အပိုင်း (၂၂၈)
ကျောင်းကျောင်းက သူ့အစ်ကိုညစ်ပတ်တာကိုမုန်းတယ်
နန်းပေါင်ရီက လှမ်းကြည့်လိုက်သည်။
လူငယ်က အနက်ရောင် ကျောက်စိမ်း နန်းတော်ပုံစံ ပိုးပန်းဖွား အမိတ်တွေကို ခါးပတ်လည်မှာ ချိတ်ဆွဲထားသည်။ သူ၏မျက်ခုံးတွေက ကြင်နာဟန် ရှိနေသည်။
“အစ်ကို ၂”
သူမက ဒန်းပေါ်ကနေ ခုန်ဆင်း လိုက်သည်။ သူမက ခြေအိတ်တွေကို မညစ်ပတ်စေချင်တာကြောင့် သူမက ခြေထောက်တစ်ဖက်ကို ကွေးပြီး သူ့ဆီကို ခက်ခက်ခဲခဲနဲ့ ပျော်ရွှင်စွာ ခုန်ဆင်း လာလေတော့သည်။
ရှောင်းယီက သူမကို အချိန်မီ ဆီးဖမ်း ထားလိုက်သည်။
သူက ရယ်သံသဲ့သဲ့ပြုရင်း “ဧည့်သည်ရဲ့ ရှေ့မှာ ဖိနပ်ကို ချွတ်ထားတာ မိန်းကလေး တစ်ယောက်မှာ ရှိသင့်တဲ့ အပြုအမူလား”
နန်းပေါင်ရီက စောဒက တက်လာသည်။
“အစ်ကို ၂၊ ချန်းတယ်ယွီက အရှက်မဲ့တဲ့ လူဆိုးပဲ၊ သူက ရွံစရာကောင်းတဲ့ စကားတွေ မျိုးစုံပြောပြီး ညီမလေးကို နစ်နာတယ်လို့ ခံစားရအောင် လုပ်နေတာ”
ချန်းတယ်ယွီက ဒေါသူပုန် ထသွားတော့သည်။ သူက အကြောင်းပြချက်မရှိဘဲ ဖိနပ်နဲ့လည်း အပေါက် ခံရသေးသည်။ ဘယ်သူက ပိုမှားလဲဆိုတာ အသိသာကြီးပဲ မဟုတ်ဘူးလား။
သူက ရှောင်းယီကို လက်ယှက်၍ ဂါရဝပြုရင်း တည်တင်းနေသော မျက်နှာဖြင့် “အမတ်မင်း၊ ကျောင်းကျောင်းနဲ့ ကျွန်တော်က အနှေးနဲ့အမြန် လက်ထပ်ကြရမဲ့ သူတွေပါ၊ အခုပဲ သူနဲ့ပြောနေတာ၊ မသင့်တော်တဲ့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် အမတ်မင်း အနေနဲ့ကတော့ အသက် ခုနစ်နှစ်ကွာတဲ့ ယောက်ျားနဲ့ မိန်းမပါ၊ မတူပါဘူး၊ ဘာလို့ သူ့ကို အမတ်မင်းက ဖက်ထားတာလဲ”
ရှောင်းယီက သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
‘ယောက်ျားနဲ့မိန်းမ’ဆိုသော စကားလုံးက တကယ်ကို ပြင်းထန်တာပဲ…
သူ၏ နှုတ်ခမ်းပါးတွေက ကော့ညွှတ်သွားပြီး ဩရှသော အသံဖြင့် “ချန်းသခင်လေးနဲ့ ကျောင်းကျောင်းက လက်ထပ်ရမယ်လို့ ဘယ်သူပြောလဲ”
ချန်းတယ်ယွီ၏ မျက်နှာအနေအထားက မပျက်ယွင်းသွားဘဲ “အနှေးနဲ့အမြန်ပါပဲ”
ရှောင်းယီက ဟယ်ယဲ့၏ လက်ထဲကို နန်းပေါင်ရီကို ထည့်ပေးလိုက်သည်။
သူက ချန်းတယ်ယွီဆီကို ဖြည်းဖြည်းချင်း လျှောက်သွားရင်း “အနှေးနဲ့အမြန်”
သူက ချန်းတယ်ယွီထက် ခေါင်းတစ်လုံးခန့် အရပ်ပိုမြင့်ပြီး သည်းခံနိုင်မှု စွမ်းရည်ကလည်း ပိုမြင့်မား လှသည်။
ထိုသူနှစ်ယောက် ယှဉ်ရပ်နေသောအခါ လမင်းကြီးနှင့် ပိုးစုန်းကြူးလေးလိုပင်။
နန်းပေါင်ရီက အမတ်မင်း၏ တင့်တယ်လှတဲ့ ဂုဏ်ကျက်သရေကို တိတ်တိတ်လေး လေးစား အားကျနေသည်။
ယောက်ျား တစ်ယောက်၏ ပုံပန်းသဏ္ဌာန်က အရေးမကြီးပေမယ့် သူ၏ ပင်ကိုစိတ်နေ သဘောထားကသာ သော့ချက်ပဲလို့ ပြောကြသည်။
အမတ်မင်းနှင့် ယှဉ်ရင်တော့ ချန်းတယ်ယွီလို ပိုးစုန်းကြူးကို ဘယ်မြင်ပါ့မလဲ။
ချန်းတယ်ယွီက မျက်မှောင်ကြုတ် လိုက်သည်။ ခြုံငုံကြည့်ခံရသည့် ခံစားချက်က သိပ်မကောင်းပေ။
သူက နောက်သို့ နှစ်လှမ်း ဆုတ်လိုက်ပြီး “နန်းယန်လို နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မိန်းကလေးက ချန်းအိမ်တော်ရဲ့ ဇနီးမယား တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး၊ ဒီတစ်ကြိမ် ကျုပ်အဖေနဲ့အမေ လာတာက လက်ထပ်ပွဲကို ပြောင်းလဲချင်လို့ပဲ၊ ပြီးပြည့်စုံတဲ့ ချန်းမိသားစုနဲ့ လက်ထပ်ရတာက ကျောင်းကျောင်းအတွက် အကြီးမြတ်ဆုံး ဂုဏ်ကျက်သရေ တစ်ခုပဲ၊ ပြီးတော့ သူက ဂုဏ်တောင် ယူရဦးမှာ၊ ရှောင်းယီ၊ မင်းအတွက်တော့ နန်းအိမ်တော်မှာ နေရတယ်ဆိုပြီး မင်းကချစ်နေရုံ……”
“ခွပ်”
ရှောင်းယီက သူ့ကို လက်သီးတစ်ချက် ပစ်ကျွေး လိုက်လေတော့သည်။
ချန်းတယ်ယွီက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး သူရဲ့ပါးပြင်ကို မယုံကြည်နိုင်ဟန်ဖြင့် လက်ဖြင့် အုပ်ကိုင်လိုက်ပြီး ဟစ်အော်လေတော့သည်။
“ရှောင်းယီ၊ မင်းကတကယ်ကို အောက်တန်းကျတာပဲ မင်းကဆန့်ကျင်နေ…..”
ရှောင်းယီက မေးရိုးအထက်ပိုင်းကို ဖိနှိပ်၍ သူ၏လျှာကို တန့်သွားအောင် ဖိအားပေးထားပြီး ကောက်ကျစ် စဉ်းလဲဟန် လျှာသပ်လိုက်သည်။ သူက အပြုံးစစဖြင့် ချန်းတယ်ယွီ၏ အင်္ကျီကို ဆွဲဆုပ်လိုက်ပြီး မျက်နှာကိုတည်၍ နောက်တစ်ချက် ထပ်ထိုးချလိုက်သည်။
ချန်းတယ်ယွီ၏ ပါးပြင်က နီစွေးပြီး ဖူးရောင်လာတော့သည်။ ရှက်စရာကောင်းအောင် သွားတစ်ချောင်းပါ ကျွတ်ထွက် သွားသေးသည်။
သူက အလွန် ထိတ်လန့်စွာဖြင့် “ရှောင်းယီ၊ ယောကျ်ားကောင်းဆိုတာ စကားနဲ့ပဲ ပြောတယ်၊ လက်မပါဘူး…..”
ရှောင်းယီက သူ့ကို ဝေးဝေး လွင့်သွားအောင် ကန်ထုတ် လိုက်လေတော့သည်။
သူက အပြုံးကို နှုတ်ခမ်းထက် မချွတ်တမ်း တပ်ဆင်ထားရင်း “မင်းရဲ့သွားကို လက်မပါဘဲနဲ့ ထုတ်ရတာလည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် အမတ်မင်းက ယဉ်ကျေးတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး၊ ချန်းတယ်ယွီ မင်းနဲ့ငါ နှစ်ယောက်လုံး ဘယ်သူကမှ လူယဉ်ကျေး မဟုတ်ဘူး၊ ဘာလို့ အမှားတွေကို စိတ်အနှောင့်အယှက် ဖြစ်အောင် ပြောနေရတာလဲ။ မင်းက ငါ့ဆီက သင်ယူနိုင်မှာ မဟုတ်ဘူး၊ မင်းရဲ့လက်သီးကလည်း ငါ့ရဲ့ပြိုင်ဘက် ဖြစ်မလာနိုင်ဘူး၊ တကယ်လို့ ငါသာ မင်းနေရာမှာဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ တတ်နိုင်သမျှ ဝေးဝေးကို အမြန်ဆုံး ပြေးမှာပဲ”
ချန်းတယ်ယွီ၏ ပါးပြင်က ဆိုးဆိုးရွားရွား နာကျင်နေလေပြီ။ သူ့သွားတစ်ချောင်းကိုလည်း ရှောင်းယီက ရိုက်ချိုး ထားသေးသည်။ မတ်မတ်ရပ်ဖို့တောင် ခက်ခဲနေရပြီး အရှေ့ခြံကို ဒယိမ်းဒယိုင်နဲ့ ထွက်ပြေး သွားတော့သည်။
ရှောင်းယီက လူတွေကို လက်လွတ်စပယ် ကိုက်တတ်တဲ့ ခွေးတစ်ကောင်သာ ဖြစ်သည်။ သူက အရူးငတုံး တစ်ယောက် မဟုတ်တာကြောင့် အရိုက်ခံဖို့အတွက် ထိုနေရာမှာ ဆက်မနေတော့ပါချေ။
သူက ခြေလှမ်း အနည်းငယ်သာ ပြေးရသေးချိန်မှာ နန်းပေါင်ရီ၏ သာယာချိုမြလှသော အသံလေးက နောက်ပါးမှ ပျံ့လွင့်လာသည်။
“ချန်းမိသားစုက အစ်ကို၊ အစ်ကို့ရဲ့ပစ္စည်းတွေ မြေပေါ်ကျခဲ့ပြီ”
သူခေါင်းကို လှည့်ပြီး ကြည့်လိုက်စဉ်မှာပဲ မြက်ခင်းပေါ်မှာ ဘာပစ္စည်းမှ ရှိမနေပါချေ။
နန်းပေါင်ရီ၏ မျက်လုံးလေးတွေက တဖိတ်ဖိတ် လက်ဖြာနေပြီး “အစ်ကို့မျက်နှာက မြေကြီးပေါ် ကျကျန်ခဲ့ပြီ ဒီနေရာမှာလေ၊ အစ်ကိုချန်း မြန်မြန်လေး ပြန်ကောက်လိုက်၊ ညီမတို့အိမ်ကို မညစ်ပတ်စေနဲ့”
ချန်းတယ်ယွီက ခေါင်းအထိ သွေးဆောင့်တက် သွားရသည်။ အရှက်တရား နှင့်အတူ သူက နန်းပေါင်ရီကို ရက်စက်ခက်ထန်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး အဝေးသို့ နာကျင်စွာ ပြေးထွက်သွား လေတော့သည်။
အနောက်မှာတော့ နန်းပေါင်ရီက အားပါးတရ ရယ်မောနေပြီး ချန်းတယ်ယွွီကြောင့် အခုလေးတင် ထွက်လာသော ဒေါသများပင် အလုံးစုံ ပြေလျော့ သွားရလေသည်။
ရှောင်းယီက ကောင်မလေး၏ အပြုံးကို ငေးနေရင်း သူ့နှုတ်ခမ်းပါးတွေကလည်း ထွက်ပြူစ လခြမ်းလို ကွေးညွှတ် နေတော့သည်။
သူက ဟယ်ယဲ့ဘက်သို့ လှည့်လိုက်ရင်း “လေအေးတွေ တိုက်နေတယ်၊ မင်းရဲ့မမလေးအတွက် အပေါ်ထပ်ဝတ်စုံ သွားယူလာခဲ့”
ဟယ်ယဲ့က ပြုံးရင်း နာခံစွာနဲ့ ထွက်သွားတော့သည်။
တရားမျှတခြင်းကို ဖော်ဆောင်ပြီးသည့် ဥယျဉ်အတွင်းမှာတော့ ဒန်းလေးနားမှာ ရှောင်းယီနဲ့ နန်းပေါင်ရီသာ ကျန်ခဲ့တော့သည်။
ရှောင်းယီက ပန်းထိုးဖိနပ်လေးကို ငုံ့ကောက်လိုက်သည်။ ပန်းထိုးဖိနပ်၏ မျက်နှာပြင်မှာ တလဲသီးလေး ပုံစံအတိုင်း အနီရောင် ချည်ဖြင့် ထိုးထားပြီး အောက်ခြေမှာတော့ နိမိတ်ကောင်းအောင် ရွှေရောင်မှိုင်းမှိုင်းနှင့် တိမ်လွှာဆင်ကို ပုံဖော်ထားသည်။ သန့်ရှင်းနေပြီး အသစ်အတိုင်းပင်။
သူတို့အိမ်က ကောင်မလေးက အမြဲတမ်း သန့်ရှင်းနေတာကို ကြိုက်သည်ပဲ။
သူက တွေးတော လိုက်ပြီးနောက် လျှောက်သွား၍ နန်းပေါင်ရီရှေ့မှာ ဒူးတစ်ဖက် ထောက်ထိုင်လိုက်သည်။ နန်းပေါင်ရီ၏ ခြေကျင်းဝတ်ကို ပွတ်သပ်လိုက်သည်။ ကောင်မလေး၏ ခြေကျင်းဝတ်လေးက အလွန် သေးငယ်လှပြီး သူ၏လက် ထက်ပင် သေးနေသေးသည်။ သူမလေး၏ ခြေဖမိုးလေးကလည်း အနည်းငယ် ကွေးညွှတ်လျက် လေးကိုင်းလေးလို ညွှတ်ကိုင်းနေသည်။
သူက အမှတ်တမဲ့ ဟန်ဆောင်ပြီး ကြင်နာစွာဖြင့် ကောင်မလေး၏ ခြေထောက်လေးကို ပွတ်သပ် လိုက်သည်။ ခြေအိတ် ပန်းရောင်ဖျော့ဖျော့လေး ခံနေတာကြောင့် သူဘာကိုမှ မခံစားမိပါချေ။
သူ့မျက်လုံးထဲက အရိပ်မည်းတွေကို ပြန်လျော့ချလိုက်ပြီး စိတ်ပါလက်ပါနှင့် ကောင်မလေးကို ဖိနပ်စီး ပေးလိုက်သည်။
“နောက်တစ်ခေါက် ချန်းတယ်ယွီနဲ့ တွေ့ရင် အကူအညီကို တန်းပြီးခေါ်လိုက်၊ သူနဲ့ ထိပ်တိုက် မတွေ့နဲ့”
“ဟုတ်ကဲ့ သိပါပြီ”
နန်းပေါင်ရီက သွက်လက် တက်ကြွစွာနဲ့ ကတိပေးလိုက်သည်။
သူမက ဒါန်းပေါ်မှာထိုင်ပြီး ဖြည်းဖြည်းချင်း လွှဲနေရင်း “ဒီနေ့ အစ်ကို ၂ က ချန်းတယ်ယွီကို ရိုက်ပစ်လိုက်တာ သူ့မျက်နှာ ဖောရောင်နေတာ တွေ့ရတာ အရမ်းပျော်တာပဲ”
ရှောင်းယီက သူမဆီ အကြည့်ပို့လိုက်သည်။
သူမက မကုန်သေးသည့် ဆန်မုန့်လေးကို တစ်ကိုက် ကိုက်လိုက်သည်။ ဆန်မုန်လုံးက အလွန်ချိုမြိန်လှပြီး သူမ၏ မျက်ဝန်းလေးတွေက သက်သောင့်သက်သာ ဟန်နဲ့ ညွှတ်ပျောင်းနေသည်။ ခွေးလေးက အရိုးကိုက်နေသလိုပင်။
သူက အမေးရှိသည်။
“စားလို့ကောင်းလား”
နန်းပေါင်ရီက ခေါင်းလေးကို တဆတ်ဆတ် ညိတ်ရင်း “စားလို့ အရမ်းကောင်းတယ်၊ ပြီးခဲ့တဲ့နှစ် ကိုကိုကြီးက ကျန်းနန်က ပြန်လာတုန်းက ဝယ်လာခဲ့တာ၊ ကျင်းကွမ်မှာဆို အရမ်း ဝယ်ရခက်တယ်”
ရှောင်းယီက သူမ၏ရှေ့ကို ငုံ့ကိုင်းလိုက်ပြီး “အစ်ကို့ကို တစ်လုတ်လောက် ကျွေးလေ”
နန်းပေါင်ရီက တွန့်ဆုတ်သွားသည်။ ခဏကြာမှ ဒီနေ့ သူက ချန်းတယ်ယွီကို ရိုက်ပေးထားတဲ့ ကျေးဇူးကို ထောက်ပြီး သူမက ဆန်မုန့်လေးကို ရှေ့သို့ တိုးပေးလိုက်ရင်း “သေးသေးလေးပဲ ကိုက်နော်”
“အင်း၊ နည်းနည်းလေးပဲ ကိုက်မှာ”
ရှောင်းယီက ပြုံးမြမြဖြင့် ဆန်မုန့်လေးကို ကိုက်လိုက်သည်။ နန်းပေါင်ရီက သူ့ကို တိတ်တိတ်လေး ကြည့်နေသည်။ သူ့ရဲ့ ‘သေးသေးလေး တစ်ကိုက်’ က ဆန်မုန့်လုံး တစ်ခုလုံး ပါသွားတော့မလိုပင်။
သူမ၏ လက်ချောင်းလေးတွေတောင် ဝင်တော့မယ်….
သူမ၏ ပါးပြင်လေးက နှင်းဆီပွင့်လေးလို အနီရောင်သန်းလာပြီး လက်လေးကို အမြန် ပြန်ရုပ်လိုက်သည်။
“အစ်ကို ၂ ကအရမ်း မုန်းဖို့ကောင်းတယ်”
ရှောင်းယီက ဆန့်မုန့်လုံးလေးကို ဝါးစားနေတော့သည်။ ထိုမုန့်က ဆန်စေးနှင့် သကြားခဲကို သုံးပြီး လုပ်ထားတာဖြစ်၍ ချိုလွန်းပြီး စေးကပ်နေသည်။ ဘယ်နေရာက အရသာရှိလဲဆိုတာ သူတော့ မသိပါချေ။
သူက နန်းပေါင်ရီကို ကြည့်လိုက်သောအခါ ကောင်မလေးက သူမ၏ လက်ချောင်းလေးတွေကို လက်ကိုင်ပဝါနှင့် ပွတ်သုတ်နေသည်။
သူက ပြုံးစစဖြင့် “ကျောင်းကျောင်း၊ အစ်ကို ၂ ရော ညစ်ပတ်နေတယ်လို့ထင်လား”
“တံတွေးတွေချည်းပဲ၊ ညစ်ပတ်တာပေါ့”
ရှောင်းယီ၏ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားသည်။
ဒါကို ညစ်ပတ်တယ်လို့ ခေါ်တယ်လား။
နောက်အနာဂတ်မှာ ပိုပြီး ညစ်ပတ်တဲ့ ကိစ္စလေးတွေ ရှိလာဦးမှာလေ…..
နန်းပေါင်ရီက လက်ကိုင်ပဝါကို ရွံရှာနေဟန်နှင့် လွှင့်ပစ်လိုက်ပြီး တစ်ခုခုကို သတိရသွားသည်။
“ပထမတုန်းက နန်းယန်ကို ချန်းတယ်ယွီနဲ့ လက်ထပ် စေချင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ ချန်းမိသားစုက စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းလိုက်ပြီ၊ ဒါက မကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်နေမှာ စိုးရတယ်၊ နှမြောစရာပဲ၊ ညီမလေး သူတို့ကို ကြည့်ချင်သေးတယ်၊ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြမယ် ဆိုတာကို သံသယ မရှိခဲ့ဘူး”
“ဘာလို့ လောနေတာလဲ။ မင်းရဲ့အစ်မက ရေနံဆီမီးအိမ် တစ်လုံးမှ မဟုတ်တာ၊ သူက အိမ်တော်ရဲ့ တံခါးဝက နေဝင်ဖို့ အမြဲတမ်း နည်းလမ်း တစ်ခုတော့ ရှိစမြဲပဲ”
ရှောင်းယီက စိတ်လက်ပေါ့ပါး နေဟန်ရသည်။
နန်းပေါင်ရီကလည်း ထိုသို့ တွေးမိသည်။ နန်းယန်က ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ် နည်းလမ်းတွေနဲ့ အကျိုးအမြတ်ရအောင် ကြံစည်တတ်တာကြောင့် ဘာကိုမှ အထွေအထူး ခံစားရမှာ မဟုတ်ချေ။
သူမက နာမည်ဆိုး တွင်သွားတာ တစ်ခုပင်၊ ဘယ်လိုပဲဖြစ်ဖြစ် ချန်းအိမ်တော်က သူမကို ဇနီးမယား တစ်ယောက် အနေနှင့် လက်ခံတော့မှာ မဟုတ်ချေ။
မသကာ……
သူမက မောင်းမတစ်ယောက် အဖြစ်ခံနိုင်ရင်ပေါ့။
***