အပိုင်း (၂၁၂)
လျိုရှောင်မုံ့ကတော့ သေနေ့စေ့လေပြီ
နန်းပေါင်ကျူးက ကြောက်ရွံ့ သွားလေသည်။
သူမက နန်းပေါင်ရီ၏ ဝတ်ရုံလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး တီးတိုး ပြောလာသည်။
“ကျောင်းကျောင်း၊ ငါတို့ အနောက်ခြံကို ပြန်ကြရအောင်လေ၊ ငါ အစောကြီး ကတည်းက ဒီကိုပွဲကြည့်ဖို့ ပြေးလာတာ၊ အဘွားကိုတောင် ဂါရဝပြုဖို့ မသွားရသေးဘူး”
နန်းပေါင်ရီက သူမလက်လေးကို ကိုင်ရင်း သူမကို နွေးထွေးမှု မျှဝေပေးဖို့ ကြိုးစားသည်။
သူမက ကြင်နာစွာနဲ့ ပြန်ဖြေလိုက်သည်။
“အင်း”
ညီအစ်မ နှစ်ယောက်က ဆုန်းဟယ့်ခြံကို သွားပြီး အဘွားနှင့်အတူ မနက်စာ စားကြသည်။ အဘွားအိုက ကြင်နာတတ်သော စိတ်ထားရှိသည့် အလျှောက် သူတို့ နှစ်ယောက်နှင့်အတူ မနက်စာ စားလေသည်။
သူမက နန်းပေါင်ကျူး ပြောပြသော နန်းကျင်၏ ရူးသွပ်သွားသည့် အခြေအနေကို နားထောင်ပြီး သက်ပြင်းချ လိုက်သည်။
“ရှေးလူတွေက ပြောကြတယ်၊ ရောင့်ရဲတင်းတိမ်တတ်တဲ့ သူမှာလည်း ရေရှိသလို လောဘကြီးတဲ့ သူမှာလည်း ရေရှိတယ်တဲ့၊ နန်းကျင်က လှောင်ပြောင် စော်ကားမှုကို ခံရပြီး ဒီနေ့တော့ အဲဒီဘဝကို ရောက်သွားရပြီပဲ၊ တခြားသူတွေကို အပြစ်မတင်ပါဘူးလေ”
နန်းပေါင်ရီက တိတ်တဆိတ် ခေါင်းညိတ် လိုက်သည်။
ဘဝတစ်ခုကနေ တစ်ခုကို ပြောင်းသွားသောအခါ အတိတ်ဘဝတုန်းကတော့ ရူးသွပ်သွားသောသူက သူမ၏အဖေဖြစ်ပြီး ဒီဘဝမှာတော့ နန်းကျင်ရဲ့အလှည့် ဖြစ်သွားခဲ့ပြီ။ နတ်ကောင်း နတ်မြတ်တွေက အနှေးနဲ့ အမြန် ဒဏ်ခတ်ကြတာပင်။
အဘွားအိုက တန်ဖိုးထားရသော မြေးငယ်လေး နှစ်ယောက် ကြောက်သွားမှာကို စိုးရိမ်တာကြောင့် စားသောက်ပွဲကို လက်စသတ် လိုက်ပြီး ရယ်မောရင်း “ဒီနေ့ ဖူရုံလမ်းက မိန်းမပျိုလေးတွေကို နွေရာသီဝတ်စုံ အသစ်တွေ ချုပ်ဖို့ အိမ်တော်ကို ဖိတ်ခေါ်ထားတယ်၊ သမီးတို့ နှစ်ယောက်ဆီက ကိုယ်တိုင်းတွေကို ယူသွားလိမ့်မယ်၊ အဝတ်အစား အသစ်ချုပ်တဲ့အခါ အဆင်ပြေသွားအောင်”
“အဝတ်အစားအသစ်တွေ ထပ်ရတော့မယ်”
နန်းပေါင်ကျူးက အလွန် ပျော်ရွှင်မြူးတူးနေပြီး နန်းပေါင်ရီကို တစ်နေရာကို ဆွဲသွားရင်း “ကျောင်းကျောင်း ကြည့်ပါဦး”
နန်းပေါင်ရီက ကြည့်လိုက်သည်။
အနီရောင် ယွန်းရည် သုတ်ထားသော တိုင်၏အတွင်းပိုင်းမှာ အရိပ်လေး နှစ်ကြောင်းကို ဓါးရာဖြင့် မှတ်သားထားသည်။ ထိုအရာက ဒီနှစ်သူမနှင့် ကျူးကျူးရဲ့ တိုင်းတာထားသည့် အရပ်တွေ ဖြစ်သည်။
နန်းပေါင်ကျူးက ဓါးကို အစေခံဆီက ယူလိုက်ပြီး ပြောလာသည်။
“မနှစ်က နွေရာသီ ဝတ်စုံတွေ ချုပ်တုန်းက ငါက ကျောင်းကျောင်းထက် နည်းနည်းလေးပဲ ပိုရှည်တယ်၊ ဒီနှစ်တော့ ဘယ်သူက ပိုရှည်မလဲ မသိဘူး။ ငါက အစ်မဆိုတော့ ကျောင်းကျောင်းထက် ပိုရှည်မှာပဲ၊ နည်းနည်းလောက်ဖြစ်ဖြစ်”
နန်းပေါင်ရီက အရပ်အတိုင်းတွေကို ကြည့်လိုက်သည်။
အောက်ကို ကြည့်လေလေ ဓါးရာလေးတွေက ပိုပိုပြီး နိမ့်သွားလေလေ ဖြစ်သည်။
အဘွားအိုက ညင်သာစွာ ပြုံးရင်း “အဲ့ဒါတွေက သမီးအသက် တစ်နှစ် နှစ်နှစ်လောက် ကတည်းက တိုင်းထားတာတွေပဲ၊ အဲဒီအချိန်တုန်းက သမီးက ပေါက်စီလေးလိုပဲ ဖြူဖွေးပြီး နူးညံ့နေတာ၊ အရပ်က ဒူးလောက်လေးပဲ ရှိသေးတယ် ဒယိမ်းဒယိုင်နဲ့ ပြေးပြီး ခဏခဏလဲ လဲကျတတ်တယ်….. သမီးပြေးတဲ့ အချိန်တိုင်း အဘွားက စောင့်ကြည့်နေခဲ့ရတာ၊ ပြီးတော့ သမီးကိုလည်း အော်ရသေးတယ်၊ ဖြည်းဖြည်း…. ဖြည်းဖြည်း ဆိုပြီးတော့…. အမြဲတမ်း သမီးမလဲကျခင်မှာ အဘွားက ဖမ်းပွေ့လိုက်နိုင်တယ်၊ ဒါပေမယ့် အခုတော့ သမီးရဲ့ အဘွားက အသက်ကြီးလာပြီ၊ သမီးပြေးတဲ့ အချိန်တိုင်း အဘွားက ဖမ်းမပေးနိုင် တော့ဘူး”
နန်းပေါင်ရီ၏ နှာခေါင်းလေးက ချဉ်စူးစူး ဖြစ်လာတော့သည်။
သူမနှင့် ကျူးကျူးက အရပ်တွေလည်း ပိုရှည်ပြီး ကြီးပြင်းလာကြသည်။ နောင်အခါများမှာ သူတို့က လက်ထပ်ကြပြီး ဘဝခရီးလမ်းကို ပိုပြီး လျှောက်လှမ်းကြရဦးမည်။
သို့သော်လည်း အဘွားကတော့ ဘိုးဘွားဆောင်မှာပဲ ရှိနေရင်း သူမ၏ နောက်ကျန်သော ဘဝတစ်လျှောက်လုံးကို အိမ်တော်ကို ထိန်းချုပ် ပဲ့ပြင်ရင်း နေရမည်သာ။ မြေးမလေးများ၏ ကြီးပြင်းလာသည့် အလျှောက် အရပ်အတိုင်းလေးတွေကို မှတ်သားရင်း…..
သူမငယ်စဉ်က အဘွားက သူမနှင့် ကျူးကျူးကို ဖြည်းဖြည်းပြေးဖို့နဲ့ လဲမကျဖို့ မျှော်လင့်ခဲ့သည်။
သူမ ကြီးပြင်းလာသော အခါမှာတော့ သူမ၏အဘွားကို ဖြည်းဖြည်း သွားဖို့နဲ့ အသက်ကြီးရင့်မှု နှေးကွေးစေဖို့ မျှော်လင့်ပါသည်။
အဘွား………
နန်းပေါင်ရီ၏ မျက်ဝန်းတွေက နီရဲလာပြီး တခြားသူများ မြင်မှာစိုးတာကြောင့် သူမက မျက်နှာကို ဘေးဘက်သို့ လှည့်လိုက်ပြီး မျက်ရည်တွေကို တိတ်တိတ်လေး သုတ်ဖယ် လိုက်သည်။
ဒီနေ့တော့ ဘာမှလည်း လုပ်စရာ မရှိပေ။ သူမနဲ့ကျူးကျူးက ဆုန်းဟယ့်ခြံမှာ နေပြီး အဘွားနဲ့ စကားပြော နေလိုက်သည်။
အပ်ချုပ်သမမများ ရောက်လာသောအခါ သူမ၏ ကိုယ်တိုင်းကို နောက်တစ်ကြိမ် ထပ်တိုင်းပေးပြီး ပိုးထည် အဆင်မျိုးစုံကို ရွေးချယ်သည်။ အထည်ဆိုင်က ပေးလာသည့် ပုံများကို ကြည့်ပြီး သူမက နှစ်သက်သော အဝတ်အစားပုံစံတွေကိုလည်း ရွေးချယ်လိုက်သည်။
ရွေးချယ်လို့ ပြီးစီးသွားသော အခါမှာတော့ နေ့လယ်စာစားချိန်တောင်ရောက်နေလေပြီ။
အဘွားက သူမတို့နဲ့အတူ နေ့လယ်စာ စားပြီး စားဖိုဆောင်ကလည်း ညီအစ်မ နှစ်ယောက် ကြိုက်နှစ်သက်တဲ့ ဟင်းလျာတွေကို ချက်ပြုတ် ပြင်ဆင် ပေးထားလေသည်။
နန်းပေါင်ရီက စားဖိုဆောင်က တရုတ်ဇီးသီးနဲ့ ဒိန်ခဲတို့ ပြင်ဆင်ထားတာကို မြင်ပြီး အကြံပြုလိုက်သည်။
“အဘွား၊ စားဖိုဆောင်ကိုလေ ပဲနို့နည်းနည်း ပြင်ပေးခိုင်းလို့ ရမလား၊ ပြီးတော့ ကျောက်ဝမ်ခြံကို ပို့ပေးပါ၊ အစ်ကို ၂ က ပဲနို့ကြိုက်တယ်”
အဘွားအိုက ပြုံးသွားပြီး “ကျောင်းကျောင်းက သမီးအစ်ကို ၂ ဘာကြိုက်တတ်တယ် ဆိုတာ သိတာပဲ”
“ဟုတ်တယ်အဘွား၊ အရင်တစ်ခေါက် ကျင်းယုမန်တန်မှာလေ သူကပဲနို့ တစ်ကရားတောင် သောက်တာ၊ နောက်ထပ် တစ်အိုးကိုတောင် ဝယ်ပြီး ယူလာသေးတယ်”
သူမပြောနေစဉ်မှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်လေးက မျက်ဝန်းမှာ ထင်ဟပ်နေသည်။ မြေးငယ်လေးရဲ့ နူးညံ့မှုက အပြည့်အဝ ပေါ်လွင်နေသည်။
ကလေးမလေးက ရှောင်းယီကို မသိစိတ်ကနေ သဘောကျ နှစ်ခြိုက်နေပြီမှန်း အဘွားအိုက ခန့်မှန်းမိ လိုက်လေသည်။
ကလေးတွေမှာ ချစ်နေကြပြီပဲ။ ကလေးမလေးရဲ့ မျက်ဝန်းတွေကို ကြည့်ရတာ အလွန် ဝမ်းမြောက်ဖွယ်ရာ ကောင်းလှသည်။
ထို့ကြောင့် သူမက ပြုံးရင်း အဒေါ်ကျိကို ပြင်ဆင်ခိုင်းလိုက်လေသည်။
နေ့လယ်စာစားပြီးနောက် နန်းပေါင်ကျူးက နည်းနည်း အိပ်ငိုက်လာသည်။
“ဗီဒိုရဲ့နောက်မှာ သွားအိပ်လိုက်”
အဘွားအိုက သူမ၏မျက်နှာလေးကို ယုယစွာ တို့ထိနေရင်း “မိန်းကလေးက နွေဦးရာသီမှာ ပိုပြီးအိပ်ရတယ်၊ အဲဒါမှ ပိုပြီး ဖွံ့ဖြိုးလာမှာ၊ ကျောင်းကျောင်းလည်း အတူတူ သွားအိပ်လေ”
နန်းပေါင်ရီက နန်းပေါင်ကျူး နှင့်အတူ လုံးဝမအိပ်ချင်ပါချေ။
ကံကောင်းစွာနဲ့ ဒီနေ့မှာတော့ အဘိုးလေးက နန်းပေါင်ကျူး နှင့်အတူ ပါမလာခဲ့ပေ။ ခြေထောက်နဲ့ ကန်ရုံပဲ ဆိုရင်တော့ ဘာမှမဖြစ်ပါချေ။
နန်းပေါင်ကျူးက ခေါင်းအုံးပေါ် ခေါင်းချချခြင်းမှာပဲ အိပ်ပျော် သွားတော့သည်။ နန်းပေါင်ရီက ငိုက်မြည်းနေပြီး အပြင်ဘက်က ဒေါ်ဒေါ်ချန်း၏ အသံကို ကြားနေရသည်။
ထိုနေရာမှာ တခြား လျင်မြန်စွာ ရွေ့လျားနေသော အသံတစ်ခုကိုလည်း ကြားနေရပြီး အပြင်ဘက်က စောင့်ကြပ်နေသည့် အစေခံတွေ အားလုံးကိုလည်း ဖယ်ထုတ်ထားပုံပင်။
“အမေ”
ဒေါ်ဒေါ်ချန်း၏ အသံက တည်ငြိမ်နေပြီး “ကျွန်မက လျိုရှောင်မုံ့ရဲ့ လက်ဖက်ရည် ဆက်တာကို ဒီမနက် လက်ခံလိုက်ပါတယ်၊ သူ့ကို မောင်းမ တစ်ယောက်အဖြစ် အသိအမှတ် ပြုလိုက်ပါပြီ၊ နေ့လယ်မှာ စားဖိုဆောင်က ချိုမြတဲ့ ဆီးနှင်းဟင်းရည်ကို ပို့လာတယ်၊ အဲဒီ အချိန်မှာပဲ အတော်ဆုံး သမားတော်ကျန်း ကျွန်မကို သွေးကြောစမ်းပေးဖို့ လာတာနဲ့ တိုက်ဆိုင်သွားပြီး မတော်တဆနဲ့ ဆီးနှင်းဟင်းရည်ထဲမှာ အာဆင်းနစ် အဆိပ်တွေ ပါနေတာကို ကျွန်မ သိလိုက်ရတယ်၊ အစေခံကို တိတ်တဆိတ် ရှာခိုင်းလိုက်တော့ အဲဒါက လျိုရှောင်မုံ့ လုပ်ကြံတာ ဖြစ်နေပါတယ်”
နန်းပေါင်ရီက အိပ်ချင်စိတ်တွေ ပျောက်သွားရသည်။ သူမ၏ မျက်လုံးတွေက ပွင့်လာလေသည်။
လျိုရှောင်မုံ့က ဒီလိုကိစ္စမျိုးကို လုပ်ခဲ့ရင် သံသယရှိစရာ မလိုလောက်အောင်ကို ဒေါ်ဒေါ်ချန်းက လျိုရှောင်မုံ့ကို ကောင်းကောင်း ပညာပေးမှာဖြစ်ပြီး ဒီတိုင်း လွှတ်ထားမှာတော့ မဟုတ်ပါချေ။
ဒါက အဘွား အတွက်လည်း ရှင်းလင်းနေတဲ့ လမ်းတစ်ခုပင်။
အပြင်ဘက်အခန်းက တဒင်္ဂမျှ တိတ်ဆိတ် သွားသည်။
အဘွား၏ အသံက အလွန်တိုးနေပြီး “လျိုရှောင်မုံ့က အပြင်ဆောင်ကို ရောက်နေတာ သုံးနှစ်ကျော်နေပြီ၊ သူ၏ စိတ်ရှည်မှုနဲ့ လောဘကြီးမှုက တကယ်ကို ကြောက်စရာ ကောင်းတယ်၊ အရှေ့ဆောင်မှာ သူပြဿနာ ရှာနေတာကို တားဆီးရမယ်၊ မဖြစ်တော့ဘူး”
နန်းပေါင်ရီက မွေ့ရာကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
အဘွားရဲ့ သရုပ်ဆောင်ချက် ကတော့ တကယ့်ကို ပြောင်မြောက်တာပဲ….
သို့သော်လည်း နောက်မှ သူမတစ်ခု စဉ်းစားမိသွားသည်။ အဘွားက ကြီးမားလှသည့် နန်းမိသားစုကြီး တစ်ခုလုံးကို စောင့်ရှောက် အုပ်ထိန်းထားတာဖြစ်ပြီး သူမ ငယ်စဉ်ကတည်းက ပြဿနာတွေအတွက် ဖြေရှင်းနည်း ပေါင်းစုံကို မြင်ခဲ့ဖူးသည်။ သူမ ကြီးပြင်းလာသော အခါမှာတော့ နည်းလမ်းတွေက ပိုပြီးတောင် များလာသည်လေ။
အတိတ် ဘဝတုန်းက သူမက လျိုရှောင်မုံ့နှင့် ရင်းရင်းနှီးနှီး နေခဲ့ပြီး ဒီလိုရက်စက်တဲ့ နည်းလမ်းမျိုးကို မသုံးခဲ့ဖူးပါချေ။
ဒေါ်ဒေါ်ချန်းက ပြောလာသည်။
“အမေ၊ ပြီးတော့ ကျွန်မ…..”
“ရှင်းထုတ်လိုက်”
“ဒီချွေးမက နားလည်ပါပြီ၊ နန်းယန် အတွက်ကတော့…..”
အဘွားအိုက ‘ဟွန့်’ခနဲ နှာမှုတ်၍ လှောင်ပြောင်လိုက်ပြီး “သူက ကောင်းတဲ့ မိန်းကလေး တစ်ယောက်မှ မဟုတ်တာ၊ ဝမ်းတွင်းပုပ်နေတာ၊ ကျောင်းကျောင်းရဲ့ လက်ထပ်ပွဲကို လုယူထားတာ မဟုတ်ဘူးလား။ မင်းက သူ့အမေကို ကရုဏာတရား ထားနေရင် တခြားသူတွေ အတွက်ကို မင်းထည့်စဉ်းစားသင့်တယ်၊ အဲဒါပဲ၊ မင်းက တစ်ခါ ပျိုးထောင်လိုက်ရင် သေချာကောင်းကောင်း သင်ကြားပေး နိုင်ရမှာပေါ့၊ မင်းသေချာ မသင်ပြပေးနိုင်ရင် အတွင်းပစ္စည်းတွေပေးပြီး သူ့ကို နောက်နှစ်မှာ ချန်းမိသားစုကို ပို့ပေးလိုက်”
အပြင်ဘက်က ဘာသံမှ မကြားရတော့ပါချေ။ နန်းပေါင်ရီက လှဲလိုက်ပြီး နန်းပေါင်ကျူး၏ မျက်နှာလေးကို တို့လိုက်သည်။ အဘွားနှင့် ဒေါ်ဒေါ်ချန်းကတော့ လှုပ်ရှားနေလေပြီ။
လျိုရှောင်မုံ့ရဲ့ သေနေ့စေ့လေပြီ….
စိတ်ပူဖို့ မလိုပါချေ။ ကောင်မလေးက သမ်းဝေပြီး တဖြည်းဖြည်း ပင်ပန်း လာလေတော့သည်။ ဖြည်းဖြည်း လှမ်းလာသော ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရသည်။
အဘွားအိုက ဗီဒိုနောက်ကို လျှောက်လာသောအခါ သူမက လိုက်ကာကို ညင်သာစွာ ပင့်တင်လိုက်သည်။ သူမရဲ့ မြေးငယ်လေးတွေက အသံတွေတောင် ထွက်၍ အိပ်ပျော် နေကြလေသည်။
သူမက မွေ့ရာကို လုံအောင် ဆွဲဖိခြုံပေးလိုက်ပြီး ချစ်ခင်စွာနဲ့ “ကောင်းကောင်းအိပ်၊ အိပ်ကြ…. အဘွားက ဒီမှာ ရှိနေသရွေ့ အဘွားရဲ့မြေးလေးတွေကို ဘယ်သူကမှ ထိခိုက်အောင် လုပ်လို့ မရစေရဘူး”
နောက်နှစ်ရက် အကြာမှာ လျိုရှောင်မုံ့ သေသော သတင်းက ပြန့်လွင့် လာတော့သည်။
နန်းပေါင်ရီက ကျောက်ဝမ်ခြံရဲ့ စာကြည့်ခန်းကျယ်မှာ ရှိနေပြီး ရှောင်းယီ၏ လက်ရေးမူကို သေသေချာချာ ကိုင်ရင်း ကူးရေးနေသော အချိန်ဖြစ်သည်။
“ဘယ်လိုသေတာလဲ”
သူမက ဟယ်ယဲ့ကို မေးလိုက်သည်။ ဟယ်ယဲ့က အရှေ့ခြံက သတင်းကို စုံစမ်းလာခြင်း ဖြစ်သည်။ သူမက လမ်းတစ်လျှောက် ပြေးလွှားလာတာကြောင့် မျက်နှာက ရဲနေလေသည်။
“ကျွန်မ ကြားမိတာတော့ မနေ့ညက ရေကန်ထဲ ကျသွားတာတဲ့ ပြီးတော့ ဒီနေ့မနက်မှာ ဖောရောင်ပြီး ရေထဲမှာ တွေ့တာတဲ့”
ရေထဲကျသွားတယ်……
နန်းပေါင်ရီက တိုးဖွဖွ ရယ်လိုက်သည်။
ဟယ်ယဲ့က ပဟေဠိဆန်စွာနှင့် မယုံကြည်နိုင်သေးဘဲ “မမလေး၊ လျိုရှောင်မုံ့က ရေထဲကို ကျသွားတဲ့ သတင်းအပြင် ညက တခြားလူ နှစ်ယောက်လည်း ဆုံးသွားကြသေးတယ်တဲ့၊ ဘယ်သူတွေလဲ ခန့်မှန်းကြည့်ပါလား”
နန်းပေါင်ရီက စူးစမ်းလိုစိတ် ပြင်းပြသွားပြီး “ငါသိတဲ့သူများလား”
***