အပိုင်း (၂၂၄)
ရှောင်းယီ မင်းလက်ကိုဖယ်လိုက်
သူမက အော်ဟစ်ပြီးငိုကြွေးနေလေသည်။
နန်းပေါင်ရီက သူမ၏ခေါင်းကို အုပ်ပြီး ပုတ်လိုက်ရင်း စိတ်ဆိုးစွာဖြင့် “နင်က တစ်ချိန်လုံး ဘာတွေ စဉ်းစားနေတာလဲ။ ဘာလို့ငါက အစ်ကို ၂ နဲ့အတူရှိနေတာကို ဘာလို့ ဖျက်ဆီးခံရမှာလဲ”
ဟယ်ယဲ့ “အာ….”
သူမက ခေါင်းလေးကို ထိကိုင်လိုက်ပြီး ပါးပြင်ပေါ်မှာတော့ မျက်ရည်စက်တွေက မစဲသေးပေ။ သူမက ရှက်ကိုးရှက်ကန်းဖြင့် အပြုံးရေးရေးလေး ပြုံးလိုက်ပြီး “ဒီအစေခံက မမလေးကို အရမ်း စိတ်ပူသွားလို့ပါ …. သခင်လေး ၂ နဲ့ဆိုရင်တော့ မိုးကောင်းကင်အောက်က ဘယ်နေရာကိုပဲ သွားသွား စိတ်ချယုံကြည်တာပေါ့”
သခင်မလေးနှင့် အစေခံတို့ နှစ်ယောက်သားက အတွင်းခန်းထဲကို လျှောက်သွား ကြသောအခါ ဟယ်ယဲ့က ရာချီနေသော ကနုတ်ဖော် သေတ္တာများ စုပုံထားသည်ကို တွေ့လိုက်ရသည်။
အကြီးကနေအသေး ပုံစံမျိုးစုံရှိပြီး ကြည့်လိုက်ရုံနဲ့ပင် ထုပ်ပိုးထားသောပုံစံက အလွန် အဖိုးတန်ကြောင်း သိသာလှသည်။
သူမက စူးစမ်းစပ်စု လိုက်သည်။
“ဒါကဘာတွေလဲ”
နန်းပေါင်ရီက စန္နကူးသားဖြင့် လုပ်ထားသော သေတ္တာလေးကို ယူလိုက်ပြီး လက်မောင်းကြားထဲ၌ ထည့်ထားရင်း သဘောထား ကြီးစွာဖြင့် “ဒါတွေ အားလုံးက အစ်ကို ၂ ဝယ်ပေးတာ၊ ဒီစန္နကူး သေတ္တာလေး ထဲမှာ ကျောက်စိမ်း လက်ကောက် တစ်စုံရှိတယ်၊ အရမ်း အရည်အသွေး ကောင်းတယ်၊ ငါနင့်ကို ဒီသေတ္တာလေး ပေးမယ်၊ ဒီသေတ္တာကို ဖွင့်ပြီး ကြည့်လိုက်၊ နင်ကြိုက်ရင် သိမ်းထားလိုက်၊ မကြိုက်ရင်တော့ ခြံဝန်းထဲက အစေခံတွေကို ပေးလိုက်၊ တစ်ယောက်ကို တစ်ကွင်းစီ၊ အိုး.. ဒီကြောင်မျက်ရှင်ကျောက်ကိုတော့ မထိနဲ့”
သူမက ခါးလေးကို ဆန့်လိုက်ပြီး သူမခန္ဓာကိုယ်၏နောက်က အခန်းထဲသို့ ဝင်သွားတော့သည်။
ဟယ်ယဲ့က စန္နကူးသေတ္တာလေးကို ဖွင့်လိုက်သည်။ သူမက အသက်ကို မျှင်းမျှင်း ရှူလိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ သေတ္တာကို ပြန်ပိတ်လိုက်သည်။
ဒါက ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ကျောက်စိမ်း လက်ကောက်က အနည်းဆုံး ရွှေစတစ်ထောင် တန်လိမ့်မည်။
သူမက ရင်ဘက်ကို ဖိလိုက်ပြိး အသက်ရှူ ရပ်မတတ် ဖြစ်သွားရသည်။ သူမက ကနုတ်ဖော် သေတ္တာတွေဆီကို ကိုယ့်ကိုယ်ကိုယ် နှစ်မြုပ်လိုက်သည်။ သေတ္တာတစ်လုံးပြီး တစ်လုံးကိုဖွင့် ကြည့်ပြီး ဖွင့်ကြည့်လိုက်တိုင်း အသက်ရှူက ရပ်တန့် သွားရသည်။
အားလုံးက အဖိုးတန် ကျောက်မျက် ရတနာတွေချည်းပင်။ သခင်လေး ၂ က မမလေး အပေါ်မှာ အရမ်း ရက်ရောတာပဲ။
“အား…. ငါတကယ် အစ်ကိုတစ်ယောက် လိုချင်တယ်လို့”
ဟယ်ယဲ့က ကောင်းကင်ကြီးကို ကြည့်၍ အော်ဟစ် လိုက်လေတော့သည်။
နောက်တစ်နေ့မှာတော့…..
ကောင်းမွန်သော နံနက်ခင်းလေးမှာ ရှောင်းယီက ဆုန်းဟယ့်ခြံသို့ ရောက်လာခဲ့သည်။ ‘
သူ ခြံဝင်းထဲကို ခြေချချခြင်းမှပဲ အဒေါ်ကျိက ပန်းပင်တွေကို ရေလောင်းနေသည်။ ရိပ်ခနဲ မြင်လိုက်သည်နှင့် သူ့ဆီသို့ ရေတစ်ဇလုံက တန်းတန်းမတ်မတ်ကို လောင်းချလိုက်တော့သည်။ သူက ဘေးကိုယို့၍ ရှောင်လိုက်သည်။ သူ့ဝတ်စုံကိုတော့ ရေများ စင်ကုန်လေသည်။
အဒေါ်ကျိက အရိုအသေပြုရင်း ပြုံးလိုက်ပြီး “လက်ချော်သွားတယ်၊ အမတ်မင်းကို တောင်းပန်ပါတယ်”
ရှောင်းယီက ရှုပိုးထည်ဝတ်စုံကို တစ်ချက် ခါလိုက်ရင်း အမူအယာမဲ့စွာနဲ့ ပန်းပွင့်ခန်းမဆီသို့ ဆက်လျှောက် သွားတော့သည်။
အဒေါ်ကျိက သူ့နောက်ကနေ …..
သူမ၏ဘေးက အစေခံငယ်လေးက ရှုပ်ထွေးသွားရပြီး “ဒီနေ့ အဒေါ်ကျိက ဘယ်လိုဖြစ်တာလဲ။ အရင်တုန်းကဆို အဒေါ်က အမတ်မင်းကို အရမ်း လေးစားတာမလား”
“ဟွန့်… ဘာအမတ်မင်းလဲ”
အဒေါ်ကျိက နီစွေးနေသော မျက်လုံးများဖြင့် ရှောင်းယီ၏ လက်ဖမိုးကို စိုက်ကြည့်ရင်း မျက်နှာက အထင်သေးမှုတို့ ပြည့်နှက် လာတော့သည်။
သူတို့ နန်းအိမ်တော်က သတင်းစုံလင်လှသည်။ ဒီမနက် သူမက သခင်မကြီးကို ဆံပင်ဖြီးသင်ပေးနေ တုန်းမှာ အပြင်က အစေခံများ ပြောနေသည်ကို ကြားလိုက်ရသည်။ အမတ်မင်းက မနေ့ညက ဘုရင်ခံရဲ့ ညစာစားပွဲကို တက်ရောက်ခဲ့တယ်တဲ့။ ပြောကြတာကတော့ နတ်သမီးလေးလို လှပပေမယ့် အရှက်ကင်းမဲ့လှတဲ့ နွေဦးကျောက်စိမ်း စံအိမ်က သခင်မနဲ့တဲ့လေ။
သခင်မကြီးတင်မက သူမပါ မယုံနိုင်အောင် ဖြစ်သွားရသည်။
တကယ်တော့ ရှောင်းယီက သခင်မကြီး၏ ရှေ့မှာ သူ့ ဘဝတစ်လျှောက်လုံး မောင်းမ မထားပါဘူးလို့ ကိုယ်တိုင် ကတိကဝတ် ပြုခဲ့သည်။ မိန်းကလေး ပေါင်ရီ တစ်ယောက်တည်းကိုသာ ပေါင်းသင်းပါမည်ဟု ဘာလို့ မိန်းကလေး ပေါင်ရီနဲ့အတူ ညစာစားပွဲကို မတက်ရတာလဲ။
သို့သော် သူတို့ ပြောကြတာက သူတို့မှာ မျက်စိတွေ နားတွေရှိပြီး ပြောကြတာက ထိုမိန်းကလေးက အမတ်မင်းရဲ့ လက်ဖမိုးပေါ်ကို နှုတ်ခမ်းနဲ့ အနမ်း ပေးထားသည်တဲ့၊ ဘယ်လောက်တောင် ချစ်မြတ်နိုး လိုက်သလဲ။
အခုတော့ သူမက ရှောင်းယီ၏ လက်ဖမိုးပေါ်မှာ နှုတ်ခမ်းရာကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်ပင်။
သူက မိန်းကလေးပေါင်ရီနဲ့ မထိုက်တန်ပေ။
ရှောင်းယီက တံခါးဘောင်ကိုဖြတ်ပြီး ပန်းပွင့်ခန်းမထဲသို့ ချဉ်းနင်း ဝင်ရောက် သွားတော့သည်။
ထိုနေရာမှာ စားပွဲကို ဝိုင်းထိုင်နေကြသော မိန်းမကြီးများရှိပြီး နန်းကျောင်းကျောင်းကိုတော့ မတွေ့ရပါချေ။
ဖြစ်နိုင်တာက မနေ့ညက အရမ်း ညနက်သွားပြီး ကောင်မလေးက မနိုးသေးပုံပင်။
အသံများ ထွက်ပြီး အိပ်ပျော်နေသော အချိန်၌ ကောင်မလေး၏ ဆွဲဆောင်မှုရှိလှသည့် ပုံစံလေးကို ပြန်တွေးမိရင်း သူ့နှုတ်ခမ်းပါးတွေကို ကွေးညွတ်၍ မရယ်မောဘဲ မနေနိုင်တော့ချေ။ သူက အထက်မြင့် ထိုင်ခုံ၌ ထိုင်နေသော အဘွားအိုကို ဦးညွှတ်လိုက်ရင်း “အဘွားကို ဂါရဝပြုပါတယ်”
ပန်းပွင့်ခန်းမ၏ လေထုအခြေအနေက အနည်းငယ် ထူးဆန်း သွားတော့သည်။
အဘွားအိုက နှစ်ကြိမ်ခန့် လှောင်ရယ်လိုက်ပြီး “ငါက အမတ်မင်းရဲ့ ဂါရဝပြုမှုကို ခံယူဖို့ မထိုက်တန်ပါဘူး”
ရှောင်းယီ၏ မျက်ခုံးအစုံက မြင့်တက် သွားတော့သည်။
အဘွားအို၏ မျက်ခုံးစပ်များနှင့် မျက်ဝန်းများထဲက စိတ်လက် မကြည်သာသော အရိပ်အငွေ့တွေကို ဖမ်းမိလိုက်ပြီး သူက သူမဆီက ရွှေစသန်းနဲ့ချီပြီး ချေးငှားထားသလိုပင်။
မနေ့ကတောင် သူ့အပေါ် ကြင်နာနေသေးတာလေ…..
သခင်မကျန်းက စာလိပ်အချို့ကို ကိုင်ထားရာက ဖြန့်လိုက်ပြီး အပြုံးရေးရေးဖြင့် “အမေ၊ ဒါက ကျွန်မတူလေး သုံးယောက်ရဲ့ ပုံတူပန်းချီတွေပါ၊ သုံးယောက်လုံးက အရည်အချင်း ရှိကြတယ်၊ သူတို့က ငယ်ငယ်ကတည်းက သိုင်းပညာကို သင်ယူခဲ့ကြတာ၊ အကျင့်စရိုက်လည်း ကောင်းမွန်ပြီး မိန်းကလေး တွေကို ဘယ်တော့မှ မလှောင်ပြောင်ကြဘူး၊ အမေ စိတ်တိုင်းကျတယ်ဆိုရင် နောက်ရက်ကျရင် သူတို့ကို ခေါ်ပြီး ကျောင်းကျောင်းကို ကြည့်ခိုင်းလိုက်မယ်လေ”
ချန်းယဲ့ရူက ပန်းထိုး ပဝါလေးကို လှုပ်ရမ်းရင်း ကြင်နာသော အပြုံးတစ်စဖြင့် “တကယ်လို့ ဒီကိုယ်ရံတော် သုံးယောက်က အဆင်မပြေဘူးဆိုရင် ကျွန်မက တချို့အရာရှိတွေနဲ့ ကတော်တွေကို သိတယ်၊ အားလုံးက ပညာတတ် မျိုးရိုးတွေပဲ၊ ပြီးတော့ သန့်စင်တဲ့ အရာရှိတွေ၊ သူတို့က ကျောင်းကျောင်းရဲ့ နာမည် ဂုဏ်သတင်းကို ကြားဖူးကြတာ ကြာပြီ၊ သူတို့က ကျွန်မတို့ မိသားစုနဲ့ လက်ဆက်ချင်နေကြတာ”
ရှောင်းယီ “…..”
နန်းကျောင်းကျောင်းကို တခြားသူတွေနဲ့ ကြင်ဖက်တွေ့ခိုင်းမယ်။
သူလုံးဝ ခွင့်မပြုဘဲနဲ့ သူ ဒီအဒေါ်ငါးယောက်အပေါ် အမှားများ လုပ်မိလေသလား။
သူက သံသယ အတွေးများထဲ နစ်မြောနေစဉ်မှာပင် နန်းပေါင်ရီက ရောက်လာတော့သည်။
သူမက အကြီးတွေကို ပျော်ရွှင်စွာ နှုတ်ခွန်း ဆက်လိုက်ပြီး ရှောင်းယီဘက်ကို လှည့်၍ အပြုံးချိုချိုလေးဖြင့် ဂါရဝပြုလိုက်သည်။
“အစ်ကို ၂၊ မင်္ဂလာနံနက်ခင်းပါ၊ ဒီနေ့လည်း အစ်ကို ၂ က ယောက်ျားပီသပြီး ချောမောပြီးရင်း ချောမော နေတာပဲ၊ ထင်ရှားတဲ့ သွင်ပြင်နဲ့”
ရှောင်းယီက သူမကိုပြန်ပြီး ဖြေချင်ပေမယ့် အဘွားအိုက စိတ်မရွှင်စွာနဲ့ “ရှောင်းယီ မင်းရဲ့လက်ကို ဖယ်လိုက်စမ်း”
နန်းပေါင်ရီက အဘွားကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်ပြီး “အဘွား၊ ဘာလို့အစ်ကို ၂ အပေါ် အဲ့လောက် ကြမ်းတမ်းရတာလဲ”
“ဘာလို့ သူ့ကို ကြမ်းတမ်းရတာလဲ”
အဘွားအိုက အလွန်အမင်း ဒေါသထွက် နေဟန်ဖြင့် “သူ့ရဲ့လက်ဖမိုးကို ကြည့်လိုက်စမ်း၊ အဲဒါဘာလဲ”
နန်းပေါင်ရီက လှမ်းကြည့်လိုက်သည်။ အမတ်မင်း၏ လက်ဖမိုးပေါ်မှာ နှုတ်ခမ်းနီရာလေး ရှိနေသည်။
ဖြစ်နိုင်တာက…..
သူမ ညက ပေးခဲ့သည့် နှုတ်ခမ်းရာလေး ဖြစ်လိမ့်မည်။
အဘွားအိုက နှလုံးသားကွဲကြေမတတ် ခံစားနေရပြီး “ကျောင်းကျောင်းအာ၊ သမီးရဲ့ အစ်ကို ၂ က မနေ့ညက ညစာစားပွဲကို မိန်းမလှလေး တစ်ယောက် ခေါ်သွားတယ်တဲ့၊ ပြီးတော့ အမှတ်အသားတစ်ခု ချန်ခဲ့တယ်၊ အဲဒီနှစ်ယောက်က …. တကယ်ကို …..တကယ်ကိုပဲ စော်ကားလိုက်တာပဲ၊ အရှက်မရှိ လိုက်ကြတာ”
ရှောင်းယီက နန်းကျောင်းကျောင်း အပေါ်ထားသည့် သဘောထားကို ဘယ်တုန်းကမှ ထုတ်မပြတာလည်း ကောင်းပေမယ့် သူက ကျောင်းကျောင်း တစ်ယောက်တည်း အပေါ်သာ သစ္စာရှိပါ့မယ်လို့ ရှင်းရှင်း လင်းလင်း သဘောတူထားပြီးပြီလေ။ ဘယ်လို ဖြစ်ရတာလဲ။
နန်းပေါင်ရီက ငြိမ်သက် သွားတော့သည်။ သူမက အဘွားဆီကနေ မိန်းမလှလေးအဖြစ် အဆူအငေါက် ခံလိုက်ရတာလား။
သို့သော်လည်း မနေ့ညက မိန်းကလေးဟာ သူမပါလို့ ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ပေ။ တစ်ဖက်ကလည်း ထိုကဲ့သို့ ဝတ်စားပြင်ဆင်ပြီး ညစာစားပွဲကို တက်ရောက်ခဲ့သည့် အတွက် အဘွားရဲ့ အဆူအရိုက်ကို မခံလိုပေ။
သူမက ချောင်းဟန့်လိုက်ပြီး အဘွားအို၏ ဘေးသို့ လျှောက်သွားလိုက်ပြီး ညင်သာစွာ ဖြေလျှော့ပေးနေရင်း “အဘွား၊ အစ်ကို ၂ က ငယ်ရွယ်ပြီး ဩဇာအာဏာလည်း ရှိတယ်၊ မိန်းကလေး တစ်ယောက်နဲ့ ပွဲတက်တယ်ဆိုတာက စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စလေးပဲလေ၊ ဘာလို့ အရမ်း စိတ်ဆိုးနေတာလဲ”
အဘွားအို၏ မျက်နှာမှာ စကားလုံးတွေနဲ့ ပြည့်နှက် သွားတော့သည်။ ကျောင်းကျောင်းက ရှောင်းယီ အကြောင်းကို ပြတ်ပြတ်သားသား သိထားပြီး သူက သဘောထား ကြီးလှချည်လား။
သူမက နန်းပေါင်ရီ၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် “ကျောင်းကျောင်းအာ၊ သူက အဲဒီ မိန်းမလှလေးကို မောင်းမအဖြစ်နဲ့ ထားရင် သမီးက သည်းခံနိုင်မှာလား”
နန်းပေါင်ရီက နွေးထွေးစွာနဲ့ “အဘွားပြောတဲ့ စကားကိုကြည့်ပါဦး၊ ယောက်ျား တစ်ယောက်က တရားဝင် ဇနီးသုံးယောက်နဲ့ မောင်းမ လေးယောက် ရှိတယ်ဆိုတာက ပုံမှန်ပဲလေ”
အဘွားအို “…..”
ပြီးလေပြီ၊ သူမ၏ နန်းကျောင်းကျောင်းကတော့ ရူးသွားမှာတောင် ကြောက်ရသည်။
တိုက်ဆိုင်စွာပင် နန်းချန်းလီကလည်း ဆုန်းဟယ်ခြံသို့ သူမကို ဂါရဝပြုဖို့ ဝင်လာခဲ့သည်။ သူက ရှောင်းယီနှင့် နန်းပေါင်ရီ အကြောင်းကို မသိသေးပါချေ။
သူက နှုတ်ဆက် ဂါရဝပြုပြီးနောက် ရှောင်းယီကို လက်သီးနှင့် တစ်ချက် တို့လိုက်ပြီး “ညီ ၂၊ မင်းက တကယ့်ကိုပဲ၊ မနေ့ညက ညစာစားပွဲကို မိန်းမပျိုလေး တစ်ယောက်နဲ့ သွားခဲ့တယ်လို့ ငါကြားတယ်၊ ပြီးတော့ မင်းက ဘုရင်ခံရွယ်ရဲ့ သမီးကိုလည်း မျက်နှာပျက်အောင် လုပ်ခဲ့သေးတယ်ဆို။ နွေဦးကျောက်စိမ်း စံအိမ်ရဲ့ သူဌေးမက နာမည်ဆိုးနဲ့ ကျော်ကြားပြီး အဆင့်အတန်းရှိရှိနဲ့ စွဲမက်ဖွယ် အလှတစ်ပါးဆို၊ ငါတို့ နန်းအိမ်တော်က ညီ ၂ က ပေါ့သေးသေး မဟုတ်ဘူးပဲ၊ ဘာလို့ စောစော ဖွင့်မပြောဘဲ အိမ်ထောင် မပြုသေးတာလဲ၊ သားသမီးလေးတွေမွေးဖို့”
အဘွားအို၏ မျက်နှာက မှောင်မိုက်လာပြီး မျက်လုံးထဲမှာ ဘာကိုမှ မမြင်နိုင်တော့ချေ။
သူက နှင်းခဲတမျှ တောင့်တင်း အေးစက်နေသော လေသံဖြင့် “ချန်းလီ၊ ဒီကိုလာစမ်း”
နန်းချန်းလီက ပြုံးရင်း သူမဆီကိုလျှောက်သွားသည်။
“အဘွား”
အဘွားအိုက ချိုင်းထောက်ကိုယူပြီး သူ့ကို ပြင်းပြင်းထန်ထန် ရိုက်၍ “ငါတို့ နန်းအိမ်တော်က ညီ ၂ က ပေါ့သေးသေး မဟုတ်ဘူးပဲ၊ ဘာလို့ စောစော ဖွင့်မပြောဘဲ အိမ်ထောင် မပြုသေးတာလဲ၊ သားသမီးလေးတွေ မွေးဖို့ဟုတ်လား။ ဒီအဘွားကြီးကို သေစေချင်နေတာလား”’
သူ့ညီမလေး၏ ကြင်ဖက်ကို တခြားသူဆီ တွန်းပို့ပေးနေသော အစ်ကိုကြီးကို သူမ တစ်ခါမှမမြင်ဖူးပါချေ။
***