အပိုင်း (၂၂၀)
အစ်ကိုမင်းအတွက် ဝယ်ပေးမယ်
ရှောင်းယီက ပဲနို့တစ်ငုံကို ခပ်မျှင်းမျှင်း သောက်လိုက်သည်။
သူက နွေးထွေးစွာဖြင့် “အမြင်ကို ဖမ်းစားနိုင်ပြီး ဆွဲဆောင်မှုရှိတယ်၊ ဟန်နန်းတော်က ပျံလွှားငှက်လေး ပျံနေသလိုပဲ၊ တင့်တယ်လှပပြီး ယှဉ်နိုင်သူကို မရှိဘူး”
နန်းပေါင်ရီက တဖြည်းဖြည်းနဲ့ ရှက်သွေး ဖြာလာတော့သည်။
“အစ်ကို ၂၊ တကယ်လား…”
သူမက ရှက်ကိုးရှက်ကန်းဖြင့် “ဘယ်လိုတောင် အဓိပ္ပါယ် မရှိတာတွေ”
သူတို့နှစ်ယောက်၏ နောက်မှာ ဒူးထောက်နေသော ရှီးခူက ခေါင်းကို တိတ်တိတ်လေး ငုံ့လိုက်သည်။
စက်ဝိုင်းပတ် အနည်းငယ်ကြာတဲ့အထိ သူလည်း ‘လှပပြီး ပြိုင်ဘက်မရှိဘူး’ လို့ သူလည်း ထင်မြင် မိပါသေးသည်။ သခင်လေးက မိန်းကလေးကို တကယ် ချစ်မြတ်နိုးနေတာပဲ။
ညစာစားပွဲ အပြီးမှာတော့ ရွယ်မေ့က တည်ငြိမ်သော မျက်နှာထားဖြင့် “ရှုနိုင်ငံရဲ့ ရာသီဥတု အခြေအနေက မူမမှန်ဘူး ဆိုတာကို လူတိုင်းလည်း သိကြတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က နှင်းမိုး သည်းထန်တာကြောင့် ကောက်စပါးတွေ တော်တော်လေး ထိခိုက် ပျက်စီးသွားပြီး အိမ်တွေ အများကြီးနဲ့ စပါးခင်းတွေလည်း ပျက်စီးသွားတယ်၊ ကျွန်မက ဘုရင်ခံရွယ်ရဲ့ သမီးတစ်ယောက် ဖြစ်တာကြောင့် လူတွေရဲ့ ကံကြမ္မာအတွက် ဒီညမှာ အထူးလေလံပွဲ တစ်ခုကို စီစဉ်ထားပါတယ်၊ ဒီမှာရှိတဲ့ ဖိတ်ခေါ်ထားတဲ့ မိန်းကလေးတွေက ရွှေငွေ ကျောက်သံ ပတ္တမြားတွေ၊ ဒါမှမဟုတ် အိမ်မှာ လေလံတင်ဖို့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို လှူဒါန်း ပေးကြမှာပါ၊ ရရှိတဲ့ ငွေတွေ အားလုံးကို ဘေးဒဏ်သင့်တဲ့ ဒေသတွေကို အကူအညီပေးဖို့ သုံးသွားမှာပါ”
သူမ စကားအဆုံးမှာတော့ လူတိုင်းက သူမ၏ ကြင်နာတတ်သည့် စိတ်ထားအတွက် ချီးကျူးပြောဆို ကြသည်။
သားရေဗုံပေါ်မှာ တက်ပြီး ခုန်ပေါက်နေသော ကိစ္စကတော့ မှေးမှိန် ပျောက်ကွယ် သွားတော့သည်။ ဒီလေလံပွဲက အစောပိုင်း ကတည်းက ဖိတ်ခေါ်ထားသည်ပဲ။
ထို့ကြောင့် မိန်းမပျိုတွေက သူတို့ အချိန်ယူပြီး ပြင်ဆင်ထားသည့် ကနုတ်ဖော်ထားသော သေတ္တာလေးတွေကို ထုတ်လိုက်ကြသည်။
နန်းပေါင်ရီက ယန်လျိုကို လက်ပြပြီး ထုတ်ခိုင်း လိုက်သည်။ သူမက နန်းယန်ကို ထပ်ပြီး ကြည့်လိုက် လေသည်။
နန်းယန်က ထိုနေရာမှာ မျက်နှာပေါ်မှာ အထင်းသား စကားလုံးတွေ အပြည့်နဲ့ ထိုင်နေလေသည်။
သူမက ဖိတ်စာကို မဖတ်ခဲ့ရပါချေ။ ပြီးတော့ သူမက ညစာစားပွဲကို တက်ရောက်သော သူများက လက်ဝတ်ရတနာတွေ လှူရမယ် ဆိုတာကိုလည်း မသိခဲ့ပေ။
သိသာသိခဲ့ရင် သူမလာမည် မဟုတ်။
သူမက လက်ကို မြှောက်လိုက်ပြီး ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ဆံထိုးကို ထိကိုင်လိုက်သည်။ ဒီဆံထိုး အပါအဝင် တခြားသော သူမ ဝတ်ဆင်ထားတဲ့ အဆောင်အယောင်များ အားလုံးက အစေခံတွေက အပေါင်ဆိုင်ကနေ ငှားရမ်းပေးလာတာ ဖြစ်သည်။
မနက်ဖြန် အချိန်မီ သူမ ပြန်မပေးနိုင်ခဲ့ရင် ဆိုင်ပိုင်ရှင်က နန်းအိမ်တော်ကို ရောက်လာရုံ မကဘဲ နန်းယန်က သူ့ကို အကြွေးမပေးဘူးဆိုပြီး ကျင်းကွမ် တစ်မြို့လုံးကို ကြေညာမောင်းခတ် ပစ်လိုက်လိမ့်မည်။
အဲဒီအချိန် ရောက်ရင် သူမမျက်နှာ ဘယ်နား သွားထားရတော့မလဲ။
ချန်းမိသားစုကလည်း သူမကို လှောင်ရယ်ကြလိမ့်မည်သာ။ ထိတ်လန့် တုန်လှုပ်စွာဖြင့် အကြံဉာဏ် တစ်ခုက ဖျတ်ခနဲ လင်းလက် လာတော့သည်။
သူမက ညင်သာစွာ ပြုံးလိုက်ရင်း ရွယ်မေ့ကို ပြောလိုက်သည်။
“မမလေးရွယ်၊ ကျွန်မက အရည်အချင်း သိပ်မရှိပေမယ့် ငွေကြေးတွေကို ဘယ်လို စီမံရမလဲ ဆိုတာကို သင်ကြားဖူးပါတယ်၊ တကယ်လို့ စိတ်မရှိဘူးဆိုရင် ကျွန်မ မမလေးကိုကူပြီး ရွှေငွေရတနာတွေကို ကူသိမ်း ပေးပါရစေ”
သူမသာ ကျောက်မျက်ရတနာတွေကို ကူညီပြီး ကောက်ပေးနေတယ်ဆိုရင် ဘယ်သူကမှ သူမကို လှူဒါန်းဖို့ လာပြောမှာ မဟုတ်ချေ။
ရွယ်မေ့က ခေါင်းညိတ်လိုက်ပြီး “သွားလေ”
နန်းယန်က ထရပ်လိုက်ပြီး အစေခံ အများအပြားကို ဦးဆောင်၍ ကနုတ်ဖော် သေတ္တာလေးတွေကို လိုက်လံ စုဆောင်းလိုက်သည်။
လေလံပွဲက ဆေးရေး ပန်းချီ ခြယ်သထားသည့် အဆောင်၏ ဒုတိယထပ်၌ ကျင်းပမှာဖြစ်သည်။ လူလတ်ပိုင်းများနှင့် လူကြီးများမှာ ဘုရင်ခံရွယ်၏ ဦးဆောင်မှုနှင့်အတူ ကလေးများ၏ လေလံပွဲကို စိတ်မဝင်စားတော့ဘဲ ခန်းမထဲမှာသာ နေခဲ့ပြီး စားသောက် နေကြသည်။
ငယ်ရွယ်သည့် အပျိုလူပျိုတွေကတော့ ဒုတိယထပ်သို့ အားလုံး ရွေ့သွားကြတော့သည်။
ရှောင်းယီကလည်း လေလံပွဲကို စိတ်ဝင်စားနေသည်။ နန်းပေါင်ရီက သူ၏လက်ကို ဆွဲယူပြီး ခေါင်းလေးကို မော့ရင်း ကလေးတစ်ယောက်လို ချွဲလာသည်။
“အစ်ကို ၂၊ ညီမလေး ရတနာတွေ ဝယ်ချင်တယ်”
သူမက ဖူရုံလမ်းက ရတနာဆိုင်တွေဆီ မရောက်ဖြစ်တာ ကြာပြီဖြစ်ပြီး နောက်ဆုံးတော့ ဒီည ငွေဖြုန်းဖို့ အခွင့်အရေး ရလာပြီဖြစ်သည်။ ထို့ကြောင့် သူမက ကောင်းကောင်း အသုံးချရမည်ပင်။
သူမက သန့်စင်တဲ့ ကျောက်မျက် ရတနာမျိုးစုံကို ကြိုက်နှစ်သက်ပြီး သေတ္တာနှစ်လုံးဖြင့် စုဆောင်းထား သေးသည်။
ဒီညမှာ ရတနာ တစ်မျိုးမျိုးကိုမှ မရလို့ မဖြစ်ချေ။
ရှောင်းယီက သူမကို တစိုက်မက်မက် ကြည့်နေသည်။ ကျီးကန်းတွေက သူတို့ရဲ့ အသိုက်ထဲကို အရောင်တောက်တဲ့ ပစ္စည်းတွေနဲ့ အလှဆင်ရတာကို ကြိုက်ကြတယ်လို့ သူကြားဖူးသည်။ သို့ပေမယ့် သူမ ထင်ထားသည်က သူ့အိမ်မှ ကောင်မလေးကလည်း အရောင်လက်လက်တွေကို ကြိုက်မည်ဟုပင်။
ပြီးတော့ နန်းကျောင်းကျောင်းက ငွေကိုဖြုန်းတီးဖို့ မွေးဖွားလာတာဖြစ်ပြီး သူမက လောကကြီးမှာ အကြွယ်ဝဆုံး အချမ်းသာဆုံး အိမ်တော်က စာဝါငှက်ငယ်လေးပင် ဖြစ်သည်။ သူမက စည်းစိမ်ဥစ္စာတွေ ပေါများဖို့အတွက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လိုအပ်သည်မှာ ဓမ္မတာပင်။
နန်းကျောင်းကျောင်းကို မွေးမြူရတာက တကယ်ကို ငွေကုန်ကြေးကျ များတာပဲ…
သို့သော်လည်း သူ့မှာ မချို့တဲ့ဆုံးက ငွေဖြစ်သည်။
သူက နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့် ဆင်မြန်းလိုက်ပြီး “အစ်ကို မင်းအတွက် ဝယ်ပေးမယ်”
နှစ်ယောက်သား အပေါ်ထပ်ကို ရောက်သွားသောအခါ အစေခံတွေက ရိုကျိုးစွာဖြင့် ပုတီးစေ့လိုက်ကာကို ပင့်ပေးလာသည်။
ပန်းပွင့်ခန်းမက အလွန် ကြီးကျယ်ခမ်းနားတဲ့ ခန်းမကျယ်ကြီးအဖြစ် အသွင်ပြောင်း ထားပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကို နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ထိုင်ခုံများ စီစဉ် ပေးထားသည်။ နန်းပေါင်ရီက သူတို့၏ အချစ်တော်ကြီးနဲ့ ထိုင်ရတော့မည်မှန်း သိလိုက်သည်။
ဖန်မီးအိမ်တွေက ယိမ်းနွဲ့နေပြီး အလင်း အမှောင်နဲ့ လှပသည့် မြင်ကွင်းလေးကို ဖန်တီး ပေးနေသည်။
အမတ်မင်းက ထောင့်နားမှာ နေရာယူ လိုက်သည်။ သူမက ဘေးမှာ လိမ္မာစွာနဲ့ ဝင်ထိုင်လိုက်သည်။ သူမထိုင်ပြီး သိပ်မကြာခင်မှာပဲ သူမက တစ်ခုကို သတိထားမိသွားသည်။ ချန်းတယ်ယွီနှင့် နန်းယန်တို့က အမတ်မင်း၏ တစ်ဖက်မှာ ထိုင်နေကြလေသည်။
သူတို့နှစ်ယောက်က တီးတိုး ပြောနေကြပြီး ချန်းတယ်ယွီက နန်းယန်ကို လိမ်ညာသည့် အတွက် ဆူပူနေတာ ဖြစ်သည်။
သူ့အမူအယာက အလွန် စိတ်မရှည်နေရုံ မကဘဲ ရက်စက်လွန်းလှသည်။ ငြင်းခုန်ပြီးသော အခါမှာတော့ နန်းယန်က လက်ကိုင်ပဝါကို တင်းတင်းဆုပ်ရင်း အသံတိုးတိုးဖြင့် ငိုရှိုက်နေတော့သည်။
နန်းပေါင်ရီက လည်တိုင်ကို ဆန့်၍ ပွဲကိုကြည့်ဖို့ ပြင်သည်။ ထိုသူနှစ်ယောက်က လက်ထပ်ဖို့ ကတိကဝတ် မပြုခင်ကတည်းက ခိုက်ရန်ဖြစ်ပွားခြင်း မရှိခဲ့ပေ။ သူတို့က မင်္ဂလာပွဲအတွက် စီမံပြီးကာမှ ဘာဖြစ်ကြတာလဲ။
အရင်ဘဝတုန်းက ချန်းတယ်ယွီနဲ့ နန်းယန်တို့က ဘယ်လောက်တောင် အချစ်မှာ နစ်မြောနေခဲ့လဲ ဆိုတာကို သူမ မသိပါချေ။
ခက်ခက်ခဲခဲဖြင့် ကြိုးစားပြီး ကြည့်လိုက်မှ ချန်းတယ်ယွီက ခေါင်းကိုလှည့်ပြီး အဝေးသို့ ငေးနေတာကို တွေ့ရသည်။
သူ၏ဟန်ပန်က အနည်းငယ် မိန်းမော တွေဝေနေဟန်ရပြီး ရက်စက်ပြီး ကြောက်စရာ ကောင်းသော အမူအယာများကို ရုတ်ခြည်း ဖယ်ခွာလိုက်ပြီး အရာရှိငယ် တစ်ယောက်ရဲ့ ယဉ်ကျေးသည့် ကျောက်စိမ်းလို အသရေကို ထိန်းသိမ်းထားပြီး သူမကို ခေါင်းညိတ်ပြလိုက်သည်။
နန်းပေါင်ရီက သူ့ကို ပြန်ပြီး ဂါရဝမပြုချင်သလို အမတ်မင်းကလည်း သူမ၏ ခေါင်းကိုကိုင်ပြီး အတွင်းထဲကို တွန်းပို့နေသည်။
သူက ခေါင်းကို တည့်တည့်မတ်မတ် ထား၍ စူးစိုက်ကြည့်နေပြီး ခံစားချက်မှန်းမရသော မျက်နှာဖြင့်“မလှုပ်နဲ့၊ စတော့မယ်”
နန်းပေါင်ရီက ခေါင်းလေးကို ကိုင်လိုက်ပြီး “အို…..”
ပထမဆုံး လေလံပစ္စည်းက အနီနဲ့ ရွှေရောင်စပ် ပိုးထည်ဝတ်စုံဖြစ်သည်။
နန်းပေါင်ရီက စိတ်မဝင်စားပါချေ။ သူ့မှာ ပိုးထည်ဝတ်စုံတွေအမြောက်အမြား ရှိနေသည်ကိုး။
ဒုတိယတစ်ခုကတော့ နှစ်ပေါင်းကြာရှည် သက်တမ်းရှိသော ရူရိ သော့ခတ်ရွှေလည်ဆွဲ ဖြစ်သည်။
ရှောင်းယီက နန်းပေါင်ရီဆီသို့ တစ်ချက် မျက်စိလှည့်လိုက်သည်။ ကောင်မလေးက သူ့ကို မသိမသာ ခေါင်းယမ်း ပြလိုက်သည်။ ဖြစ်နိုင်တာက ဒီပစ္စည်းတွေကို သူမ မလိုချင်ပုံရသည်။
ထပ်ပြောရရင် ထိုလည်ဆွဲရဲ့ အကွေ့အဝိုက် သဏ္ဌာန်တွေက ကောင်မလေးရဲ့ ခြေကျင်းဝတ် လောက်တောင် မလှပါချေ။
သူတို့နှစ်ယောက်ထိုသို့ အချိတ်အဆက် လုပ်နေစဉ်မှာ နန်းယန်က လှုပ်ရှားလာသည်။ သူမမှာလည်း ရွှေ လည်ဆွဲ တစ်ကုံးရှိပေမယ့် လျိုရှောင်၏ အခိုးခံလိုက်ရသည်။ သူမက ပြန်ရွေးပြီးသောအခါ သူမက အပေါင်ဆိုင်မှာ သွားပေါင် လိုက်ရလေသည်။
သူမက ချန်းတယ်ယွီကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ပြီး တိုးဖွဖွဖြင့် “အစ်ကိုချန်း၊ ဒီရွှေလည်ဆွဲ ကလေ…..”
ချန်းတယ်ယွီက စိတ်မပါ လက်မပါနဲ့ “မင်းရဲ့လည်ပင်းမှာ တစ်ကုံးဆွဲထားတယ် မဟုတ်ဘူးလား”
နန်းယန်က ပါးစပ်ပိတ် သွားတော့သည်။ သူမလည်ပင်းမှာ ဆွဲထားသည့် လည်ဆွဲက ငှားလာတာဖြစ်ပြီး သူမကိုယ်ပိုင် မဟုတ်ပေ။
သူမက လက်မလျှော့သေးဘဲ ညင်ညင်သာသာ ဝတ်စုံစကို ဆွဲလိုက်ပြီး သစ်တော်ပွင့်လေးတွေ ပွင့်ဖူးနေသလို သရုပ်သဏ္ဌာန်နဲ့ “အစ်ကိုချန်းနဲ့ စေ့စပ်ပြီး ကတည်းက အစ်ကိုက ညီမကို တစ်ခါမှ လက်ဝတ် ရတနာတွေ မပေးဖူးဘူး”
ချန်းတယ်ယွီက ဝတ်စုံလက်ကို ခါလိုက်ပြီး “မင်းက ရုပ်ကလေး လှသလောက် ရွှေငွေတွေကို မက်ပြီး အပေါစား မဆန်စမ်းပါနဲ့”
နန်းယန် “….”
တကယ်တမ်းတော့ သူက ဆင်ခြေတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပြီး သူက သူမအတွက် ငွေကုန် မခံချင်တာ ဖြစ်သည်။
သူမက ဘာကြောင့် ဒီလိုခေါင်းမာတဲ့ သတို့သားလောင်းကို လိုချင်နေရတာလဲ။
တတိယ လေလံတင်သည့် ပစ္စည်းအမျိုးအစားကတော့ ကြည်လင်နေသော ကျောက်စိမ်းဖြူ ခွက်တစ်လုံးဖြစ်သည်။
ကောင်မလေး၏ မျက်လုံးတွေက ချက်ချင်း အရောင်လက် လာတာကို ရှောင်းယီ သိလိုက်သည်။
ကျောက်စိမ်းဖြူခွက်၏ လေလံကြမ်းခင်း ဈေးက ရွှေစငါးရာ ဖြစ်သည်။ ပစ္စည်းက ဈေးကြီးပြီး ဝတ်ဆင်လို့ မရတာကြောင့် လေလံပွဲကို တက်ကြတဲ့ မိန်းမပျိုလေးတွေက စိတ်မဝင်စားကြပေမယ့် ရှောင်းယီကတော့ တန်းပြီး ရွှေစတစ်ထောင် ပေးလိုက်လေသည်။
နန်းယန်က စောင့်ကြည့်ပြီး မျက်ဝန်းထဲက မနာလိုမှုတွေကိုတော့ ဖုံးကွယ် သိုဝှက်ထားလေသည်။
စတုတ္ထတစ်ခုကတော့ နီလာနှင့် လုပ်ထားတဲ့ ကြယ်စင်လေး ဖြစ်သည်။
ကလေးရဲ့ လက်သီးဆုပ်လောက် ရှိပြီး အလွန် ကြီးမားလှသည်။ သန့်စင်ပြီး အပြစ်အနာအဆာ မရှိသလို အရောင်ကလည်း နက်မှောင်နေပြီး ကြယ်တစ်စင်းလို လှပလဲ့ဖြာနေသည်။
ကမ္ဘာပတ် ကြည့်ရင်တောင် ဒီလို ပြာလဲ့လဲ့ နီလာက ရှားပါးလွန်းလှသည်။
နန်းပေါင်ရီက ရှားပါးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကြိုက်နှစ်သက် တတ်သည်။ သူမ၏ မျက်လုံးလေးများက ကြယ်လေးတွေထက်တောင် တောက်ပနေပြီး စိတ်လှုပ်ရှား လွန်းစွာ ရှောင်းယီ၏ ဝတ်စုံလက်ကို အသာအယာ ဆွဲ၍ ပြောလိုက်သည်။
“ညီမလေး ဒါလိုချင်တယ်၊ ဒီအရောင်က အရမ်းရှားတယ်၊ ညီမတစ်ခု လိုချင်တယ်လို့”
ထိုကျောက်မျက်ရဲ့ ဈေးနှုန်းကတော့ ရွှေစနှစ်ထောင်ဖြစ်သည်။
ချန်းတယ်ယွီက နန်းပေါင်ရီ၏ ချစ်စဖွယ် ချွဲနွဲ့နေဟန်လေးကို ကြည့်ရင်း အသံပြုလိုက်သည်။
“ရွှေစ နှစ်ထောင့်နှစ်ရာ”
နန်းယန်က ရုတ်ခြည်း လန့်ထိတ် သွားတော့သည်။
ချန်းတယ်ယွီ၊ ရှင်က ကျွန်မဖို့ ဝယ်ပေးမလို့လား။
ဟုတ်ပေသည်။ သူက သူမကိုတော့ ရွှေငွေတွေဝတ်ဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့တာက သူသေချာပေါက် ထင်တာက အပြာရောင် လဲ့ဖြာနေတဲ့ နီလာကျောက်လေးက သူမနှင့် ပိုပြီး ထိုက်တန်တယ်လို့ ထင်လို့ဖြစ်ရမည်။
ဒီရတနာက ရွှေလည်ဆွဲထက် ပိုပြီး တန်ဖိုးကြီးသည်လေ…..
သူမက ကြင်နာညွတ်ပျောင်းသော လေသံဖြင့် ပါးပြင်လေးက အနီရောင်သန်းသွားပြီး “အစ်ကိုချန်း၊ ဒီရတနာလေး….”
“စကားမပြောနဲ့”
ချန်းတယ်ယွီက အသံပြင်းပြင်းဖြင့် “မင်းညီမက ဒီနီလာကျောက်လေးကို သဘောကျနေတယ်၊ ဒီကျောက်က အရမ်းကို သဘာဝဆန်တယ်၊ ငါက ဝယ်ပြီး သူ့ကိုပေးမလို့၊ မင်းက သူ့ရဲ့အစ်မပဲ အဲဒါကြောင့် သူ့ကို ဦးစားပေးလိုက်”
***