အပိုင်း (၂၁၅)
နန်းကျောင်းကျောင်းရဲ့လူရိုင်းကြီး
သူတို့ စင်္ကြံကို ဖြတ်သွားသောအခါ ချန်းတယ်ယွီနှင့် နန်းယန်က ထောင့်နားမှာ ရှိနေတာကို တွေ့လိုက်ရသည်။
ချန်းတယ်ယွီက စိတ်မကြည်ဟန်ဖြင့် “နန်းပေါင်ရီကို ညစာစားပွဲကို ခေါ်လာဖို့ ငါမင်းကို အကြိမ်ကြိမ် ပြောခဲ့တယ်၊ ဘာလို့ ငါ့စကားကို နားမထောင်တာလဲ”
နန်းယန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ဝန်းထဲမှာ အမုန်းတရားများ ပေါက်ဖွားလာသည်။
သူမက ဒီညပွဲကို ကောင်းကောင်းမွန်မွန် တက်ရောက်နိုင်သင့်တာ ဖြစ်သည်။
သူမအမေ၏ ဇာပနကြောင့် ချန်းယဲ့ရူက သူမကို အပြင်ထွက်ခွင့် မပေးချေ။ တစ်ယောက်တည်း ဇာပနကို စီစဉ်ခိုင်းသည်။ တခြားသူတွေက နန်းအိမ်တော်ကို ဆိုဆုံးမမှု မရှိဘူးလို့ အပြစ်တင်မယ်လို့ ပြောပြီး သူမကို သားသမီးကျင့်ဝတ်ကို စောင့်ထိန်းဖို့ အတင်းအကျပ် တိုက်တွန်းလာသည်။
သူမက နံရံကို ခိုးတက်ပြီး အတော့်ကို ခက်ခက်ခဲခဲ ကြိုးစားပြီး ပွဲကိုပြေးလာတာ ဖြစ်သည်။
သူမရဲ့ လက်ဝတ်လက်စား ရတနာတွေ အားလုံးကို လျိုလန်အာက ခိုးသွားပြီ ဖြစ်သည်။ ဒီည၏ ကျောက်စိမ်းလက်ကောက်၊ ရွှေကော်လာနဲ့ ကျောက်မျက်ဆံထိုး အားလုံးက အစေခံကို ဆိုင်ကနေ ငွေပေးပြီး ငှားခိုင်းထားတာ ဖြစ်သည်။
သို့သော်လည်း နန်းပေါင်ရီကို ခေါ်မလာခဲ့သည့် အတွက်လေးနဲ့ ချန်းတယ်ယွီက သူမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်း မရှိတော့ပေ။
သူ့သတို့သမီးလောင်းက သူမ နန်းယန်ဆိုတာ အသိသာကြီးပဲလေ။
သူမက “အစ်ကိုချန်း၊ ညီမက သုံးကြိမ်ကနေ ငါးကြိမ်လောက်ထိ ခေါ်ပါသေးတယ်၊ ဒါပေမယ့် နန်းပေါင်ရီက လာဖို့ ငြင်းတာပါ၊ အစ်ကိုက ကျိုးကြောင်းဆီလျှော်မှု မရှိဘူးတဲ့၊ အစ်ကိုက ကြောင်သူတော်ပဲတဲ့၊ အစ်ကိုက သူ့ကို ညစာစားပွဲဖိတ်ဖို့ မတန်ဘူးတဲ့၊ သူက နှုတ်ခမ်းတွေကို မဲ့ရွဲ့ပြီး လာဖို့ကို ငြင်းတာပါ…. အစ်ကိုချန်း၊ ညီမဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး……”
ချန်းတယ်ယွီက အလွန်တရာ စိတ်ဓါတ်ကျ သွားတော့သည်။ သူက နန်းယန်ကို ပွဲတော်ကို နန်းပေါင်ရီကို ခေါ်ခဲ့ဖို့ အထူး မှာလိုက်သည်။ ရက်တချို့ ကြာအောင် မတွေ့မမြင် ရသောအခါ အကြောင်းအရင်း မရှိပါဘဲ ထိုမိန်းကလေးကို သူလွမ်းဆွတ် နေမိသည်။
သူက မျက်ခုံးတွေကို ကုတ်ခြစ်လိုက်ပြီး အသံနက်နက်ဖြင့် “ဒီနေ့ ဘုရင်ခံရွယ်က ညစာစားပွဲကို ဦးဆောင်ကျင်းပတာ၊ ကျင်းကွမ်မြို့က ဂုဏ်သရေရှိတဲ့ လူတွေအားလုံး တက်ရောက်ကြမှာ၊ ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့၊ ကြားတယ်နော်”
နန်းယန်က ကျိုးနွံစွာ ခေါင်းကို ညိတ်လိုက်သည်။
ချန်းတယ်ယွီက ဆက်ပြောသည်။
“မိန်းကလေးတွေ ဘက်ခြမ်းကိုသွားတော့၊ မှတ်ထား၊ သခင်မလေးရွယ်ကို အပြစ်မပြုမိစေနဲ့၊ သူ့ကို များများ ပေါင်းပြီး သူနဲ့ ဆက်ဆံရေးကောင်း တစ်ခု ဖန်တီးခဲ့”
“အစ်ကိုချန်း၊ စိတ်မပူပါနဲ့၊ ညီမနဲ့ သူက ညီအစ်မကောင်းတွေ ဖြစ်လာမှာပါ”
နန်းယန် ထွက်သွားသောအခါ ချန်းတယ်ယွီက ထောင့်နားကနေ လှည့်ထွက်လာခဲ့သည်။
သူ နန်းပေါင်ရီကို တွေ့လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး ဒီမိန်းကလေးကို သူအနည်းငယ် ရင်းနှီးနေသလိုပင်။
နန်းပေါင်ရီက လှောင်ပြုံး ပြုံးလိုက်သည်။ သူမ ချန်းတယ်ယွီရဲ့ သတို့သမီးလောင်း ဖြစ်ခဲ့စဉ်က သူက ထိုကဲ့သို့ ဖော်ရွေခြင်း မရှိခဲ့ပဲ အခု စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်း လိုက်သောအခါမှ သူက သူမကို လောကဝတ် ကျေပွန်ပြီး နန်းယန်ကိုတောင် သူမကို ညစာစားပွဲကို ဖိတ်ခေါ်ခဲ့ဖို့ စေခိုင်းလိုက်သေးသည်။ ဘယ်လောက်တောင် သိမ်ဖျင်းလိုက်သလဲ…..
သူမက တည်ငြိမ်စွာဖြင့် အခန်းအနားဆီ သွားဖို့ သူ့ကို ဖြတ်လျှောက် သွားတော့သည်။
“ရပ်လိုက်”
ချန်းတယ်ယွီက ပြောလိုက်သည်။ သူက သူမဆီကို ဖြည်းဖြည်းချင်း လျှောက်လာပြီး သူမ၏ မျက်ခုံးတွေကို သေချာစိုက်ကြည့်ရင်း “မင်းကဘယ်သူလဲ”
ယန်လျိုက ကိုယ်စား ဖြေလာသည်။
“မမလေးက နွေဦးကျောက်စိမ်း စံအိမ်ရဲ့ သခင်မပါ၊ အေးစက်ပြီး ညှို့ဓါတ်ပြင်းတယ်”
“ဟန်ယန့်လျန်”
ချန်းတယ်ယွီက သရော်ပြုံး ပြုံးလိုက်ပြီး “ငါက ဟန်ယန့်လျန်ကို လိုက်ကာကိုဖြတ်ပြီး သူ့အရိပ်လေးကိုပဲ နည်းနည်းပဲ မြင်ဖူးတယ် ဆိုပေမယ့် သူက အရပ်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းတယ်၊ ဒီလို ပိန်ပိန်ပါးပါးနဲ့တော့ လုံးဝကို မတူဘူး၊ မင်းဘယ်သူလဲ”
နန်းပေါင်ရီ “……”
ဘာလဲ။
သူက ဘယ်နေရာမှာ ပြားကပ်နေလို့လဲ။
သူမက အေးစက်ပြီး ညှို့ဓါတ် ပြင်းတယ်ဆိုတာနဲ့ မကိုက်ညီရင်တောင် ပြားကပ်နေတယ်လို့တော့ မသုံးသပ်သင့်ပါချေ။
ပြီးတော့ သူမက အသက်ဆယ့်သုံးနှစ်သာ ရှိသေးပြီး အခုမှ ကြီးထွားဖို့ အရှိန်ယူစ ရှိသေးသည်လေ။
တကယ်ကို ဒေါသထွက်စရာပဲ….
သူမက အသံပြင်းပြင်းဖြင့် “ခွေးကောင်းက လမ်းမပိတ်တတ်ဘူးတဲ့၊ ထွက်သွား”
ချန်းတယ်ယွီက မျက်မှောင်ကြုတ် သွားပြန်သည်။
ဒီအသံက ………
သူက ထိုသို့ မစဉ်းစားဘဲ မနေနိုင်တော့ချေ။ အစေခံက ပြေးလာပြီး ရိုသေစွာ ပြောလာသည်။
“ချန်းသခင်လေး၊ ယောကျ်ားလေးတွေ ဝိုင်းမှာ ကဗျာစပ်နေကြပြီ၊ လူတိုင်းက သခင်လေးကို အကောင်းဆုံး ကဗျာစပ်နိုင်မယ်လို့ မြှောက်ပင့်ချီးမွမ်း နေကြတယ်၊ သွားပြီးတော့ သူတို့ကို အံ့အားသင့်အောင် လုပ်လိုက်ပါဦး”
အစေခံနှင့်အတူ ထွက်မသွားခင်မှာ ချန်းတယ်ယွီက နန်းပေါင်ရီကို နက်ရှိုင်းသော အကြည့်ဖြင့် တစ်ချက် စိုက်ကြည့် သွားသေးသည်။
ရေပြင်မှာ လရဲ့အရိပ်က ထင်ဟပ်နေပြီး ကောင်းကင် တစ်ခွင်လုံးက ဆီးနှင်းမြူတွေ ဆိုင်းနေသည်။
နန်းပေါင်ရီက ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး စိတ်သက်သာရာ ရသွားသလို သက်ပြင်း ချလိုက်သည်။ မထားတဲ့ ဝတ်ရုံစကို ပြန်ချလိုက်သည်။
“တော်သေးတယ်…..”
သူမက ဘယ်သူဆိုတာ ပေါ်လုနီးပါး ဖြစ်သွားသော အချိန်မှာ တခြားသူ တစ်ယောက်၏ သယ်မခြင်းကို ခံလိုက်ရသည်။
ယန်လျိုက ဓါးရှည်ကို ဆွဲထုတ်ပြီး ပြန်လုဖို့ ကြိုးစားသောအခါ သူက ခံစားချက်မဲ့နေသော မျက်နှာဖြင့် “ဒီမိန်းကလေးက သေချင်နေတာလား”
နန်းပေါင်ရီကို သယ်သွားပြီး ရှောင်းယီက လင်းရွှေပေါင်ရှသို့ တည်တင်းနေသော မျက်နှာဖြင့် ဝင်သွားသည်။ သူက နန်းပေါင်ရီကို နူးညံ့သော မွေ့ရာပေါ်ကို ချပေးလိုက်ပြီး သူမ၏ပါးလွှာသော အပေါ်ရုံကို စိုက်ကြည့်ရင်း သူ့မျက်ခုံးတွေက ကြောက်မက်ဖွယ် ကောင်းအောင် တွန့်ချိုးသွားတော့သည်။
သူက ညစာစားပွဲမှာ ဟိုဟိုသည်သည် လျှောက်နေရင်း ရုတ်တရက် လှပပြီး ဆွဲဆောင်မှုရှိသည့် မိန်းကလေးကို တွေ့လိုက်ရသည်။
လည်တိုင် ကျော့ညှပ်ရိုးပေါ်က ဘာဖြစ်တာလဲ။
နှုတ်ခမ်းနီရာ…. ဘယ်သူ့ဟာလဲ။
နန်းပေါင်ရီက မျက်နှာခြုံပဝါကို ခက်ခက်ခဲခဲ ဖြေလိုက်ပြီး ခေါင်းကို ပင့်မော့လိုက်သောအခါ ရှောင်းယီ၏ မှောင်မိုက်နေသော မျက်နှာထားနှင့် ဆုံသွားတော့သည်။
သူ၏မျက်နှာထားက အလွန် ကြောက်လန့်ဖွယ်ရာ ကောင်းလှပြီး သူမကို ဝါးစားချင်နေသကဲ့သို့ပင်။
သူမက လက်လေးကို မြှောက်လိုက်ပြီး လေသံလေးနဲ့ “အစ်…ကို …. ၂၊ ညီမလေးပါ၊ အစ်ကို့ရဲ့ ညီမလေး ကျောင်းကျောင်းပါ…..”
ရှောင်းယီက ရယ်သွမ်း သွေးလိုက်ပြီး ဗြုန်းခနဲ ကောင်မလေးကို မွေ့ရာပေါ်သို့ တွန်းချ၍ ဖိထား လိုက်သည်။
သူက လက်ချောင်းလေးများနှင့် ရဲစွေးနေသည့် နှုတ်ခမ်းနီရာလေးကို ဖွဖွတို့ထိရင်း “ဘယ်သူ နမ်းထား တာလဲ”
နန်းပေါင်ရီက ရိုးရိုးသားသား ဖြေလိုက်သည်။
“ညီမလေး ဘာသာ ဆွဲထားတာ”
ရှောင်းယီက နက်ရှိုင်းသော အသံနှင့် “ငါမယုံဘူး”
သူ့စိတ်ထဲမှာ ပုံရိပ်တစ်ခုက ထင်ဟပ်လာသည်။
ရိုင်းစိုင်းကြမ်းတမ်းသည့် လူတစ်ယောက်က နန်းကျောင်းကျောင်း၏ နှုတ်ခမ်းလေးကို နမ်းနေပြီး နှုတ်ခမ်းနီတွေ ပေကျံ သွားသောအခါ သူက ရည်ရွယ်ချက်ရှိရှိနှင့် လည်တိုင် ကျော့ညှပ်ရိုးလေးပေါ်သို့ နမ်းရှိုက်လိုက်သည်။
သူက ရှောင်းယီ၏ နန်းကျောင်းကျောင်းကို လွှမ်းမိုးပိုင်ဆိုင်လိုသော စိတ်တွေပြည့်နေပြီး လျှို့ဝှက်ကြံစည် တာလား။
နန်းကျောင်းကျောင်းက သူ့ကို တွန်းဖယ်လိုက်ပြီး “တကယ် ညီမလေး ကိုယ်တိုင် ဆွဲထားတာပါဆို၊ အစ်ကိုက ညီမလေးကို ညစာစားပွဲ မခေါ်သွားဘူးဆိုလို့ သူများကို အကူအညီ တောင်းလိုက်တာ၊ သူက ဖိတ်စာရတယ်၊ အဲဒါကြောင့် ညီမလေးက သူ့လို ဟန်ဆောင်ထားတာ၊ သူက အဲဒီလို ဆွဲရတာကို အကြိုက်ဆုံးပဲ၊ ညီမလေးက အသားပေါ်မှာ နှုတ်ခမ်းနီနဲ့ ဆွဲလိုက်တာ၊ သူ့ကို အတုခိုးပြီးတော့”
ရှောင်းယီက မယုံသေးပေ။
နန်းပေါင်ရီက ခေတ္တမျှ စဉ်းစားလိုက်ပြီး နှုတ်ခမ်းနီကို ယူ၍ သူ့ဝတ်ရုံလက်ကို လှန်လိုက်ပြီး လက်မောင်းမှာ တစ်ခု ဆွဲပြလိုက်သည်။ သူမက ခေါင်းလေးကို ပင့်မော့လာပြီး ကြည့်လိုက်သည်။
“ကြည့်ကြည့်၊ အရမ်းတူတယ်မလား”
ရှောင်းယီက အမူအယာ ကင်းမဲ့နေဆဲပင်။ ထိုအရာနှစ်ခုက အလွန်အမင်း ဆင်နေပေမယ့် မှန်းကြည့်လို့ မရပါချေ။
နန်းကျောင်းကျောင်းက လှေနံနှစ်ဖက် နင်းချင်တာ များလား၊ ထို့ကြောင့် သူ့ရှေ့မှာ သူမက ထိုလူရိုင်းကို ဖြစ်နိုင်သော နည်းလမ်းပေါင်းစုံနှင့် ဖုံးကွယ်ထားတာ ဖြစ်နိုင်သည်။
သူက လက်ခံယုံကြည်ခြင်း မရှိသေးတာကို မြင်ရသောအခါ နန်းပေါင်ရီက သူ့နှုတ်ခမ်းကို ဆိုးဆေး အနည်းငယ် တင်ပေးလိုက်ပြီး လက်ကိုယူ၍ သူ့လက်ဖမိုးပေါ်မှာ စိတ်ပါလက်ပါနှင့် အနမ်းတစ်ပွင့် တင်လိုက်သည်။
သူမက မလျှော့တဲ့ဇွဲဖြင့် “ကြည့်ကြည့်၊ အစ်ကို ၂၊ အနမ်းရာနဲ့ လက်နဲ့ ဆွဲထားတာက လုံးဝကို ကွဲပြားတယ် မလား။ အခု ညီမလေးကို ယုံပြီဟုတ်”
ရှောင်းယီ၏ မျက်ခုံးတွေက ကော့တက်သွားသည်။ လက်ဖမိုးပေါ်က နီစွေးနေသော နှုတ်ခမ်းရာလေးကို တစိုက်မက်မက် ကြည့်နေရင်း နှုတ်ခမ်းဖူးတွေက ကွေးညွှတ်လာသည်။ အနမ်း သင်္ကေတလေးက ချယ်ရီပန်းလေးလို သဘာဝဆန်ဆန် လှပစွာ နေရာယူထားလေသည်။
ဆွဲသားထားသော ပုံစံနဲ့တော့ တကယ့်ကို ကွဲပြားခြားနား လွန်းလှသည်။
သူက စိတ်အေးလက်သာဖြင့် “အဲဒါဆိုရင်တောင် မင်းဒီလိုပုံစံမျိုး ဝတ်မလာသင့်ဘူးလေ၊ ဒီလို အဝတ်အစားမျိုးကို ငါ့ရှေ့မှာပဲဝတ်၊ ဒီလိုပုံစံမျိုး ဝတ်ပြီး ဘာလို့ အပြင်ကို ထွက်လာတာလဲ”
နန်းပေါင်ရီက ယဉ်ကျေးနာခံစွာနဲ့ ရှင်းပြလာသည်။
“ဒါပေမယ့် ဒါက မီးခိုးရောင် ဝတ်စုံလေ၊ ပြီးတော့ ညီမလေးက မျက်နှာကွယ်ပဝါကို ဝတ်ထားသေးတယ်၊ တခြားသူတွေက ညီမလေးမှန်း သိကြမှာမှ မဟုတ်တာ”
ရှင်းပြပြီးခါမှ သူက ရုတ်တရက် တောင့်ခဲ သွားတော့သည်။
မဟုတ်သေးဘူးလေ၊ ဘာလို့သူမက ဒါတွေကို အမတ်မင်းကို ရှင်းပြနေရတာလဲ။
ပြီးတော့ ‘ဒီလိုအဝတ်အစားမျိုးကို ငါ့ရှေ့မှာပဲဝတ်’ ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။
သူမ၏ အတွေးတွေကို ခွဲခြမ်းစိတ်ဖြာနေခွင့် မပေးတော့ဘဲ ရှောင်းယီက ထပ်မေးလာသည်။
“မင်းဘာလာလုပ်တာလဲ”
နန်းပေါင်ရီက ကိုယ့်ခေါင်းကို ကိုယ်ပြန်ရိုက်လိုက်ပြီး “တကယ့် အလုပ်ကြီး အကိုင်ကြီးကို မေ့တော့မလို့”
သူမက ယင်းမာတံတားပေါ်မှာ သိခဲ့သည့် အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြလိုက်သည်။
သူမရဲ့ သတင်းစကားတွေ အပေါ် အလွန် ဂုဏ်ယူဝံ့ကြွားနေဟန်နဲ့ “အခု ညီမလေးက အစ်ကို့ကို ကူညီပေးနိုင်တဲ့လူ ဖြစ်ပြီနော်၊ အစ်ကို့ရဲ့ အနောက်မှာပဲ ပုန်းမနေတော့ဘူး”
ရှောင်းယီက ရယ်မောခြင်းကို အတောမသတ် နိုင်တော့ချေ။ သူက ကောင်မလေး၏ သေးငယ်လှသော ပုံရိပ်လေးကို ကြည့်ရင်း လက်ကိုဆန့်၍ နှာခေါင်းထိပ်ဖျားလေးကို တို့ထိလိုက်သည်။
“ဒီတစ်ခါတော့ မင်း ကံကောင်းသွားတယ်၊ နောက်တစ်ခါတော့ အဲဒီလိုမဖြစ်နိုင်တော့ဘူး”
သူက နန်းကျောင်းကျောင်းကို အမှားအယွင်း အဖြစ်မခံနိုင်ပါချေ။
“နောက်တစ်ခေါက် ဆိုတာက အချိန်တွေ ကြာဦးမှာကို”
နန်းပေါင်ရီက ဝမ်းမြောက်ဝမ်းသာဖြင့် “အစ်ကို ၂၊ ညီမလေးက အစ်ကိုနဲ့အတူ ညစာစားပွဲက ကြမ်းတမ်းတဲ့ တိုက်ပွဲကို အတူတိုက်မယ်”
ရှောင်းယီက သူမကို ငေးစိုက်ကြည့်ရင်း မျက်လုံးတွေထဲမှာ ကြယ်စင်တွေ စုဝေးနေသလို တောက်ပ လက်ဖြာနေသည်။
အချိန်ခဏအကြာမှာတော့ သူက ကြင်နာညွတ်ပျောင်းသော လေသံ ပြင်းရှရှဖြင့် ပြောလာလေသည်။
“ကောင်းပြီ”
***