အပိုင်း (၂၁၈)
ရှက်ရွံ့ခြင်း
တူရိယာသံတွေက မြိုင်ဆိုင်နေပြီး ခန်းမတစ်ခုလုံးဟာ လှုပ်ရှား တက်ကြွလာသည်။
ညစာစားပွဲရဲ့ အဆင့်အတန်းအရ အစားအသောက်တွေက အမြင်တင့်ပြီး လှပနေပေမယ့် တကယ်တမ်းမှာတော့ အေးစက်ပြီး အရသာကလည်း သိပ်မကောင်းပါချေ။
ညစာစားပွဲကို တက်ရောက်ကြသည့် သူတွေကလည်း စားသောက်ဖို့အတွက် လာကြတာ မဟုတ်ဘဲ အဓိကက ဩဇာအာဏာရှိသော သူများနှင့် အဆက်အသွယ် ရဖို့သာ ဖြစ်သည်။
တခြားသော အရာရှိတွေက ဘုရင်ခံရွယ်နဲ့ ရှောင်းယီကိုသာ စိတ်ဝင်တစား ကြည့်နေကြသည်။ သူတို့နှစ်ယောက်က သဟဇာတ မဖြစ်ကြောင်းကို သူတို့ သိထားကြတာကြောင့် သူတို့အားလုံး၏ စိတ်ထဲ မှာတော့ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရန် စိတ်ကူး ရှိနေကြသည်။
တောင်ပိုင်း၏ စစ်တပ်အာဏာက ပြန့်ကျဲနေပြီး အားလုံးက အရာရှိချုပ်၏ လက်ထဲမှာ ဆုပ်ကိုင်ထားသည်။
ဘုရင်ခံရွယ်က ရှောင်းယီကို သွေးသစ်လောင်းရန် စီစဉ်နေပြီး သူတို့နှစ်ယောက်က ရှင်းရှင်းလင်းလင်းနှင့် ရှုနိုင်ငံ၏ အာဏာကို ချုပ်ကိုင်ထားနိုင်ဖို့ လိုလားကြသည်။ သို့သော် သူတို့ မသိသည်က နောက်ဆုံးမှာ ရယ်မောနိုင်မဲ့သူဟာ ဘယ်သူလဲ ဆိုတာကိုပင်။
ရှေ့လူသာနိုင်ခဲ့ရင် လူငယ်အရွယ်မှာတင် ဟောင်ပိုင်ရှန်းအဖြစ် လျာထားခံရတဲ့ ရှောင်းယီက သေခြင်းကို ရင်ဆိုင်ရလိမ့်မည်။ ပြီးတော့ နန်းအိမ်တော်၏ စည်းစိမ်ချမ်းသာများနှင့် နန်းအိမ်တော်၏ သခင်မငယ်လေးပါ အားလုံးက ရွယ်မိသားစ၏ လက်ခုပ်ထဲကို ကျရောက်လိမ့်မည်ပင်။
နောက်လူသာ နိုင်ခဲ့ရင်တော့ ရှုနိုင်ငံ၏ စစ်တပ်အာဏာကို ချုပ်ကိုင်နိုင်သော သူက ပြောင်းလဲသွားမှာ ဖြစ်သည်။ နှစ်ရာစုပေါင်းများစွာ ရှုနိုင်ငံ၏ အာဏာကို တည်စေခဲ့သည့် ရွယ်အိမ်တော်က လုံးဝကို သုတ်သင်ပစ်ခြင်း ခံရမှာပင်။ တခြားသူအတွက် အဝတ်အစား ဆင်ယင်ပေး သကဲ့သို့ပင်။ ရှောင်းယီကတော့ ဩဇာတိက္ကမ ပြင်းသည့် အမတ်ချုပ်တစ်ယောက် ဖြစ်လာလိမ့်မည်။
ပြီးတော့ သူတို့က ဘုရင်ခံကိုပိုပြီး အမြင်ကြည်ကြသည်။
ခြုံပြောရရင် သူက စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်း တစ်ယောက် ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကစပြီး စစ်မြေပြင် တိုက်ပွဲတွေကို မပါဝင်တော့ရင်တောင် ရှောင်းယီလို လူသစ်တစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့၏ သူရဲကောင်းဘွဲ့တံဆိပ်ကို ရှုံးနိမ့်စေနိုင်မှာလဲ။
ထို့ကြောင့် သူတို့က အားရဝမ်းသာဖြင့် ရှောင်းယီ၏ အဆုံးသတ်ကို ဒီပွဲမှာ ကြည့်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
ယဉ်ကျေးပျူငှာသော ရောင်စုံဝတ်စုံများ နှင့်အတူ သံစဉ်က မက်မွန်ပွင့်တွေ ပွင့်လန်းနေသလို တက်ကြွ သက်ဝင်နေသည်။
သီချင်းတစ်ပုဒ် ကခုန်ပြီးသောအခါ ဆိုးဝါးယုတ်မာဟန်ဖြင့် လူတစ်ယောက်က ခန်းမ၏ရှေ့ကို ထွက်လာသည်။
သူက ဘုရင်ခံဆီသို့ လက်သီးကို တင်းတင်းဆုပ်၍ အရိုအသေ ပေးလိုက်ပြီး ခေါင်းလောင်းလို ကျယ်လောင်လှသော အသံဖြင့် “ခေါင်းကိုင်ဖခင် ခင်ဗျ၊ သီချင်းဆိုပြီး ကကြတာက ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်၊ ညစာစားပွဲကို အနည်းငယ် သက်ဝင်လှုပ်ရှား စေဖို့အတွက် ကျွန်တော် တဲ့ကျင်က အမတ်မင်းနဲ့ ယှဉ်ပြိုင်လိုပါတယ်၊ ခေါင်းကိုင်ဖခင် ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”
နန်းပေါင်ရီက ရှောင်းယီကို ဂရုတစိုက်နဲ့ ပဲနို့ ထပ်ထည့် ပေးနေသည်။ ထိုအသံက နားဝမှာ ပြန့်လွင့်လာသောအခါ အမူအယာ မပျက်သော်လည်း မျက်ခုံးတွေကတော့ အနည်းငယ် စူးရဲသွားသည်။ သူမက လှမ်းကြည့်လိုက်သည်။
ထိုဧည့်သည်က ဘုရင်ခံချန်း၏ အကြီးဆုံးသား၊ ချန်းတယ်ယွီရဲ့ အစ်ကိုကြီး ချန်းတယ်ကျင် ဖြစ်သည်။
ချန်းမိသားစု ညီအစ်ကို နှစ်ယောက်က ဓါးရေးမှာ ကျွမ်းကျင် ပြောင်မြောက်ကြသည်။
ရှေ့ပိုင်းနှစ်တွေတုန်းက ဘုရင်ခံရွယ်က ခေါင်းကိုင်ဖခင်အဖြစ် ချန်းတယ်ကျင်ကို မွေးစားခဲ့ပြီး သူ၏စစ်တန်းလျားမှာ လေ့ကျင့်ပေးခဲ့သည်။ ဘုရင်ခံရွယ် ကျင်းကွမ်မြို့ကို ပြန်လာသောအခါမှာ သူက လိုက်ပါလာ ခဲ့ခြင်းဖြစ်သည်။
နန်းပေါင်ရီက အတိတ်ဘဝတုန်းက အကြောင်းအရာ တစ်ခုကို သတိရသွားမိသည်။
အတိတ်ဘဝတုန်းက ချန်းတယ်ကျင်ဟာ သူမ၏ခဲအို ဖြစ်ခဲ့သည်။ နှမြောတသဖွယ် ကောင်းတာက ထိုသူက အကျင့်မကောင်းဘဲ လူစိတ်မရှိချေ။ သူမ လက်ထပ်ပြီး ချန်းအိမ်တော်ကို ပထမဆုံး ရောက်သွားစဉ်မှာ သူက သူမကို အကြိမ်ကြိမ် အသားယူဖို့ ကြံစည်ခဲ့သည်။
သူမက ငိုယိုပြီး ယောက္ခမဟောင်ကို တိုင်တန်းပေမယ့် သူမသာ အချက်ပေါင်း များစွာ ပါးရိုက်ခံခဲ့ရသည်။ သူမက အရှက်မရှိဘူး၊ မိန်းမတစ်ယောက်ရဲ့ ဣန္ဒြေကို မစောင့်ထိန်းဘူး၊ သူမသားရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်တယ် ဆိုပြီး လို့ ဆူပူကြိမ်းမောင်း ခံခဲ့ရသည်။
နောက်တော့ သူမ ချန်းတယ်ကျင်ကို တွေ့သောအခါ ဝေးဝေးသာ ရှောင်ဖြစ်တော့သည်။ သို့ပေမယ့် အရင်ဘဝတုန်းကတော့ ချန်းတယ်ကျင်က အစောကြီး သေသွားခဲ့သည်။
ထိုစဉ်က သူမ နန်းတွင်းသူ တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်သည်။ ချန်းတယ်ကျင်က ရှုနိုင်ငံရဲ့ကိုယ်စား ဧကရာဇ်အတွက် မွေးနေ့ လက်ဆောင်ပန္နာတွေကို လာပို့တာ ဖြစ်သည်။ နန်းတွင်းရဲ့ လမ်းတွေပေါ် သူမ ပြေးသွားသောအခါ သူက မကြားဝံ့မနာသာ စကားမျိုးစုံနဲ့ သူမကို လှောင်ပြောင်ခဲ့သည်။
သည်းထန်သော မိုးတွေကြားမှာ သူမက လမ်းကြားကျဉ်းလေးထဲ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်ငိုခဲ့ရသည်။ အမတ်မင်း၏ ဝေါယာဉ် သူမရှေ့က ဖြတ်သွားသောအခါ သူက လိုက်ကာကို ပင့်တင်ပြီး သူမဘာကြောင့် ငိုကြွေးနေတာလဲလို့ မေးခဲ့သည်။
သူမက ဆို့နင့်လာပြီး ချန်းတယ်ကျင်၏ အကြောင်းကို ထပ်တစ်ဖန် ပြောပြလိုက်သည်။ အမတ်မင်းက သူမကို ‘ငတုံးလေး’လို့ ပြောပြီး ဝေါယာဉ်ကို ဆက်မောင်း သွားတော့သည်။
နောက်တစ်နေ့မှာတော့ ချန်းတယ်ကျင်က ဆိုးဆိုးရွားရွား သေဆုံးနေတယ်ဆိုသော သတင်းကို သူမကြားလိုက်ရပြီး သူ့၏သေဆုံးခြင်းက မကြားဝံ့မနာသာ ဖြစ်ခဲ့သည်။
နန်းပေါင်ရီက တဝက်တပျက် သိစိတ်နဲ့ ရှောင်းယီကို ကြည့်လိုက်သည်။
အတိတ်ဘဝမှာ သူမက စိတ်ရှုပ်ထွေးမှုတွေထဲ ပိတ်မိနေခဲ့ပြီး အခု ပြန်စဉ်းစား ကြည့်သောအခါ ချန်းတယ်ကျင်၏ သေဆုံးမှုက အမတ်မင်း လက်ချက်များ ဖြစ်နေမလား။
“ငါ့ကိုဘာဖြစ်လို့ ကြည့်နေတာလဲ”
ရှောင်းယီက မျက်ခုံးကိုပင့်ပြီး သူမကို သတိပေးလာသည်။
“ပဲနို့က လျှံကျနေပြီလေ”
“ဘာကြီး”
နန်းပေါင်ရီက ကျောက်စိမ်းဖြူကရားကို ပြန်ပိတ်ပြီး အလျင်စလို ချလိုက်သည်။
ရှောင်းယီက အပြုံးရေးရေး ထင်ဟပ်သွားပြီး “မင်းရဲ့အစ်ကိုက ကြည့်ကောင်း ချောမောတာ မှန်ပေမယ့် အဲဒီလောက် အာရုံစူးစိုက်ပြီး ကြည့်ဖို့ မလိုဘူးလေ၊ အစ်ကိုက ရှက်သွားမှာပေါ့”
နန်းပေါင်ရီက စိတ်ပျက် သွားရတော့သည်။
ဒီလူဟာ သူမ၏ အတိတ်ဘဝက သွေးအေးပြီး ဩဇာအာဏာပြင်းသည့် အမတ်မင်းနှင့် တစ်ယောက်တည်း ဆိုတာ သေချာရဲ့လား။
ခန်းမမှာ တန်းလန်းကြီး ဖြစ်နေတဲ့ ချန်းတယ်ကျင်ရဲ့ နဖူးကြောတွေက အပြာရောင်သန်း လာနေသည်။
သူတို့နှစ်ယောက်က အကြည့်ချင်း ဆုံနေကြပြီး သူ့ကိုရော မျက်လုံးထဲ ရှိကြရဲ့လား။
ခေါင်းကိုင်ဖခင်ရဲ့ အမိန့်ကြောင့် သူက ဒီနေရာကို ရှောင်းယီကို သင်ခန်းစာပေးဖို့ အတွက် အထူး ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူက လည်ချောင်း ရှင်းလိုက်ပြီး “အမတ်မင်းက ကျွန်တော်နဲ့ မပြိုင်ရဲဘူးလား”
“ရှီးခူ”
ရှောင်းယီက လေးတွဲ့ပျင်းရိစွာနဲ့ ခေါ်လိုက်သည်။
ဘုရင်ခံက အမြင့်ဆုံး ထိုင်ခုံမှာ ထိုင်နေသည်။ ပုံမှန်အတိုင်းဆိုရင် အမတ်မင်းက သိက္ခာအကျခံပြီး လူအုပ်ထဲမှာ ဝင်ထိုင်စရာ အကြောင်းမရှိပါချေ။
ချန်းတယ်ကျင်က လှောင်ရယ် ရယ်လိုက်ပြီး “တစ်ဆိတ်လောက်၊ အမတ်မင်းက ကျွန်တော့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုပြီး ကိုယ်ရံတော်ကို တစ်ယောက်တည်း ရင်ဆိုင်စေမယ်ပေါ့။ နန်းအိမ်တော်မှာ အမတ်မင်း၏ အရင်နေရာက အစေခံငယ် တစ်ယောက်လောက်တောင် အဖြစ်မရှိမှန်း လူတိုင်းက သိပါတယ်၊ အမတ်မင်းရဲ့ ကိုယ်ရံတော်တွေက အရည်အချင်းရှိလည်း နည်းနည်းပေါ့၊ တော်ဝင် မိသားစုတွေရဲ့ ကိုယ်ရံတော်တွေကတော့ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားတဲ့ သူတွေ၊ အမတ်မင်းရဲ့ ကိုယ်ရံတော်တွေကတော့ ဈေးကွက်ထဲက လူမိုက်တွေကို ငှားရမ်းထားတာများလား”
ခန်းမတစ်ခုလုံး ရယ်သံများ လျှံသွားတော့သည်။
အခုအချိန်မှာတော့ လောကကြီးက အထက်တန်းလွှာတွေက တခြားသူတွေကို နှိမ့်ချတတ်ကြပြီး တခြားသူတွေနဲ့ ကွာခြားလှသည်။
ရှုနိုင်ငံက တော်ဝင်မိသားစုများ၏ ကြွယ်ဝချမ်းသာမှုက ပုံမှန်ဆိုရင် နန်းအိမ်တော်နှင့် ယှဉ်လို့ကို မရပါချေ။
တော်ဝင်မိသားစုများ၏ ကိုယ်ရံတော်တွေက ငယ်ရွယ်စဉ် ကတည်းက လေ့ကျင့်ပြီးရင်း လေ့ကျင့်ထားသော သူများဖြစ်ပြီး လူပေါင်း အများကြီးထဲကမှ ရွေးချယ်ထားခြင်း ဖြစ်သည်။
နန်းအိမ်တော်ရဲ့ ကိုယ်ရံတော်တွေကတော့ ထိုကဲ့သို့ မဟုတ်ပါချေ။
ရှီးခူရဲ့ ဒေါသက အရှိန်အဟုန် ပြင်းလာသည်။ သူက ရုံကောင်းကျန်း၏ ခမ်းနားကြီးကျယ်လှသော အဆင့်သုံး သခင်တစ်ယောက်ဖြစ်ပြီး တစ်ယောက်နှင့်တစ်ရာ ယှဉ်တိုက်နိုင်သည်။ တရုံရဲ့ ‘သခင်’ ဆိုသော မူလအခြေအနေကိုသာ ပြန်ရောက်ခဲ့ရင် ဒီကောင်က သူ့ကို ဈေးကွက်ထဲက လူမိုက်လို့ ပြောနိုင်ဦးပါ့မလား။
သူက ထိုအရိုင်းအစိုင်း မြေခွေးကောင်အတွက် လေ့ကျင့်ခဲ့တာ မဟုတ်ပေ။
ချန်းတယ်ကျင်က အထင်သေးနေသော အပြုံးစစဖြင့် “ဘာလဲ၊ မင်းက မကျေနပ်ဘူးလား”
သူက လူထုပရိသတ်၏ ရှေ့မှာ ဝတ်ရုံကို ထက်ဝက်ခန့် ချွတ်ချလိုက်ပြီး သူ့ခွန်အားကို ဂုဏ်ယူစွာ ပြသနေလေသည်။
နန်းပေါင်ရီက စပ်စပ်စုစု ကြည့်လိုက်သည်။ သူ့လက်မောင်းတွေက အသားများဖြင့် မြင့်တက်နေပြီး သူ့၏ အဝါရောင်သန်းနေသော အသားအရေက ကြံ့ခိုင်ပြီးရင်း ကြံ့ခိုင်လှသည်။ သူ၏ ရင်အုပ်ကလည်း တခြား သူထက်ပိုပြီး ကျယ်လှသည်။
မိန်းကလေးတွေက ကြည့်နေကြတာကြောင့် သူက ရှက်ရွံ့မနေပဲ အလွန်တရာ စိတ်လှုပ်ရှား နေတော့သည်။
ကြည့်နေရင်းမှ သူမ၏ ဘေးဘက်က အေးစိမ့်စိမ့် ဖြစ်လာလေသည်။
သူမက ရှောင်းယီကို သတိကြီးကြီးနဲ့ တစ်ချက်ကြည့်လိုက်သည်။
တစ်ဖက်လူက သူမကို အပြုံးရေးရေးဖြင့် စိုက်ကြည့်နေပြီး “ကြည့်လို့ကောင်းလား”
နန်းပေါင်ရီက မျက်လုံးတွေကို အုပ်ဟန်ဆောင်လိုက်ပြီး “အိုး… ညီမလေး ရှက်လိုက်တာ”
ရှောင်းယီက သူမ၏ ဖြူဉနူးညံ့နေသော နဖူးပြင်လေးကို တောက်လိုက်ပြီး “ထပ်မကြည့်နဲ့တော့”
သို့သော်လည်း နန်းပေါင်ရီက ရှီးခူနှင့် ချန်းတယ်ကျင်၏ ပြိုင်ပွဲကို သူမမျက်လုံးဖြင့် ကိုယ်တိုင် ကြည့်ချင် လှသည်။
သူမက လက်ချောင်းလေးတွေကို မြန်မြန် ဖယ်လိုက်သည်။ ရှီးခူ၏ မထီမဲ့မြင် အပြုံးက ပို၍ထင်းလာပြီး သူ့ဝတ်စုံ တစ်ဝက်ကို ဖယ်ထုတ်လိုက်သည်။
ချန်းတယ်ကျင်၏ ပေါက်ကွဲထွက်မတတ် အကြောပြိုင်းပြိုင်းများနှင့် ကွာခြားပြီး သူ့လက်မောင်းပေါ်က ကြွက်သားတွေက ကျစ်လျစ် ပိန်ပါးပြီး တောင့်တင်း သန်မာဟန် ရှိသည်။ ကျွမ်းကျင်သူတွေက တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူဟာ အကြိမ်ထောင်ပေါင်း များစွာ ခက်ခဲသည့် လေ့ကျင့်မှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်လာခဲ့ကြောင်း သိနိုင်သည်။
နှမြောစရာက တက်ရောက်လာကြသူ တော်တော်များများက ကျွမ်းကျင်သူတွေ မဟုတ်ကြပါချေ။
ရယ်မော လှောင်ပြောင်သူတွေက တစ်စထက်တစ်စ ပို၍များလာပြီး တချို့ကတော့ ရှီးခူကို ပိန်သေးတဲ့ မျောက်လေးဆိုပြီး လှောင်ပြောင်ကြသည်။ လူတွေက ပျော်စရာလေးတွေကို မြင်ရဖို့ မစောင့်နိုင်တော့ ပါချေ။
ရှောင်းယီက နန်းပေါင်ရီကိုပဲ ငေးကြည့်နေပြီး အတွေးနက်နက်ထဲမှာ နစ်မြောနေသည်။ သူသာသိခဲ့ရင် ရှီးခူကို ကစားပွဲထဲကို ထည့်မိမှာ မဟုတ်ချေ။ သူကိုယ်တိုင် တိုက်ခိုက် ယှဉ်ပြိုင်ပြီး ကောင်မလေးကို သူ၏ တောင့်တင်း သန်မာလှသည့် ခွန်အားနှင့် ကြွက်သား အဖုအထစ်များက ခန္ဓာကိုယ်ကို ပြသရမှာ ဖြစ်သည်။
ကိစ္စမရှိပါဘူး၊ အနာဂတ်၏ အိပ်ခန်းထဲမှာလည်း အမြဲလိုလို ပြဖို့ အခွင့်အရေး အများကြီး ရှိသေးတာပဲ….
သူထိုအတွေး တွေးပြီးသောအခါ တိုက်ပွဲကတော့ စနေချေပြီ။
လူတိုင်းက လည်ပင်းရှည်မတတ် စိတ်လှုပ်ရှားစရာ ပွဲကို ကြည့်ရန် စောင့်နေကြသည်။ ဘယ်သူက သိနိုင်မှာလဲ။ ပြည့်စုံကုံလုံသည့် ချန်းမိသားစု၏ သခင်လေးအပေါ် အထင်ကြီးမှုများက ကျဆင်းသွားပြီး ရှက်စရာ ကောင်းအောင် နံရံကို ပစ်ပေါက် ခံလိုက်ရလိမ့်မယ်လို့လေ။
ရှီးခူက ဝတ်စုံကို ခါလိုက်ပြီး “ကျေးဇူးပြုပြီး၊ ချန်းသခင်လေး၊ သခင်လေးက သန်မာတယ်လို့ မခေါ်ဘူး၊ ဝတုတ်နေတယ်လို့ ခေါ်သင့်တာ၊ သခင်လေးက တကယ်ကို ဝတုတ်နေပြီ၊ သခင်လေးရဲ့ အောက်ပိုင်းက ငှက်လေးကို ပြပြီး မိန်းကလေးတွေကို အကဲဖြတ် ခိုင်းကြည့်လိုက်ပါလား”
ပြောပြီးနောက် သူက ရှောင်းယီ၏ နောက်မှာ ဝင်ထိုင်လိုက်သည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။
ဘုရင်ခံက သေရည်တစ်ခွက်ကို မျှင်းသောက်နေသည်။
တစ်လျှောက်လုံး တပ်ဆင်ထားသော သူ၏မျက်နှာပေါ်မှ အပြုံးက သွေဖီမသွားသေးပေမယ့် မျက်လုံးထဲက အရိပ်အယောင်ကတော့ လုံးဝကို ရှုပ်ထွေးနေလေပြီ။
အနီးကပ် ကိုယ်ရံတော်တွေကတောင် အရည်အချင်း ရှိလှသည်။ ရှောင်းယီက တကယ်ပဲ နန်းအိမ်တော်က ကောက်ယူ မွေးစားထားတာ ဟုတ်ပါ့မလား။
ပထမဆုံး ပြိုင်ပွဲကတော့ ရွယ်ဘုရင်ခံ၏ အရှုံးနှင့် အဆုံးသတ်ခဲ့ရလေသည်။
နန်းယန်က နန်းပေါင်ရီမှန်း သိနေသည်။ တခြားသူတွေက နန်းပေါင်ရီ၏ ပုံစံအမှန်ကို မသိရင်တောင် သူမနဲ့ နန်းပေါင်ရီက အချိန်အကြာကြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး ရှောင်းယီ၏ မျက်နှာသာပေးမှုကို ထည့်ပေါင်းလိုက်ရင် သူမက ထိုမိန်းကလေး ဘယ်သူလဲ ဆိုတာကို ခန့်မှန်းမိနိုင်သည်။
သူမက ခပ်ရေးရေး ပြုံးလိုက်ပြီး ရွယ်မေ့ကို လေသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။
“မမလေးရွယ်၊ ကျွန်မရဲ့အစ်ကို ၂ က အစွမ်းအစရှိပြီး ချမ်းလည်း ချမ်းသာတယ်၊ ကျီးကန်းမက အသိုက်ဖွဲ့နိုင်မယ်တဲ့လား၊ သူရဲ့ဘေးက မိန်းကလေးက မမလေးရွယ်ရဲ့ နေရာကို လုယူဖို့ ကြိုးစားနေတာ၊ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ၊ ကျွန်မက မမလေးရွယ်ရဲ့ အကပညာ အကြောင်းကို ကြားဖူးတယ်၊ အရမ်း ထင်ရှားတာပဲ၊ လူတွေကြားထဲမှာ ယှဉ်ပြိုင်ဖို့ခေါ်ပြီး သူ့ကို သိက္ခာချပစ်ဖို့ ပိုကောင်းတဲ့ အခွင့်အရေးပဲ”
ထိုသည်က သူမ၏လက်ခုပ်ထဲကို ရွယ်မေ့ ရောက်လာရသည့် အကြောင်းအရင်း အစစ်အမှန်ဖြစ်သည်။ အခုအချိန်မှာ ရွယ်မေ့က ရှောင်းယီကို အရမ်း စိတ်ဝင်စားနေသည်။
ဆိုရရင် ကြွရောက်လာကြသည့် ဧည့်သည်များက အာဏာရှိပေမယ့် သူကပိုပြီး ဩဇာအာဏာ ရှိသည်လေ။
သူမက နန်းယန်၏ အကြံပေးချက်ကို နားထောင် ပြီးသောအခါ ဂုဏ်ယူစွာဖြင့် “ညစာစားပွဲ တစ်လျှောက်လုံး ငါပျင်းနေတာနဲ့ အတော်ပဲ၊ အမတ်မင်းရဲ့ ဘေးက မိန်းကလေးက ငါ့ရဲ့အကကို ယှဉ်ပြိုင်နိုင်မှာတဲ့လား။
နန်းယန်က ခေါင်းငုံ့ရင်း ပြုံးလိုက်သည်။
နန်းပေါင်ရီက လုံးဝမကတတ်ချေ။
အခုတော့ သူမက နန်းပေါင်ရီကို အရူးလုပ်လို့ရလေပြီ။
***