အပိုင်း (၂၀၈)
သူမက မသိစိတ်နဲ့ရုန်းလိုက်တယ်
နွေဦးပွဲတော်မှာ လုပ်လေ့ရှိတဲ့ စေးကပ်တဲ့ ဆန်မုန့်လုံးလေးတွေက ချိုမြိန်လှပြီး ဖယောင်းလို နူးညံ့လှသည်။
သို့သော်လည်း နန်းပေါင်ရီက အမတ်မင်းနဲ့ အတူ ရှိနေရသောအခါ သူမ၏ နှလုံးသားလေးက စေးကပ်နေသော ဆန်မုန့်လုံးလေးထက်တောင် ချိုမြိန်နေလေသည်။
သူ့ကိုသာ မြင်ခွင့်ရနေသ၍ အရာရာ အားလုံးက ပြီးပြည့်စုံ နေသလိုပင်….
ရှောင်းယီက ကြီးမားသည့် ခြောက်လပန်းပင်လို လုံးဝန်းတဲ့ ပန်းပွားကို ချလိုက်ပြီး “သွားရအောင်၊ အစ်ကိုက မင်းကို အဖော်ပြုပြီး မီးပုံးပုစ္ဆာတွေ လိုက်ဖြေပေးမယ်”
သူတို့နှစ်ယောက် တောက်ပနေသည့် အလင်းရောင်များ ရှိရာသို့ လျှောက်လာကြသည်။
ဖယောင်းပန်းတွေကို ကျော်ဖြတ် လာသောအခါ သူမရဲ့ လက်ဖမိုးက ခပ်ဖွဖွ ထိတွေ့ ခံလိုက်ရတာကို နန်းပေါင်ရီ သိလိုက်သည်။
သူမက ခေါင်းလေးကို ပင့်မော့လိုက်သောအခါ အမူအယာ ပြောင်းလဲခြင်းမရှိဘဲ အရှေ့ကို တည်ကြည်စွာ ကြည့်နေတဲ့ အမတ်မင်းကို တွေ့လိုက်ရသည်။
သူမ၏နှလုံးသားက ဗုံစည်းချက်လို တဒုန်းဒုန်း ခုန်လာပြီး တစ်ဝက်တစ်ပျက် သိမြင်သွားပြီး အမြင်မှားတာ များလားလို့ တွေးမိသွားသည်။ သို့သော်လည်း သူမ၏လက်ဖမိုးက တစ်ခေါက်ထပ်ပြီး အထိခံလိုက်ရ ပြန်သည်။
သူမက နှုတ်ခမ်းကို ပြင်းပြင်း ကိုက်လိုက်သည်။
အစ်ကို ၂၊ အဲ့ဒါက …
ဘာသဘောလဲလို့….
သူမ၏ အပြောကို မစောင့်တော့ဘဲ အမတ်မင်းက ချက်ချင်း သူမလက်ကို ဆုပ်ကိုင် လာတော့သည်။
သူ့လက်တွေက သန်မာပြီး တောင့်တင်းလှသည်။ ဓါးသိုင်းကို နှစ်အတန်ကြာ လေ့ကျင့်ခဲ့တာမို့ ထူထဲလှသည့် အသားမာများက သူ့လက်ဖဝါးနဲ့ လက်ချောင်းများတွင် ထင်းနေသည်။
နန်းပေါင်ရီ၏ လက်ဖဝါးလေးကတော့ နူးညံ့လှသည်။
အရင်က သူ သူမ၏လက်ကို ဆုပ်ကိုင်ဖူးပေမယ့် အကြောင်းတချို့ကြောင့် ဒီည ခံစားချက်ကတော့ လုံးဝကို မတူညီပါချေ….
သူမက မသိစိတ်နဲ့ ရုန်းလိုက်မိသည်။
သို့သော်လည်း ထိုဆက်နွှယ်မှုက ခိုင်မြဲလွန်းလှသည်။ ပူနွေးပြီး ပိုင်ဆိုင်လိုစိတ် ပြင်းသလို ကြင်နာဟန် ရှိသည်။
ကောင်မလေးက ခေါင်းကို ငုံ့လိုက်သည်မှာ မြေကြီးထဲ ဝင်မတတ်ပင်။
ဒီည လမင်းက လုံးဝန်းနေပြီး လမ်းရဲ့ တစ်ဖက်တစ်ချက်မှာ ဖယောင်းပန်းတွေက အစီအရီ ပွင့်နေကြသည်။
ပန်းပွင့်ရိုးတံတွေက သစ်ကိုင်းတွေပေါ် ညွတ်ကျနေပြီး ကောင်မလေးရဲ့ ဝတ်စုံစနဲ့ ထိခတ်မိနေသည်။ သူမ၏ လင်းလက်သည့် ပုံစံလေးကို ချန်ထားရစ်ခဲ့သလိုပင်။
ငယ်ရွယ်တယ်၊ ကျက်သရေရှိပြီး ပြောမပြတတ်လောက်အောင် လှပလွန်းတယ်။
မီးပုံး စကားထာ ဖွက်ပွဲက ပန်းခြံထဲမှာ ဆက်လက် ကျင်းပနေသည်။
နန်းပေါင်ရီက ပဟေဠိတစ်ခုကို ဖြေလိုက်သည်။
“ကောင်မလေး တစ်ယောက် ရေလည်မှာ မွေးဖွားခဲ့ပြီး ပန်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားတယ်၊ အစိမ်းရောင် လှေလေးပေါ်မှာ ထိုင်နေတယ်၊ အစ်ကို ၂၊ အဖြေက ဘာလဲဆိုတာ သိလားဟင်”
ရှောင်းယီက သူမကို တစ်ချက် ကြည့်လိုက်သည်။
ကောင်မလေးက ဒီနေ့ ပေါ့ပါးတဲ့ ပန်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဖြူဖွေးပြီး နူးညံ့အိစက် နေသည်။
သူက ဟက်ခနဲရယ်လိုက်ပြီး “အဲဒါနန်းကျောင်းကျောင်းလေ”
နန်းပေါင်ရီ “….”
တစ်ခါတလေမှာ အမတ်မင်းက တည်ကြည်ပြီး ကြောက်စရာ ကောင်းသည်။ တစ်ခါတစ်ရံမှာတော့ သူက လူကို စိတ်ဆိုးအောင်စပြီး ဆိုးသွမ်းလှသည်။
သူမက စိတ်လောစွာနဲ့ “ညီမလေး ထင်တာတော့ အဖြေက ကြာပန်းလို့ ထင်တယ်၊ ကြာပန်းကလည်း ပန်းရောင်လေ၊ ပြီးတော့ အစိမ်းရောင်လေှ ဆိုတာက ကြာရွက်ကို ရည်ညွှန်းထားတာ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပဲ၊ ဒါအဖြေမှန်ဖြစ်ရမယ်”
သူမက စကားထာကို ပန်းခြင်းတောင်း သေးသေးလေးထဲကို ထည့်လိုက်သည်။
“အစိမ်းရောင် အဝတ်အစားတွေကို ဝတ်ဆင်ထားတယ်၊ ရေပြည့်နေတဲ့ ဗိုက်နဲ့ ကလေးတွေ အများကြီး ရှိတယ်၊ အားလုံးရဲ့ မျက်နှာက အနက်ရောင်တွေပဲ…”
နန်းပေါင်ရီက တခြား စကားဝှက် တစ်ခုကို ထုတ်ယူလိုက်ပြီး “ဒီတစ်ခုက နည်းနည်း ခက်သလိုပဲ၊ အစ်ကို ၂၊ အဖြေကို ခန့်မှန်းမိလားဟင်”
ရှောင်းယီက သူမ၏ ဗိုက်လေးကို ကြည့်ရင်း “အဲဒါနန်းကျောင်းကျောင်းပဲ”
နန်းပေါင်ရီက စိတ်ဆိုးသွားတော့ပြီး “အစ်ကို ၂၊ အစ်ကိုက အဖြေတွေကို ကောင်းကောင်းလည်း မခန့်မှန်းပေးဘူး၊ ညီမလေးက ဒီနေ့ ပန်းရောင်ဝတ်စုံလေး ဝတ်လာတာကို အရှေ့အဖြေကိုလည်း ညီမလေးလို့ ဖြေတယ်”
“မင်းမှာ ကလေးတွေ အများကြီး ရှိတယ်လေ၊ မဟုတ်ဘူးလား။ ပြီးတော့ နန်းကျောင်းကျောင်းက တစ်ပြိုင်နက်တည်း ကလေးကိုးယောက်တောင် မွေးနိုင်တဲ့ တစ်ဦးတည်းသော မိန်းကလေးပဲကို”
နန်းပေါင်ရီ “…….”
ဒေါသတွေ အရမ်းထွက်လာပြီနော်….
နွေဦးကျောက်စိမ်း စံအိမ်၏ အဖြစ်အပျက်ကိုပဲ တစ်လျှောက်လုံး ပြောနေတော့မှာလားလို့…
သူမရဲ့ စိတ်ဆိုးလို့ ရှုံ့မဲ့လာသည့် မျက်နှာလေးကို တွေ့သောအခါ ရှောင်းယီက တိုးဖွဖွ ရယ်လိုက်ပြီး စကားထာကို တစ်ချက် ယူကြည့်လိုက်သည်။
သူက ခပ်ပေါ့ပေါ့ဖြင့် “ဖရဲသီး”
“ဖရဲသီး”
နန်းပေါင်ရီက အံ့အားသင့် သွားပြီးမှ ချက်ချင်း “ဟုတ်တယ်၊ ဖရဲသီးဆိုတာ အမှန်ပဲ”
သူတို့နှစ်ယောက်က မေးခွန်းတွေကို အတူ ခန့်မှန်းဖြေဆိုကြပြီး ညသန်းခေါင် ရောက်မှသာ အိပ်ခန်းတွေကို ပြန်လာကြသည်။
အိပ်ခန်းဆောင်က နွေးထွေးလှသည်။
နန်းပေါင်ရီက လိုက်ကာ၏ နောက်ကိုဝင်ပြီး ညအိပ်ဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်သည်။ အစေခံက သူမအတွက် အိပ်ရာ ပြင်ပေးပြီးလေပြီ။
သူမက အိပ်ရာထဲကို ဝင်လိုက်သည်။ ခင်းထားသည့် မွေ့ရာက အလွန်ကို နွေးထွေးလှသည်။
ဟယ်ယဲ့က စောင်ကို လွှားခြုံပေးလိုက်ပြီး ပျူငှာစွာဖြင့် “နွေဦးပွဲတော်မှာ မမလေး အိပ်မက်လှလှ မက်ပါစေ”
“နင်ရောပဲ အိပ်မက်လှလှမက်ပါစေ”
နန်းပေါင်ရီက ပြုံးရင်း သူမက ရွှေရောင်လိုက်ကာကို ချပေးသွားတာကို ကြည့်နေသည်။
အိပ်ရာမဝင်ခင် သူမက မွေ့ရာကို ကိုင်ပြီး လိုက်ကာအပြင်ဘက်က မီးအိမ်၏ အလင်းရောင်နှင့် အိပ်ရာအစွန်းက ခြင်္သေ့ခေါင်းကို ကြည့်လိုက်သည်။
ထိုအရာက အမတ်မင်း ပေးထားတာ ဖြစ်သည်။ အခုတော့ ထိုခြင်္သေ့ခေါင်းက ကြည့်ရတာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ သို့ပေမယ့် ဘယ်နေရာကိုပဲ ကြည့်ကြည့် သူမရှက်ကိုးရှက်ကန်း ဖြစ်နေရလေသည်။
ထိုသားရဲကြီးက သူမကို ကာကွယ်ပေးမှာ….
ကောင်မလေးက မျက်လုံးတွေကို ငြိမ်းချမ်းစွာ စိတ်ချလက်ချ မှိတ်လိုက်တော့သည်။
ဒီည အိပ်မက်တွေက ချိုမြလှပြီး ကောင်မလေး၏ နားထဲမှာတော့ ဗုံတီးသံတွေကို တရစပ် ရှင်းရှင်းလင်းလင်း ကြားနေရသည်။
အိပ်မက်ကမ္ဘာထဲ ဝယ်တော့ နွေဦး မီးပုံးပွဲတော်မှာ ဖယောင်းပန်းတွေနဲ့ ခင်းတဲ့လမ်းက ငြိမ်သက် နေလေသည်။
လူငယ်က ကြင်နာစွာဖြင့် သူမ၏ လက်ဖမိုးလေးကို ထိလိုက်သည်။
သူမ၏နှလုံးသားက တဒိတ်ဒိတ် ခုန်နေပြီး အလင်းတို့ ဖြာကျနေသည့် အောက်မှာ မျက်ခုံးလေးက ကွေးညွတ်နေသည်။
သူမက ထိုအချိန်မှာ အစစ်အမှန်ကို အလွန်ပျော်ရွှင် နေခဲ့လေသည်။
***
နောက်တစ်နေ့…
နန်းပေါင်ရီက နန်းကျင်၏ လက်ထပ်ပွဲကို သွားဖို့ လန်းဆန်း တက်ကြွနေပြီး အရှေ့ခြံကို ထွက်လာခဲ့သည်။
လက်ထပ်ပွဲက အလျင်စလို ပြင်ဆင် လိုက်ရတာကြောင့် နန်းကွမ်၏ မင်္ဂလာပွဲတုန်းက ပစ္စည်းတွေကို တန်းပြီး ငှားရမ်းထားတာ ဖြစ်သည်။
နန်းပေါင်ရီ ရောက်သွားသောအခါ လျိုမိသားစုတွေက တံစက်မြိတ်၏ အောက်တွင် ရပ်ပြီး မသင့်တော်တဲ့ အပြုအမူဖြင့် ရှိနေသည်။ အဟောင်းတွေကို မနှစ်မြို့ဟန်ဖြင့် သူမ၏အဖေကို အသစ်ဖြင့် လဲလှယ်ပေးဖို့ အော်ဟစ် ဆူပူနေသည်။ လျိုလန်အာကိုလည်း သူမ၏သားကို ဖြားယောင်း သွေးဆောင်တာကြောင့် အရှက်မရှိဘူးဆိုပြီး ဆဲဆိုကြိမ်းမောင်း နေလေသည်။ အသက်ငယ်ပေမယ့် အကြံကြီးတယ် ဆိုပြီးလည်း ဆဲဆိုသေးသည်။
နန်းပေါင်ရီက ပန်းထိုးပဝါနဲ့ ကာလိုက်ပြီး နှုတ်ခမ်းတွေိကို ပိတ်၍ တခစ်ခစ် ရယ်တော့သည်။
လျိုရှောင်မုံ့က အမြင့်ကို တက်လှမ်းနိုင်ပြီဟု ထင်မှတ်ထားခဲ့ပြီး သူမ၏ ကလေးနှစ်ယောက်အတွက် ရည်မှန်းချက် ကြီးကြီးထားခဲ့သည်။
အခုတော့ သူမက တရားဝင်ဇနီး တစ်ယောက် မဖြစ်နိုင်တော့ချေ။ သူမရဲ့သား၏ အနာဂတ်ကလည်း ပျက်စီးသွားခဲ့တဲ့အပြင် တောသူမလေး တစ်ယောက်နဲ့လည်း လက်ထပ်ဖို့ ဖိအားပေး ခံရသေးသည်။ သူမက ထိုမိန်းကလေးကို အရင်ကတည်းက အထင်သေးခဲ့သည်။ ခါးသီးလိုက်သည့် ဘဝကြီးပင်။
ချန်းယဲ့ရူက လက်ကိုင်မီးဖို အသေးလေးကိုကိုင်ပြီး ဝင်လာသည်။
နန်းပေါင်ရီက အဝေး၌ ရပ်နေတာကို မြင်သွားသောအခါ သူမ ပြုံးရင်း “ကျောင်းကျောင်း၊ အစောကြီး ထလာတာလား”
“ဒေါ်ဒေါ်ချန်း”
နန်းပေါင်ရီက အနည်းငယ် အရိုအသေ ပြုလိုက်သည်။
ချန်းယဲ့ရူက လျိုရှောင်မုံ့ကို တစ်ချက်ကြည့်ပြီး “ဒီမိန်းမရဲ့ စကားတွေက ရွံစရာ ကောင်းလိုက်တာ၊ ဘာလို့သမီးက ဒီမှာရပ်ပြီး နားထောင် နေရတာလဲ။ လူတွေခေါ် ဖမ်းချုပ်ပြီး ထင်းဂိုထောင်ထဲမှာ သော့ခတ်ပိတ် ထားလိုက်လေ”
နန်းပေါင်ရီက ညင်သာစွာ ပြုံးနေပြီး ဘာမှပြန်မဖြေပါချေ။
နည်းနည်း မသင့်တော်ပေမယ့် လျိုရှောင်မုံ့ရဲ့ ဆဲဆိုကြိမ်းမောင်းနေတဲ့ စကားသံတွေကို နားထောင်ရတာ သူမ တကယ် နှစ်သက်မိသည်။
သူက ပိုပြီး အော်ဟစ်ဆူပူလေလေ၊ သူ့ရဲ့ နာကျင်ခံစားရမှုကို ပိုပြီး ပေါ်လွင်စေလေလေ ဖြစ်သည်။
သူတို့က ပိုပြီး နာကျင်ရလေလေ သူမက ပိုပြီး ပျော်ရွှင် ဝမ်းမြောက်လေလေ ဖြစ်သည်။
ကောင်မလေးက မျက်နှာပျက်မှာ ကြောက်နေတယ်လို့ ချန်းယဲ့ရူက ထင်သွားပြီး သူမက အသံပြင်းပြင်းဖြင့် “ဒီလိုနေ့မျိုးမှာ ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ။ သူ့ကိုဖမ်းလိုက်”
မိန်းမကြီး တစ်ယောက်က သူမကို ဖမ်းချုပ်ရန် ပြင်စဉ်မှာပင် လျိုရှောင်မုံ့က ချက်ချင်း ချန်းယဲ့ရူ၏ ရှေ့ကို ပြေးသွားပြီး ဒူးထောက်လိုက်သည်။
သူမက မျက်ရည်တွေ ကျဆင်းနေပြီး “အစ်မယဲ့ရူ၊ ကျင်အာနဲ့ လျိုလန်အာရဲ့ လက်ထပ်ကတိက ရှင်းရှင်းလင်းလင်း မရှိတဲ့ ဟာသတစ်ခု သက်သက်ပါ၊ ကျင်အာက သတိလစ်နေတာကို လျိုလန်အာနဲ့ လက်ထပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ အစ်မ ယဲ့ရူ ကျွန်မတို့တွေက မိသားစုတွေပါ၊ ကျင်အာကလည်း အစ်မရဲ့ သားပါပဲ၊ သူ့အတွက် စဉ်းစားပေးပါဦး”
ချန်းယဲ့ရူက လှောင်ပြုံး ပြုံးလိုက်ပြီး “နင်က အိမ်တော်ထဲကိုတောင် မဝင်ရသေးဘူး၊ နန်းကျင်နဲ့ နန်းယန် ကလည်း နန်းအိမ်တော်က သားသမီးတွေ ဖြစ်မလာသေးဘူး၊ ငါတို့က ဘယ်လိုလုပ်ပြီး မိသားစုတွေလို့ ယူဆလို့ ရပါ့မလဲ။ လျိုမိန်းကလေးက သေချာ ဂရုစိုက်သင့်တယ်၊ ထပ်ပြောရရင် နန်းကျင်ကို လက်ထပ်ပေးဖို့က အားကွမ်ရဲ့ အစီအစဉ်လေ၊ ကျွန်မက ဘယ်လိုလုပ်ပြီး ဖျက်လို့ ရပါ့မလဲ။ လျိုမိန်းကလေး တောင်းဆိုတာ လူမှားနေပြီ”
“နင်….”
သူမငြင်းဆန်လိုက်တာကို တွေ့ပြီး လျိုရှောင်မုံ့က ဒေါသထွက် လာတော့သည်။
သူမက ချန်းယဲ့ရူကို အော်ဟစ် ပစ်ချင်သည်။
ထိုစဉ် အစ်မလျိုက တံစက်မြိတ်အောက်ကို ရောက်လာပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခါးထောက်လျက် “ငါပြောတယ်၊ နင်နည်းနည်းတော့ အားထုတ်သင့်တယ်လို့၊ အခု နင့်သား ဘာဖြစ်နေလဲ မတွေ့ဘူးလား၊ သူ့ကိုမှီပြီး ငါက ဘယ်လိုလုပ် ချမ်းသာပါတော့မလဲ”
“နင်က ထွက်လာရဲသေးတယ်လား။ နင်က ငါ့ကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ထားတာ၊ အဲဒီ သွေးကြွေးကိုတောင် မဆပ်ရသေးဘူး၊ ခွေးမ”
လျိုရှောင်မုံ့က ပြင်းပြင်းထန်ထန် ဒေါသထွက်သွားပြီး ကျိန်ဆဲတော့သည်။ သူမက အစ်မလျိုဆီကို တိုက်ခိုက်ဖို့ ပြေးသွားသည်။
မိန်းမကြမ်းကြီးတွေ အချင်းချင်း တိုက်ခိုက်ကြတာကို နန်းပေါင်ရီ တစ်ခါမှ မမြင်ဖူးပါချေ။
***