အပိုင်း (၂၀၆)
ဘယ်လောက်ပဲကြာကြာ သူမစောင့်နိုင်ပါတယ်
ရှောင်းယီက ဖိနပ်ကို အသေးစိတ် ကြည့်လိုက်သည်။
ပြီးပြည့်စုံတယ်လို့ သူ မထင်ပေမယ့် ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ဝတ်စုံနဲ့ လိုက်ဖက် နေလေသည်။
သူက ခြေထောက်ကိုဆန့်လိုက်ပြီး “အဲဒီ တစ်စုံသာပေးတော့”
အစေခံငယ်လေးက သူ့ကို ဖိနပ်စီးပေးဖို့အတွက် စောင့်ဆိုင်းနေသည်။
သူမက ရှင်းပြလိုက်သည်။
“သခင်လေးရဲ့ ဝတ်စုံတွေက အရမ်းကြည့်လို့ ကောင်းတယ်၊ ပန်းခြံထဲမှာ လျှောက်သွားရင် ကျိန်းသေပေါက် တခြားသူတွေကို ဆွဲဆောင်နိုင်မှာပဲ၊ မိန်းကလေး ပေါင်ရီတောင်မှ သခင်လေးက အရင်ထက်ပိုပြီး ချောမောနေတယ်လို့ ထင်မှာအမှန်ပဲ”
ရှောင်းယီက ကြမ်းပြင်ပေါ်မှာ ထောင်ထားသည့် ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်လိုက်သည်။
သူက ဘယ်မှညာကို သေချာ စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး ချီတုံချတုံ ဖြစ်နေလေသည်။
ယွီဝေ့က ဝင်မပြောဘဲ မနေနိုင်တော့ချေ။
“သခင်လေး ပန်းခြံထဲကို အခုသွားတော့မယ်မလားဟင်”
ရှောင်းယီက လက်ကို မြှောက်လိုက်ပြီး ဆံထုံးကို ထိလိုက်သည်။
သူက ခဏမျှ စဉ်းစားနေပြီး အလှပြင်ခုံမှာ ထိုင်လိုက်သည်။
“ဒီအမတ်မင်းရဲ့ ဆံထုံးကိုပြန်ထုံးပေး”
ယွီဝေ့ “….”
ပြန်ထုံးရမယ်။
နောက်ထပ် ခန္ဓာကိုယ် အသစ်တစ်ခုများ လိုချင်နေသေးလား။
သူမက တွန့်ဆုတ်စွာ ပြုံးလိုက်ရင်း “သခင်လေး၊ သခင်လေးရဲ့ ဆံထုံးကို ပြန်ထုံးပေးဖို့ဆိုရင် အချိန် အကြာကြီး ယူရမှာ၊ နေ့လယ်က ထုံးပေးထားတာလေ၊ အခုလည်း မပြေသေးဘဲ သေသေသပ်သပ် ရှိတုန်းပါပဲ၊ သခင်လေးက ပြန်ထုံးဖို့ မလိုပါဘူး”
သူမကတော့ မြှောက်ပင့် လိုက်တာပေမယ့် ရှောင်းယီ၏ အတွေးမှာတော့ လက်ခနဲ ဖြစ်သွားသည်။
အဲဒီလိုပြောမှပဲ သူနေ့လယ်က မြေအောက် အကျဉ်းထောင်ကို သွားပြီး ဟောင်လောင်ကျူးကို သွားကြည့်ခဲ့သေးသည်။
သူ့ခန္ဓာကိုယ်မှာ သွေးညှီနဲ့များ ရနေမလား။
သူက ထရပ်လိုက်ပြီး အနောက်ခန်းထဲသို့ ဝင်သွားသည်။
ယွီဝေ့က နားမလည်နိုင် ဖြစ်သွားရပြီး “သခင်လေး”
“ရေပူပြင်လိုက်၊ ငါရေချိုးပြီး အဝတ်အစား ပြန်လဲမယ်”
ယွီဝေ့ “…..”
ဒီည မီးပုံးပွဲတော်ကို သခင်လေးက သွားရော သွားဦးမှာလား။
ပန်းဥယျာဉ်ထဲမှာတော့….
ကျန်းဆွေ့ဟန်က ယပ်တောင်ကို တဖျတ်ဖျတ် ခတ်နေပြီး နားနေဆောင်ထဲကို အလျင်စလို မရှိဘဲ ဝင်လာခဲ့သည်။
နန်းကွမ်က သူ့ကို အလျင်အမြန် အရိုအသေ ေးလိုက်ပြီး “သမားတော်ကျန်း၊ ကျင်အာက အခုလေးတင် သွေးအန်ပြီး မျက်နှာကလည်း ဖျော့တော့သွားတာ၊ အဲ့ဒါကြောင့် သမားတော် မြန်မြန်လေး ကြည့်ပေးပါဦး”
ကျန်းဆွေ့ဟန်ကလည်း ပြန်ပြီး အရိုအသေ ပေးလိုက်သည်။
သူက ထိုင်ခုံမှာ ထိုင်လိုက်ပြီး နန်းကျင်ရဲ့ သွေးခုန်နှုန်းကို တည်ကြည် လေးနက်စွာ စမ်းသပ်ကြည့် လိုက်သည်။
နန်းပေါင်ရီက နန်းကွမ်၏ နောက်၌ ရပ်နေပြီး သူ့ကို ကြိုးစားပမ်းစားဖြင့် အချက်ပြနေသည်။
ဟယ်ယဲ့က သူမ၏ နောက်မှာ ဘာမှန်းမဖော်ပြနိုင်သည့် ခံစားချက်နဲ့ ကြည့်နေသည်။ သူမ၏ မမလေးက စိတ်ကစဉ့်ကလျားများ ဖြစ်နေတာလား ဟုတောင် တွေးတောမိနေသည်။
ကျန်းဆွေ့ဟန်က မျက်မှောင်ကြုတ်၍ အချိန်ခဏမျှ ကြည့်နေပြီး ရုတ်ခြည်းခေါင်းကို ညိတ်လိုက်သည်။ ရောဂါလက္ခဏာ ရှာတွေ့သွားပုံ ပေါ်သည်။
သူက မျက်နှာထား တင်းတင်းဖြင့် “ဦးလေး ၃ သခင်လေး နန်းကျင်က သွေးအန်ပြီး ဖြူဖျော့နေတယ် ဆိုတာက သူရဲ့ဒေါသကြောင့်ပါ”
ဟယ်ယဲ့က အံ့အားသင့် သွားတော့သည်။
သူမရဲ့မမလေး လုပ်ပြနေတဲ့ အချက်ပြမှုကို ဘုရားသခင်တောင် ဘာကို ဆိုလိုတယ်ဆိုတာ မပြောနိုင်လောက်ပါချေ။
သမားတော်ကျန်းနှင့် မမလေးက စိတ်ချင်းများ ဆက်နေကြတာလား။
နန်းကွမ်က မေးလိုက်သည်။
“ပြီးတော့ရော ကျင်အာက ဘယ်တော့လောက် နိုးလာမှာလဲ”
“နောက်ထပ် သုံးလကနေ ငါးလအတွင်း ဒါမှမဟုတ် ခုနစ်နှစ်၊ ရှစ်နှစ်လောက်”
နန်းကွမ်က အံ့အားသင့်ပြီး ထိတ်လန့် သွားတော့သည်။
“အဲ့လောက်တောင် ကြာမှာလား။ သမားတော် ရောဂါနာမည်များ မှားတပ်မိသလား”
ကျန်းဆွေ့ဟန်က သူ့ကို မျက်စိစောင်း၍ ကြည့်လိုက်ပြီး “ကျုပ်ရဲ့ အစွမ်းအစကို လျော့တွက်တာလား”
နန်းကွမ်က ပြန်ဖြေလာသည်။
“အဲ့လိုတော့မဟုတ်…..”
“ဒါပေါ့၊ သူ့ကို စောစောနိုးစေချင်ရင် နည်းလမ်း တစ်ခုတော့ရှိတယ်”
ကျန်းဆွေ့ဟန်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောမည့် ဟန်ဖြင့်
နန်းကွမ်က အံ့ဩသွားပြီး “ဘာနည်းလမ်းလဲ”
“လက်ထပ်ခြင်းပဲ၊ သူ့အတွက် မိန်းကလေး တစ်ယောက်ကို ရွေးချယ်ပြီး လက်ထပ်လိုက်မယ် ဆိုရင် သူပျော်ရွှင် သွားလိမ့်မယ်၊ ပြီးတော့ သူက ယင်ဓါတ်နဲ့ ယန်ဓါတ်ကိုလည်း ရလိမ့်မယ်၊ အဲ့ဒါက သူ့ကို မြန်မြန် နိုးလာစေလိမ့်မယ်၊ သခင်လေး နန်းကျင်မှာ စေ့စပ်ထားတဲ့ မိန်းကလေး အဆင်သင့် ရှိတယ်လို့ ကျွန်တော် ကြားထားတယ်၊ ဆန္ဒရှိရင်တော့ လုပ်ပေါ့”
“မင်္ဂလာပွဲ။ အာ လက်ထပ်ပွဲ ဟုတ်ပြီ”
နန်းကွမ်က ပြုံးရင်း ချီးမွမ်းခန်း ဖွင့်လေတော့သည်။
“တချို့လူတွေ သေခါနီး ဖြစ်တဲ့အခါမှာ သူတို့ရဲ့ မိသားစုတွေက ပျော်စရာတွေကို မျှဝေပေးရင် သူတို့ ဘဝက မကြာခင်မှာ ပြန်ပြီး ရှင်သန် လာတတ်တယ်လို့ ကြားဖူးတယ်၊ သမားတော်ကျန်း၊ ကျုပ် အတိအကျကို လိုက်နာပါ့မယ်၊ ကျုပ်သားကို အရှေ့ခြံကို ပြန်ခေါ်သွားပြီး လျိုလန်အာကို မနက်ဖြန် လက်ထပ်ဖို့ ပြင်ဆင်ထားဖို့ ပြောလိုက်မယ်”
ပြောပြီးနောက် သူက နန်းကျင်ကို သယ်ခေါ်သွားဖို့ အမိန့်ပေးလိုက်ပြီး အရှေ့ခြံကို ခပ်သုတ်သုတ် ထွက်သွားတော့သည်။
နန်းပေါင်ရီက သူတို့ ထွက်သွားတာကို ကြည့်နေရင်း ကျန်းဆွေ့ဟန်ကို လက်မ ထောင်ပြလိုက်သည်။
သူမက အပြုံးချိုချိုလေးကို ပြုံးလိုက်ပြီး “အစ်ကိုကျန်းက အတော်ဆုံးပဲ”
အစေခံငယ်လေးတွေကို သိမ်းဝှက်ပြီး ကာကွယ် လိုက်နိုင်ရုံမက နန်းကျင်နဲ့ လျိုလန်အာ ကိုလည်း အမြန်ဆုံး လက်ထပ် ဖြစ်သွားအောင် တွန်းပို့လိုက်နိုင်သည်။
လျိုလန်အာက သနားစရာ ကောင်းလှသော ချစ်သူလေးဖြစ်ပြီး နန်းကျင်လို အနာဂတ် ပျောက်နေသည့် လူစားမျိုးနဲ့မှ လက်ထပ်ရမယ်ဆိုရင် သူမက ကျိန်းသေပေါက် ဟောင်ရင်းဆီကို သွားလိမ့်မည် ဖြစ်သည်။
နန်းကျင် နိုးလာသောအခါ ဦးထုပ်စိမ်း ဆောင်းခံလိုက်ရမှန်း သိသွားတော့မှာ….
ကျန်းဆွေ့ဟန်က သိချင်သွားပြီး “ဘာလို့ မီးပုံးပွဲကို တစ်ယောက်တည်း လာတာလဲ။ မင်းရဲ့အစ်ကို ၂ ရော”
ရှောင်းယီရဲ့ အစေခံတွေက နေ့လယ်ခင်း ကတည်းက ပြာယာခတ် နေကြတာကို ကျန်းဆွေ့ဟန် တွေ့ထားပြီး သူက နန်းသခင်မလေး ၅ နဲ့ ပန်းခြံထဲက နွေဦးပွဲတော်ကို ဆင်နွှဲဖို့ သွားမည်ဟု သိထားသည်။
သူက ဒီမှာ ဘာလို့မရှိတာလဲ၊ အခုထိတောင် မရောက်သေးတာလား။
နန်းပေါင်ရီ၏ မီးငှက်မျက်လုံးတွေက မှိန်ဖျော့ သွားတော့သည်။
သူမက ပန်းထိုးပဝါလေးကို နူးညံ့စွာ ဆုပ်ချေနေပြီး တိုးဖွဖွ အသံလေးနဲ့ “သူမလာတော့ဘူး ထင်တယ်”
ကျန်းဆွေ့ဟန်က မျက်ခုံးပင့် သွားတော့သည်။
ဒီလူငယ်စုံတွဲက အထင်အမြင် လွဲနေကြတာလား။
သူက နန်းပေါင်ရီ တစ်ယောက် ချစ်သူမရှိ ဖြစ်နေတာကို သနားသွားပြီး ကမ်းလှမ်းလိုက်သည်။
“အဲ့ဒါဆို ငါမင်းနဲ့အတူ မီးပုံးပွဲတော်ကို လျှောက်လည် ကြမယ်လေ၊ နောက်ပိုင်းကျရင် နဂါးခြင်္သေ့အကလည်း ကပြဖျော်ဖြေမယ်လို့ ငါကြားထားတယ်၊ ငါ့ရဲ့မျက်စိကို အစာကျွေးရမယ်”
နဂါးခြင်္သေ့အက ရှန်ဟိုင်းပွဲတော်ရဲ့ ရိုးရာအစဉ်အလာ တစ်ခုဖြစ်သည်။
များသောအားဖြင့် အစိုးရရုံးတော်က နဂါးခြင်္သေ့အက ကဖို့အတွက် အဖွဲ့ကို ဖိတ်ခေါ်ပြီး မြို့တော်တွေနဲ့ မြို့ငယ်လေးတွေကို လှည့်ပတ်ပြီး ဖျော်ဖြေလေ့ ရှိသည်။ တံခါးဝရှေ့တွင် မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေ ဖောက်ပြီး ကြိုဆိုသည့် အိမ်များ အရှေ့တွင် ခေတ္တမျှ ရပ်ပြီး ဖျော်ဖြေ တတ်ကြသည်။
ထိုအဖွဲ့၏ နောက်တွင် ကလေးတွေ အများကြီး အုပ်စုလိုက်ပါလာတတ်ပြီး ချီးကျူးဂုဏ်ပြုရင်း ပြေးလိုက်တတ်ကြသည်။ ခြင်္သေ့၏ အမြှီးက အမွေးကို ဆွဲနုတ်နိုင်ရင် ဂုဏ်ယူစရာ တစ်ခုဖြစ်သည်။
ထိုသို့ အမွေးကိုရသော သူက ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရတယ်လို့ ပြောလေ့ရှိပြီး နှစ်သစ် တစ်နှစ်လုံးကို ကောင်းမွန် ချောမွေ့စွာ ဖြတ်သန်း နိုင်လိမ့်မည်။
နန်းအိမ်တော်၏ ကြွယ်ဝချမ်းသာမှုကြောင့် နှစ်စဉ်နှစ်တိုင်း သူတို့က ကိုယ်ပိုင် ငွေိကိုသုံးပြီး နဂါးခြင်္သေ့ အကအဖွဲ့ကို ပန်းခြံထဲမှာ ဖျော်ဖြေဖို့ ဖိတ်ခေါ်တတ်သည်။ မီးပုံးပွဲတော်က နန်းအိမ်တော်ရှိ လူငယ်များ အနှစ်သက်ဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။
နန်းပေါင်ရီနှင့် ကျန်းဆွေ့ဟန်က ပန်းခြံကို အတူတကွ လျှောက်လည် ကြသည်။
သူက ယဉ်ကျေးစွာနှင့် ပြောဆို ဆက်ဆံတတ်ပြီး သူနှင့် စကားပြောရင်း မီးပုံးတွေ လိုက်ကြည့်ရတာက သူငယ်ချင်း အရင်းတွေ ပြန်လည် ပေါင်းစည်းရသလို ခံစားရသည်။
သို့သော်လည်း ကောင်မလေး၏ စိတ်ထဲမှာတော့ လစ်ဟာမှု တစ်ခုရှိနေဆဲပင်။
အဝေးက ကခုန်တီးမှုတ် သံတွေကို ကြားနေရသည်။ ကျောက်တံတားလေးပေါ်မှာ ထိန်လင်းနေအောင် ထွန်းထားတဲ့ အလင်းရောင်ကိုလည်း တွေ့ရသည်။ နားနေဆောင်မှာ လင်းနေသည့်မီးတွေ၊ ပန်းတွေ ဝေဝေဆာဆာ ဖူးပွင့်နေတဲ့ လမ်းလေး၊ နေရာတိုင်းက စည်ကား သက်ဝင်နေပြီး နေရာတိုင်းမှာ ပျော်စရာတွေချည်းပင်။ နေရာတိုင်းမှာ လှုပ်ရှားတက်ကြွ နေကြသည်။
ကျန်းဆွေ့ဟန်က မီးပုံးပဟေဠိကို ဖြေရှင်းဖို့ ထွက်သွားသောအခါ သူမက မီးပုံးလေး၏ ဘေးတွင် တစ်ယောက်တည်း အထီးကျန်စွာရပ်ရင်း တိုးဖွဖွ ပြောနေသည်။
“မီးငှက်လို ညတာက ပန်းပွင့်တွေနဲ့ ထောင်ပေါင်း များစွာသော အပင်တွေကို ချန်ထားခဲ့တယ်၊ လေညင်းကလည်း ပိုပိုပြီး တိုက်ခတ်လာတယ်၊ ပြီးတော့ ကြယ်စင်တွေကလည်း မိုးစက်တွေလို များပြားလှတယ်၊ လမ်းမပေါ်မှာ လှုပ်ရှားသွားလာနေကြတဲ့ ရထားလုံးတွေနဲ့ ဇာမဏီပလွေရဲ့ တေးသံသာရယ် ကျောက်စိမ်းအိုးလေးက အလင်းတွေ ဖြာနေတယ်၊ ငါးတွေနဲ့အတူ နဂါးအကကို တစ်ညလုံး ရှုစားရမယ်၊ ရထားလုံးလေးက သူ့ကို အကြိမ်ထောင်ပေါင်း များစွာ ဖွေရှာနေပါတယ်၊ ရုတ်တရက် နောက်လှည့်ကြည့် လိုက်သောအခါမှာတော့ လူတစ်ယောက်က အဲဒီနေရာမှာ ရှိနေတယ်၊ မှေးမှိန်ဖျောတော့စွာ လင်းနေတဲ့ နေရာလေးမှာပေါ့”
သူမက ခြေလှမ်း ရပ်လိုက်သော အခါတိုင်းမှာ သူမက နောက်ကို လှည့်ကြည့်တတ်သည်။ ကဗျာလေးထဲက အတိုင်း နောက်ကို တစ်ချက်လှည့် ကြည့်လိုက်သော အခါတိုင်းမှာ သူရှိနေဖို့ သူမမျှော်လင့်ခဲ့သည်။
သို့သော်လည်း ခပ်မှိန်မှိန် အလင်းအောက်မှာ သူရော ပန်းဥယျာဉ်ကြီးရော ရှိမနေပါချေ။
သူမ၏ ဘေးမှာ သူမရှိပါချေ။
နန်းပေါင်ရီ၏ နှာခေါင်းက ချဉ်စူးစူး ခံစားချက်ကို ခံစားလိုက်ရသည်။
သူက နွေဦးပွဲတော်ကို သူမနဲ့အတူ ဆင်နွှဲမယ်လို့ သေချာ ပြောထားခဲ့ရဲ့သားနဲ့ စတင်ပြီး ချိန်းဆိုတာက သူဖြစ်ပြီး သူကသာ ကတိကို ဖောက်ဖျက်သူဖြစ်သည်။
သူမက လက်ကို မြှောက်လိုက်ပြီး နှလုံးသားရှိရာ ရင်ဘတ်လေးကို ဖိထားလိုက်သည်။ ထိုနေရာလေးက သူမ၏ နှစ်ဘဝလုံးမှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုးနဲ့ ထူးထူးဆန်းဆန်း နာကျင်နေရသည်။
အမတ်မင်းကြောင့် သူမထပ်ပြီး နေမကောင်း ဖြစ်ပြန်ပြီလား…..
ရုတ်တရက် အဝေးဆီက စိတ်လှုပ်ရှားစရာ တစ်ခုကို တွေ့လိုက်ရသည်။
ဗုံတွေ တီးခတ်သံကို ကြားရပြီး လူအုပ်လိုက်ကြီးက မီးတုတ်များဖြင့် ပန်းခြံထဲသို့ ဝင်လာကြသည်။ လင်းထိန်နေသည့် အလင်းရောင် အောက်တွင် နဂါးခြင်္သေ့က ကနေလေသည်။
ပန်းခြံ တစ်ခုလုံးက အံ့အားသင့်စွာနဲ့ အော်ဟစ်ကြတော့သည်။ အငယ်တွေက လက်ခုပ်တွေတီးပြီး နဂါးကို ပွတ်သပ်ကြသည်။ သူတို့က လဲကျသွားရင်တောင် ပြန်ကုန်းထ၍ ဆက်ပြီး အော်ဟစ် အားပေးနေကြသည်။
“ဟေး….”
ကျန်းဆွေ့ဟန်က ကလေးလေး တစ်ယောက်လို အော်ဟစ်လိုက်သည်။
“ငါဒီလိုမျိုး ပွဲတော်မှာ ပျော်ရွှင်စွာ မဆင်နွှဲရတာ နှစ်ပေါင်း အတော်ကြာပြီ၊ ရွာမှာပဲ နဂါးခြင်္သေ့အကကို တွေ့ဖူးတာ၊ အဘွားအိမ်မှာ နေတုန်းက ငါငယ်ငယ်တုန်းကပေါ့၊ ဒါပေမယ့် အခုလောက်တော့ စိတ်ဝင်စားဖို့ မကောင်းဘူး….”
ပြောနေစဉ်မှာပဲ နန်းပေါင်ရီက ခေါင်းလေးကိုငုံ့ပြီး အလွန်ကြေကွဲ ဝမ်းနည်းနေတာကို သူရုတ်တရက်ကြီး သိသွားတော့သည်။
သူ့ရဲ့စိတ်ထဲမှာ ပို၍ သနားသွားရလေသည်။ သူ့အစ်ကိုက ဒီကောင်မလေးကို ထိုသို့ သနားစရာလေး ဖြစ်အောင် လုပ်နိုင်သည်လား။
သူကပြုံးရင်း နွေးထွေးစွာ ပြောလိုက်သည်။
“အကအဖွဲ့က ဒီကို ရောက်နေပြီလေ၊ နန်းမမလေး ၅ မင်းက အားရှိတာပဲ၊ ကျားမြှီးတစ်ပင်လောက် သွားဆွဲသင့်တယ်၊ အဲဒီအမွှေးလေးက မင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်”
“ညီမ လုပ်ကြည့်ချင်တယ်….”
နန်းပေါင်ရီက မျက်နှာလေးကို ပင့်မော့လာပြီး မျက်လုံးရွှဲကြီးတွေက တောက်ပ ရွှန်းလဲ့နေသည်။
ဒီည သူမ အလိုချင်ဆုံး ဆုကိုသာ တောင်းဆိုရမယ်ဆိုရင် အမတ်မင်းက ချိန်းဆိုမှုအတိုင်း ရောက်လာဖို့သာ ဖြစ်သည်။
ဘယ်လောက်ပဲ နောက်ကျနေပါစေ၊ သူမစောင့်နိုင်ပါသည်။
***