အပိုင်း (၂၁၃)
ယောက်ျားကောင်းဆိုတာ မိန်းမတွေနဲ့ ဒွေးရောယှက်တင် မနေရဘူး
ဟယ်ယဲ့က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး “အဟုတ်ပဲ”
နန်းပေါင်ရီက ခဏစဉ်းစားလိုက်ပြီး ခေါင်းကိုယမ်း၍ “ငါမမှန်းတတ်ဘူး”
စာအုပ်စင်၏ တစ်ဖက်မှာတော့ ရှောင်းယီက စာရွက်တွေကို လှန်ပြီး ပေါ့ပေါ့ပါးပါးဖြင့် “လျိုမိသားစု တွေလား”
“အမှန်ပါပဲ”
ဟယ်ယဲ့၏ မျက်လုံးတွေက လက်ဖြာသွားပြီး “လျိုလန်အာက အိမ်တော်က ရွှေတွေ၊ ငွေတွေကို ယူပြီး ခိုးရာလိုက်ပြေး သွားကတည်းက သခင်ကြီး ၃ က လျိုမိသားစုတွေကို အိမ်က နှင်ထုတ်လိုက်တာ၊ သူတို့ နှစ်ယောက်က ခိုကိုးရာမဲ့ဖြစ်ပြီး လျိုလန်အာကို သွားရှာကြတယ်၊ ဒါပေမယ့် အိမ်တော်က လူတွေ ပြောနေကြတာကတော့ သူတို့က လျိုလန်အာကို ဘယ်မှာမှ ရှာမတွေ့ကြဘူးတဲ့”
နန်းပေါင်ရီက စုတ်တံကို မင်ထဲသို့ နှစ်လိုက်သည်။ ဒါပေါ့ ရွှေငွေအပြည့်စံအိမ် သခင်လေးက လျိုလန်အာကို သူတို့တွေနဲ့ ဘယ်အတွေ့ခံပါ့မလဲ။
တစ်ဖက်က ကြည့်ရင် လျိုလန်အာနှင့် သူ၏ ငယ်ရွယ်သော သူဌေးလေးက မယားခိုးပဲလေ။ သူတို့ကိုသာ ရုံးတော်က မိသွားခဲ့ရင် ဝက်ခြံထဲမှာ နှစ်ထားလိမ့်မည်ပင်။
အခုကစပြီး လျိုလန်အာက အမှောင်ထဲမှာပဲ တခြားအမည် တစ်ခုနဲ့ နေထိုင် သွားရတော့မည်။ ထပ်ခိုးပေါ်က ကြွက်တစ်ကောင်လို ဘယ်တော့မှ အလင်းရောင်ကို မြင်ရတော့မည် မဟုတ်ချေ။
ထိုလမ်းက သူမကိုယ်တိုင် ဖောက်တဲ့လမ်း ဖြစ်သည်။
ဟယ်ယဲ့က သက်ပြင်းချလိုက်ပြီး “လျိုလန်အာက အရမ်း ရက်စက်တာပဲ၊ သူရဲ့မိဘတွေ အတွက်တောင် ထည့်မစဉ်းစားဘူး၊ လူမြင်ကွင်းကို ထွက်ဖို့ အဆင်မပြေဘူး ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့နေထိုင် စားသောက်ဖို့ ငွေလေးတော့ ပေးသင့်တယ်၊ ဒါပေမယ့် သူက ဘာဆိုဘာမှကို မကူညီဘူး၊ ကျွန်မ ကြားတာတော့ မနေ့ညက နှင်းမိုးရွာတယ်တဲ့၊ လျိုမိသားစု နှစ်ယောက်သားက သွားစရာနေရာ မရှိဘဲ လမ်းမပေါ်မှာ အေးခဲပြီး သေသွားတာတဲ့၊ ကင်းလှည့်တဲ့ သူတစ်ယောက်က မြင်တဲ့အချိန်မှာ သူတို့က ရေခဲပန်းပုလို ဖြစ်နေပြီတဲ့”
နန်းပေါင်ရီ၏ ရေးနေသော လက်က အနည်းငယ် တုံ့သွားသည်။
သူမက အနောက်ပြတင်းကို ကြည့်လိုက်သည်။ မနေ့ညက နှင်းမိုးရွာထားပြီး အရုဏ်ဦးရဲ့ နွေဦးလေပြည်က အေးခဲပြီး သေစေနိုင်သည်ပင်။
ရိတ်သိမ်းရမဲ့ လယ်ကွင်းတွေရဲ့ ကောက်ပဲသီးနှံ တစ်ဝက်လောက်ကလည်း ခဲပြီး သေကုန်ကြမည်ပင်။
ရှုနိုင်ငံရဲ့ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီးက နိမိတ်ပြ လာလေပြီ……
ကျန်းဆွေ့ဟန်က ထောင့်နားမှာ ထိုင်နေပြီး အသားကင်မီးဖိုကို မီးမှုတ်နေသည်။
“ရာသီဥတုက မူမမှန်ဘူး၊ ကပ်ဘေးကျမှာ စိုးရတယ်၊ အစ်ကိုရှောင်း၊ အစ်ကို အစားအစာတွေ စုဆောင်းထားတာ မှန်သွားတယ်”
ရှောင်းယီက စာအုပ်က စာရွက်ကို လှန်လိုက်ပြီး ဘာပြောင်းလဲမှုမှ မရှိဘဲ တည်ကြည်နေသည်။
ရှန်းရိချောင်က အပြင်က ဝင်လာပြီး စာအုပ်စင်ပေါ်ကို တစ်စုံတစ်ခု ပစ်တင်လိုက်ကာ “ရွယ်မိသားစုက ပေးလာတာ”
“ရွယ်မိသားစုက”
နန်းပေါင်ရီက သိချင်သွားတော့သည်။
ရက်တွေကို ရေတွက်ရင်းဖြင့် ဘုရင်ခံ ရွယ်ဒူရင်း တောင် ကျင်းကွမ်မြို့ကို ပြန်ရောက်လာလေပြီ။
ရွယ်မိသားစုနှင့် ချန်းမိသားစုက နန်းမိသားစု၏ စည်းစိမ်ချမ်းသာတွေကို အတပ်မက်ဆုံး သူတွေဖြစ်ပြီး သူတို့က လူကောင်းတွေ မဟုတ်ကြပေ။
ချန်းမိသားစုနဲ့ ယှဉ်ရင် ရွယ်မိသားစုက စစ်တပ်၏ ဩဇာအာဏာကို ချုပ်ကိုင်ထားနိုင်ပြီး သူတို့၏ ဖိအားက ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ရှန်းရိချောင်က ထိုင်ခုံမှာထိုင်လိုက်ပြီး ရှောင်းယီကို ပြောလိုက်သည်။
“ဟောင်လောင်ကျူး နန်းအိမ်တော်ကို တိုက်ခိုက်ခဲ့တုန်းက လှည့်ကွက်တွေထဲမှာ ရှုမိသားစုရဲ့ အမိန့်ပါတယ်၊ ကျွန်တော်မှန်းတာ မလွဲဘူးဆိုရင် သူတို့က ဟောင်လောင်ကျူးရဲ့ လက်ကို ငှားပြီး အစ်ကို့ရဲ့ အစွမ်းအစကို စမ်းသပ်ချင်ပုံပဲ”
နန်းပေါင်ရီ ထင်မထားခဲ့ချေ။ သူမ တွေးခဲ့သည်က ချန်းတယ်ယွီက သူမကို သင်ခန်းစာ ပေးခြင်းလို့သာ ထင်ထားခဲ့တာ ဖြစ်သည်။ သို့သော်လည်း သူမ ထင်မထားခဲ့သည်က ရွယ်မိသားစု၏ လက်တံက ဒီလိုနည်းလမ်းနဲ့ ဖြန့်ကြက် လာလိမ့်မယ်လို့ပင်။
သူမက မြေပဲစိမ်းကို ထွေးထုတ်လိုက်ပြီး စပ်စုလိုက်သည်။
“စမ်းသပ်ချက်ရဲ့ ရလဒ်အရ အစ်ကို ၂ က နက်ရှိုင်းတာလား။ ပေါ့တိမ်တာလား”
“ဟွန်း”
သူမကို တစ်ယောက်ကမှ ပြန်မဖြေကြပါချေ။ ကျန်းဆွေ့ဟန်ကတော့ ပထမဆုံး ရယ်မော လာလေသည်။
သူက ရယ်ချင်နေတဲ့ ပါးစပ်ကို မထိန်းထားနိုင်တော့ဘဲ “နန်းသခင်မလေး ၅၊ ဒီကိစ္စမှာတော့ မင်းမမှန်တော့ဘူး၊ နက်ရှိုင်းတယ်၊ ပေါ့တိမ်တယ် ဆိုတာ အစ်ကိုရှောင်းနဲ့ မင်းတို့ အတူ စစ်ဆေးသင့်တာလေ၊ တခြားသူတွေက သူ့ကို စစ်ဆေးနိုင်မယ်လို့ မင်းက ဘယ်လို ပြောနိုင်တာလဲ”
နန်းပေါင်ရီက နားမလည်ပါချေ။
ရှောင်းယီက ခံစားချက် မရှိသလို စာရွက်တစ်ရွက်ကို လှန်လိုက်ပြီး “ဂိုထောင်ထဲမှာ လှေနဲ့တင်ပို့ဖို့ အသားခြောက်တွေ ရှိနေသေးတယ်၊ ကျန်းဆွေ့ဟန် အဲဒီ အသားခြောက်တွေကို သွားပို့လိုက်”
ကျန်းဆွေ့ဟန် “…..”
ဒီနေရာမှာ ရှေးရိုးစွဲ မိန်းကလေးတွေ ရှိနေတာကို သူမေ့သွားသည်။ သူက တဖျတ်ဖျတ် ခပ်နေသော ယပ်တောင်ကို ပိတ်၍ ကိုယ့်ပါးစပ်ကိုကိုယ် ပိတ်ရိုက်လိုက်ပြီး စိတ်ဆိုးစွာဖြင့် ‘အသားခြောက်တွေ တင်ပို့ဖို့’ ထွက်သွားတော့သည်။
နန်းပေါင်ရီက ပိုပြီး နားမလည်နိုင် ဖြစ်သွားရပြီး “အစ်ကို ၂၊ ညီမလေး နားမလည်ဘူး၊ အစ်ကိုက အသားခြောက်တွေ ရောင်းနေတာလား။ အစ်ကိုက မချက်ခင် အသားတွေကို အချဉ်ရည် စိမ်လိုက်ရင် အရသာ ဘယ်လို ခံမှာလဲ။ အစ်ကိုက ညီမလေးကို တစ်ကိုက်လောက် ပေးကိုက်ပြီး မြည်းခိုင်းလို့ မရဘူးလား”
“မရဘူး”
ရှောင်းယီက ငြင်းဆန် လိုက်သည်။ နန်းပေါင်ရီက မကျေမနပ်ဖြင့် မြေပဲစိမ်းကို ထွေးထုတ်လိုက်သည်။
အစ်ကို ၂ က အရမ်းရင်နာစေတယ်…..
အတွေးထဲမှာတော့ နေ့တိုင်း သူမက သူ့ဆီကို လူလွှတ်ပြီး ပဲနို့ပို့ပေးရသည်။ သူမ ပို့ပေးလိုက်တဲ့ ပဲနို့ကရားတွေ အများကြီးက အရသာ စပ်ထားတဲ့ အရည်ထဲမှာ စိမ်ထားတဲ့ အသားကို ရဖို့ မတန်လို့လား။
သူမက စိတ်ဆိုးစွာနဲ့ “အစ်ကို ၂၊ ညီမလေး အစ်ကို့အတွက် ပဲနို့ထပ်ပြီး ပို့မပေးတော့ဘူး”
ရှောင်းယီ “…..”
အရမ်းကောင်းတာပဲ…..
ရှန်းရိချောင်က သက်ပြင်း ဖွဖွချလိုက်သည်။ ဒီနှစ်ယောက်က သူရှိနေတာကို မျက်စိထဲရော ထည့်ကြ ရဲ့လား။
သူက ပြောလိုက်သည်။
“ရွယ်မိသားစုက အစ်ကို့ရဲ့ အစွမ်းအစကို သိရဖို့ ဖိတ်စာတစ်ခုကို ပို့လိုက်တယ်၊ ဒီတစ်ခေါက်တော့ သူရဲ့ ကြီးမြတ်တဲ့ စားသောက်ပွဲကို အစ်ကို့ကို ဖိတ်ကြားလိုက်တယ်၊ အစ်ကိုက သူ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ရင် သံသယ ရှိစရာကို မလိုဘူး ပွဲပြီးတာနဲ့ အစ်ကို့ကို သတ်မှာပဲ”
နန်းပေါင်ရီက ကြက်သွေးရောင် ဖိတ်စာကို ကြည့်လိုက်သည်။
ကြည့်ရတာ လှပနေပေမယ့် ဟုန်မင် ပွဲတော်အတွက် ဖိတ်စာ တစ်ခုလို့တော့ မထင်ရပါချေ။
သူမက တိုးဖွဖွဖြင့် “နေရာတိုင်းမှာ လူသတ်သမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထားထားမှာပဲ၊ အစ်ကို ၂ မသွားလို့ မရဘူးလား”
“မသွားရင် အားနည်းပြီး မသိုးမသန့် စိတ်နဲ့ နေနေရမှာပေါ့”
ရှန်းရိချောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
“အဲဒါကြောင့် သူက သွားရုံတင်မကဘဲ သူ့ရဲ့ မြင့်မားတဲ့ အဆင့်အတန်းနဲ့ အထက်တန်းကျကျ သွားရမှာ၊ အဲ့ဒါကြောင့် သူကိုင်ထားတဲ့ ဝှက်ဖဲကိုလည်း ထုတ်သုံးလို့ မဖြစ်ဘူး၊ ဒီနည်းလမ်းနဲ့ သူက အနည်းဆုံး နှစ်ဝက်လောက် ထပ်ပြီး ကြိုးစားရဦးမယ်၊ မိုက်မိုက်ကန်းကန်းနဲ့ အလောတကြီး လုပ်လို့လည်း မရဘူး၊ နှစ်ဝက်ကျော် ကြာရင်တော့ အင်အားကြီးလာဖို့ လုံလောက်ပြီ”
သူက ခွဲခြမ်းစိတ်ဖြာမှုကို အာရုံစိုက်ပြီး ရှောင်းယီ၏ ခေါင်းထဲကို ရိုက်သွင်း နေလေသည်။
နန်းပေါင်ရီက ခေါင်းညိတ် လိုက်သည်။
ရှောင်းယီကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး “အစ်ကို ၂၊ ညီမလေး အစ်ကို့ကို အဖော်ပြုပေးမယ်”
ရှောင်းယီ၏ ကိုင်ထားသော စာအုပ်က ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားတော့သည်။
ကြားလိုက်ရသည့် စကားကြောင့် သူက စာအုပ်တွေကြားမှ ကြည့်လိုက်သည်။ စာအုပ်စင်၏ တစ်ဖက်ခြမ်းက ကောင်မလေးက လှုပ်ယမ်းနေတဲ့ ငွေပန်းပွားလေးတွေကို ဆင်ယင်ထားပြီး မျက်နှာလေးက ဖြူဖွေးနူးညံ့၍ လှပနေသည်။ လှပသော ခေါင်ရန်းပန်းလေး တစ်ပွင့်လို တောက်ပလဲ့ဖြာ နေသည်။
မီးငှက်မျက်လုံးရွဲကြီးတွေက ဝင်းလက်နေပြီး ရှားရှားပါးပါး သတ္တိတွေနဲ့ ပြည့်နေလေသည်။
သူမက သူ့ကို ကာကွယ်ပေးချင်တာလား..
ရှောင်းယီ၏ နှုတ်ခမ်းများ ကွေးညွှတ် သွားတော့သည်။
သူက စာလိပ်ကို ပိတ်လိုက်ပြီး သူမ၏ မျက်နှာလေးကို တို့ထိလိုက်သည်။
“မိန်းမတွေက ယောက်ျားတွေနဲ့ ဘယ်လိုလုပ် ရင်ပေါင်တန်း နိုင်ပါ့မလဲ။ အိမ်မှာသာ လိမ်လိမ်မာမာ နေခဲ့၊ စားပွဲက ပြန်ရောက်ရင် အစ်ကိုက မင်းကြိုက်တဲ့ ခရုအစပ်ကင်စားဖို့ ခေါ်သွားပေးမယ်၊ မင်းသဘောကျတယ်လေ”
နန်းပေါင်ရီက အနည်းငယ် ဝမ်းနည်း သွားတော့သည်။
အရင်တုန်းကဆို သူမက အမြဲတမ်း အမတ်မင်း၏ ရွှေရောင် အနာဂတ်ကိုပဲ မှီခိုခဲ့ရတာ ဖြစ်သည်။ သို့သော် အခုတော့ သူမသည် နွေဦးကျောက်စိမ်း စံအိမ၏ သတင်း ရောင်းဝယ်မှုကိုတောင် ထိန်းချုပ် စီမံနိုင်နေပြီ ဖြစ်သည်။ အားမနည်းတော့သလို အရင်ကလို ညံ့ဖျင်းသည့် မိန်းကလေးတစ်ယောက် မဟုတ်တော့ပါချေ။
သူမက အစွမ်းကုန် ကြိုးစားပြီး သူ့ကို ကာကွယ်ပေးချင်သည်။
ရှောင်းယီနှင့် ရှန်းရိချောင်က အတွင်းခန်းထဲကို ဝင်သွားကြပြီး ထိုကိစ္စကို ဆွေးနွေးကြသည်။ နန်းပေါင်ရီ ကတော့ စာအုပ်စင်ပေါ်က ဖိတ်စာကိုသာ ကြည့်နေလေသည်။
သူမက ဘေး ဘယ်ညာမှာ တစ်ယောက်မှ မရှိကြောင်း အတည်ပြုလိုက်ပြီး စာအိတ်ကို ဖွင့်ဖောက် လိုက်သည်။
ညစာစားပွဲတစ်ခု ဖြစ်သည်။
ရွယ်အိမ်တော်၏ သခင်မကိုယ်တိုင် ကျင်းပတာဖြစ်ပြီး ရှုနိုင်ငံက မိန်းမပျိုလေးများကို အဖိုးတန် ပုလဲများနှင့် ကျောက်မျက်ရတနာတွေကို လှူဒါန်းဖို့ ဖိတ်ခေါ်ထားသည်။ သူတို့က လေလံပွဲအနေနဲ့ စီစဉ်ထားပြီး ထိုပွဲက ရတဲ့ငွေတွေနဲ့ နွေဦး၏နှင်းမိုးကြောင့် ဘေးအန္တရာယ် ကျရောက်နေတဲ့ နေရာတွေကို လှူဒါန်းမှာ ဖြစ်သည်။
နန်းပေါင်ရီက တိတ်တဆိတ်နဲ့ အချိန်နှင့် နေရာကို မှတ်သားလိုက်သည်။ ပြီးတော့မှ စာအိတ်ကို သူ့နေရာသူ ပြန်ထားလိုက်လေသည်။
သူမ ကျောက်ဝမ်ခြံက ပြန်ထွက်လာသော အချိန်တွင် ခြေလှမ်းဝေးဝေး မလှမ်းရသေးခင်မှာပဲ နန်းယန်နှင့် တိုက်မိတော့သည်။
သူမက ပြောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးတွေက နီရဲလျက် သူမကို တန်းတန်းမတ်မတ် စိုက်ကြည့်နေသည်။
သေချာတာကတော့ သူမက ဒီနေရာမှာ နန်းပေါင်ရီကို စောင့်နေတာ ဖြစ်သည်။
နန်းပေါင်ရီက ပြုံးလိုက်ရင်း “မမက အရမ်းကို သနားဖို့ ကောင်းတာပဲ၊ ဘယ်လိုလုပ်ပြီး ဒီကို လမ်းလျှောက် လာတာလဲ။ အိမ်ရဲ့ အကြီးတွေက သေဆုံးသွားကြတာကို မမ အဆင်ပြေရဲ့လား”
“ဒီနေရာမှာ ဘယ်သူမှ မရှိဘူး၊ နင်ငါနဲ့ ညီအစ်မပြဇာတ် လာကမနေနဲ့”
နန်းယန်၏ အသံက အက်ကွဲနေပြီး “နင်က ငါ့အစ်ကိုရဲ့ အနာဂတ်ကို ဖျက်ဆီးပြီး သူ့ကို ရူးသွားအောင် လုပ်တယ်၊ အခုလည်း နင်က ငါ့အမေကို သတ်လိုက်ပြန်ပြီ၊ နန်းပေါင်ရီ နင်က အရမ်း ကြောက်ဖို့ ကောင်းတာပဲ”
နန်းပေါင်ရီက ခေါင်းကို စောင်းပြီး အပြုံးမပျက်ဘဲ “နင်က ရှချင်ချင်ကို အသုံးချပြီး လူသတ်သမား ငှားပြီး ငါ့ကို အကြိမ်ကြိမ် လုပ်ကြံခဲ့တယ်၊ နန်းအိမ်တော်ရဲ့ တစ်သောင်းကျော်တဲ့ ပိုးစာခင်းတွေကို ဖျက်ဆီးပစ်တယ်၊ နန်းကျင်ကလည်း နွေဦးကျောက်စိမ်း စံအိမ်ကို သွားပြီး ငါ့ကိုသတ်ဖို့ လူသတ်သမား ငှားတယ်၊ အဲဒါတွေကိုတော့ ဘာလို့ ထည့်မတွက်တာလဲ။ အဲဒါတွေကရော ဖြစ်သင့်တယ်လို့ ထင်နေတာလား”
“ငါတို့က နင့်ကို ထိခိုက်စေချင်ပေမယ့် ဖြစ်လာခဲ့လို့လား။ နင့်ရဲ့လှည့်ကွက်မှာ ကျရှုံးသွားတာပဲ မဟုတ်ဘူးလား”
နန်းယန်က စိတ်ကယောင် ချောက်ချားနဲ့ အော်တော့သည်။
နန်းပေါင်ရီက လှောင်ပြုံး ပြုံးလိုက်သည်။ မထိခိုက်ဘူးဆိုရင် လက်စား မချေရတော့ဘူးလား။
သို့သော်လည်း သူမသာ ထိခိုက်ခဲ့ရင် သူမသာ တကယ်ပဲ ရှပေါဝမ်ဆီက ရောဂါကူးစက်ခဲ့ရင် နန်းကျင် ငှားထားသော လူသတ်သမား၏ အသတ်ခံခဲ့ရရင် သူမအတွက် ဘယ်သူက တရားမျှတမှုကို ရှာပေးမှာလဲ။
သူမက တည်ငြိမ်စွာဖြင့် “နန်းယန်၊ နင်နဲ့ငါ့ကြားက အရှုပ်အထွေးတွေက နင်ထင်ထားတာထက် ပိုပြီး နက်ရှိုင်းတယ်၊ ဒီတိုင်းနေရင်တော့ ငါက သူတော်ကောင်း တစ်ယောက် လိုနေပြီး ဘာမှတုံ့ပြန်မှာ မဟုတ်ဘူး၊ ငါ့ကို ထိလာခဲ့ရင်တော့ ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်”
သူမက ဖြတ်လျှောက် သွားတော့သည်။
နန်းယန်က သူမဘက်ကို လှည့်ပြီး ပြုံးရင်း “နင်က ရှောင်းယီ၏ နောက်မှာထိုင်ပြီး သက်သောင့်သက်သာနဲ့ နေနိုင်ဦးမယ်လို့ ထင်နေတာလား”
နန်းပေါင်ရီက ခြေလှမ်းများ ရပ်သွားပြီး ငြိမ်သက် သွားတော့သည်။
နန်းယန်က ဂုဏ်ယူ ဝင့်ကြွားနေဟန်နဲ့ ရှေ့ကိုတိုးလာရင်း “နင့်ကိုပြောဖို့ မေ့နေတယ်၊ အစ်ကို ချန်းကပြောတယ်၊ ငါ့ကို ရွယ်ဘုရင်ခံ အိမ်တော်က ညစာစားပွဲကို ခေါ်သွားမယ်တဲ့။ အဲဒီပွဲက ရှုနိုင်ငံက အစိုးရ အရာရှိတွေနဲ့ အရာရှိကတော်တွေပဲ တက်လို့ရတာ၊ နင်က ကုန်သည်သမီး တစ်ယောက်ပဲလေ၊ ပြီးတော့ ဘုရင်ခံရွယ်က ရှောင်းယီထက်ပိုပြီး အာဏာရှိတယ်”
“နင့်အမေကသေသွားတာကို …………”
နန်းပေါင်ရီက မယုံနိုင်ဟန်နဲ့ “နင်က ညစာစားပွဲကို တက်ချင်နေသေးတယ်”
***