အပိုင်း (၂၂၃)
အခုကစပြီး ကျောင်းကျောင်းရဲ့အိပ်မက်တွေကို အစ်ကိုက ထိန်းချုပ်ပေးမယ်
ရှောင်းယီက သူမကိုကူပြီး လေးကြိုးကို အလွယ်တကူပင် ဆွဲပေးလိုက်သည်။
နန်းပေါင်ရီ၌ ထပ်ပြီး ပြဿနာတစ်ခု ရှိနေပြန်သည်။
အရင်ဘဝက အနောက်ဘက်ပြည်နယ်၏ ဘုရင်ခံဆီမှ လေးမြားအတတ်ကို သင်ယူထားခဲ့သည်။ သို့ပေမယ့် ဒီလိုကြီးမားသော ဒူးလေးကြီးကိုတော့ တစ်ခါမှ စမ်း၍ပင် မပစ်ကြည့်ဖူးပါချေ။
သူမ စိတ်ရှုပ်ထွေးစွာဖြင့် “ဒါကဘယ်လိုပစ်ရတာလဲ”
ရှောင်းယီက စိတ်မသက်မသာ ဖြစ်သွားပြီး “ကျားနဲ့ဝံပုလွေကို မိန်းမငယ်လေး တစ်ယောက်ဆီက ဘယ်လိုလုပ်ပြီး မျှော်လင့်မိသွားတာလဲ”
နန်းပေါင်ရီ “……”
တစ်ခါတစ်ရံတော့လည်း အမတ်မင်း ဘာတွေတွေးနေလဲ ဆိုတာကို သူမ လုံးဝ နားမလည်နိုင်ပေ။
ရှောင်းယီက စိတ်ပါလက်ပါဖြင့် သူမ၏နောက်မှာ မတ်မတ်ရပ်လိုက်ပြီး သူ့လက်မောင်းများထဲကို ထည့်၍ ပိုက်ထွေးထား လိုက်သည်။ သူမ၏လက်လေးတွေကိုတော့ ဒူးလေး ခလုတ်ပေါ်သို့ တင်ပေးထားသည်။
သူက ငုံ့ကိုင်း လိုက်သောအခါ နန်းပေါင်ရီ၏ ပါးပြင်ဖြူဉဉလေးကို ထိမိလုနီးပါး ဖြစ်သွားရသည်။
သူ့အသံက ရေစင်လို ကြည်လင်နေပြီး “ဒူးလေးက လေးကိုင်းနဲ့မတူဘူး၊ ဒါက ခလုတ်၊ မင်းက ဒါကို ကိုင်ထားရုံနဲ့ လွယ်လွယ်လေး မြားတစ်စင်းကို ပစ်လွှတ်လို့ ရတယ်၊ ဒါက မလှုပ်နေဘူးမို့လို့ ပစ်မှတ်ကို ထိဖို့ လွယ်တယ်”
နန်းပေါင်ရီက နူးညံ့လှသော လက်ဖဝါးလေးဖြင့် ခလုတ်ကို ကိုင်ထားသည်။ အမတ်မင်းက အလွန်ကို တည်ကြည် လေးနက်ပြီး သင်ကြားပေးသည့် နေရာမှာ ယုယုယယ ကြင်နာတတ်သည်။ ဒါပေမယ့် ဘာကြောင့် အချစ်တော်လေး မရှိရတာလဲ…..
သူ့မျက်နှာက သူမ၏ ဘေးကပ်ရပ်မှာ ရှိနေပြီး သူ၏ ဝင်သက် ထွက်သက်ကို ခံစားမိနေသည်အထိ နီးကပ် လွန်းလှသည်။
“ဒါက ဝမ်ရှန်၊ ပစ်မှတ်ကို ချိန်ရွယ်ဖို့ သုံးတဲ့ပစ္စည်း၊ မင်းက ဒါကိုသုံးပြီး ဒူးလေးက ဘယ်လောက် စောင်းသွားမလဲဆိုတဲ့ ဦးတည်ချက်ကို မှန်းကြည့်လို့ ရတယ်”
ရှောင်းယီ၏ မျက်ဝန်းများက စူးရဲကျဉ်းမြောင်း သွားလေသည်။
ချန်းတယ်ကျင်က လူတစ်စုကို ဦးဆောင်လာပြီး ယင်းမာတံတားကို မြင်းကို ဒုန်းစိုင်းပြေး လာတော့သည်။
ယင်းမာတံတားကို ဖြတ်သန်းနေတာကို မြင်သောအခါ ရှောင်းယီက အသံနက်ကြီးနဲ့ “ပစ်တော့”
နန်းပေါင်ရီက ရုတ်ခြည်း သတိလည် လာသည်။ သူမက မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ပြီး စိတ်ကို တည်တည်ငြိမ်ငြိမ် ထား၍ ဝမ်ရှန့်မှတစ်ဆင့် တံတားကို ချိန်ရွယ်လိုက်သည်။
သူမက တုံ့ဆိုင်းခြင်း မရှိဘဲ ခလုတ်ကို ဆွဲလိုက်တော့သည်။
မီးတောက် တပ်ဆင်ထားတဲ့ ဒူးလေး၏ မြားက ချက်ချင်း ဝှီးခနဲ ပြေးထွက်သွား တော့သည်။ သူမ၏နှလုံးက လည်ချောင်းကို ဆန်တက်မတတ်ကို ခုန်လှုပ်နေပြီး ညချမ်းမှာ ပျံထွက်သွားတဲ့ မီးတောက်လေးက တံတားရဲ့ အောက်ခြေတိုင်ကို ထိသည်အချိန်အထိ အာရုံကိုစူးစိုက်ပြီး ကြည့်နေလေသည်။
တစ်ခဏမျှ ဆိတ်ငြိမ်နေသလိုပင်။
အချိန်ခဏ အကြာမှာတော့ နားအူမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်လာတော့သည်။
ယင်းမာတံတား တစ်ခုလုံး ပြိုကျပျက်စီး သွားလေပြီ။
လူစုက အော်ဟစ် လိုက်ကြပြီး မီးမြားတွေကို ကောင်းကင်ပေါ်သို့ ချိန်ရွယ်၍ ပစ်လွှတ် လိုက်ကြသည်။ ရှည်လျားသော မြစ်ကြောင်းတစ်လျှောက် ပေါက်ကွဲနေသည့် ကျောက်တုံးများ နှင့်အတူ ဘယ်သူတစ်ဦး တစ်ယောက်မှ မလွတ်မြောက် နိုင်ပါချေ။
ပေါက်ကွဲမှု မတိုင်ခင် အချိန်တိုလေး အတွင်း၌ ရှောင်းယီက နန်းပေါင်ရီ၏ နားလေးနှစ်ဖက်ကို အချိန်မီ အုပ်ကိုင်ပေးထားလိုက်သည်။
နန်းပေါင်ရီက ထိုဖြစ်ရပ်ကို တဒင်္ဂကြည့်နေပြီး သူမ၏ နှလုံးသားထဲက ကြောက်ရွံ့မှုကို မခံစားရသည့်အပြင် နှင်းဆီဖူးတွေ ပွင့်လန်းလာသလို စိတ်လှုပ်ရှားဖွယ် ကောင်းသော ခံစားချက်ကိုသာ ခံစားနေရသည်။
သူမက မျက်နှာလေးကို ပင့်မော့လိုက်ပြီး ချီးကျူး ဂုဏ်ပြုစေလိုသော အမူအယာလေးဖြင့် “အစ်ကို ၂၊ ညီမလေး အရမ်းတော်တယ် မလားဟင်”
ရှောင်းယီ၏ မျက်ခုံးနှစ်ဖက်က ပင့်တက်သွားသည်။ ကောင်မလေးက ဘယ်တုန်းကမှ ကြေးနီဒူးလေးကို မထိတောင် မထိဖူးပါဘဲနဲ့ လက်ကိုင်ကို တည်ငြိမ်စွာ ကိုင်နိုင်ရုံမျှမက ပထမဆုံး ပစ်သည့် အချိန်မှာပင် ပစ်မှတ်ကို လွယ်ကူစွာ ထိအောင်ပစ်လိုက်နိုင်သည်။
သူမ မပစ်ဖူးဘူးလို့တော့ သူ မထင်ပါချေ။
ထို့ကြောင့် အခုလောလောဆယ်တော့ သူက အမှားကို အမှန်ဖြစ်အောင် ပြင်ပေးဖို့ အဆင်သင့် ဖြစ်နေချေပြီ။
သူက နှုတ်ခမ်းပါးတွေကို စေ့ထားပြီး အပြုံးရေးရေးဖြင့် လက်ဖြင့် သူမ၏ နှာခေါင်းထိပ်လေးကို ဆွဲဖြစ်လိုက်ရင်း “ကျောင်းကျောင်းက အတော်ဆုံးပဲ”
“ဘယ်လောက်တောင် တော်လဲ”
“အစ်ကို့ထက်ပိုတော်တယ်”
နန်းပေါင်ရီက ချက်ချင်းကို သဘောခွေ့သွားတော့သည်။
အမတ်မင်းထက်တောင်မှ အင်အား ပိုကြီးတယ်ဆိုရင် တကယ်ကို အင်အားကြီးလို့ပဲပေါ့….
သူမ၏ နှလုံးသားထဲမှာ ပျော်ရွှင်နေပြီး သူမက တောင်အောက်ကို ပြန်ဆင်းသောအခါ ခြေလှမ်းတွေက ပိုပြီး ပေါ့ပါးနေလေတော့သည်။
ရှောင်းယီက နောက်ကလိုက်ပြီး ကောင်မလေး၏ ဆူးပင်တွေကို ဝတ်ရုံဖြင့် ခတ်သွားသောအခါ ထွက်လာသော အသံကို ကြည့်နေသည်။ သူမ၏ ခါးလေးက အနည်းငယ် လှုပ်ယိမ်းနေပြီး ဥဒေါင်းငှက်လေးက အတောင်တွေကို ဖြန့်ကြက်လိုက်သလို ကြောက်စရာ အငွေ့အသက်တို့ ဖုံးလွှမ်း လာသလိုပင်။
သို့သော်လည်း သူမက ဇာတ်ခုံပေါ်မှာ အကြာကြီး မကပြလိုက်ရပါချေ။ သူမ လမ်းလျှောက်သောအခါ သူမ၏ ဝတ်စုံအနားစတွေက ဆူးပင်များ ညိနေလေသည်။
ပါးလွှာသော ပိတ်ကျဲဝတ်စုံက အနည်းငယ် တင်းသွားပြီး ဆူးများဖြင့် ညိနေသည်။
“ဗြိ” ဆိုသော အသံက ထွက်ပေါ်လာသည်။
မျက်နှာဖုံးပဝါက သုံးလွှာရှိပြီး တိမ်စိုင်တွေလို လှပလွန်းသည်။ ရှည်လျားလှသော ဝတ်စုံမှာ ချိတ်မိနေသည်။
ပတ်ဝန်းကျင် တစ်ခွင်က တစ်ခဏမျှ တိတ်ဆိတ် သွားတော့သည်။
အနက်ရောင် ဝတ်စုံဖြင့် ကိုယ်ရံတော်တွေက သူတို့၏ နောက်ကို သတိကြီးကြီးဖြင့် လှည့်ကြည့် လိုက်ကြသော်လည်း ဘာကိုမှ မမြင်ချင်ယောင် ဆောင်သွားကြသည်။
နန်းပေါင်ရီက ဖြည်းညှင်းစွာ ခေါင်းကို ငုံ့လိုက်သည်။ မျက်နှာဖုံးပဝါက ဒူးလောက်သာ အရှည်ရှိသည်။ ပိုးသားပေါ်မှာ ကြီးမားသည့် တရုတ်ဘဲပုံကို ချည်ထိုးထားပြီး အတွင်းဝတ် အပြင်ဘက်သို့ ပေါ်ထွက်လာသည်။
ခြေအိတ်များက ဆွေမျိုးတွေဆီက လက်ဆောင် ပေးထားတာဖြစ်ပြီး အဘွားက သူမနှင့် ကျူးကျူးအတွက် ဝတ်စုံနှစ်စုံကို ချုပ်လုပ်ပေးထားတာ ဖြစ်သည်။ သို့သော်လည်း သူမက ဟောင်းနွမ်းသော အဆင်ကို မကြိုက်တာကြောင့် တစ်ခါမှ မဝတ်ဖြစ်ပါချေ။
ဒီညတော့ သူမက အပြင်ထွက်ဖို့ လောနေတာကြောင့် သူမ၏ ဗီဒိုကလည်း အလွန် ကြီးမားလှပြီး ဝတ်စုံတွေကို ဘယ်နားထားမှန်းလည်း မသိတာကြောင့် အလောတကြီးဖြင့် ကောက်ဝတ်လာခဲ့တာ ဖြစ်သည်။
ဒါကိုဝတ်ထားတာကို ဘယ်သူကမှမမြင်ဘူးလို့ ထင်ထားခဲ့ပေမယ့် မမျှော်လင့်ဘဲ…..
အာ…… သူမ၏ နတ်သမီးလေးလို ကောင်းသတင်းက……
ရှောင်းယီက ရုပ်ဆိုးပန်းဆိုး ဖြစ်နေသော ပိုးထည်ဘောင်းဘီကို အတန်ကြာ ငေးစိုက်ကြည့်နေသည်။ ကောင်မလေးက ငိုမဲ့မဲ့ဖြစ်နေတာကို မြင်တော့မှ သူ့အကြည့်တွေကို ရုပ်သိမ်းလိုက်ပြီး ဝတ်ရုံကို ချွတ်၍ ကောင်မလေးကို တည်ကြည်လေးနက်သော ဟန်ပန်နဲ့ ယုယပိုက်ထွေး ထားလိုက်တော့သည်။
သူက သူမ၏ ကျောပြင်လေးကို သူ့လက်တစ်ဖက်နဲ့ ပွေ့ပိုက်ရင်း တခြားတစ်ဖက်ကိုတော့ သူမ၏ ဒူးကောက်ကွေးမှာ ထား၍ ကောင်မလေးကို ပွေ့ချီလိုက်သည်။ တောင်အောက်က ရထားလုံးဆီကို ခြေလှမ်းမှန်မှန် လှမ်းသွားတော့သည်။
နန်းပေါင်ရီက သူ့လက်မောင်းများ ကြားထဲ၌ ထွေးဖက်ခံထားရပြီး ခေါင်းကို မမော့ရဲလောက်အောင် အရှက်သည်း နေတော့သည်။
ပြဲသွားသော ဝတ်စုံစကတော့ သူမနောက်မှာ တန်းလန်းပါလာသည်။
ဖြာကျနေသော လရောင်အောက်၌ အရှေ့ပိုင်း နိုင်ငံ၏ အပြစ်ကင်းစင်ပြီး လှပသော နတ်သမီးပုံပြင် တစ်ပုဒ်လို တိမ်လွှာတိမ်လိပ်တွေက လေအဝှေ့မှာ လွင့်မြော နေသကဲ့သို့ပင်။
နန်းပေါင်ရီက တိုးဖွဖွဖြင့် “အစ်ကို ၂၊ အဲဒီ ကြီးမားတဲ့ ပိုးသားဘောင်းဘီ အနီကြီးကလေ ညီမလေး ဘောင်းဘီ မဟုတ်ဘူး၊ အဲဒါ ဟယ်ယဲ့ဟာ၊ ညီမလေးက ဝတ်ဖို့ ခဏငှားခဲ့တာ”
ရှောင်းယီ “အို…..”
နန်းပေါင်ရီ “…..”
ထို ‘အို…’ဆိုတဲ့ သံနေသံထားက အပြည့်အဝကို မယုံဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ကျူးနေသည်။
ရှောင်းယီက တကယ်ကို လုပ်ကိုင်နိုင်စွမ်း အရည်အချင်း ရှိလှသည်။ ဆုန်းဟယ့်ခြံကို ဝင်သွားသောအခါ တစ်ဦးတစ်ယောက်ကမှ နှောင့်ယှက် မလာသည့်အပြင် နန်းပေါင်ရီကို အိပ်ခန်းထဲထိ အရောက်ပို့ခဲ့ပြီး သူက ကနုတ်ဖော် သေတ္တာတွေကိုလည်း သူမ၏ အိပ်ခန်းထဲကို ထည့်ပေးသွားသေးသည်။
နှစ်ယောက်သားက ပြတင်းနားမှရပ်ပြီး နှုတ်ဆက် လိုက်ကြသည်။
နန်းပေါင်ရီက သူ့ဝတ်ရုံကြီးကို ပြန်ပေးလိုက်သည်။ သူမ၏ မျက်နှာလေးပေါ်တွင် ပြန်မပေးချင်သည့် အရိပ်အယောင် သန်းနေသည်။
အစ်ကို ၂ နှင့်အတူ ကုန်ဆုံးရသည့် အချိန်များက အလွန် ပျော်စရာ ကောင်းပြီး သူမက သူ့ကို ထွက်မသွား စေချင်ပါချေ။
သူမက ကလေးသံလေးဖြင့် “အစ်ကို ၂၊ မနက်ဖြန်ကျရင် ညီမလေးက ကျောက်ဝမ်ခြံကို လာပြီး အစ်ကိုနဲ့အတူ စာကြည့်မယ်နော်”
ရှောင်းယီက နူးညံ့အိစက်နေသော နဖူးပြေပြေလေးကို တောက်လိုက်ရင်း “ကျောင်းကျောင်းရဲ့ မြားပစ်စွမ်းရည်က ဘယ်သူသင်ပေးတာလဲ”
“အစ်ကို ၂ က ညီမလေးကို မယုံဘဲနဲ့၊ ညီမလေး အိပ်မက်ထဲမှာလေ ရှီးနန်ဘုရင်ခံက သင်ပေးတာ၊ သူ့နာမည်က ကုချုံရှန်းတဲ့၊ သူက အရမ်းကို အာဏာရှိတဲ့သူ တစ်ယောက်ပဲ”
ကုချုံရှန်း…….
ရှောင်းယီ၏ မျက်ဝန်းအိမ်ထဲမှာ ခံစားချက်များ ပြည့်လျှမ်းလာသည်။
အနောက်တိုင်း ဘုရင်ခံ၏ နာမည်က တကယ်ကို ကုချုံရှန်းပင်။ ထို့ကြောင့် နန်းကျောင်းကျောင်း၏ အိပ်မက်ဆိုတာက တကယ်တော့ သူမ တွေ့ကြုံခဲ့ရတဲ့ အတိတ်ဘဝများလား။
နန်းပေါင်ရီက သူ့ခါးပတ်ကို ဖမ်းဆွဲထားရင်း “အဲဒါက အပြောင်အပြက်တွေပါ၊ ကုချုံရှန်းရဲ့ အရှိန်အဝါကြောင့် ညီမလေးက နန်းတော်မှာ တခြားသူတွေရဲ့ သေလောက်အောင် စော်ကားတာတွေကို မခံခဲ့ရတာ၊ ဒါပေမယ့် ညီမလေး အိပ်မက်ထဲမှာ သေသွားတာကတော သူ့ရဲ့ပယောဂမကင်းဘူး….”
ရှောင်းယီက သူမကို ငေးမောကြည့်နေသည်။ သူမ၏ အပြုံးလေးက ဖျော့တော့နေပြီး အပြစ်ကင်းစင်ပြီး စိုစွတ်နေသည့် မျက်ဆံအိမ်လေးက မီးခိုးရောင် အရိပ်အငွေ့များ လွှမ်းခြုံနေသည်။ တိမ်မည်းများက တောက်ပနေသည့် လမင်းကြီးကို ဖုံးအုပ်ထားသလိုပင်။
သူက ရုတ်တရက် ကောင်မလေး၏ ဖြူစင်နေသော မေးဖျားလေးကို ပင့်မော့လိုက်ပြီး ခေါင်းကိုငုံ့၍ သူမ၏ နဖူးပြင်လေးထက်သို့ အနမ်းတစ်ပွင့် ချွေလိုက်သည်။
သူက သူမ၏ မီးငှက်အလား မျက်လုံးရွှဲကြီးများကို စူးစူးနင့်နင့်ကြည့်ရင်း ကြင်နာယုယသော အပြုံးရေးရေးဖြင့် “မြူမှုန်တွေက ဖမ်းဆုပ်ဖို့ ခက်တယ်၊ ဒီဘဝမှာတော့ မျှော်လင့်လို့ရတယ်၊ အခုအချိန်ကစပြီး ကျောင်းကျောင်းရဲ့ အိပ်မက်တွေကို အစ်ကိုက ထိန်းချုပ်ပေးမယ်၊ အဲဒါကြောင့် အနာဂတ်မှာ ညတိုင်း အစ်ကို့အကြောင်း တစ်ခုတည်းကိုပဲ အိပ်မက်မက်၊ ဟုတ်ပြီလား”
နန်းပေါင်ရီ၏ မျက်ဆံတွေက အနည်းငယ် ပြူးဝိုင်းသွားသည်။
ထိုစဉ်ခဏမှာ သူမ၏ နှလုံးခုန်သံတွေက တစ်ယောက်ယောက်က ကြားမည်ပင် စိုးရသလို သူမ၏ ဟန်ချက်ညီနေသော ခြေထောက်များကလည်း ကတိမ်းကပါး ဖြစ်သွားရသည်။
သူမကိုယ်သူမ ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပြီး သူမ၏စိတ်ထဲမှာ ဗလာသက်သက် ဖြစ်သွားရလေသည်။ သူမက ရှင်းမပြတတ်စွာဖြင့် ခေါင်းကို ညိတ်လိုက်သည်။
သူမက ရှောင်းယီ ထွက်သွားတာကို ငေးကြည့်နေရင်း ပူလောင်လာပြီး နီရဲလာတာက ပါးစုန့်လေးများကို နီစွေးသွားစေသည်။
ဟယ်ယဲ့က ဆုန်းဟယ့်ခြံ၏ အပြင်ဘက်၌ မမလေးကို စောင့်နေပေမယ့် မစောင့်နိုင်တော့တာကြောင့် သူမက စိတ်ပူပန်လာပြီး ပြန်လာသည့် အချိန်မှာ ရုတ်တရက် အေးခဲတောင့်တင်း သွားတော့သည်။
မမလေး ဘယ်တုန်းက ပြန်ရောက်လာမှန်း သူမ မသိလိုက်ချေ။ သူမက ပြတင်းနားမှာ ရပ်နေပြီး နှလုံးနေရာကို ဖိကိုင်ထားရင်း လမင်းကြီးကို ကြည့်၍ ရယ်မောနေသည်လေ။
အောက်ကိုဆက်ပြီး ကြည့်လိုက်သောအခါ မမလေး၏ ဝတ်စုံက တစ်ဝက်လောက် စုတ်ပြဲနေလေသည်။ အဲဒါက ချစ်ရည်လူးပြီးနောက် ဖြစ်လာသည့် ပုံစံလိုပင်။ ဟယ်ယဲ့က နူးညံ့ညင်သာစွာ ထုရိုက်ပြီး အမြန်ပြေး၍ နန်းပေါင်ရီကို ဖက်၍ သည်းသည်းထန်ထန်ကို ငိုကြွေးလေတော့သည်။
“သနားစရာ ကောင်းလိုက်တဲ့ မမလေး၊ မမလေးက ရာသီလာဖို့တောင် တစ်နှစ်လောက် လိုသေးတာကို ဘာလို့ လူဆိုးတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာလဲ၊ ဒီအစေခံက အပြင်ကို မထွက်ပါနဲ့လို့ မပြောဘူးလား။ ညဘက်ကြီးမှာ မိန်းကလေး တစ်ယောက်က အပြင်ကို ဘယ်လိုလုပ်ပြီး ထွက်နေရတာလဲ”
နန်းပေါင်ရီသူ သူမ၏နဖူးကို ထိလိုက်ပြီး မလုံမလဲ ရှက်ကိုးရှက်ကန်းဖြင့် အပြုံးလေးကို ပန်ဆင်ထားသည်။
ဟယ်ယဲ့က အော်ဟစ် ငိုယိုနေပြီး “ကျွန်မရဲ့ စိတ်ထဲမှာတောင် ရှုပ်ထွေးနေရပြီ၊ မမလေး၊ အမလေး ကျွန်မရဲ့ သနားစရာ မမလေး”
***