အပိုင်း (၂၁၀)
ချိုမြိန်မှုက သေစေနိုင်တယ်
နန်းပေါင်ရီက ငွေစာရင်းစာအုပ်ကို ပိတ်လိုက်ပြီး မျက်နှာလေးကို ကိုင်ထားရင်း “ညီမလေးက အသက်ဆယ့်သုံးနှစ်ပဲ ရှိသေးတာကို လက်ထပ်ဖို့ ဆိုတာက အရမ်း စောလွန်းသေးတယ်လေ”
အရင်တုန်းက သူမ အမြဲတမ်း အမတ်မင်းကို သူမအတွက် ကောင်းမွန်သော လက်ထပ်ပွဲ တစ်ခုကို ရှာပေးဖို့ တိုက်တွန်းလေ့ ရှိခဲ့သည်။
သို့သော်လည်း အကြောင်းပြချက် တချို့ကြောင့် အခု အချိန်မှာတော့ သူမသည် လက်ထပ်ဖို့ ဆန္ဒမရှိပါချေ။
အတိတ်ဘဝက ချန်းတယ်ယွီနှင့် လက်ထပ်ခဲ့ပြီး ခင်ပွန်းကို လေးစား၍ မနက်ခင်းကနေ ညဘက်ထိ တိုင်အောင် အချိန်တိုင်းကို အနောက်ခြံကို ကြည့်ရှုဖို့ အချိန်ကုန်ခဲ့ရသည်။ လက်မထပ်တာက လက်ထပ် လိုက်တာထက် ပိုပြီး ကောင်းသည်ပင်။
နန်းအိမ်တော်၏ လိုတာထက်ပိုပြီး အလိုလိုက် အကြိုက်ဆောင်ခဲ့မှုကြောင့်လည်း ဖြစ်တန်ရာ၏။
အိမ်တော်မှာက အမတ်မင်းကို အမြဲတမ်း မြင်တွေ့နေနိုင်ပြီး စာဖတ်တာတွေ၊ စာရေးတာတွေကိုလည်း သူ၏ အနောက်ပြတင်းမှာ အတူတူ လုပ်လို့ရသည်။
ကမ္ဘာပေါ်မှာ ဒီထက် ပိုပြီး ကောင်းသောအရာ မရှိနိုင်တော့ပေ။
သူမက ရှောင်းယီ၏ နှုတ်ခမ်းထောင့်များ ကော့တက်အောင် ပြုံးလိုက်တာကို တွေ့ပြီး စပ်စုချင် သွားတော့သည်။
“အစ်ကို ၂၊ ပညာရှိတွေက ရွှေ၊ ငွေ၊ ရတနာတွေကို မကြိုက်ကြဘူးဆို။ ဥပမာဆိုရင် ချန်းတယ်ယွီက အမြဲတမ်း ငွေကို အလကားလို့ပဲ မြင်တယ်တဲ့၊ အစ်ကိုကရော၊ အစ်ကိုရော အဲ့လိုပဲ ထင်တယ်လား”
ရှောင်းယီက မှတ်ချက်ပြုသည်။
“ချန်းတယ်ယွီက သားမွေးတွေနဲ့ တန်ဖိုးကြီး ရှေးဟောင်း ပစ္စည်းတွေကို ဝယ်သောအခါ တခြား သူတွေထက် ပိုပြီး ပျော်နေတာကို ငါဘာလို့ တွေ့နေရတာလဲ။ အဲဒီ ပစ္စည်းတွေကို ငွေနဲ့ဝယ်ရတာ မဟုတ်လို့လား။ အပြင်ပိုင်းမှာတော့ သန့်ရှင်းချင်ယောင် ဆောင်နေပြီး အတွင်းပိုင်းမှာတော့ ပုပ်သိုးနေတာပဲ၊ ဒီလို လူစားမျိုးတွေက တကယ်ကို အကျင့်စရိုက် မကောင်းကြဘူး”
သူ့ဖြေရှင်းချက်က နန်းပေါင်ရီ၏ ထောက်ခံမှုကို ရရှိလိုက်သည်။
သူမက အလေးအနက် ထားပြီး “ချန်းတယ်ယွီကလည်း ရိုးစင်းတုံးအပြီး ငွေမက်တဲ့၊ ကိုယ်ပေါ်မှာ ငွေနံ့ရနေတဲ့ မိန်းမတွေကို အထင်သေးတတ်တယ်၊ ဒါပေမယ့် အစ်ကို ၂၊ ညီမလေးက ငွေမက်တယ်လေ၊ လူကြီးလူကောင်းတွေက ငွေကို နှစ်သက်ကြပေမယ့် ညီမလေးက ငွေကိုပဲ ရှာနေပြီး ညီမလေးရဲ့ အသိစိတ်ကိုတော့ မပျောက်ပျက်ချင်ဘူး၊ ‘ငွေနံ့ရနေတဲ့ မိန်းမ’လို့ အခေါ်မခံချင်ဘူး”
ရှောင်းယီက သူမကို စိုက်ကြည့်နေသည်။ ကောင်မလေး၏ မျက်ဝန်းများမှာ မျှော်လင့်ချက် ရောင်ခြည်များဖြင့် ပြည့်နေပြီး ကြယ်စင်များ ကြွေကျနေသကဲ့သို့၊ ဖြူစင်ပြီး သန့်ရှင်းနေသည်။
ဒီလို မိန်းကလေးမျိုးက ဘယ်လိုလုပ်ပြီး တစ်ကိုယ်လုံး ငွေနံ့ နံဟောင်နေတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပါ့မလဲ။
သူက စာအုပ်စင်၏ တစ်ဖက်မှ သူမဆီ လက်ကို ကွေးညွှတ်လိုက်သည်။
နန်းပေါင်ရီက နားမလည်နိုင် ဖြစ်သွားပြီး “အစ်ကိုဘာလုပ်မလို့လဲ”
“ကျောင်းကျောင်း၊ ဒီကိုလာခဲ့”
နန်းပေါင်ရီက ရှုပ်ထွေး သွားရလေသည်။ ဂုဏ်သရေ မြင့်မားလှသည့် အမတ်မင်း၏ နှုတ်ခမ်းပါးတွေက ပြုံးနေပြီး အရမ်းကို အန္တရာယ်များသောပုံ ပေါ်နေသည်။
သို့သော် သူပြောတာကို မလိုက်နာရင် ပိုပြီး အန္တရာယ် များနိုင်သည်လေ။
တကယ်တမ်းတော့ သူမ၏အဘွားက နောင်အနာဂတ်မှာ အမတ်မင်းရဲ့စကားကို ပိုပြီးနားထောင်ဖို့ သူမကို မှာထားသည်။
တဒင်္ဂမျှ အကြိမ်ကြိမ် စဉ်းစားချင့်ချိန် ပြီးသောအခါ သူမက ရှေ့ကို သတိထားပြီး စောင်းလိုက်သည်။
သူက သူမ၏ရှေ့မှာ ခိုင်ခိုင်မြဲမြဲ ရပ်နေပြီး ရင်ခွင်ထဲ သိမ်းပွေ့ ထားလိုက်သည်။
ဘာလို့သူက ထပ်ပြီး ဖက်ပြန်တာလဲ။
သူမက စိတ်ထဲက တိုးဖွဖွ ရေရွတ်လိုက်ပြီး ခေါင်းကိုမော့၍ စိတ်လှုပ်ရှားစွာဖြင့် “အစ်ကို ၂”
ရှောင်းယီက ခေါင်းကို ငုံ့လိုက်ပြီး သူမ၏မျက်နှာလေးကို နက်နက်နဲနဲ မွှေးကြူလိုက်သည်။
ခေါင်ရန်းပန်းနံ့လေးရဲ့ ချိုမြိန်မှုက သူ့ကိုသေစေနိုင်သည်။
သူက တည်ကြည်စွာ ကောင်မလေး၏ ခေါင်းလေးကို ထိလိုက်ပြီး ကြင်နာနွေးထွေးသော အသံဖြင့် ပြောလိုက်သည်။
“နန်းကျောင်းကျောင်းက ခေါင်ရန်းပန်းနံ့လေး သင်းနေတာပဲ၊ ငွေနံ့ နံဟောင်နေတာမျိုး မရှိပါဘူး”
“သခင်လေး”
ယွီဝေ့က ပုတီးစေ့လိုက်ကာကို ဖယ်ပြီး ဝင်လာသောအခါ သူတို့နှစ်ယောက်က ပူးကပ်နေတာကို တွေ့လိုက်ရသည်။
သူမက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့ဟန်နှင့် “သခင်လေး၊ အရှေ့ခြံက သတင်းရပါတယ်၊ လျိုလန်အာက နန်းကျင်ဆီက ငွေတွေကို ခိုးပြီး ထွက်ပြေး သွားပါတယ်တဲ့၊ အိမ်ထဲက တန်ဖိုးရှိတဲ့ အဆင်တန်ဆာတွေကိုတောင် မချန်ဘူးတဲ့၊ လွန်ခဲ့တဲ့ အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်တုန်းကပါ၊ နန်းအိမ်တော်ရဲ့ အနောက်တံခါးကနေ ထွက်သွားတာ၊ အခု ဘယ်ကို ရောက်နေလဲ မသိရပါဘူး၊ နန်းကျင်က လိုက်ဖို့ အရမ်း နောက်ကျသွားပြီ ဆိုတာကို သိပြီး အဲဒီ သတင်းကိုကြားတော့ သွေးအန်ပြီး အခု ဖျားနေပါတယ်”
နန်းပေါင်ရီ “အာ…”
လျိုလန်အာက တကယ်ပဲ သူမ၏အကြံကို လက်ခံခဲ့တယ်ပေါ့။
သူ ဟောင်ရင်းဆီကို သွားလိမ့်မလား ဆိုတာကို သူမ သိချင်လှသည်။
သူမက လျိုလန်အာ ဘယ်ကို သွားတယ် ဆိုသည်ကို သိရန် စိတ်အား ထက်သန်နေပြီး စာရင်းစာအုပ်ကို လက်မောင်းကြား ညှပ်၍ ထရပ်လိုက်သည်။
“မစောတော့ဘူး၊ အစ်ကို ၂၊ ညီမလေးလည်း ဆုန်းဟယ့်ခြံကို ပြန်ပြီး အိပ်တော့မယ်နော်”
ရှောင်းယီက အကြွေစေ့လေးကို ကစားနေရင်း စိုးရိမ်ဟန် ပြုံးလိုက်ရင်း “အပြင်မှာ အေးနေတယ်၊ ဘာလို့ ငါ့အခန်းထဲမှာပဲ မနားတာလဲ”
နန်းပေါင်ရီက အလွန် စိတ်လှုပ်ရှား သွားရတော့သည်။
ဂုဏ်ရှိန်ကြီးမြင့်လှသည့် အမတ်မင်းက သူမကို တကယ်ပဲ စိုးရိမ်နေသည်လား။
သူမက နွေးထွေးသော အသံလေးဖြင့် “အရင်တစ်ခေါက် အခြေအနေက အရေးပေါ်မို့လို့ပါ၊ အစ်ကို ၂ ရဲ့ အိပ်ခန်းမှာ အနားယူလိုက်တာ၊ ဒီည လကလည်း သာပါတယ်၊ အိမ်တော် တစ်ခုလုံးက ငြိမ်သက်နေပြီး ညီမလေးက အိပ်ခန်းကို ပြန်အိပ်ချင်နေပြီ၊ အစ်ကိုသာ ဆန္ဒရှိမယ်ဆိုရင် ညီမလေးကို လိုက်ပို့ပေးလေ”
ထိုစကားလုံးတွေက ရှောင်းယီ၏ နှလုံးသားကို လွှမ်းမိုး သိမ်းပိုက်လိုက်သည်။
စာကြည့်ခန်း၏ အပြင်ကို ရောက်သောအခါ ဟယ်ယဲ့က တံစက်မြိတ် အောက်တွင် ထိုင်ပြီး ငိုက်မြည်း နေသည်။
“ဒီဟယ်ယဲ့ကတော့ အစ်ကို ၂ ရဲ့ အခန်းအပြင်ဘက်မှာ တကယ်ကို အိပ်ပျော်နေတော့တာပဲ….”
နန်းပေါင်ရီက အလွန်ရှက်နေပြီး ယွီဝေ့က ရှောင်းယီကို ရိုသေစွာ မီးအိမ်ကို ကမ်းပေးလိုက်သည်။
သူမက အပြုံးဖြင့်“သူ့ကို အိပ်ခိုင်းထားလိုက်ပါ၊ ကျွန်မ အခန်းကို ခေါ်သွားပြီး သိပ်လိုက်မယ်”
နန်းပေါင်ရီက သူမကို မနိုးစေချင်တာကြောင့် ခေါင်းညိတ် သဘောတူ လိုက်သည်။
ရှောင်းယီက နန်းပေါင်ရီကို အဖော်ပြုရင်း ကျောက်ဝမ်ခြံက ထွက်လာခဲ့သည်။
နန်းပေါင်ရီက ရပ်လိုက်ပြီး သူ့ကို ဂါရဝပြုလိုက်သည်။
“ဒီနေရာ အထိပဲ ပို့ရင်ရပါပြီ အစ်ကို ၂၊ ညီမလေးဘာသာ ဆက်ပြီး လျှောက်သွား လိုက်မယ်”
ရှောင်းယီက အသံနိမ့်နိမ့်ဖြင့် “ကောင်းပြီ၊ နောက်မှတွေ့မယ်”
ဂိမန်အစောပိုင်း၏ လေအေးများ တဖြူးဖြူး တိုက်ခတ်နေသော ညချမ်းမှာ သစ်ပင်ပန်းမန်များသည် ရွက်သစ်တို့ ဝေနေပြီး နှင်းစက်နှင်းပေါက်များက ဆွတ်ဆွတ်ဖြူ နေသည်။
သေးသွယ်သော ရိုးတံလေးတွေက အပြာရောင် ကျောက်ခင်းလမ်းလေးပေါ်ကို ကိုင်းညွှတ်နေပြီး မီးအိမ်လေးက သေးငယ်သည့် အလင်းလုံးလေးလို နှစ်ယောက်သား၏ အလင်းနှင့် အရိပ်ကို ဖမ်းယူရန် လုံလောက်သည်။
ပတ်ဝန်းကျင် တစ်ခုလုံးက ငြိမ်သက်နေပြီး ပိုးမွှားလေးများ၏ အသံကို ကျယ်လောင်စွာ ကြားနေရသည်။
နန်းပေါင်ရီက ရှောင်းယီကို ကြည့်လိုက်သည်။ အမတ်မင်းက သန့်ရှင်းနေပြီး ဂုဏ်ကျက်သရေရှိသော မျက်နှာနှင့် လက်လှမ်းမမီနိုင်သည့် သွင်ပြင်က ထင်ဟပ်နေသည်။
သို့သော်လည်း သူက သူ့ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ဘဲ သူမကို ဆုန်းဟယ့်ခြံကို ကိုယ်တိုင် လိုက်ပို့ ပေးခဲ့သည်။
သူမက နှုတ်ခမ်းလေးကို ညွတ်လိုက်ပြီး နှလုံးသားထဲက ချိုမြိန်မှုကို ခံစားနေရသည်။
ကောင်မလေးက ခိုးကြည့်နေတာကို ရှောင်းယီ မြင်နေရသည်။
သူ့သွင်ပြင်က တည်ငြိမ်နေသော်လည်း သူ၏ အတွေးတွေမှာတော့ လျှို့ဝှက်ချက်တွေ ရှိသည်။
နွေဦးပွဲတော်တုန်းကလို ကောင်မလေး၏ လက်ကို ဆုပ်ကိုင်ထားနိုင်ဖို့ သူ မျှော်လင့်သည်။
သူက သူမလက်လေးကို တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်သည်။
လမ်းလျှောက်နေစဉ်မှာ တစ်ယောက်ယောက်က သူမရဲ့လက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတာကို သိလိုက်သည်။
သူမက အံ့အားသင့် သွားတော့သည်။
သူမက ရှောင်ရှားရန် စိတ်တောင် မကူးရသေးခင်မှာပင် လက်လေးက အဖမ်းခံလိုက်ရတော့သည်။
သူက သူမ၏ လက်ဖဝါးကို သူ့လက်ချောင်းတွေကြားမှာ ကြင်နာစွာ ထွေးဆုပ် ထားလေသည်။ သူမက အနည်းငယ် ရုန်းကန်ကြည့်သည်။
နန်းပေါင်ရီက မျက်တောင်တွေကို ချထားပြီး ရှုပ်ထွေးနေသော ခံစားချက်များဖြင့် နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။
ထိုအချိန် ခဏလေးမှာ ဒီလူက သူမရဲ့လက်ကို သူ့လက်ဖဝါးထဲမှာ ထည့်ကိုင်ထားသည်။
ကျောက်ဝမ်ခြံကနေ ဆုန်းဟယ့်ခြံကို ရောက်ဖို့ အမွှေးတိုင်နှစ်တိုင် ထွန်းစာ အချိန်ခန့် ကြာမြင့်သည်။
နန်းပေါင်ရီက ရှောင်းယီ ကိုင်ထားသည့် မီးအိမ်လေးကို ကြည့်နေစဉ်မှာပင် ဆုန်းဟယ့်ခြံ၏ အပြင်ဘက်ကို ရောက်နေပြီမှန်း သိလိုက်ရသည်။
သူမ အံ့အားသင့် သွားလေသည်။
အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်က ဒီလောက်မြန်တယ်လား။
အစေခံလေး တစ်ယောက်က သူမကို နှုတ်ဆက် ဂါရဝပြုလိုက်ပြီး ရှောင်းယီက သူမ၏လက်ကို တည်ငြိမ်စွာနှင့် လွှတ်ပေးလိုက်သည်။
သူက ပေါ့ပါးစွာဖြင့် “ဝင်တော့”
အစေခံလေးက နန်းပေါင်ရီကို ဖဲသားဝတ်ရုံကို ခြုံပေးလိုက်ပြီး ကောင်မလေးကို ရိုကျိုးစွာ မီးအိမ်ကိုကိုင်ပြီး လမ်းပြသည်။
နန်းပေါင်ရီက ခြေလှမ်း အနည်းငယ် လှမ်းပြီး မသိစိတ်က နောက်ကို လှည့်ကြည့် လိုက်သည်။
အမတ်မင်းက မီးအိမ်ကိုကိုင်ရင်း ရပ်နေဆဲဖြစ်သည်။ ဇာမဏီမျက်ဝန်း တစ်စုံက အလင်းရောင်ကို ဆန့်ကျင်လျက် လွှမ်းမိုးချုပ်ကိုင် လိုခြင်းနှင့် ပျင်းရိနေခြင်းတို့ ထင်ဟပ်နေပြီး ကြင်နာဟန်လည်း စွက်နေလေသည်။
သူမက အကြည့်တွေကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။
ခြေလှမ်း ဆယ့်နှစ်လှမ်းခန့် ရှေ့ကို လှမ်းပြီးသောအခါ သူမက နောက်ကို ထပ်ကြည့် လိုက်ပြန်သည်။
လူငယ်က မှိန်ဖျော့နေသည့် အလင်းရောင် အောက်မှာ ရှိနေဆဲပင်၊ သားရေဖိနပ်နှင့် ကြီးမားလှသော ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး သူမ အိပ်ခန်းထဲကို ဝင်သွားတဲ့အထိ စောင့်ကြည့် နေမည့်ပုံပင်။ သူ့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ရပြီးမှ စိတ်ချလက်ချ ပြန်သွားမည် ထင်သည်။
“အစ်ကို ၂”
ကောင်မလေးက တိုးသဲ့သဲ့ အသံပြုသည်။ အသံလေးက နွေဦး၏ မိုးစက်လေးတွေလို ရစ်ဝဲနေသည်။
အိပ်ခန်းထဲကို ပြန်ရောက်သောအခါ နန်းပေါင်ရီက စာပို့ခိုကို ထုတ်ယူလိုက်သည်။
ဟန်ယန့်လျန်က အိမ်တော်က သူမဆီသို့ အစေခံတစ်ယောက်ကို လွှတ်ပြီး နန်းကျင်က သူမကိုသတ်ဖို့ လူသတ်သမား လာငှားတယ်လို့ ပြောလာ ကတည်းက သူမ စာပို့ခို တစ်ကောင်ကို မွေးမြူထားပြီး ဟန်ယန့်လျန်ဆီ သတင်းတွေကို ပို့ဆောင်ဖို့ အသုံးပြုသည်။
သူမက စာတိုတစ်စောင်ကို ရေးလိုက်ပြီး ခို၏ခြေထောက်မှာ ချည်လိုက်သည်။ ခိုကို ပန်းပွင့်ကိတ် အပိုင်းအစလေး ကျွေးလိုက်ပြီး “စာကိုကောင်းကောင်း ပြန်ယူခဲ့နော်”
စာပို့ခိုလေး ပြန်ယူလာသော အကြောင်းပြန်စာကို ရသောအခါ နန်းပေါင်ရီက ရေချိုး အဝတ်အစား လဲပြီး နောက် အိပ်ရာဝင်ရန် ပြင်နေချိန်ဖြစ်သည်။
သူမက ပြတင်းနားမှာ မှီနေရင်း စာကိုဖတ်ပြီး တခစ်ခစ် မရယ်ဘဲ မနေနိုင်တော့ချေ။
သူမ ခန့်မှန်းထားသည့်အတိုင်း နွေဦးကျောက်စိမ်းစံအိမ်က ပြန်စာထဲမှာ လျိုလန်အာက ကျင်းယုမန်တန်ကို ဝင်သွားပြီး ပြန်ထွက်မလာဘူးတဲ့လေ။
ဖြစ်နိုင်တာကတော့ ဟောင်ရင်းက ခေါ်ထားလိုက်ပြီ ထင်သည်။
နန်းပေါင်ရီက မီးတိုင်လေးကို ထွန်းညှိလိုက်ပြီး စာပြန်ဖို့ပြင်သည်။ မီးတောက်နေသော အမွှေးနံ့သာ အိုးလေး၏ အဖုံးလေးကို ဖွင့်လိုက်ပြီး ခိုလေး ပြန်ယူလာသော စာကို ပစ်ထည့်လိုက်သည်။ သူမက နောက်ထပ် စာတစ်စောင်ကို ရေးလိုက်ပြီး စာပို့ခိုလေးကို ဟန်ယန့်လျန်ဆီ လွှတ်လိုက်ပြန်သည်။
မနက်ဖြန် မနက်မှာတော့ နန်းကျင်က ဦးထုပ်စိမ်း ဆောင်းခံရသောသူ တစ်ယောက်ဖြစ်ကြောင်းကို ကျင်းကွမ် တစ်မြို့လုံး သတင်းပြန့် သွားဖို့ သူမမျှော်လင့် နေလေသည်။
***