အပိုင်း (၂၂၆)
ချန်းမိသားစုက နောက်တစ်ကြိမ် စေ့စပ်ပွဲဖျက်သိမ်း ပြန်လေပြီ
သူမ၏အသံက ရှင်းလင်း ပြတ်သားနေပြီး တင်းမာ ခက်ထန်နေသည်။
နန်းယန်၏ မျက်ဝန်းအိမ်တွေထဲက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး နမ်းကွမ်ကို သနားစဖွယ် မျက်နှာလေးနှင့် ကြည့်လိုက်ရင်း “ဖေဖေ၊ သမီး မရည်ရွယ်ပါဘူး….သမီးမှာ သခင်မလေး ၄ နဲ့ ညီမလေး ကျောင်းကျောင်းလို ရွှေဆံထိုးတွေ အများကြီး မရှိပေမယ့် သူတို့နဲ့ အသက်အရွယ်က အတူတူပဲလေ၊ သမီးလည်း လှလှပပ ဝတ်စားချင်တာပေါ့…”
မိုးစက်မိုးပေါက်တွေလို မျက်ရည်တွေက တစ်လိမ့်ချင်း ကျဆင်းလာတော့သည်။ နန်းကွမ်က စိတ်မချမ်းသာတော့ပေ။
သူက ပျော့ပျောင်းသော လေသံလေးဖြင့် “ရူအာ၊ ယန်အာက ငယ်သေးပြီး အသိဉာဏ် နည်းသေးလို့ပါ၊ မင်းက သူ့အမေပဲလေ၊ မင်းက သူ့ကို အဆင်တန်ဆာလေး နည်းနည်းလောက် ဝယ်ပေးလိုက်ပါ၊ ကြည့်ပါဦး သူက သပ်သပ်ရပ်ရပ် ဝတ်စားထားပေမယ့် သူရဲ့ကိုယ်ပေါ်မှာ ဘာလက်ဝတ် လက်စားမှကို မရှိရှာဘူး၊ အိမ်တော်က သမီးတစ်ယောက်ရော ဟုတ်သေးရဲ့လား”
ချန်းယဲ့ရူက လှောင်ပြောင် သရော်ဟန်ဖြင့် “မေးကြည့် လိုက်ပါဦး၊ မနေ့ညက သူအိမ်ကထွက်ပြီး ဘာလုပ်ခဲ့တာလဲလို့”
“ဘာလုပ်ခဲ့လဲ”
“သူ့အမေရဲ့ အသုဘက မြေမကျသေးပေမယ့် သူကတော့ ကောင်းကောင်း ဝတ်စားပြင်ဆင်ပြီး ပြတင်းပေါက်က ခိုးထွက်တယ်၊ ချန်းတယ်ယွီ နဲ့အတူ ရထားလုံးစီးပြီး ဘုရင်ခံရွယ်ရဲ့ ညစာစားပွဲကို တက်ရောက်တယ်၊ အားကွမ် ဒါက မိန်းကလေး တစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။ သူက တကယ်ကို စဉ်းစားဉာဏ် မရှိဘူး၊ တခြားသူတွေက ကျွန်မကို ကောင်းကောင်း မသွန်သင်ဘူးလို့ ထင်ကြတော့မှာပေါ့၊ မှန်းထားတဲ့ အတိုင်း မိထွေး လုပ်ရတာဟာ လောကကြီးမှာ အခက်ခဲဆုံး အရာပါပဲ”
ချန်းယဲ့ရူက ပြောပြီးရင်း ပြောရင်းဖြင့် လက်ကိုင်ပဝါကို ဆုပ်ကိုင်ရင်း နစ်နာသူလို ငိုကြွေးတော့သည်။
ရူအာနဲ့ လက်ထပ်တာ မကြာသေးသလို နန်းကွမ်က ကော်နဲ့ ကပ်ထားသလို သူမကို မခွဲနိုင်မခွာရက် ဖြစ်နေတာကြောင့် သူမငိုတာကို မမြင်တွေ့လိုပါချေ။
သူက နန်းယန်ကို အမြန် သတိပေး လိုက်သည်။
“ယန်အာ၊ ဒါကမင်းအမှားပဲ၊ မင်းအမေသေတာ ဘယ်လောက် ကြာသေးလို့လဲ၊ ဘာလို့ ပွဲတော်ကို ထွက်လည် ရတာလဲ။ တခြားသူတွေက မင်းကို သားသမီးကျင့်ဝတ် မသိတတ်ဘူးလို့ လှောင်ပြောင် ကြမှာပေါ့”
လူတွေ အများကြီးက ဝိုင်းကြည့်နေတာကြောင့် နန်းယန်က မရပ်တည်နိုင်တော့ဘဲ ဆက်လက် ငိုကြွေးဖို့သာ တတ်နိုင်တော့လေသည်။
နန်းပေါင်ရီက ကိတ်မုန့်လေး စားရင်း ပွဲကြီးပွဲကောင်း ကြည့်နေလေသည်။ ဒေါ်ဒေါ်ချန်းက မိုးမခပင်လေးလို နူးညံ့ပေမယ့် သူမ မထင်ထားတာက သူ၏ခင်ပွန်းကို နိုင်ဖို့နည်းလမ်းတွေ အများကြီး ရှိနေတာပင်။
ငိုနေတာက အရမ်းလှတာပဲ… ဘယ်မှာလာပြီး နန်းယန်အတွက် ပြဇာတ်ကဖို့အခန်း ရှိပါတော့မလဲ။
ပန်းပွင့်ခန်းမ တစ်ခုလုံးက ငြင်းခုံသံတွေနဲ့ ဆူညံ ပွက်လောရိုက်နေပြီး အပြင်ဘက်မှ အစေခံ တစ်ယောက်က ထပ်တစ်ဖန် ဝင်လာပြန်လေသည်။
သူမက သံတော်ဦး တင်လာသည်မှာ “သခင်မကြီး၊ ချန်းမိသားစုက ရောက်လာပါတယ်၊ ဘုရင်ခံချန်းနဲ့ သခင်မ ကိုယ်တိုင် ရောက်လာတာပါ၊ ထမ်းစင်က အိမ်တော်ရဲ့ တံခါးဝမှာ ဆိုက်ရောက် နေပါပြီ”
နန်းပေါင်ရီက စိတ်ထဲမှ ‘ကျစ်’ ခနဲ စုတ်သပ်လိုက်မိသည်။
နန်းအိမ်တော်က ချန်းမိသားစုကို သဘောမတွေ့ပေမယ့် ဘုရင်ခံချန်းက အကြီးပိုင်း အစိုးရအရာရှိ ဖြစ်နေတာကြောင့် သူ့ကို ကိုယ်တိုင် သွားရောက် ကြိုဆိုဖို့ လိုအပ်သည်။
အဘွားအိုက အိမ်တော်ကနေ ဦးဆောင်ထွက်ပြီး ပန်းပွင့်ခန်းမမှ ထွက်သွားတော့သည်။
နန်းပေါင်ရီက နောက်မှာ ကွယ်ပြီး ရှောင်းယီကို လေသံလေးဖြင့် “အစ်ကို ၂၊ သူတို့ ဘာလာလုပ်တာလဲဟင်”
ရှောင်းယီ၏ မျက်နှာ နေအထားက ပုံမှန်အတိုင်းသာ တည်ကြည်နေလျက် “မနေ့ညက ယင်းမာတံတားက ပြိုကျသွားတယ်လေ၊ ပြီးတော့ ချန်းတယ်ကျင်ကလည်း တစ်ယောက် အပါအဝင်ပဲ၊ မျှော်လင့်ထားတဲ့ အတိုင်း သူက မသေသွားဘူး၊ သူက အခု အတော်လေး ထိခိုက်သွားပြီး ချန်းအိမ်တော်မှာ သတိလစ်နေတယ်”
နန်းပေါင်ရီက လန့်ဖျပ် သွားတော့သည်။
မနေ့ညက ယင်းမာတံတား၏ ပေါက်ကွဲမှု ဖြစ်စဉ်ကို ဘယ်သူ့ လက်ချက်လဲဆိုတာ စဉ်းစားတတ်သည့် သူတိုင်း တွေးတောကြည့်ရုံနှင့် သိနိုင်လေသည်။ တစ်နည်းအားဖြင့် ချန်းမိသားစုက စာရင်းလာရှင်းတာ များလား။
သူမ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ရှောင်းယီက သူမ၏ အမူအရာတွေကို ပုံဖော် ကြည့်နေပြီး ကောင်မလေး၏ ညွတ်ပြောင်းလှသည့် လက်လေးကို သူ၏ ကျယ်ပြန့်တဲ့ ဝတ်ရုံလက်ကြီးဖြင့် အုပ်ကွယ်လိုက်သည်။
သူ့လက်တွေက ကျယ်ပြန့်ပြီး ခုံးကြွနေပြီး လက်ဖဝါးပြင်က ခြောက်သွေ့ပြီး နွေးထွေးလှသည်။
နန်းပေါင်ရီက သူ့ဆီကနေ နွေးထွေးမှုကို ခံစားလိုက်ရပြီး နှလုံးသားထဲမှာ တစ်စုံတစ်ခု လွင့်မြောနေသလို နှင်းစက်လေးတွေက အရည်ပျော်ကျနေသလို၊ တိတ်တိတ်လေး ပျောက်ဆုံး နေလေသည်။
ကောင်းကင်ပြင်ကျယ်ကို ဖြတ်သွားသည့် နူးညံ့လှပသော အဝါရောင်စွန်လေး..
သူမ၏ နှုတ်ခမ်းဖူးဖူးလေးနှင့် သွားလေးများသည် အခုလေးတင် သောက်ထားတဲ့ လက်ဖက်ရည်နံ့ သင်းသင်းလေးကို ဆွတ်ပျံ့ဖွယ် ရနေသည်။
နွေဦးရာသီ ရောက်လာပြီလေ။
သူမနှင့် အစ်ကို ၂ က လောကကြီးကို ထိခိုက်အောင် ဘာဆိုဘာကိုမှ မလုပ်ခဲ့ပါချေ။ ထို့ကြောင့် မိုးနတ်မင်းက သူတို့ဘက်က ရပ်တည်ပြီး သူတို့ကို ကောင်းကောင်း စောင့်ရှောက်မှာပါ။
အိမ်တော်၏ တံခါးဝမှာတော့ ချန်းအိမ်တော်၏ ဝေါယာဉ်က ဆိုက်ရောက် လာခဲ့လေပြီ။
ချန်းတယ်ယွီက မြင်းပေါ်က ဆင်းလာပြီး နန်းအိမ်တော်၏ တံခါးဝသို့ ကြည့်လိုက်သည်။ စိတ်ကူး တချို့ကြောင့် သူပထမဆုံး စဉ်းစားမိသည်က သူ့ကို ပျော်ရွှင်နေသော မျက်နှာလေးနှင့် မျှော်ကြည့်နေသည့် နန်းယန် မဟုတ်ပေ။ သို့ပေတည့် လူအုပ်ကြီး၏ နောက်က ဆွဲဆောင်မှု အပြည့်နှင့် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။
နန်းမိသားစု၏ အငယ်ဆုံးမိန်းကလေး နန်းကျောင်းကျောင်းသာ ဖြစ်သည်။
နွေဦးရဲ့ နေရောင်က တောက်ပနေပြီး သူမက အနီရောင် ဆေးခြယ်ထားသော တံစက်မြိတ်အောက်မှာ ရပ်နေပြီး အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေဝါရောင် ချည်ပန်းထိုးထားတဲ့ ပိုးထည်ဝတ်စုံကို အပေါ်က ထပ်ဝတ်ထားသည်။ ပျော့ပျောင်းသည့် ဆံနွယ်လေးများကို အနီရောင်ကြိုးလေးဖြင့် ထုံးချည်ထားပြီး သူမ၏ ရင်ဘတ်ပေါ်သို့ ကစားနေလေသည်။ မျက်နှာလေးက ဖြူဖွေးနုစင်၍ တင့်တယ် လှသည်။
သူမလေးက ရှောင်းယီကို တစ်ခုခုပြောနေသည်။ ကွေးညွတ်နေသည့် မျက်လုံးလေးက ကြယ်ပွင့်လေးတွေလို တောက်ပလဲ့ဖြာ နေလေသည်။ ချန်းတယ်ယွီ၏ နှလုံးသားက ပြင်းပြင်းထန်ထန်ကို ခုန်လှုပ် လာလေတော့သည်။
နှစ်လပိုင်း၏ အစောပိုင်း ရက်တွင်မှ အသက်ဆယ့်သုံးနှစ်ကျော်ပဲ ရှိသေးမည့် ကောင်မလေး နန်းပေါင်ရီက အညစ်အကြေးတွေကို သန့်စင် သုတ်ဖယ်လိုက်သော ပုလဲလုံးလေးလိုပင်။
အရမ်းကို လှရက်လွန်းတယ်……
ဒီနေ့ရောက်လာရဖို့ ရည်ရွယ်ချက်ကို တွေးမိသောအခါ သူ့အပြုံးက ထင်းလာပေမယ့် ပျော့ပျောင်း နေလေသည်။
တကယ်လို့ နန်းပေါင်ရီသာ သူနှင့် နန်းယန်၏ မင်္ဂလာပွဲဟာ ဒီတစ်ခေါက် ပျက်သွားခဲ့တာကို သိရင် သူက နန်းပေါင်ရီနှင့် ထပ်ပြီး စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားသည်။ သူတကယ်ကို ပျော်နေတာဖြစ်သည်။
ရှောင်းယီက လွဲ၍ နန်းအိမ်တော်က လူများအားလုံးက ဘုရင်ခံချန်းကို ဂါရဝပြုလိုက်ကြသည်။
ဘုရင်ခံချန်းက နန်းသခင်မကြီးကို ပြန်နှုတ်ဆက် လိုက်သည်။
“သခင်မကြီးက နေကောင်း ကျန်းမာတုန်းပဲ၊ နောက်ထပ် နှစ်တစ်ရာလောက် ကြာအောင် အသက်ရှည်ဦးမှာပါ”
သခင်မဟောင်ကလည်း ပြုံးရင်း “ကျင်းကွမ်မြို့မှာ အသက်ရှည်ကြတဲ့ သူတွေရှိတာ ကျွန်မတို့အိမ်က သခင်ကြီးရဲ့ လူတွေအတွက် ကြိုးစားပမ်းစားနဲ့ အလုပ်အပေါ် နစ်မြှုပ်ထားတဲ့ စိတ်ကြောင့်ပေါ့၊ ဒါကသာ လူတွေကို အေးအေးချမ်းချမ်းနဲ့ နေစေနိုင်တာလေ၊ ပျော်ရွှင်ပြီး အသက်ရှည်ရှည်”
ဘုရင်ခံချန်းက သူမကို မနှစ်မြို့သည့် အကြည့်တစ်ချက် ပို့လိုက်သည်။ ဒီမိန်းမက ဆံပင်ရှည်ပြီး အသိဉာဏ် ဗဟုသုတကျ မရှိချေ၊ ဒီလို ကြွားဝါသော စကားတွေိကို မပြောသင့်တာ မသိဘူးလား။
နန်းမိသားစုကလည်း တဒင်္ဂမျှ ဆွံ့အ သွားကြသည်။ သူတို့၏ ဘိုးဘေးများက ကျန်းမာ သန်စွမ်းကြပြီး အသက်ရှည်ရှည် နေနိုင်ခဲ့ကြသည်။ ရာစုနှစ်၏ ထက်ဝက်ခန့်ကို ဘုရင်ခံချန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခုရှိခဲ့သည် မဟုတ်ဘူးလား။
ချန်းမိသားစုကို စိတ်ဆိုးသင့်သလား..
နန်းယန်က အခွင့်အရေးရှာပြီး ရှေ့ကို ခြေလှမ်း အနည်းငယ် တိုးလိုက်သည်။ သူမ၏ မျက်လုံးအိမ်က ပိုပိုပြီး နီရဲလာပြီး ဘုရင်ခံချန်းနှင့် သခင်မဟောင် ရှေ့၌ ဒူးကို ညွှတ်ကွေးရင်း သောက ရောက်နေဟန်ဖြင့် ပြောလာသည်။
“ယန်အာက ဦးလေးနဲ့ ဒေါ်ဒေါ်ကို ဂါရဝပြုပါတယ်”
နန်းပေါင်ရီက ရှောင်းယီ၏ နောက်ကနေ မျက်နှာလေးကို ထွက်ပြူပြီး ပွဲကြီးပွဲကောင်းကို ကြည့်ဖို့ ချောင်းနေသည်။
နန်းယန်နဲ့ ချန်းတယ်ယွီက စေ့စပ်ထားတယ် ဆိုသော်ငြားလည်း လူကြီးတွေက စကားနည်းနည်းတောင် မပြောရသေးခင်မှာ နန်းယန်က စိတ်အား ထက်သန်စွာဖြင့် ထွက်လာပြီး တခြားဘက်က လူကြီးတွေကို ဂါရဝပြုလိုက်တယ် ဆိုတာက အနည်းငယ် ရုပ်ဆိုးလှသည်လေ။
ပြီးတော့ သူမ၏ မျက်နှာမှာလည်း မျက်ရည်စတွေနဲ့ သူမရဲ့ မကျေနပ်ချက်တွေကို တစ်ဖက်က သူတွေက မသိမှာ ကြောက်နေသလိုပင်။
ဘုရင်ခံချန်းနှင့် ဘုရင်ခံကတော်က သူမအတွက် အရေးယူပေးဖို့ မျှော်လင့်နေတာပင်။
ကံမကောင်းစွာပဲ ဘုရင်ခံချန်းနှင့် သူ့ဇနီးက ဘာမှပြောမလာပေ။ ဒေါ်ဒေါ်ချန်းက ဆူပူလိုက်သည်။
“ယန်အာ၊ အကြီးတွေတောင် စကားမပြောရသေးဘူး၊ မင်းက ဘာလုပ်တာလဲ။ မင်းက အိမ်တော်က သမီး မိန်းကလေး တစ်ယောက်နဲ့ တူသေးရဲ့လား။ ဒီကို ပြန်လာခဲ့စမ်း”
နန်းယန်က နောက်ကို ဆုတ်ပြီး နှုတ်ခမ်းကို အကြင်နာမဲ့စွာနှင့် ကိုက်လိုက်သည်။ သူမက ချန်းယဲ့ရူကို မျက်ရည်ကျအောင် မလုပ်ရဲပါချေ။ ထို့ကြောင့် သူမက ခေါင်းကို ငုံ့လိုက်ပြီး သူမနားသို့ ပြန်သွားတော့သည်။
နှုတ်ဆက် ပြီးသည့်နောက် လူများအားလုံးက ပင်မဆောင်ထဲသို့ ဝင်သွားကြတော့သည်။
ယောက်ျားတွေနှင့် မိန်းမတွေက သီးခြားစီ စကားစုဖွဲ့ ပြောဆိုနေကြရင်း အငယ်တွေကတော့ အပြင်မှာ ကျန်နေခဲ့သည်။
နန်းယန်က ချန်းတယ်ယွီကို သွားရှာဖို့ မစောင့်နိုင်တော့ချေ။ သူမက ခြေလှမ်း လှမ်းလိုက်လိုက်ခြင်းမှာပဲ ချန်းယဲ့ရူ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
သူမက နွေးထွေးစွာနဲ့ “ယန်အာ၊ ဘယ်ကို သွားမလို့လဲ။ မင်းရဲ့ အနာဂတ် ယောက္ခမလောင်းနဲ့ စကားမပြောတော့ဘူးလား”
နန်းယန်၏ မျက်နှာက ဖျော့တော့သွားသည်။ သူမက အခုချက်ချင်းကို အစ်ကိုချန်းနှင့် ကြည်နူးစရာ ခံစားချက်လေးများ အကြောင်းကို ပြောရင်း ရင်းနှီးခွင့်ရဖို့ ကြိုးစားချင်နေသည်။ ချန်းယဲ့ရူ၏ ပိတ်ဆို့မှုက သိသိသာသာကို ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာပင်။ တကယ်ကို စိတ်မရှည်ချင်စရာပင်။
သူမက ချန်းယဲ့ရူ ထွက်သွားတာကို စောင့်ကြည့်နေရင်း ပန်းပွင့်ခန်းမထဲမှာ စိတ်မပါပေမယ့် ထိုင်နေရတော့သည်။
သခင်မဟောင်က သူမကို အေးတိအေးစက် စိုက်ကြည့်နေသည်။
အရင်တုန်းကတော့ နန်းယန်၏ အရည်အချင်းနှင့် လှပမှုတွေကိုသာ သိခဲ့ရပေမယ့် သူမက အရေးမပါတဲ့ မိန်းကလေး တစ်ယောက်မှန်း မသိခဲ့ပေ။ သူမ လက်မထပ်ခင်တုန်းက သူမတို့အိမ်က လန်အာကို မြှူစွယ် ဖြားယောင်းဖို့သာ စိတ်အား ထက်သန်နေခဲ့သည်။
တော်သင့်ပြီ… သူမက အပြင်ဆောင်က မိန်းကလေး တစ်ယောက်သာ ဖြစ်ပြီး တစ်စက်မှကို စည်းကမ်းမရှိဘူး…
သခင်မဟောင်က လက်ဖက်ရည် တစ်ငုံသောက်လိုက်ရင်း မျက်လုံးတွေထဲမှာ စက်ဆုပ်ရွံရှာ နေဟန်က အပြည့် ထင်ဟပ်လို့ နေသည်။
မနေ့ညက ရွယ်အိမ်တော်၏ ညစာစားပွဲ အကြောင်းကို သူမ ကြားခဲ့ရသည်။ မိခင်ရင်း၏ အသုဘကို ထားခဲ့ပြီး နန်းယန်က ညဉ့်နက်ချိန်ကြီးမှာ ညစာစားပွဲကို တက်ရောက်ရန်အတွက် နံရံကို ကျော်တက်ခဲ့သေးသည်။ တကယ်ကို သားသမီး ဝတ္တရား မသိတတ်သည်ပင်။
ဒီလို မိန်းကလေးမျိုးက ချန်းအိမ်တော်နှင့် လက်ဆက်လိုက်ရင် သူတို့က ရှုနိုင်ငံ၏ ရယ်မော လှောင်ပြောင်စရာ တစ်ခု ဖြစ်လာလိမ့်မည်။ လန်အာ၏ ရှေ့တက်လမ်းကိုလည်း ထိခိုက်နိုင်သေးသည်။
ဒါကြောင့် သူမတို့ မိသားစုက စိတ်လောစွာဖြင့် ပြေးလာပြီး နန်းယန်နှင့် ရေစက်ကို ပြတ်ပြတ်သားသား ဖြစ်နိုင်သလောက် မြန်မြန် ဖြတ်ရန် လာခဲ့ခြင်း ဖြစ်သည်။
သူမက လက်ဖက်ရည် ပန်းကန်လုံးကို ချလိုက်ပြီး “ဒီနေ့ လာခဲ့တာက အငယ်နှစ်ယောက်ရဲ့ မင်္ဂလာ ကိစ္စကြောင့်ပါ၊ နန်းယန်က လူ့ကျင့်ဝတ်နဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေကို လျစ်လှျူရှုပြီး သူ့အမေရဲ့ ဇာပန အတွင်းမှာတောင် ညစာစားပွဲကို ထွက်ပြေး လာသေးတယ်၊ ကျင်းကွမ်မြို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖျက်ဆီး ပစ်လိုက်တာပဲ၊ ဒီလိုမိန်းကလေးမျိုးကို ငါတို့ ချန်းမိသားစုက လက်မခံနိုင်ဘူး”
နန်းယန်၏ လှပသော မျက်ဝန်းလေးက မယုံကြည်နိုင်ဟန် ပွင့်ဟလာသည်။
ချန်းမိသားစုက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ လာတာလား။
သခင်မဟောင်၏ နွေးထွေးသော အသံက ပြန့်လွင့်လာသည်။
“ဒီမနက် ကျွန်မခင်ပွန်းနဲ့ ဆွေးနွေးပြီးတော့ လန်အာကို ကျောင်းကျောင်းနဲ့ပဲ လက်ထပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျောင်းကျောင်းလေးက ကောင်းမွန်ပြီး စဉ်းစားဉာဏ်ရှိတယ်၊ ကျွန်မတို့ မိသားစုက ဘယ်လောက်တောင် သဘောကျသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ၊ သခင်မကြီးကရော ဘယ်လောက်တောင် သဘောကျလိုက်မလဲ”
***