အပိုင်း (၂၀၇)
ညီမလေးအစ်ကို ၂ ကို တကယ် သဘောကျတယ်
အကအဖွဲ့မှာ ကျားရှစ်ကောင် ကပြဖျော်ဖြေနေသည်။
ကျားအကကို ကပြသော လူများကိုတော့ ‘စင်ပေါ်ကလူ’လို့ ခေါ်ကြပြီး သူတို့က ဘယ်လို ကရမလဲ ဆိုတာကို သိကြသည်။
ခြင်္သေ့လို အရောင်အဆင်းနဲ့ ပိုးထည်တွေကို ဝတ်ဆင်ထားကြပြီး သူတို့က အထက်သို့မြင့်လိုက် အောက်သို့ နှိမ့်ချလိုက်နဲ့ ကြီးမားသည့် ခြောက်လပန်းပင်လို လုံးဝန်းတဲ့ ပန်းပွားတွေကို ကိုင်ထားပြီး အမဲလိုက်သလို ကကွက်မျိုးတွေနဲ့ တခြား စိတ်ဝင်စားဖို့ ကောင်းသည့် ကကွက်မျိုးစုံကို ကပြဖျော်ဖြေ ကြသည်။ သူတို့၏ သွားစွယ်များကို ထုတ်ပြကြပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ ချစ်စရာ ကောင်းလှသည်။ လူအများ၏ အာရုံကို ဆွဲဆောင်နေကြသည်။
ချစ်စရာ အကောင်းဆုံးကတော့ အငယ်ဆုံး ခြင်္သေ့လေးပင်။ တစ်ခါတစ်ခါ မြေပြင်ပေါ်မှာ လှိမ့်နေပြီး ခြေထောက်တွေကို ပင့်၍ကတတ်သည်။ အစေခံတွေကြားမှာ အလွန်ကို ရေပန်းစား နေတော့သည်။
နန်းအိမ်တော်အတွက် အထူး ကပြခြင်းဖြစ်တာကြောင့် အကအဖွဲ့က ‘စင်ပေါ်ကလူ’တွေက မိန်းကလေးများ၏ အိပ်ဆောင်ရှေ့ကို တမင်သက်သက် ရွှေ့သွားကြပြီး လက်နဲ့အပြည့် အမွေးတွေကို ဆုပ်ယူစေသည်။
ဒီညအပြင်ကို မထွက်ခဲ့သင့်ဘူးလို့ နန်းပေါင်ရီ ခံစားလိုက်ရသည်။
ခြင်္သေ့ရှစ်ကောင်လုံး တစ်ကောင်မှ သူမဆီကို ရောက်မလာကြပါချေ။
သူမ၏အနားကို ရောက်လာသည့် တစ်ကောင်တည်းသော ခြင်္သေ့က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ခြင်္သေ့ခေါင်းက ရေချိုးဇလုံထက်ကြီးပြီး မျက်လုံး နီနီရဲရဲကြီးတွေက သူမကို စူးစိုက်ကြည့်၍ ကြေးခေါင်းလောင်းကို ချိတ်ဆွဲလျက် ‘ဝေါင်း’လို့ ဟိန်းသံပြုသည်။ နန်းပေါင်ရီက အလွန်ကြောက်လန့် လွန်းလို့ လက်တွေ တုန်လာတော့သည်။ သူ့ရဲ့အမွေးတွေကို သူမ မကိုင်ရဲပါချေ။
သူမ တည်ငြိမ်သွားသော အခါမှာတော့ ခြင်္သေ့က ဗုံစည်းချက် နှင့်အတူ အဝေးသို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။
သူမက ပန်းထိုးပဝါလေးကို ဆုပ်ထားရင်း တခြား မိန်းကလေးတွေက ခြင်္သေ့အမွေေးကို ဖမ်းယူလို့ ရကြတာကို သူမတွေ့သည်။
အဘိုးလေးကတောင် လည်ဆံမွေးတွေ အများကြီး ဆုပ်ဖမ်းမိပြီး အားလုံးကို ကျူးကျူးကို ပေးလိုက်တာ တွေ့ရသည်။
သူမ တစ်ယောက်တည်းကသာ ဘာမှမရတဲ့သူပင်…..
ရုတ်တရက် မကျေနပ်မှု ကြီးကြီးမားမားကို ခံစားလိုက်ရသည်။
အမတ်မင်းက ဘာဆိုဘာမှ မရှင်းပြဘဲ ကတိလည်း ဖျက်သေးတယ်၊ ပြီးတော့ ဒီသေသင့်တဲ့ ခြင်္သေ့အမွေး ကလည်း သူမကို လှောင်ပြောင်သေးတယ်။
သူမ၏ မျက်လုံးတွေက နီစွေးလျက် လူအများနှင့် ဝေးသော နေရာကို လှည့်ပြီး ပြေးထွက် သွားတော့သည်။ ဖယောင်းပန်းခိုင်တွေလို ကျဆင်းလာသည့် မျက်ရည်စက်တွေကို သူမ သုတ်ဖယ်ပစ်သည်။
အရှေ့ဘဝတုန်းက မကျေနပ်ချက်တွေကို သည်းခံခဲ့ရပြီး ပြန်လည် မွေးဖွားလာပြီးနောက် လောကကြီးမှာ အသန်မာဆုံး အရဲရင့်ဆုံး မိန်းကလေး တစ်ယောက်လို့ သူမကိုယ်သူမ ထင်ခဲ့သည်။ သို့သော်လည်း ဒီညတော့ ခြင်္သေ့လည်ဆံမွေးလေးကြောင့် သူမ မျက်ရည် သုတ်နေရလေပြီ။
နန်းပေါင်ရီက တကယ်ကို အသုံးမကျဘူးပဲ…..
ကျန်းဆွေ့ဟန်က အရိပ်ထဲမှာ ရပ်နေပြီး ကောင်မလေး၏ မျက်ရည်တွေကို ငေးကြည့်နေသည်။
သူက ယပ်တောင်ကို ဖြန့်ခတ်လိုက်ပြီး အချိန်မီပင် “အာ…ငါဝင်ပါမှ ဖြစ်တော့မဲ့ပုံပဲ”
ကျန်းဆွေ့ဟန်က ကျောက်ဝမ်ခြံကို အပြေးသွားလိုက်ပြီး ခြံဝင်းထဲမှာ တောက်ပ ထိန်လင်းနေတာကို တွေ့လိုက်ရသည်။
ယွီဝေ့က အစေခံတွေကို ဦးဆောင်ပြီး ပိုးထည်ဝတ်စုံတွေ၊ ရွှေခါးပတ်တွေ၊ သားရေဖိနပ်တွေ၊ နန်းသုံးစလွယ်တွေနဲ့ တခြားပစ္စည်းပေါင်း များစွာကို ကိုင်ထားပြီး ရပ်နေကြသည်။
ရှောင်းယီက တတွတ်တွတ် ရေရွတ်နေပြီး ညအိပ်ဝတ်စုံပါးကိုသာ ဝတ်ဆင်ထားပြီး မှန်ရှေ့မှာ ထိုင်နေပြီး ဒီည ဘယ်ရွှေမကိုဋ်ကို ဆင်ယင်ရမလဲ ဆိုတာကို သေချာဂရုတစိုက် ရွေးချယ်နေသည်။
“သခင်လေး”
ကျန်းဆွေ့ဟန်က မြေပြိုမတတ် အသံနဲ့ အော်လိုက်သည်။
“ဒီည ချိန်းဆိုထားတဲ့ဆီကို မသွားဘူးလား၊ နန်းသခင်မလေး ၅ ကငိုနေပြီ၊ ဒီနေရာမှာ ထိုင်ပြီး ဘာဝတ်ရမလဲ ဆိုတာကို စဉ်းစားနေတုန်းလား”
“ငိုနေတယ်”
ရှောင်းယီ၏ မျက်နှာထားက ပေါက်ထွက်တော့မတတ် တင်းမာ သွားတော့သည်။
“မင်းသူ့ကို အနိုင်ကျင့်တာလား”
“ကျွန်တော်….”
ကျန်းဆွေ့ဟန်က ဆွံ့အ သွားတော့သည်။
သူက ပန်းခြံထဲမှာ ဖြစ်ခဲ့သည့် အဖြစ်အပျက်တွေကို တစ်ဖန် ပြန်ပြောပြလိုက်သည်။
“ဘယ်သူပဲဖြစ်ဖြစ် ယောကျ်ားဆိုတာ ကိုယ်ပြောတဲ့ စကားကို ကိုယ်တည်ရတယ်၊ သနားစရာ နန်းမိန်းကလေးက ဝတ်စားပြင်ဆင်ပြီး ပန်းခြံထဲမှာ စောင့်နေတာ၊ လေအေးတွေ တိုက်နေတဲ့ နေရာမှာ တစ်ရှီချန်ကြာတာတောင် အစ်ကိုက ချိန်းဆိုထားတဲ့ ဆီကို ရောက်မလာဘူး၊ အဲဒါက အရမ်းဝမ်းနည်းဖို့ ကောင်းတယ်၊ ကျွန်တော်တောင် နှလုံးသားကွဲကြေမလို ခံစားရတယ်၊ အစ်ကိုက ……”
သူက ထပ်ပြောရန် ကြံနေစဉ်မှာပဲ သူ့ရှေ့မှာ ဘယ်သူမှ မရှိတော့ချေ။
“အာ… အစ်ကိုရှောင်း ဘယ်ရောက် သွားတာလဲ”
သူက ဘေးပတ်ချာလည်ကို အမြန်ရှာလိုက်သည်။
ယွီဝေ့က နှုတ်ခမ်းတွေိကို တွန့်ကွေးပြီး ပြုံးနေသည်။
သူမ၏ သခင်လေးက ကျေနပ်သဘောကျသည့် ဝတ်စုံကို ရှာမတွေ့ခင် အခန်းထဲမှာ နှစ်နာရီကြာအောင် အချိန်ဖြုန်း နေခဲ့သည်။
အခုတော့ သမားတော်ကျန်းက ပေါင်ရီမိန်းကလေး ငိုနေတယ်လို့ ပြောလိုက်သည်နှင့် သခင်လေးက ပန်းခြံထဲကို ဝတ်စုံတောင် မလဲတော့ဘဲ ပြေးထွက် သွားတော့သည်။
ပေါင်ရီမိန်းကလေးက ကြီးမြတ်တဲ့ ကောင်းချီးပေးခံရတဲ့ မိန်းကလေးပင်။
ပန်းဥယျာဉ်၏ ထောင့်လေးမှာတော့….
မက်မွန်ပင်တွေပေါ်မှာ နန်းတော်ပုံသဏ္ဌာန် မီးပုံးအချို့ကို ချိတ်ဆွဲထားပြီး မှိန်ဖျော့နေသည့် အလင်းရောင်နှင့် အရိပ်တွေက ကျိုးတိုးကျဲတဲ ရှိနေသည်။
ဖယောင်းပန်းခိုင်တွေ အများကြီးက ဂိမာန်အစပိုင်းမှာ ငွားငွားစွင့်စွင့် ပွင့်အာနေကြသည်။ အနီရင့်ရောင်နဲ့ အဖြူဖျော့ဖျော့ သန်းနေပြီး အလှတရားရဲ့ ပထမဆုံး ပွင့်လန်းမှုလေးလိုပင်။ လေညင်းလေးကလည်း တိုးဝှေ့တိုက်ခတ် နေသည်။
အဝေးမှာတော့ ရောင်စုံခြင်္သေ့တွေက ကြီးမားသော ခြောက်လပန်းပင်လို လုံးဝန်းတဲ့ ပန်းပွားတွေကို ကိုင်ထားပြီး ကခုန်နေသည်။
နန်းကျောင်းကျောင်း သစ်ပင်အောက်မှာ ရပ်နေသည်ကို သူတွေ့သွားသည်။ ကောင်မလေးက အခါများစွာထက် ပိုပြီး လှလှပပ ဝတ်စားထားလေသည်။
ဆံထုံးလေးကလည်း အလွန် ချစ်စဖွယ် ကောင်းပြီး ရွှေရောင်ဘီးက ယိမ်းနွဲ့နေသည်။ ကော်လာကလည်း ဆွဲဆောင်မှုရှိလှပြီး ဝတ်စုံက ပေါ့ပေါ့ပါးပါးနဲ့ လေအဝှေ့မှာ လွင့်မြောနေသည်။ သူမရဲ့ မျက်လုံး ထောင့်စွန်းလေးက မက်မွန်ပွင့်ချပ်လေးလို နီရဲနေပြီး အားနည်း ဖျော့တော့စွာနဲ့ မျက်ရည်တွေကို သုတ်နေသည်။
သူတကယ်ကို မှားသွားခဲ့လေပြီ။
ရှောင်းယီ၏ နှလုံးသားက အပ်ပေါင်းများစွာဖြင့် ထိုးဆွခံရသလို နာကျင်မှုများ ပြည့်နှက်သွားသည်။
ကောင်မလေးကို လျစ်လျှူရှုမိတဲ့သူက သူသာလျှင် ဖြစ်သည်။
သူက ခြင်္သေ့ခေါင်းကို ကိုင်ပြီး ကောင်မလေးကို အနောက်ကနေ စနောက်ဖို့ ကြိုးစားသည်။
“ငါ့ကို လာမရှုပ်နဲ့….”
နန်းပေါင်ရီက ပန်းထိုးဖိနပ်စီးပြီး စိတ်မချမ်းမသာနှင့် ခြေဆောင့်လိုက်သည်။
ထို့ကြောင့် သူက နောက်ထပ် တစ်ခေါက် ထပ်ထိလိုက်သည်။
နန်းပေါင်ရီက နောက်ကို လှည့်ကြည့်လာသည်။ အလွန့်အလွန် ကြီးမားတဲ့ ခြင်္သေ့ခေါင်းကြီးက အနီရောင် မျက်လုံးကြီးတွေနှင့် သူမကိုစိုက်ကြည့်နေပြီး သူမရှေ့မှာ ပျော်မြူးနေဟန်နဲ့ တွဲလဲကျနေသည်။
သူမက အလန့်တကြားနဲ့ အော်လိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားရတော့သည်။
ရှောင်းယီက ခေါင်းကိုဖယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးရယ်ရင်း “နန်းကျောင်းကျောင်း၊ အံ့ဩသွားလား”
နန်းပေါင်ရီ “….”
ထိတ်လန့်သွားရုံပင်၊ ပျော်တာတော့ မဟုတ်ရပါချေ။
သူမက နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီး ရှောင်းယီကို စိုက်ကြည့်နေသည်။
အမတ်မင်းက ခြင်္သေ့ရဲ့ အေးစက်ပြီး မြင့်မြတ်သည့် ပုံစံတွေကို ယူပြီး ရောင်စုံ ပိုးပန်းပွှား အမြိတ်တွေနဲ့ ခြင်္သေ့ ဝတ်စုံကို ဝတ်ဆင်ထားသည်။ အနက်ရောင် ဖိနပ်ကို ဝတ်ဆင်ထားသည်။ လက်တစ်ဖက်မှာတော့ ခြင်္သေ့ခေါင်းကို ကိုင်ထားပြီး နောက်တစ်ဖက်မှာတော့ ကြီးမားသော ခြောက်လပန်းပင်လို လုံးဝန်းတဲ့ ပန်းပွားကို ကိုင်ထားသည်။
သူက ဒီလို ဈေးပေါသော အဝတ်အစားတွေကို လုံးဝ မဝတ်ဆင်ဖူးခဲ့ချေ။
သို့သော်လည်း မီးပုံး၏ အလင်းအောက်မှာ သူကရပ်နေပြီး ဇာမဏီမျက်လုံးများက ပြုံးရိပ်ထင်နေသည်။ နူးညံ့ပြီး သိမ်မွေ့ငြိမ်သက်တဲ့ အငွေ့အသက်က အရင်ကထက် ပိုနေသည်။
နန်းပေါင်ရီက ငိုကြွေးတာ ရပ်သွားပေမယ့် ရှောင်းယီကို ကြည့်ပြီး သူမ၏ နှာခေါင်းက တစ်ဖန် ချဉ်စူးစူး ဖြစ်လာလေသည်။
သူက စစ်မြေပြင်မှာ အောင်မြင်ကျော်ကြားသော အမတ်မင်းဖြစ်ပြီး ရုံးတော်၏ အရေးကိစ္စတွေကိုတောင် မွှေနှောက်နိုင်သည့် အမတ်မင်းဖြစ်သည်။ သူက အာဏာကို ချုပ်ကိုင်ထားနိုင်ပြီး သူများက ထိလို့မရသောသူ တစ်ယောက်ဖြစ်သည်။
သို့သော် သူမပျော်ရွှင်ဖို့ အတွက် သူက ဒီလိုဝတ်ဆင်ပြီး ခြင်္သေ့အကကို ကပြဖို့အတွက် ဆန္ဒရှိခဲ့သည်။
သူမက မျက်ရည်တွေတွေ ကျလာပြီး လက်ကိုဖွင့်၍ “ဖက်ပေး”
ရှောင်းယီက ပြုံးရင်း “ငါ့ရဲ့လက်ထဲမှာ ပစ္စည်းတွေ ကိုင်ထားတယ်လေ”
နန်းပေါင်ရီက ခဏစဉ်းစားလိုက်ပြီး သူ့ရဲ့ရင်ခွင်ဆီသို့ ပြေးပြီး ခိုဝင်လိုက်လေတော့သည်။
သူမက ညင်သာစွာ သူ့ခါးကို တွယ်ရစ်ထားပြီး မျက်နှာလေးကို သူ့ရဲ့ ရင်ဘတ်မှာ ပွတ်သပ်နေသည်။
သူမက ပျော့ပျောင်းစွာဖြင့် “အစ်ကို ၂ ကို ညီမလေး တကယ် သဘောကျတယ်….”
ရှောင်းယီ အသက် အောင့်လိုက်မိသည်။
နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာကနေ ကျင်ရှသည့် ခံစားချက်က ပျံ့နှံ့လာပြီး ပန်းဥယျာဉ်ကို ဖြတ်သန်း တိုက်ခတ်သွားသော လေညင်းလေး အလား မရေမတွက်နိုင်သည့် အပင်ပေါက်လေးတွေက အလျင်အမြန် ရှင်သန်ကြီးထွား လာကြသလို၊ တဖြည်းဖြည်းနှင့် သူ့နှလုံးသားကို သိမ်းပိုက် လွှမ်းမိုး သွားတော့သည်။
သူ့ရဲ့စိတ်ကို သူတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နှလုံးခုန်နှုန်းကို ထိန်းချုပ်လိုက်သည်။
သူရဲ့ လက်မောင်းကြားထဲက ကောင်မလေးကို ငုံ့ကြည့်လိုက်ပြီး သူမလေးက ပျော့ပျောင်းပြီး ချိုမြိန်လှသည်။ မျက်နှာလေးက နူးညံ့အိစက်နေပြီး ဆန်မုန့်လုံးလေးလို ပေါက်စီလေးလို သူတကယ်ကို တစ်ကိုက်လောက် မြည်းစမ်း လိုက်ချင်သည်။
သူ့ရဲ့လေထဲမှာ အိမ်ဆောက်နေတဲ့ အတွေးတွေကို ဆက်တွေးခွင့် မပေးဘဲ နန်းပေါင်ရီက ခေါင်းကို ပင့်မော့၍ သိချင်လွန်းစွာ မေးလိုက်သည်။
“အစ်ကို ၂၊ ခြင်္သေ့ဝတ်စုံကို ဘယ်ကရလဲဟင်”
ရှောင်းယီက မျက်တောင်တစ်ချက် ခတ်လိုက်သည်။
ဒီဝတ်စုံကိုရဖို့ ခြင်္သေ့လေးကို ရိုက်ခဲ့တယ် ဆိုသည်မှာ ပြောဖို့ ရှက်စရာ ကောင်းလွန်းလှသည်။
သူက ခြင်္သေ့ခေါင်းကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
“ဒီလိုပဲ စုံစမ်းလိုက်တာပေါ့၊ အိမ်တော် တစ်ခုလုံးက မိန်းကလေးတွေ အားလုံးက ခြင်္သေ့လည်ဆံမွေးကို ဖမ်းလို့ မိကြတယ်လို့ ငါကြားတယ်၊ ဒါပေမယ့် နန်းကျောင်းကျောင်းကတော့ မရဘူးတဲ့၊ ဒီမှာလေ၊ ဒီခြင်္သေ့ခေါင်းက မင်းအတွက်ပေါ့”
“ညီမလေးကိုပေးတာ”
နန်းပေါင်ရီက အံ့အားတသင့်ဖြင့် ပွေ့ဖက်လိုက်သည်။
ခြင်္သေ့ခေါင်းတစ်ခုလုံးမှာ အမွေးများနဲ့ ပြည့်နေသည်။ သူမကတော့ အရမ်း ကံကောင်းတော့မှာပဲ။
ရှောင်းယီက သူမ နားရွက်ဖျားလေး နားသို့ တိုးကပ်လိုက်ရင်း ဩရှတဲ့အသံနဲ့ “တခြား မိန်းကလေးတွေက ငါတို့ နန်းကျောင်းကျောင်းလောက် ကံမကောင်းဘူး၊ ငါတို့ကသာ…..”
***