းကိုပင့်မော့ပြီး မျက်နှာက မျှော်လင့်ချက် ရောင်ခြည် အပြည့်ဖြင့် ညင်သာ ပျော့ပျောင်းလှပြီး ဆွဲဆောင်မှုရှိသော အသံပြုကာ “အဘွား….”
“မင်းလည်းသိတယ်၊ နှစ်တွေ ကြာလာတာတောင် ငါက မင်းရဲ့အမေကို ဘယ်တုန်းကမှ သဘောမကျ ခဲ့ဘူး”
အဘွားအိုက အသံပြင်းပြင်းဖြင့် “မင်းရဲ့အဖေက ဆုန်းမိသားစုနဲ့ လက်ဆက်ပြီးတဲ့ နောက်မှာ ငါက မင်းအမေကို အထူးတလည် ခေါ်တွေ့ပြီး ရွှေစနှစ်သောင်း ပေးခဲ့တယ်၊ သူ့ကို ကျင်းကွမ်မြို့က ထွက်သွားပြီး တခြား တနေရာရာမှာ နေထိုင်ဖို့ပေါ့၊ သူက ရွှေစတွေကို ယူပြီး လျှောလျှောရှူရှူ ကတိပေးခဲ့တယ်၊ ဒါပေမယ့် မျက်တောင် တစ်ချက်ခတ် အပြီးမှာပဲ သူက မင်းရဲ့အဖေကို ကပ်တွယ် ထားတော့တယ်၊ ဒီလို ကတိဖျက်တာမျိုးက တကယ်ကို အထင်သေးချင်စရာပဲ”
နန်းယန်က လေသံလေးဖြင့် “အမေက ပညာကိုလည်း တတိယတန်း အထိလောက်သာ သင်ခဲ့ရပြီး ဘယ်တုန်းကမှ စာအုပ်တောင် မဖတ်ဖူးခဲ့ပါဘူး၊ အဲဒါကြောင့် သူက သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အပေါ်မှာ ဒေါသ ထွက်တတ်တာပါ၊ ကျေးဇူးပြုပြီး သမီးရဲ့အမေကို မကောင်းမပြောပါနဲ့”
“မင်းကတော့ စာတွေတတ်ပေမယ့် ကျင်းချန်တောင်က ချင်းချန် ပိုးစာပင်ကိစ္စက မင်းလုပ်ရပ် မဟုတ်ဘူးလား”
အဘွားအို၏ အသံက အလွန် တည်ငြိမ်နေပြီး ထိုသို့သော မေးခွန်းမျိုးကို ဘာအဓိပ္ပါယ်မှ မပါသလိုမျိုး မေးနေသည်။
နန်းယန်၏ နောက်ကျောက ချွေးစေးများ ထွက်လာတော့သည်။ သူမက သတိကြီးကြီး ထား၍ ခေါင်းကို မော့လိုက်ပြီး အဘွားအိုကို မယုံကြည်နိုင်ခြင်း များစွာဖြင့် ကြည့်လိုက်သည်။
ကျင်းချန်တောင်က ချင်းချန် ပိုးစာပင် ကိစ္စက သူမလုပ်ရပ် ဆိုတာကို သိနေတာပဲ….
သူမက တိုးသဲ့သဲ့ဖြင့် “နန်းပေါင်ရီက အဘွားကို ပြောတာလား။ အဘွား၊ သမီးကို မှားပြီး စွပ်စွဲနေတာ…..”
အဘွားအိုက လျှို့ဝှက်ချက်ကို သိမ်းဝှက်ထားသည်။ သူမက ပိုင်ရှောင်ရှန် (နွေဦးကျောက်စိမ်း စံအိမ်ဆီက သတင်း)ဆီက ထိုသတင်းကို ဝယ်ဖို့ ငွေတွေ အများကြီး အကုန်ခံခဲ့ရသည်။
သူမက ပေါ့ပေါ့ပါးပါးဟန်ဖြင့် “ငါဘယ်လိုသိလဲ ဆိုတာကို စိတ်မပူပါနဲ့၊ နင်သိရမှာက ငါတို့ နန်းအိမ်တော်က နင့်ကိုထပ်ပြီး ကျွေးမထားနိုင်တော့ဘူး”
“အဘွား”
နန်းယန်က မျက်ရည်ဥတွေ တစ်လိမ့်ချင်း ကျလာပြီး သူမ၏ခြေထောက်ကို ဖက်၍ အကူအညီမဲ့နေတဲ့ မျက်နှာဖြင့် “မြေးချင်း အတူတူပဲ မဟုတ်ဘူးလား၊ ယန်အာကိုတော့ ဒီလောက် နှစ်တွေ အကြာကြီးမှာ တစ်ခါလေးတောင်မှ မပွေ့ဖက်ဖူးဘူး၊ ယန်အာနဲ့ တစ်ခါမှ မဆော့ကစားပေးဖူးဘူး…. ဒီမြေးမလေးက မှားသွားပါတယ်၊ သမီးမှာ ဘာစိတ်ပုပ် စိတ်ယုတ်မှ မရှိရပါဘူး၊ ပြီးတော့ စစ်စစ်မှန်မှန်နဲ့ အဘွားကို တကယ် ရိုသေလေးစားတာပါ”
သူမက သည်းထန်စွာ ငိုကြွေးလေတော့သည်။ သူမက နန်းအိမ်တော်မှာ နေချင်တယ်ဆိုရင် ဒီအဘွားကြီးကို ရိုကျိုးစွာနဲ့ တောင်းဆိုမှ ရမယ်ဆိုတာကို သူမသိသည်။
အဘွားအိုက အေးစက်ဆဲပင်။
“မပူပါနဲ့၊ ငါမင်းကို ခေါ်လိုက်တာက မင်းနဲ့စာရင်းရှင်းချင်လို့ မဟုတ်ပါဘူး”
နန်းယန်က တောင့်ခဲသွားတော့သည်။
အဘွားအိုက ဖြည်းဖြည်းချင်း ပြောလာသည်။
“ဒုန်ကျဲမင်းပူရဲ့ သူဌေးက ငါတို့ နန်းအိမ်တော်ကို ဂါရဝပြု လာတာကြာပြီ၊ သူက အသက်နှစ်ဆယ်ရှိပြီး ယောကျ်ားပီသတဲ့ သွင်ပြင်ရှိတယ်၊ သူ့မှာ ဇနီးမယား မရှိသေးဘူး၊ မိသားစုကတော့ နည်းနည်း ချမ်းသာပြီး ငါတို့နန်းမိသားစုက သမီးတစ်ယောက်ယောက်နဲ့ လက်ဆက်ချင်နေတာ၊ ငါမင်းအတွက် အတွင်းပစ္စည်းတွေ ဝယ်ပြီး သူနဲ့ လက်ထပ်ပေးမယ်၊ အခုကစပြီး မင်းသူနဲ့ သွားနေတော့”
နန်းယန်က ဒူးထောက်ထိုင်လိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းနေသည်။
မင်းပူရဲ့ သူဌေးနဲ့ လက်ဆက် ပေးမလို့တဲ့လား။
သူမက ကျင်းကွမ်မြို့ရဲ့ လူသိများ ထင်ရှားတဲ့ အရည်အချင်းရှိ မိန်းမပျို တစ်ယောက်လေ။ ဘာလို့ မင်းပူရဲ့ သူဌေးနဲ့ လက်ဆက်ရမှာတဲ့လဲ။
တခြားသူတွေက သူမကို အထင်သေးကြလိမ့်မည်။ သူမ၏ မျက်ရည်တွေကို လျစ်လျှူရှုရင်း အဒေါ်ကျိက အစေခံတွေကို လက်ပြပြီး သူမကို ဆွဲထုတ်ခိုင်းလိုက်သည်။
ပန်းပွင်ခန်းမက တဖြည်းဖြည်း ဆိတ်ငြိမ် သွားတော့သည်။
အဒေါ်ကျိက အဘွားအိုရဲ့ နဖူးကို နှိပ်နယ်ပေးလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။
“သခင်မကြီးက အငယ်လေးတွေ အတွက် စိတ်ဆင်းရဲခံနေတာပဲ”
“ဒါက တတိယသားရဲ့ သွေးလေ၊ ဘယ်လို လုပ်နိုင်ပါ့မလဲ”
အဘွားအိုက သက်ပြင်းချရင်း “ပြီးတော့ သူဌေးဒုံက ရိုးသားပြီး ကြင်နာတတ်တယ်၊ သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှာ မဟုတ်ဘူး၊ သူ့ကို လက်ထပ်ရတာ နန်းယန် ကံကောင်းတာပါ၊ သူလက်မခံမှာကိုပဲ စိတ်ပူရတယ်၊ ငါက အရမ်းကို ကြင်နာပါတယ်၊ သူကသာ သူ့ရဲ့ အနာဂတ်ကို နှောင့်ယှက်တယ်ဆိုပြီး ငါ့ကို မုန်းနေမှာပဲ”
“သူ့အတွက် သခင်မကြီးက လက်ထပ်ပွဲ စီစဉ်ပေးတာပဲ၊ အဲဒါက အကောင်းဆုံး ကြင်နာတရားပဲလေ၊ ဒါကို သူက ကျေးဇူးမတင်ဘဲ သခင်မကြီးကို မစော်ကားသင့်ဘူးလေ”
အလင်းရောင်နဲ့ အရိပ်တွေက ပြောက်တိပြောက်ကြား ဖြာကျနေသည်။
အဘွားအိုက လက်ကိုမြှောက်ပြီး အဒေါ်ကျိကို နောက်ဆုတ်ရန် လက်ပြလိုက်သည်။ သူမက အရိပ်လေး နှစ်ခုကို ကြည့်ရင်း အနီရောင် စဉ့်ရည် သုတ်ထားသော ပြတင်းငယ်၏ နောက်ကို ခေတ္တမျှ ကြည့်နေရင်း မျက်လုံးတွေက ဖြည်းဖြည်းချင်း ပျော့ပျောင်း သွားတော့သည်။
ဖြည်းညင်းစွာဖြင့် အိမ်အပြင်ဘက်ကို ကြည့်လိုက်သည်။ အပြင်ဘက်မှာ အသီးဝါလေးများသီးသော သစ်ပင်ကြီး တစ်ပင်ရှိပြီး သူမ၏ ခင်ပွန်းသခင်ကြီး အသက်ရှိစဉ်က ကိုယ်တိုင် စိုက်ထားခဲ့တာ ဖြစ်သည်။
အနှစ် နှစ်ဆယ်ကျော်တောင် ကြာသွားပြီ၊ အခုတော့ ညွှတ်ကိုင်းအောင် အသီးတွေအပြည့် သီးနေလေပြီ။
အဝါရောင် ပန်းလေးတွေက ဆောင်းရာသီမှာ ယိမ်းထိုး လှုပ်ခါနေပြီး နွေဦးရဲ့ လေပြည်လေး နှင့်အတူ မြေပြင်ပေါ်သို့ သက်ဆင်းနေကြသည်။
သူမက လေတိုးသံလေးကို နားဆင်နေရင်း အပင်ကို ကြည့်၍ မြေးမလေးတွေနဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ သူမ၏ခင်ပွန်း အကြောင်းကို တွေးတောနေသည်။ ဖြည်းဖြည်းချင်း စိတ်အခြေအနေက ပျော့ပျောင်းပြီး ငြိမ်းအေး သွားတော့သည်။
***