အပိုင်း (၂၂၅)
သိပ်တော့ လှပြီးနူးညံ့တယ်မဆိုသာပါဘူး
နန်းချန်လီက ရိုက်ချက် အနည်းငယ်ကို ဘုမသိဘမသိနဲ့ ခံလိုက်ရပြီး ဝမ်းနည်း သွားရလျက် “အဘွား၊ သားမှားသွားပါတယ်၊ ညီ ၂ က ငယ်ရွယ်ပြီး ချစ်စိတ်ပြင်းတယ်၊ ဒီအချိန်က ဖြည့်ဆည်းဖို့ အကောင်းဆုံး အချိန်ပဲလေ၊ အဘွားက သားတွေကို အရမ်းချစ်ခင်နေလို့ မရဘူးလေ၊ အား… ညီ ၂၊ က အနာဂတ်က ကောင်းမွန်မှာပါ၊ လွယ်ကူပြီး အဆင်ပြေချောမွေ့နေမှာ”
သူက သူ့ခုံကို ပြန်သွားထိုင်လိုက်သည့် အချိန်တွင် နန်းကွမ်ကလည်း ပြုံးမြမြနဲ့ အခန်းတွင်းကို ဝင်လာလေ၏။
“အမေ့ကို ဂါရဝပြုပါတယ်၊ အရှေ့ခြံမှာ ကျင်အာကို ပြုစုစောင့်ရှောက်နေရလို့ နောက်ကျ သွားတာပါ”
သူ့လက်ကို ကိုင်းညွတ်၍ ဂါရဝပြုလိုက်ရင်း ရှောင်းယီဘက်ကို လှည့်၍ “မနေ့ညက တူလေး ၂ က ညစာစားပွဲကို မိန်းမလှလေး တစ်ယောက်နဲ့အတူ တက်ရောက်တယ်လို့ ကျုပ်ကြားတယ်၊ ပြီးတော့ ဘုရင်ခံရွယ်ရဲ့ သမီးလေးကို ခမ်းနားကြီးကျယ်တဲ့ ပွဲလယ်မှာ မျက်နှာပျက်အောင် လုပ်ခဲ့သေးတယ်ဆို။ ဟား…ဟား…. မင်းကို မဆူရင် ကျုပ်က အကြီးတစ်ယောက် မပီသသလို ဖြစ်နေမယ်၊ ငယ်ရွယ်ပြီး ရူးမိုက်လိုက်လေခြင်း၊ ဘုရင်ခံဆိုတာက ကျုပ်တို့မိသားစုက အပြစ်ပြုမိလို့ရတဲ့ သူမို့လို့လား။ သူက မင်းကို သူ့ရဲ့ ခပ်ဝဝသမီးလေးနဲ့ လက်ဆက်ပေးချင်နေတာ၊ တကယ်လို့ မင်းသာ လက်ထပ်လိုက်ရင် သူ့ကိုဘယ်လိုလုပ် ဆန့်ကျင်ပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လို့ရပါ့မလဲ။ အဲဒါက ဘုရင်ခံရွယ်ရဲ့ သမီးလေးလေ၊ မင်းက ဇီဇာကြောင်နေလို့ မဖြစ်ဘူး”
သူ၏ချဲ့ကား ပြောဆိုနေသော သံနေသံထားကို ကြည့်ရတာ ရှောင်းယီကို ရွယ်မိသားစုထဲ ပြေးဝင်စေချင်နေ ပုံပင်။
ရှောင်းယီက ရွယ်မိသားစုဝင် ဖြစ်နေသ၍ သူက မြင်းဒုန်းစိုင်းပြီး လုံခြုံစွာ စီးနိုင်မည်ဖြစ်သည်။
“အငယ်ဆုံးသား၊ ဒီကိုလာစမ်း”
အဘွားအိုက ပြင်းထန်လှသော အသံဖြင့် ခေါ်လိုက်လေသည်။
နန်းကွမ်က လျှောက်သွားလိုက်ပြီး “အမေ”
အဘွားအိုက ချိုင်းထောက်ကို ထပ်တစ်ဖန် ကောက်ယူလိုက်ပြီး သူ့ကို ကြမ်းတမ်း ပြင်းထန်စွာ နှစ်ချက် ရိုက်လိုက်သည်။
“ရှောင်းယီက နင့်ကို သဘောကျတယ်လို့များ ထင်နေလို့လား။ အသုံးမကျတဲ့ကောင်၊ နင်က သူ့မိဘမို့လို့လား၊ ဘာလို့ သူ့မိဘနေရာကို မခံယူလိုက်တာလဲ”
နန်းကွမ်က ကြောက်လန့်ပြီး နန်းပေါင်ရီ၏ နောက်မှာ အလျင်အမြန် ဝင်ပုန်း လိုက်လေသည်။
“အမေ၊ ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော်မှားပါတယ်”
ထိုသို့ ပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ မကျေမနပ်နဲ့ တဗျစ်တောက်တောက် ပြောဆို နေလေသည်။
ရူအာက သူ့ကို ချန်းမိသားစုထဲဝင်ဖို့ ခွင့်ပြုပေးခဲ့ပြီး သူက ရုတ်တရက် မိသားစုထဲကို ဘာစကားတစ်ခွန်းမှ မပြောဘဲ ဝင်လာခဲ့သည်။
ထိုသည်က ပြီးပြည့်စုံလှသော ချန်းအိမ်တော် ဖြစ်သည်လေ။
ရှောင်းယီက ရွယ်မိသားစုကို မဝင်လိုက်တာကို နန်းကွမ် တကယ် နှမြောတသ ဖြစ်ရသည်။
အဘွားအိုက အလွန်အမင်း ဒေါသအဟုန် ပြင်းထန် နေတော့သည်။
တစ်ယောက်ကနေ နှစ်ယောက် သူတို့က သူမအတွက် လုံးဝကို စိတ်မပူကြဘူး၊ သူမတော့ မြေးမလေးကို ဂရုစိုက် စောင့်ရှောက် နေရသည်။
သူမက ရှောင်းယီကို နက်နဲသည့် အကြည့်နှင့် စိုက်ကြည့်ရင်း အေးစက်လှသော လေသံဖြင့် “နွေဦးကျောက်စိမ်း စံအိမ်ရဲ့သခင်မက ချောလား”
ရှောင်းယီ “……”
ထိုမေးခွန်းက အချက်ပြ နေသယောင်ပင်။
အချိန်အတန်ကြာမှ သူက မျက်နှာတည်တည်နဲ့ “သိပ်တော့ လှပြီး နူးညံ့တယ် မဆိုသာပါဘူး”
ဒါက လူစကားရော ဟုတ်သေးရဲ့လား။
အဘွားအိုက သူမ၏ နှလုံးနေရာကို ဖိလိုက်ပြီး “မင်းဘာမှားလဲ သိလား”
ရှောင်းယီက နန်းပေါင်ရီကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်သည်။ ကောင်မလေးက အပြစ်ရှိသလို မျက်နှာလေးနဲ့ မီးငှက်မျက်ဝန်းအိမ်က သူ့ကို မျက်ရည်ရွှန်းလဲ့စွာ စိုက်ကြည့်နေသည်။ သူက အမှန်အတိုင်း ပြောလိုက်ပြီး သူမကို သစ္စာဖောက်မှာကို ကြောက်နေပုံပင်။
သူက နှုတ်ခမ်းပါးများ ကော့တက်သွားအောင် ပြုံးလိုက်သည်။
သူက ယောကျ်ား တစ်ယောက်ပေ။
သူ့နာမည်ဂုဏ်သတင်း ပျက်စီး သွားရင်တောင် နန်းကျောင်းကျောင်းကိုတော့ အပြစ်ပုံချပြီး အဆူခံရအောင် နှုတ်ဖွင့်ဟမည် မဟုတ်။
သူက ရေသေလို မျက်နှာထားဖြင့် “ကျွန်တော် ဘာမှားလဲ ဆိုတာကို သိပါတယ်၊ ကျွန်တော်က မှင်စာမလေးကို စားပွဲ ခေါ်မသွားသင့်ဘူး၊ စိတ်ကူးယဉ်ဆန်ဆန် လှပတဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ပြီး ထုံထိုင်း မနေသင့်ဘူး၊ ကျေးဇူးပြုပြီး အဘွားကျွန်တော့်ကို အပြစ်ပေးပါ”
လူငယ်ရဲ့ ရွှေလို ပုံပန်းသဏ္ဌာန်နဲ့ ကျောက်စိမ်းလို အရည်အသွေးက ပွင့်လင်းပြီး တဲ့တိုးဆန်လှပြီး ကိုယ့်အမှားကိုယ် သိပြီး ဝန်ခံတတ်တဲ့ ကိုယ်ကျင့်သိက္ခာက အလွန်ကို ကောင်းမွန်သည်ပင်။
အဘွားအိုက သူ့ကို ထပ်ပြီး အပြစ်မပေးတော့ပါချေ။ သူမက လက်ကို ယမ်းလိုက်ပြီး သူ့ကို ခုံမှာ ပြန်ထိုင်ခိုင်း လိုက်သည်။
ရှောင်းယီက တည်ငြိမ်အေးဆေးစွာဖြင့် ထိုင်ခုံ၌ ပြန်ထိုင်လိုက်ပြီး အစေခံက ဆက်သသော လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။
ရွှေရောင်ပုံဖော်ပြီး အနားကွပ်ထားသော ကျောက်စိမ်းခွက်က သလင်းလို ဆင်တူလှပြီး နောက်ထပ်နောက်ထပ် ခွက်တွေကတော့ နဂါးသွဲ့ကျောက်နဲ့ အလားသဏ္ဌာန် တူလှသည်။ လက်ဖက်ရည်၏ သင်းပျံ့ပျံ့ အနံ့လေးက လေထုထဲသို့ လွင့်ပြန့်နေလေသည်။
သူက ခပ်ဟဟ အပြုံးတစ်စ တွဲလဲခိုလျက် “လျှာလည်စေတဲ့ လက်ဖက်ညွန့်များလား”
လျှာလည်စေသော လက်ဖက်ညွန့်က အလွန်ရှားပါးပြီး အဖိုးတန်လှသော လက်ဖက်ရည် ဖြစ်သည်။ ရှေးခေတ်ဟောင်း ကဗျာတစ်ပုဒ်တွင် စပ်ဆိုထားခဲ့သည်။
‘ကျောက်စိမ်းအိုးလေးနဲ့ ကျိုချက်ထားတဲ့ လက်ဖက်ညွန့်လေး ရွှေရောင်ခွက်ထဲမှာ နဂါးငွေ့တန်းလိုပဲ’
ထိုလက်ဖက်ရည်က အလွန်ကို တန်ဖိုးကြီးလှပြီး ‘နူးအိ’နေတဲ့ဆိုသော စကားလုံးက အသက်ပင်။
အဘွားအိုက လက်ဖက်ရည် သောက်ရတာကို ခုံမင်စွဲမက်သော သူတစ်ယောက်ဖြစ်သည့် အားလျှော်စွာ အပြုံးက နှုတ်ခမ်းထက် တွဲခိုရင်း “ဒီလောက် လူတွေ အများကြီးထဲမှာ မင်းတစ်ယောက်ပဲ အမြင်ကျယ်တယ် လေညင်းဆောင် လျှာလည်စေတဲ့ လက်ဖက်ညွန့်က ချန်ပေကနေ အမြန်ပို့လာတာ၊ သောက်ကြည့်”
“အာ….ဟ”
နန်းကွမ်က တစ်ကျိုက်တည်း မော့သောက်ပြီးနေချေပြီ။
သူက နှုတ်ခမ်းသပ် လိုက်ရင်း “အမေ၊ ခုနက ဘာပြောလိုက်တာလဲ”
အဘွားအိုက သူ့ကို တွေ့တာနဲ့တင်ကို စိတ်တိုနေလေပြီ။
ဒီနွားက သူမ၏ လက်ဖက်ရည်ကောင်းကို ဖြုန်းတီးပစ်နေတာပဲ…….
သူမက အမိန့်ပေးလိုက်သည်။
“လာကြစမ်း၊ သခင် ၃ ရဲ့ လက်ဖက်ရည်ကိုလဲလိုက်”
အစေခံတွေက နန်းကွမ်ကို အသုံးများသော လက်ဖက်စိမ်းရည်နှင့် အစားထိုး ပေးလိုက်ကြပြီး လက်ဖက်ရည်ဆိုင်တွေမှာ တစ်ကရားမှ သုံးဆင့်ပဲ ပေးရသည့် လက်ဖက်ရည် ဖြစ်သည်။
နန်းကွမ်က အထင်သေးခြင်း အလျှင်းမရှိဘဲ တစ်ငုံ သောက်လိုက်ရင်း ဖြေရှင်းလာသည်။
“အမေ၊ ဒီလက်ဖက်ရည်က ပိုကောင်းတယ်၊ အမေက လက်ဖက်ရည်လေး သောက်ပြီးရင် ကြက်ဥမွှေလေး စားပေးသင့်တယ်”
ချန်းယဲ့ရူက အရှက်ရ သွားသလို မျက်နှာကို တိတ်တဆိတ် တစ်ဖက်သို့ လှည့်လိုက်သည်။
နန်းပေါင်ရီကလည်း ရှက်ရွံ့သွားတော့သည်။ သူမက ခေါင်းလေးကို လှည့်ရင်း လက်ဖက်ရည် သောက်နေတဲ့ ရှောင်းယီကို ငေးလိုက်သည်။
အမတ်မင်းက ဒီနေ့တော့ အိမ်မှာ ချုပ်လုပ်ထားသော ကျန်းတန်း ဟောင်ကျင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ဖက်ရည်ကို အရသာခံနေဟန်က အလွန်တရာကို ကြည့်လို့ ကောင်းလှသည်။ သူမ၏အဖေထက်ကို ပိုပြီး ဆွဲဆောင်မှု ရှိသည်ပင်။
ဘေးပတ်ပတ်လည်ကို ကြည့်မိသောအခါ သူမက သေးသေးလေး အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူမကြောင့်သာ ဒီနေ့ အစ်ကို ၂ က အဘွားဆီကနေ ပြောဆို ဝေဖန်ခြင်းကို ခံရတာဖြစ်သည်လေ။
သို့ကြောင့် သူမက အစေခံကို ပြောလိုက်သည်။
“စားဖိုဆောင်ကို သွားပြီး ပဲနို့တစ်ကရား ချက်ပေးခိုင်းလိုက်၊ အစ်ကို ၂ က ပဲနို့ သောက်ရတာ နှစ်သက်တယ်”
‘ပဲနို့’ ဆိုသည့် စကားလုံးကို ကြားလိုက်သောအခါ ရှောင်းယီ၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်က အတန်ငယ် တုန်ယင် သွားတော့သည်။
နန်းပေါင်ရီက ပါးပြင်မို့မို့လေးများနှင့် မျက်ခုံးလေးများကို တွန့်ကွေးရင်း “အစ်ကို ၂၊ ညီမလေးက သိတတ်တယ် မလားဟင်”
ခန်းမထဲက လူအများ၏ စူးစမ်းသော အကြည့်တွေ ရှိနေတာကြောင့် ရှောင်းယီက တောင့်တင်းနေပြီး “ကျောင်းကျောင်းက တကယ်ကို ….. အရမ်းသိတတ်တာပဲ”
ဒီမိန်းကလေးက တစ်ချိန်လုံး ပဲနို့ကို မမေ့နိုင်တော့ဘူးလား။
ခန်းမက စကားသံများဖြင့် စည်ကား သက်ဝင်နေသော အချိန်မှာ အဒေါ်ကျိက အပြင်ဘက်မှ ဝင်လာခဲ့သည်။
သူမ၏မျက်နှာက အလွန်ကို ကြည့်ရဆိုးနေပြီး “သခင်မကြီး၊ လူတစ်ယောက်က အိမ်တော်ကို ရောက်လာပါတယ်၊ ရူယီ အပေါင်ဆိုင်ကလို့ ပြောပါတယ်”
“အပေါင်ဆိုင်”
အဘွားအိုက အံ့အားသင့်လွန်း သွားရသည်။
ရောက်လာသည့်သူက အပေါင်ဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သည်။ သူမက အဝတ်အစားကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး ပြုံးရင်း ဂါရဝပြုလာသည်။
“ကျေးဇူးပြုပြီး၊ နန်းအိမ်တော်ရဲ့ သခင်မကြီးရှင့်၊ ဒီနေ့ ရောက်လာရတာက တကယ်ကို နည်းလမ်း မကျလွန်းလို့ပါ၊ ဒါပေမယ့် အိမ်တော်က မိန်းကလေးက ကျောက်မျက်ရတနာ လက်ဝတ်လက်စားတွေကို ကျွန်မရဲ့ဆိုင်ကနေ ငှားထားပါတယ်”
သခင်မကျန်းက “ကျွန်မတို့ အိမ်တော်က သခင်မလေးတွေက ရွှေငွေရတနာတွေ မချို့တဲ့ပါဘူး၊ မင်းရဲ့ ဆိုင်ကနေ သူတို့က ဘယ်လိုလုပ်ပြီး ချေးငှားမှာတဲ့လဲ။ ဒီကိစ္စမှာ တစ်ခုခုများ အထင်လွဲနေတာ ရှိနေမလားပဲ”
ကောင်းနိုင်ဇီက သက်သေ အထောက်အထား စာရွက်ကို ထုတ်ပြလိုက်ပြီး “ဒါက နန်းယန် မိန်းကလေး ကိုယ်တိုင် ကျွန်မရဲ့ဆိုင်မှာ ရေးပေးခဲ့တဲ့ လက်ရေးမူ စာရွက်ပါ၊ သူက ဒီမနက်မှာ လက်ဝတ် လက်စားတွေကို ပြန်ပေးပါ့မယ်လို့ ကတိပေးထားတာပါ၊ ဒါပေမယ့် ကျွန်မဆိုင်မှာ စောင့်နေပေမယ့် ထပ်ပြီး မစောင့်နိုင်တော့လို့ သူ့ကို စိတ်ပူလို့ပါ၊ တစ်ခုခုများ မှားနေပြီလားလို့ ကျွန်မက အထူးလာလည်တာပါ”
ခန်းမထဲမှ လူများသည် မတူညီသည့် မျက်နှာအမူအရာများ ဖြစ်သွားတော့သည်။
ဘယ်လိုပဲ လာလည်တယ် ပြောပြော ဒီမိန်းမက အကြွေး လာတောင်းနေတာပဲလေ…
သူတို့ မိသားစုက နှစ်ရာပေါင်းများစွာ ဂုဏ်သိက္ခာရှိရှိဖြင့် ရပ်တည်ခဲ့တာဖြစ်ပြီး ဘယ်တုန်းကမှ အကြွေးတောင်း မခံရဖူးပါချေ။ နန်းယန်ကြောင့်နဲ့ ပထမဆုံး ဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့်မထား တာတော့ အမှန်ပင်။
အဘွားအို၏ မျက်နှာက အလွန်တရာကို ကြည့်ရဆိုး သွားတော့သည်။ နန်းယန်က သူမကို တကယ်ပဲ မျက်နှာပျက်စေသည်ပင်။ သူမက အလွန်အမင်း စိတ်ပျက်သွားပြီး အစေခံကို အမိန့်ပေးလိုက်သည်။
“နန်းယန်ကို သွားခေါ်လာခဲ့”
အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်ကြာ ပြီးနောက်မှာတော့ နန်းယန်က ရဲရဲနီနေသော မျက်လုံးများဖြင့် လှမ်းဝင် လာတော့သည်။
သူမက ပျော့ပျောင်းစွာနှင့် အရိုအသေ ပေးလိုက်ပြီး အဘွားအိုကို နှုတ်ဆက်လိုက်သည်။ သူမ မပြောရသေးခင်မှာပဲ ကောင်းနိုင်ဇီက အပြုံးတစ်ပွင့် နှင့်အတူ ပြောလာလေသည်။
“မမလေးနန်းယန် ကျွန်မဆိုင်က ငှားထားတဲ့ ကျောက်မျက်ရတနာ လက်ဝတ်လက်စားတွေကို ဘယ်လို ပြန်ပေးမယ်လို့ စဉ်းစားထားလဲ”
လူပုံအလည်မှာ နန်းယန်၏ပါးပြင်က ပူပြင်းပြီး နီရဲလာလေတော့သည်။ သူမက မျက်လွှာကိုချပြီး ချွတ်ထားတဲ့ လက်ဝတ်လက်စားတွေကို ကောင်းနိုင်ဇီကို ပြန်ပေးလိုက်သည်။
ကောင်းနိုင်ဇီက ဖွင့်ပြီး စစ်ဆေးပြီးသောအခါ အသံကျယ်လောင်စွာနဲ့ “မမလေးနန်းယန်၊ တန်ဖိုးအကြီးဆုံး ကျောက်မျက် စီခြယ်ထားတဲ့ ဆံထိုးရော၊ ဘယ်နား ရောက်နေလဲမသိ။ လောဘကြီးတာလား”
နန်းယန်က လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ ပုံမှန်အတိုင်းသာ ဆိုရင် သူမက ကျောက်မျက်ရတနာ ဆံထိုးလေးလောက်ကို အာရုံထဲထည့်နေမှာ မဟုတ်သော်လည်း အခုတော့ သူမမှာ ဘာမှမရှိပါချေ။ သူမက မျက်နှာမပျက်အောင် အပေါင်ဆိုင်ကသာ ငှားဝတ်သွားဖို့ တတ်နိုင်ခဲ့သည်။
သို့ပေသည့် အပေါင်ဆိုင်ငယ်က မိန်းမကများ သူမကို အပြစ်ရှာရဲတယ်တဲ့လား။
သူမ၏မျက်နှာက သွေးရောင် လွှမ်းသလို စွေးစွေးနီလာပြီး သူမက ပြန်လည် ချေပမည့် အချိန်မှာပင် ချန်းယဲ့ရူက ဝင်ပြောလာလေသည်။
“ဆုအာ ဒီမိန်းမကို အပြင်ကို ခေါ်သွားပြီး ငွေရှင်းပေးလိုက်၊ အဲဒီ ဆံထိုးတန်းဖိုး ငွေနှစ်စကို လျှော်ပေးလိုက်”
အစေခံက အပြုံးတစ်ပွင့် နှင့်အတူ နာခံလိုက်လေသည်။
အစေခံမလေး နှင့်အတူ ကောင်းနိုင်ဇီက ပျော်ရွှင်စွာနဲ့ ပန်းပွင့်ခန်းမကို ထွက်ခွာ သွားကြသောအခါ နန်းယန် တစ်ယောက်တည်း ကိုးရိုကားရား နိုင်စွာ နေရာမှာ ရပ်ကျန်ခဲ့တော့သည်။
ချန်းယဲ့ရူက လက်ဖက်ရည်ခွက်ကို ပွတ်သပ်နေရင်း “ငါအမှားတစ်ခု လုပ်မိသွားတယ်၊ မနေ့ညက ပြန်ရောက်တာကို မင်းငါ့ကို အကြောင်းကြားသင့်တယ်၊ ငါက မင်းပြန်ရောက် လာတဲ့အခါ အခွင့်အရေး တစ်ခု ပေးချင်ပေမယ့် မိသားစုရဲ့ ဂုဏ်သိက္ခာကိုတော့ ထိခိုက်စေလို့ မဖြစ်ဘူးလေ၊ မင်းကတော့ ကောင်းနေရော၊ အိပ်ခန်းထဲကို တိတ်တိတ်လေး ပြန်လာတယ်၊ အကြွေးကို အိမ်တံခါးဝထိ လိုက်တောင်း ခံရတယ်၊ ဒီသတင်းသာ ပြန့်သွားရင် ကောင်းမယ်လို့ မင်းထင်နေလား”
***