အပိုင်း (၂၁၆)
နန်းကျောင်းကျောင်းက အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူကဘာလုပ်နိုင်မှာလဲ။
ပေါင်ရှဆောင်က ပြန်ထွက်လာသောအခါ နန်းပေါင်ရီက သတိပေးလာသည်။
“အစ်ကို ၂၊ အစ်ကို့ရဲ့ လက်ဖမိုးပေါ်က နှုတ်ခမ်းရာကို မသုတ်ရသေးဘူးလေ”
ရှောင်းယီက တစ်ချက် ကြည့်လိုက်သည်။ သူက ဘယ်လိုလုပ်ပြီး ကောင်မလေး ပထမဆုံးအကြိမ် ပေးသည့် အနမ်းရာလေးကို သုတ်ဖယ် ပစ်နိုင်ပါ့မလဲ။
သူက လက်တောင် ဆေးချင်တော့တာ မဟုတ်ချေ။
သူက မပြောင်းလဲသော မျက်နှာထားနှင့် “မင်းရဲ့အစ်ကိုက ပြီးပြည့်စုံတဲ့ အရည်အချင်းရှိပြီး ချောမောတယ် ဆိုတာ မင်းလည်း သိတာပဲ၊ မိန်းကလေးတွေက အမြဲတမ်း မြူစွယ်ဖို့ ကြံနေကြတာ၊ ဒီလို နှုတ်ခမ်းရာနဲ့ ဆိုတော့ ဒီလူက ပိုင်ရှင်ရှိပြီးသား ဆိုတာကို သိပြီး နောက်ဆုတ် သွားကြမှာပေါ့”
နန်းပေါင်ရီက နားလည်ဟန်နဲ့ ခေါင်းညိတ် လိုက်ပြီးမှ နောက်တစ်ခေါက် တောင့်တင်း သွားရပြန်သည်။
ဟုတ်တာတော့ ဟုတ်ပေမယ့် ထူးဆန်းမနေဘူးလား။
သူတို့နှစ်ယောက် စင်္ကြံကို ရောက်သောအခါ ယန်လျိုက ငိုချင်သလို ဖြစ်နေလေပြီ။
သူမက ရှေ့ကို အလျင်အမြန် ပြေးလာပြီး နန်းပေါင်ရီ ဘာမှမဖြစ်တာကို တွေ့သောအခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး အသံတိုးတိုးဖြင့် ပြောလာသည်။
“တကယ်ပါပဲ၊ ဒီအစေခံက အလကား စိတ်ပူပန်နေမိတာပဲ၊ မမလေးက ပိုင်ကျောင်းကို ဝင်ဝင်ချင်းပဲ အိမ်တော်ထဲကို ပွေ့ဖက်ပြီး ခေါ်သွားခံရတယ်၊ ဟိုသားရဲကောင်ကြီးက မမလေးကို ဘာမှ မလုပ်လိုက်ဘူးမလား”
ရှောင်းယီ၏နဖူးက ရုတ်ခြည်း မြောက်တက် သွားတော့သည်။
ဘယ်သူက သားရဲကောင်ကြီးလဲ။
နန်းကျောင်းကျောင်းက အသက် ဘယ်လောက် ရှိသေးလို့လဲ။ သူက ဘာလုပ်နိုင်မှာတဲ့လဲ။
ထပ်ဖြည့်ပြောရရင် သူတို့ ပေါင်ရှကို ဝင်သွားတာ အမွေးတိုင် တစ်တိုင်စာ အချိန်ထက်တောင် နည်းသေးသည်။ အလွန်ကို တိုတောင်းတဲ့ အချိန်လေးပဲလေ….
သူက သုန်မှုန်စွာနဲ့ “ဒီအမတ်မင်းက သူ့ရဲ့အစ်ကိုပဲ”
“အစ်ကို”
ယန်လျိုက အံ့အားသင့် ထိတ်လန့်သွားပြီး “အဲဒါက သားရဲကောင်ကြီးလောက် မကောင်းဘူး”
ရှောင်းယီ “….”
ပြဇာတ်ရုံ အစေခံက စိတ်ကူးယဉ်တဲ့ နေရာမှာ ထူးဆန်းသော အရည်အချင်း ရှိနေတာများလား။
နန်းပေါင်ရီက မသက်မသာ ပြုံးလိုက်ပြီး ရှောင်းယီနှင့် ယန်လျိုကို မိတ်ဆက် ပေးလိုက်သည်။
အဆောက်အဦထဲကို ဝင်သွားသောအခါ နန်းပေါင်ရီက မိန်းကလေး အများကြီးကို တွေ့လိုက်ပြီး ထိုမိန်းမပျိုလေးတွေက တိတ်တိတ်လေး အမတ်မင်းကို ချစ်ခင်မြတ်နိုးစွာဖြင့် ငေးမောနေကြသည်။
တချို့က ထူးထူးခြားခြား အမြင်အာရုံကို ထင်းလင်းနေစေပြီး မရိုးမသားနှင့် သူတို့၏ ပန်းထိုးပဝါလေးများကို အမတ်မင်းဆီကို ကမ်းပေးနေကြသည်။
သူမက စိတ်ဝင်တစားနဲ့ ကြည့်နေရင်း မျက်ခုံးတွေကို မတွန့်ချိုးဘဲ မနေနိုင်တော့ပါချေ။
ရှောင်းယီက သူမကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် ခါးလေးကို ဆွဲယူလိုက်သည်။
သူက လှောင်ရယ်လိုက်ပြီး “မင်းရဲ့ ရည်ရွယ်ချက် ကောင်းကို အသိအမှတ် ပြုပါတယ်၊ ဒီအမတ်မင်းက သီးသန့်ဆန်တဲ့ မိန်းကလေးတွေကိုပဲ သဘောကျတာ၊ ဥပမာ ဒီလိုပုံစံမျိုးလေ…..”
နန်းပေါင်ရီရဲ့ မျက်နှာက လုံးဝကို အေးခဲတောင့်တင်း သွားတော့သည်။
အစ်ကို ၂ က သူမကို ဒိုင်းကာ တစ်ခုအနေနဲ့ အသုံးချနေတာလား။
မိန်းကလေးတွေက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က နန်းပေါင်ရီ၏ ခန္ဓာကိုယ်နှင့် အရာရာကို သေချာစေ့စေ့စပ်စပ် ကြည့်လိုက်ကြသည်။ သူမ၏ ဝတ်စုံကတော့ ‘သီးသန့်’ ဆိုသော စကားလုံးနှင့် လုံးဝကို မသက်ဆိုင်ပါချေ။
သို့သော်လည်း အမတ်မင်းက သူတို့ကို လက်မခံကြောင်း ရှင်းရှင်းလင်းလင်း ပြနေတာကြောင့် စိတ်ဆိုးစွာဖြင့် ထွက်ခွာ သွားကြတော့သည်။
နန်းပေါင်ရီက ခေါင်းလေးကို ပင့်မော့လိုက်ပြီး အနည်းငယ် ဂုဏ်ယူနေဟန် စွက်၍ “အစ်ကို ၂၊ အစ်ကိုက ညီမလေးကို အခုထိ ဒီကိုခေါ်လာဖို့ ငြင်းနေတုန်းလား၊ ကြည့်ပါဦး၊ ညီမလေးက ပွဲတစ်ပွဲကို စပြီး ကစားနေနိုင်ပြီနော်”
ရှောင်းယီက ကောင်မလေး၏ နဖူးလေးကို တို့ထိလိုက်ပြီး အပြုံးမမည်သည့် အပြုံးစစ ချီးမြှင့်လိုက်ပြီး “ကျောင်းကျောင်းက အကောင်းဆုံးပဲ”
သူတို့အဆောက်အဦထဲကို ဝင်သွားသောအခါ လက်ထောက် တစ်ယောက်လို ဝတ်စားထားသော လူ တစ်ယောက် ရောက်လာခဲ့သည်။
သူက ရှောင်းယီကို အရိုအသေ ပေးလိုက်ပြီး “အမတ်မင်းရှောင်း၊ ဘုရင်ခံရွယ်က ခေါ်နေပါတယ်”
နန်းပေါင်ရီရဲ့ အမူအရာက အေးစက် သွားတော့သည်။
ဘုရင်ခံရွယ် ငယ်စဉ်က ဂိတ်တံခါး ငါးခုကို ကျော်ဖြတ်ပြီး ထီးနန်းပလ္လင်ကို ရုတ်တရက် သိမ်းပိုက်နိုင်ခဲ့သည်။ သူက လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစပြီး သူက စစ်ပွဲတွေမှာ ဝင်ရောက် မတိုက်ခိုက်တော့ ပေမယ့် တကယ့်ကို အရည်အချင်း စစ်မှန်သော သူတစ်ယောက်ပင်။
သို့သော် တစ်ချိန်တည်းမှာပင် သူမတို့အိမ်တော်၏ ကြွယ်ဝချမ်းသာမှုတွေကို ခိုးယူသွားတဲ့ သူခိုးတစ်ယောက်လည်း ဖြစ်သည်။
ဘုရင်ခံရွယ်က ဘယ်လိုလူစားမျိုး ဘယ်လိုပုံစံရှိလဲ ဆိုတာကို သူမ မြင်တွေ့ချင်တာကြောင့် သူမက ရှောင်းယီကို မျှော်လင့်နေသည့် မျက်ဝန်းဖြင့် ငေးကြည့်လိုက်သည်။
ချောမောကြည့်ကောင်းသော အမတ်မင်းက ကောင်မလေးကို လက်ကမ်းလိုက်ပြီး “အမတ်မင်းနဲ့ လိုက်ခဲ့မလား”
နန်းပေါ်ရီက ချိုမြမြ အပြုံးလေးဖြင့် တည်ငြိမ်စွာဖြင့် လက်လေးကို သူ့လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။
သူမက ဂုဏ်ယူနေဟန်ဖြင့် “အမတ်မင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံပါတယ်”
လူငယ်၏ လက်ဖဝါးပြင်ကျယ်က ခန့်ညားပြီး ဩဇာတိက္ကမနဲ့ ပြည့်စုံလှသည်။ သူမကို နှိုင်းယှဉ်လို့ မရတဲ့ လုံခြံနွေးထွေးမှုကို ပေးစွမ်းနိုင်သည်။
အစ်ကို ၂ နဲ့သာဆိုရင် ဘုရင်ခံရွယ်ကို တွေ့ရုံမကလို့ တောင်တန်းတွေနဲ့ မီးပင်လယ်ကို ဖြတ်ရရင်တောင် သူမ မကြောက်ပါချေ။
ရှောင်းယီ၏ စိတ်ကူးကတော့ သူမနဲ့ အလွန် ကွာခြားလှသည်။ ကောင်မလေးက အိမ်တွင်းပုန်းလေး ဖြစ်နေပြီး သူမကို ကြီးပြင်းစေဖို့ တချို့သူများ၏ အကျင့်စရိုက်တွေကို သိအောင် လူကြားထဲ ခေါ်သွားဖို လိုနေသည်။
သူက စာဝါငှက်တစ်ကောင် ဖြစ်ပေမယ့် နန်းကျောင်းကျောင်းက စာဝါငှက်လေးလို ဟန်ဆောင် မနေပါချေ။ သူမက ကိုက်ခဲနိုင်တဲ့ ခွေးတစ်ကောင်သာ ဖြစ်လိုသည်။
နန်းပေါင်ရီက နှာချေလိုက်သည်။ သူမ၏အနောက်မှာ တစ်ယောက်ယောက်က သူမအကြောင်းကို အတင်း ပြောနေတယ်လို့ ခံစားရနေသည်။
လက်ထောက်က ရှောင်းယီကို ဆေးရေးပန်းချီခြယ် အဆောက်အဦ၏ နောက်မှာရှိသော နွေးထွေးသည့် ဧည့်တွေ့ဆောင်ကို ဆင့်ခေါ်သွားသည်။
နွမ်ဧည့်တွေ့ဆောင်၏ ပရိဘောဂတွေက အလွန် ကြီးကျယ် ခမ်းနားလှသည်။ ကြမ်းခင်းကို တိရစ္ဆာန် အမွေးစောင်များဖြင့် ခင်းကျင်းထားပြီး အလွန်နွေးထွေးပြီး နူးညံ့လှသည်။
ပုတီးစေ့လိုက်ကာ၏ နောက်မှာတော့ ကျယ်ပြန့်သည့် ရွှေရောင်အရာရှိ ထိုင်ခုံပေါ်မှာ ကျားသစ်ဖြူ၏ သားရေကို ခင်းထားပြီး သက်လတ်ပိုင်း အရွယ်ရှိသော လူတစ်ယောက်က ထိုင်နေသည်။ နန်းပေါင်ရီ စိတ်ကူးကြည့်ထားသလောက် မာကျောကြံ့ခိုင်လှပြီး ဝတ်စုံကအစ ယောက်ျားပီသစွာ ချောမောပြီး တည်ကြည်လှသည်။
သူက အငွေ့ထွက်နေတဲ့ ဆေးတံကို ခပ်စောင်းစောင်း ကိုင်ထားသည်။ သူ့မျက်လုံးတွေက တစ်ဝက် ပိတ်ထားပြီး သူ့စိတ်အခြေအနေကို နားလည်ရန် ခက်လှသည်။
ပြီးတော့ ကျောက်စိမ်း လိုက်ကာတစ်ခုလည်း ရှိနေသေးသည်။ ထိုလိုက်ကာ၏ နောက်မှာတော့ ကျောမီထိုင်ဖုံ တစ်ခုရှိပြီး ပြတ်ပြတ်သားသား မမြင်နိုင်ဘဲ အလှလေး တစ်ပါးက လဲလျောင်းနေဟန်ပင်။
နန်းပေါင်ရီက ကိုယ်ကို ကိုင်းညွှတ်လို့ အရိုအသေပေးရင်း ကသိကအောက်ဖြစ်စွာ ထပ်ပြီး ကြည့်လိုက်သည်။
ထိုင်ခုံမှာ အသီးသီး နေရာယူ ပြီးသောအခါ အစေခံတစ်ယောက်က လက်ဖက်ရည်ပူနဲ့ အစာသွပ်မုန့်တွေကို ယူဆောင် လာခဲ့သည်။
ရှောင်းယီက အစာသွပ်မုန့် ပန်းကန်ကို သူမဆီ တွန်းပို့လိုက်ရင်း “ဘုရင်ခံရွယ်က ကျွန်တော့်ကို လာဖို့ဖိတ်တာ ဘာကြောင့်များလဲ”
လက်ထောက်က မီးခိုးကို မှုတ်ထုတ်လိုက်ပြီး ကြင်နာဟန် လေသံဖြင့် “မင်းတို့လူငယ်တွေက တဲ့တိုးပြောရတာ တယ်ကြိုက်တာပဲ”
သူကပြုံးရင်း နန်းပေါင်ရီဘက်ကို လှည့်လိုက်ပြီး “ဒီမိန်းကလေးက နွေဦးကျောက်စိမ်း စံအိမ်က သူဌေးမလေးမှလား။ ဆေးတံသောက်တတ်လား”
နန်းပေါင်ရီက တိုးတိုးတိတ်တိတ် ပန်းပွင့်ကိတ်မုန့်ကို စားဖို့ လက်ကုတ်နေပြီး ထိုစကားကို ကြားသောအခါ ထရပ်လိုက်ပြီး သူ့ကို ထပ်ခါထပ်ခါ အရိုအသေ ပေးလိုက်သည်။
ဘုရင်ခံက ဆေးတံကို သောက်နေရင်း “နွေဦးကျောက်စိမ်း စံအိမ်ရဲ့ အရင်ပြီးတဲ့ တစ်ခေါက်က ပြဇာတ်က အရမ်းကောင်းတယ်၊ မနှစ်ကတည်းက မင်းက သူတို့ရဲ့ ပုံစံကို ဘယ်လိုများ ပြောင်းလဲ ပစ်လိုက်တာလဲ။ သူတို့ သီချင်းဆိုတာတွေက ဘယ်လိုတွေမှန်းမသိ၊ သူတို့က တကယ် ငတုံးတွေပဲ၊ တကယ်လို့ ငါသာ အဲဒီပြဇာတ်ကို ရေးတဲ့သူကို ရှာတွေ့ရင် အချက်သုံးဆယ်လောက် ရိုက်မိမှာ”
နန်းပေါင်ရီ “……”
သူမက သူ့ကိုပြဇာတ်မှာ စော်ကားမိလို့လား။
သူမက ပြန်ထိုင်လိုက်ပြီး တိတ်တဆိတ် မျက်ဆံလှန်လိုက်ပြီး ပန်းပွင့်ကိတ်ကိုသာ ဆက်စား နေလိုက်သည်။
ဘုရင်ခံက ဆေးတံကို ဟိုလှည့်ဒီလှည့် ကစားနေပြီး နွေးထွေးစွာနဲ့ “သူဌေးမဟန်က အသက် သိပ်မကြီးသေးဘူးပဲ၊ အသက် ဆယ့်သုံးနှစ်လောက်ပဲ ရှိသေးမှာတောင် ကြောက်ရတယ်”
နန်းပေါင်ရီ၏ မျက်ခုံးတွေက ကော့တက်သွားသည်။ မြေခွေးအိုကြီး၏ အမြင်က တကယ်ကို အဆိပ်ပြင်းလှပြီး သူမက မျက်နှာအကာကို ဝတ်ဆင်ထားတာတောင် သူမ၏ အသက်ကို ခန့်မှန်းနိုင်သေးသည်။
သူမ ပြန်မဖြေရသေးခင်မှာပဲ ဘုရင်ခံက အပြုံးစစဖြင့် “ဒီည အမတ်မင်းက ခရီးတိုလေး တစ်ခုကို လာခဲ့တယ်၊ ကောင်းတဲ့ကိစ္စ တစ်ခုပေမယ့် နှမြောစရာ ကောင်းတာက လက်ထပ်ဖို့ အကြောင်းကို ပြောချင်ရင်တော့ မိန်းကလေးဟန်က အရမ်း ငယ်နေသေးတယ်နော်”
နန်းပေါင်ရီ၏ နားရွက်လေးတွေက ထောင်လာတော့သည်။ ဘုရင်ခံရွယ်က သူမ၏ အစ်ကို ၂ အတွက် အနီရောင် ဝတ်စုံ ဆင်မြန်းပေးမလို့လား။
တော်သင့်ပြီလေ။
ဘုရင်ခံက ဆက်ပြောလာသည်။
“ငါ့မှာ သမီး မိန်းကလေး တစ်ယောက်ရှိတယ်၊ သူက အသက်ဆယ့်ငါးနှစ်ရှိပြီ၊ လက်ထပ်သင့်တဲ့ အရွယ်ပဲ၊ ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီပညာတွေကို ကလေးဘဝတည်းက သင်လာခဲ့တာ၊ အကကလည်း မပါမဖြစ်ပေါ့၊ တကယ်လို့ အမတ်မင်းသာ စိတ်ရှိမယ်ဆိုရင်…. မင်းနဲ့ငါက မိသားစုတွေ ဖြစ်လာကြလိမ့်မယ်၊ ဒီရှုနိုင်ငံ တစ်ခုလုံးက မင်းနဲ့ငါ့ရဲ့ လက်ခုပ်ထဲမှာပဲ၊ အဲဒါဆိုရင် လူတိုင်းက ပျော်ရွှင်ကြမှာ မဟုတ်ဘူးလား”
နန်းပေါင်ရီက ပန်းပွင့်ကိတ်တစကို ကိုင်ထားရင်း စားဖို့တောင် မေ့နေလေသည်။ ဒီဘုရင်ခံရွယ်က သဘောထား ကြီးလှချေလား၊ သူမရဲ့အစ်ကို ၂ ကိုနိုင်ဖို့ သူ့သမီးနဲ့တောင် လက်ဆက် ခိုင်းနေတယ်။
ရွယ်သခင်မလေးက ဘယ်လို ပုံစံမျိုးရှိလဲမသိ။
အစ်ကို ၂ ကသူမကို လက်ထပ်မှာလား။
ရှောင်းယီက ပွင့်ချပ်ဝါ လက်ဖက်ရည်ကို အဖုံးဖွင့်ပြီး ခပ်မျှင်းမျှင်း သောက်နေသည်။ ဘုရင်ခံမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိသည်။ သားနှစ်ယောက်လုံးက သာမန်တွေဖြစ်ပြီး နိုင်ငံကို အုပ်ချုပ်ဖို့အတွက် လုံလောက်သော အင်အားမရှိတာကြောင့် သူ့ဘဝ တစ်ဝက်လောက်က တူနဲ့ အထုခံနေရသလို ဖြစ်နေသည်။
ဘုရင်ခံက သူ့ကို သားမက်ဖမ်းပြီး သူ၏သားနှစ်ယောက်အတွက် ရန်သူတွေကို ရှင်းထုတ် ပေးရုံမျှမက သူ့ အာဏာကို တည်မြဲဖို့ အတွက်လည်း အသုံးချချင်တာ ဖြစ်သည်။
ထိုးနှက်မှုက အဝါရောင်ကြာပန်းလို ချိုမြိန်ပြီး အဖိုးတန်လှသည်။
ရှောင်းယီက အပြုံးတစ်ပွင့် လှစ်ဟလာသည်။ သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပန်းပွင့်စားပွဲရဲ့ တစ်ဖက်က နန်းပေါင်ရီ၏ လက်ကို လှမ်းကိုင်လိုက်သည်။
သူက ဖြူဖွေးပြီး ပျောင်းနွဲ့ နူးညံ့နေတဲ့ လက်လေးကို ဖြစ်လိုက်ရင်း “ဘုရင်ခံမြင်တဲ့အတိုင်း အမတ်မင်းရဲ့ နှလုံးသားထဲမှာ လူတစ်ယောက်က စိုးမိုးထားပါပြီ၊ အဲ့ဒါကြောင့် သခင်မလေးရွယ်ကို မောင်းမအဖြစ် ထားရင် မကောင်းလောက်ဘူး ထင်ပါတယ်”
ဘုရင်ခံက နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး အမှုမထားဟန်နဲ့ “လူပျိုပေါက်အရွယ် အချစ်တွေနဲ့ ထုံမွှန်းနေတာပဲ”
သူက ထပ်ပြောလာသည်။
“အမတ်မင်းမှာ နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့ ညီမငယ်လေး တစ်ယောက် ရှိတယ်လို့ ကြားထားတယ်၊ သူ့ကို ငါ့ရဲ့ ဒုတိယသားချီရှန်နဲ့ လက်ထပ် ကမ်းလှမ်းဖို့ အစီအစဉ်ရှိတယ်၊ တကယ်လို့ သူတို့နှစ်ယောက်သာ စုံမက်သွားကျရင် ဖူးစာပဲပေါ့၊ မင်းရော ဘယ်လိုထင်လဲ”
***