အပိုင်း (၂၀၄)
အစ်ကို ၂ ရဲ့လျှို့ဝှက်စာ
“အဘွား”
နန်းပေါင်ရီက ခြေလှမ်းကို သွက်သွက် လှမ်းလိုက်ပြီး ခေါ်လိုက်လိုက်ချင်းမှာပဲ အဒေါ်ကျိ၏ ဟန့်တား ခံလိုက်ရသည်။
အဒေါ်ကျိက သူမကို ဘေးဘက်သို့ ခေါ်သွားပြီး နွေးထွေးစွာနဲ့ “သခင်မကြီးက စိတ်ဆိုးနေတယ်၊ အခုချိန် မဝင်သေးတာ အကောင်းဆုံးပဲ”
နန်းပေါင်ရီက လိမ္မာဟန် ဆောင်လိုက်ပြီး “အမေကျိ၊ သမီးက ဟောင်သခင်လေးကို ဥယျဉ်ထဲကို ခေါ်သွားတာ လမ်းတစ်ဝက်မှာ သူက ထွက်သွားမယ်လို့ ဘယ်သိပါ့မလဲ၊ သူ ဘယ်ကို ထွက်သွားလဲဆိုတာ သမီးမသိဘူး၊ သမီးက ဧည့်သည်ကို ကောင်းကောင်း မဆက်ဆံဘူးဆိုပြီး အဘွား စိတ်ဆိုးမှာစိုးလို့”
“သခင်မကြီးက မမလေးပေါင်ရီကို လုံးဝစိတ်ဆိုးမှာ မဟုတ်ပါဘူး”
အဒေါ်ကျိက ကြင်နာစွာဖြင့် နှစ်သိမ့်လိုက်သည်။ သို့သော်လည်း အသေးစိတ် အကြောင်းအရာကိုတော့ ပြောမပြပါချေ။
အထဲက ဆွေးနွေးပွဲ အကြောင်းနှင့် ဟောင်သခင်လေး၏ အဝတ်ဗလာ ဖြစ်နေသည့် အကြောင်းကိုတော့ ပြောလို့ မဖြစ်ဘူး မလား။
နန်းပေါင်ရီက ထပ်မေးလိုက်သည်။
“အမေကျိ၊ ဝမ်းကွဲမမနဲ့ စေ့စပ်ပေးမဲ့ မိသားစုတွေက ကြည့်ရတာ ဘယ်လိုနေလဲဟင်။
“သခင်မကြီးနဲ့ ဟောင်မိသားစုတွေက သိပ်အဆင်မပြေကြဘူး၊ ဒီလက်ထပ်ပွဲက မဖြစ်လာမှာတောင် စိုးရတယ်”
အဒေါ်ကျိက တုံးတုံးအအဖြင့် “ပြီးတော့ မမလေး ၄ အတွက် သခင်လေး တစ်ယောက် ရွေးပေးတယ် ဆိုတာက ဟင်းသီးဟင်းရွက် ဝယ်သလိုမှ မြန်မြန်လုပ်လို့ ရတာမှ မဟုတ်တာ၊ လောလို့မရဘူး၊ ဒီအစေခံရဲ့ သဘောအတိုင်း ဆိုရင်တော့ ဖြည်းဖြည်းချင်း အချိန်ယူပြီး စောင့်ကြည့် လေ့လာသင့်သေးတယ်”
“အမှန်ပဲ၊ သမီးက ငယ်သေးပေမယ့် တို့ဖူးကိုတော့ အလျင်စလို မစားသင့်ဘူး ဆိုတာကို သိပါသေးတယ်၊ ပြီးတော့ သမီး မျှော်လင့်တာက ဝမ်းကွဲမမက အိမ်တော်မှာ သမီးနဲ့အတူ နောက်ထပ် နှစ်နှစ်လောက် ထပ်နေပေးဖို့ပါ”
နန်းပေါင်ရီက စကားအဆုံးမှာပဲ စိတ်ချမ်းသာစွာနဲ့ ပြန်ထွက် သွားလေတော့သည်။
ဟောင်ရင်းက သူမ၏ ဝမ်းကွဲမမနှင့် မတန်ပေ။ နောက်အနာဂတ်မှာ သူမကိုယ်တိုင် ဝမ်းကွဲမမ၏ ခမ်းနားကြီးကျယ်သည့် လက်ထပ်ပွဲကို စီစဉ်ပေးရမည်။
နွေဦးပွဲတော်ကို ရောက်တော့မည် ဖြစ်သည်။
နန်းအိမ်တော်၏ နေရာတိုင်းမှာ ရောင်စုံမီးပုံးတွေကို ချိတ်ဆွဲထားသည်။ နန်းတော်ပုံစံ မီးပုံးတွေ၊ သားရဲခေါင်းပုံစံ မီးပုံးတေွ၊ ပန်းပွင့်ပုံစံ မီးပုံးတွေ၊ ကြက်၊ ငှက်ပုံစံမီးပုံးတွေနှင့် တခြား ပုံစံမီးပုံးတွေကို နေရာတိုင်းမှာ တွေ့နိုင်သည်။ မီးပုံးတွေ စုံလင်စွာ ချိတ်ဆွဲထားဟန်က ဈေးမှာထက် အရေအတွက် မလျော့ပေ။
ပဟေဠိတွေကို မီးပုံးမှာ ရေးထားပြီး ဧည့်သည်တွေက ဖြေဆိုကြရင် စာရွက်ကို ခွာလိုက်ပြီး ရှေ့ကလူက ဘယ်လို ဖြေထားလဲ ဆိုတာကို တိုက်ကြည့်နိုင်သည်။
ညသန်းခေါင် ရောက်သောအခါ ပဟေဠိ အများဆုံး ဖြေနိုင်သောသူက ဆုကို ရမှာဖြစ်သည်။
နှစ်ပေါင်း နှစ်ရာရှိပြီဖြစ်တဲ့ နန်းအိမ်တော်ရဲ့ ပွဲတော် အစဉ်အလာတစ်ခု ဖြစ်သည်။ အဆင့်အတန်းကို ထည့်မတွက်ဘဲ အစေခံတွေနဲ့ အစောင့်တွေတောင် ပါဝင် ယှဉ်ပြိုင်နိုင်သည်။
ထို့ကြောင့် ညနေပိုင်းမှာတော့.. အစေခံငယ်လေးတွေက အဝတ်အစား သစ်တွေကို ဝတ်ဆင်ထားကြပြီး ခါတိုင်းထက် ပို၍ လှပအောင် ဖြီးလိမ်း ပြင်ဆင်ထားကြသည်။ ကြီးကြယ် ခမ်းနားသည့် ဥယျာဉ်ကြီးထဲကို ပျော်ရွှင်စွာ ပြေးကြတော့သည်။
နန်းပေါင်ရီက ဟယ်ယဲ့ကို ရွှေရောင် မီးပုံးလေး တပ်ဆင်ဖို့ ကူညီပေးရင်း အပြုံးတစ်ပွင့်ဖြင့် “ဟယ်ယဲ့က အရမ်းလှလှလေး ဝတ်ထားတာပဲ၊ ဒီည ငါနဲ့မလိုက်ခဲ့လည်း ရတယ်၊ ပန်းခြံထဲကို သွားပြီး မီးပုံး ပဟေဠိတွေ သွားဖြေလေ”
ဟယ်ယဲ့က ငြင်းဆန်လိုက်သည်။
“အရင် နှစ်တွေတုန်းကလည်း ဒီအစေခံက မမလေးနဲ့ပဲ လိုက်လည်ခဲ့တာပါ၊ ဒီနှစ်ရော ဘာလို့ ခြွင်းချက် ဖြစ်ရမှာလဲ၊ ပန်းခြံထဲမှာ လူတွေ အများကြီးပဲ၊ မျက်လုံး မကောင်းတဲ့သူ တစ်ယောက်ယောက် ကများ မမလေးကို တိုက်မိရင် ဘယ်လို လုပ်မလဲ”
နန်းပေါင်ရီက ခေါင်းညိတ် လိုက်သည်။ သူမက ပြတင်းမှာ ချိတ်ထားသော ဝါးကျည်တောက်လေးကို တစ်ချက် ကြည့်သည်။
မနေ့က မနက်ခင်းမှာ အစ်ကို ၂ ဆီက လျှို့ဝှက်စာ တစ်စောင် သူမရခဲ့သည်။ မီးပုံးပွဲတော်ကို သူနဲ့အတူ လည်ပြီး ပဟေဠိတွေကို အတူတူ ခန့်မှန်းကြဖို့ သွားမလားလို့ မေးလာသည်။
အကြောင်းပြချက် တချို့ကြောင့် သူမက ဟယ်ယဲ့ကို မလိုက်စေချင်ပေ….
သူမနှင့် အမတ်မင်း၊ နှစ်ယောက်တည်း ပေါက်စီတွေစားပြီး မီးပုံးတွေကို ကြည့်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။
သူမက ချော့မော့ ပြောလိုက်သည်။
“ကောင်းတဲ့ ဟယ်ယဲ့လေး၊ ငါအသက်ကြီးနေပါပြီ၊ တခြား သူတွေရဲ့ အတိုက်မခံရတော့ပါဘူး”
“မရဘူး၊ သခင်မ အသက်ရှိစဉ်တုန်းက ပြောထားတယ်၊ ဒီအစေခံက မမလေးကို ကောင်းကောင်း စောင့်ရှောက်ရမယ်တဲ့၊ အဲ့ဒါကြောင့် ဒီအစေခံက မမလေးရဲ့ နောက်ကိုပဲ အမြဲတမ်း ဖဝါးထပ်မကွာ လိုက်နေမှာ”
ဟယ်ယဲ့က လက်သီးဆုပ်လေးကို ဖျစ်ညှစ်လိုက်ပြီး သေခြင်းတရားကိုတောင် ရင်ဆိုင်မည့်ဟန်ပင်။
နန်းပေါင်ရီခမျာ ငိုချင်သွားပါတော့သည်။
သူမက ဟယ်ယဲ့ကို အတူလိုက်ခွင့် မပြုချင်တာကြောင့် ဖယ်ထုတ်နိုင်ဖို့ အခွင့်အရေးကို ပန်းခြံဆီသွားရင်း တိတ်တဆိတ် စောင့်ဆိုင်းဖို့ စဉ်းစားလိုက်သည်။
မမျှော်လင့်ထားဘဲ အိပ်ခန်းက ထွက်ထွက်ချင်းမှာ နန်းပေါင်ကျူးက အဘိုးလေးကို ခေါ်ပြီး သူမဆီသို့ ရောက်လာလေတော့သည်။
“ကျောင်းကျောင်း၊ ငါက နင့်ကို မီးပုံးတွေကြည့်ရင်း ပဟေဠိတွေ အတူတူ စဉ်းစားကြဖို့ လာခေါ်တာ”
နန်းပေါင်ကျူးက သူမရဲ့လက်ကို ရင်းရင်းနှီးနှီးနဲ့ ဆွဲသွားရင်း “ငါတို့ညီအစ်မ ကြိုးစားပမ်းစား အဖြေရှာကြရင် ပထမရနိုင်တယ်၊ ဆုယူပြီးရင် ငါတို့ အညီအမျှ ခွဲဝေယူကြမယ်လေ”
နန်းပေါင်ရီ “…..”
သို့သော် သူမ အမတ်မင်းနဲ့ တွေ့ဖို့ပြောထားသည်လေ…..
မှားနေပြီလို့……
သူမတို့ ဆုန်းဟယ့်ခြံကနေ ထွက်လာကြသောအခါ ချန်းယဲ့ရူနဲ့ နန်းကွမ်ကလည်း ရောက်လာကြသည်။
နန်းအိမ်တော်မှာ နန်းပေါင်ရီက အခရာဆိုတာကို ချန်းယဲ့ရူက ကောင်းကောင်း သဘောပေါက် ထားပြီး သူမအပေါ် ကြင်ကြင်နာနာ ဆက်ဆံပါမယ်လို့ အဘွားအိုနှင့် ကတိကဝတ် ပြုထားသည်။
“ဒီညက ယွမ်နေ့ပဲ၊ ပန်းခြံက အရမ်း စည်ကားတယ်၊ ဒေါ်ဒေါ်က သမီးအဖေနဲ့ လျှောက်လည်မလို့၊ ကျောင်းကျောင်းကိုလည်း လာခေါ်တာ၊ မီးပုံးတွေကို ကြည့်ရင်း မိသားစု အချင်းချင်း မိတ်ဆုံ စားပွဲလေးလို့ သဘောထားပြီး ပျော်ပျော်ရွှင်ရွှင် လည်ပတ်ကြရအောင်လေ”
နန်းကွမ်က ချန်းယဲ့ရူနဲ့ လက်ထပ်ပြီးသောအခါ သူ၏ စိတ်နေသဘောထားကလည်း ပြောင်းလဲ သွားတော့သည်။
သူနဲ့ ချန်းယဲ့ရူက လက်ချောင်းတွေကို အချင်းချင်း တွဲယှက်ထားကြပြီး ကြင်နာစွာ ပြုံးကြည့်ရင်း “ဟုတ်တယ်၊ ကျောင်းကျောင်း သမီးရဲ့အမေက သမီးကို ဂရုစိုက်တာ၊ နွေဦးပွဲတော်မှာ သမီးတစ်ယောက်တည်း အထီးကျန်နေမှာ စိုးလို့တဲ့၊ အဲ့ဒါကြောင့် အဖေတို့က ပွဲတော်ရက်မှာ သမီးနဲ့အတူတူ အချိန်ကုန်ဆုံးဖို့ လာကြတာ၊ သမီးမပျော်ဘူးလား”
နန်းပေါင်ရီ “…..”
သူမနဲ့ဖေဖေက အရင်တုန်းကဆို ဘယ်တုန်းကမှ နီးနီးကပ်ကပ် မနေဖူးခဲ့ပါချေ။ သို့သော်လည်း အခုကတော့ သူမမှာ လုပ်စရာ တစ်ခုရှိနေပြီး ရင်းနှီး နီးကပ်ဖို့အတွက် ပြေးမသွားချင်ခဲ့ပါချေ။
‘သမီးဆိုတာ အဖေ့ရဲ့ အရှေ့ဘဝကချစ်သူ’ လို့ လူတွေက ပြောတတ်ကြသည်။ သူမကတော့ မတူပေ၊ ဖြစ်နိုင်တာတော့ သူမက သူမအဖေရဲ့ ရန်သူသာ ဖြစ်လိမ့်မည်။ ဒါမှမဟုတ် စိုးရိမ်ဖွယ်ရာ ဘိုးဘေးလေးသာ။
ဘေးနားမှာ လူတွေ အများကြီးနဲ့ဆိုတော့ အမတ်မင်းနဲ့ ဘယ်လို တီးတိုး ပြောရတော့မှာလဲလို့….
သူမက သူ့ကို စကားတွေ အများကြီး ပြောချင်သေးသည်။
သူမက လက်ကိုင်ပဝါလေးကို လုံးချေနေပြီး ဆုန်းဟယ့်ခြံကနေ နာကျင်နေသည့် မျက်နှာဖြင့် လိုက်ပါသွားရ တော့သည်။
ပန်းခြံထဲကို ရောက်သော အခါမှာတော့ နေဝင်ရီတရော အချိန်ဖြစ်နေလေပြီ။
ပိုးထည်စနှင့် ဝါးဆစ်ပိုင်းတို့၏ တူရိယာဝိုင်းက ပြန့်လွင့်လာသော အသံက အဆုံးမဲ့နေသည်။ ရောင်စုံ မီးရောင်တွေကလည်း တောက်ပ ထိန်ညီးနေသည်။ ကြီးမားလှသော ပန်းခြံကြီးက ရွှေရောင်မီးပုံး ပင်လယ်လိုဖြစ်နေပြီး လရောင်အောက်မှာ ဖူးပွင့်နေတဲ့ ပန်းတွေလို၊ ကျောက်တုံး တံတားလေးတွေ၊ နားနေဆောင်တွေ၊ လှေတွေ၊ ပွဲကြည့်စင်တွေနဲ့ နေရာတိုင်းက လူတွေ၊ အရိပ်တွေ၊ ပိတ်စတွေနဲ့ ရယ်မော ပျော်ရွှင်နေကြသည်။
နန်းပေါင်ရီက အဖေ့နောက်ကို လိုက်သွားသည်။ ဘေးပတ်ချာလည်ကို အချိန်တိုင်း ရှာဖွေနေ ပါသော်လည်း အမတ်မင်း၏ အရိပ်အယောင်ကိုတော့ မတွေ့ရပါချေ။
သူဒီညမလာဘူးလား။
နှလုံးသားလေးက ရှုံးနိမ့်မှုကို ခံစားလိုက်ရသည့် ကောင်မလေးကို ရုတ်တရက် နန်းပေါင်ကျူးက လက်ဆွဲလိုက်ပြီး အကြီးဆုံး မီးပုံးကို အံ့အားသင့်စွာ ညွှန်ပြလိုက်သည်။ သူမက အလျင်အမြန် အပြုံးချိုချိုလေးကို ချိတ်ဆွဲ လိုက်ရတော့သည်။
သူမ လွမ်းမောနေရသည့် လူငယ်ကတော့ ကျောက်ဝမ်ခြံထဲမှာ ရှိနေဆဲပင်။
အိပ်ခန်းက ဖယောင်းတိုင်တွေ၏ အလင်းဖြင့် တောက်ပနေသည်။
ရှောင်းယီက ထိုင်ဖုံပေါ်မှာ ထိုင်နေပြီး ပါးလှပ်သော ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်တွေ ကိုတောင် မဖြီးသင်ရသေးပါချေ။
သူက ဝတ်ရုံလက်ကို အမူအယာ ကင်းမဲ့စွာ ဆုပ်ကိုင်ထားသည်။
ကြမ်းပြင်ပေါ်မှာတော့ အစေခံက ဒူးထောက်နေပြီး လက်တစ်ဖက်စီမှာ ရှုပန်းထိုးထည် ဝတ်စုံတစ်စုံစီကို ကိုင်ထားသည်။
ခုံတွေပေါ်မှာလည်း အဝတ်တွေနဲ့ ပြည့်နေသည်။
ရှောင်းယီက တစ်စုံယူပြီး ကပ်ကြည့်လိုက်ရင်း စိတ်တိုင်း မကျလို့ ပြန်ထားရင်း ဖြစ်နေလေသည်။
ယွီဝေ့က အပြင်က လက်ဖက်ရည် တစ်ကရားနဲ့ ဝင်လာသောအခါ အခန်းထဲမှာ ရှုပ်ပွနေတာကို မြင်သွားတော့သည်။ သခင်လေး၏ မည်းမှောင်နေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် သူ့အတွေးတွေကို ရုတ်တရက် ထွင်းဖောက် သိမြင်သွားတော့သည်။
ပထမဆုံး အကြိမ်အဖြစ် သခင်လေးက ပေါင်ရီမိန်းကလေးကို မီးပုံးတွေ အတူသွားကြည့်ကြဖို့ ချိန်းဆိုထားတာ ဖြစ်သည်။ ဝတ်စုံကောင်းတွေကို စိတ်တိုင်း မကျတာပဲ ဖြစ်ရမည်။
သူမက ပြုံးရင်း လက်ဖက်ရည် ကရားကို ချလိုက်ပြီး “ပန်းခြံထဲက မီးပုံးပွဲတော်က စနေပြီ၊ သခင်လေး အခုချိန် မသွားဘူးဆိုရင် မီးပုံး ပဟေဠိတွေကို ဖြေဖို့ မမီတော့ဘဲ နေလိမ့်မယ်၊ ပေါင်ရီမိန်းကလေးက သခင်လေးကို စောင့်နေရတော့မှာပဲ”
သူမက အနီရင့်ရောင် လက်ဝကျဉ်းပြီး ကော်လာဝိုင်းသော ပိုးထည်ဝတ်စုံ တစ်စုံကို ထုတ်ယူလိုက်ပြီး “သခင်လေးက အမြဲတမ်း အနက်ရောင် ဝတ်စုံတွေပဲ အဝတ်များတော့ ဒီညမှာတော့ အနီရင့်ရောင် ဝတ်စုံလေး ပြောင်းဝတ်ရင် ကောင်းမလားလို့၊ လည်ပင်းမှာလည်း ရွှေရောင်နဲ့ စပ်ထားပြီး အဖိုးတန်တဲ့ ပန်းပွင့်ပုံ ထိုးထားသေးတယ်၊ နည်းနည်းလေးပေမယ့် အဆင်ပြေတယ်၊ ဒီဝတ်စုံက အရမ်းခမ်းနားပြီး တည်ကြည် ခံ့ညားတယ်၊ ဒီသားရေမှာ ကျောက်စိမ်း မြှုပ်ထားတဲ့ ရွှေခါးပတ်နဲ့ဆိုရင် သခင်လေးရဲ့ ပုံစံက ထင်းနေမှာပဲ”
ရှောင်းယီက မျက်ခုံးပင့်လိုက်သည်။
ယွီဝေ့က သူ့အနားမှာ ခစားလာတာ နှစ်တွေကြာခဲ့ပြီ။ သူ့ကိုဘယ်လို လှုံ့ဆော်ပေးရမလဲ ဆိုတာကို ကောင်းကောင်း သိသည်ပင်။
သူမက အပြုံးနှင့်အတူ ရှေ့ကိုတိုးလာပြီး ရိုသေကျိုးနွံစွာ ဒူးထောက်လိုက်သည်။
“သခင်လေး အဝတ်အစားလဲပါတော့”
ပန်းခြံထဲမှာတော့……
နန်းပေါင်ရီက ကျောက်တံတားလေး ဘေးမှာ အထီးကျန်စွာ ထိုင်နေပြီး ယုန်ရုပ်မီးပုံးလေးကို ကိုင်ထားသည်။ အလွန်ကို စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။
သူမ၏ ဘေးမှာတော့ နန်းပေါင်ကျူးနှင့် နိုင်ဝမ်ကျိုးက မီးပုံးစကားထာကို စဉ်းစားနေကြသည်။
နန်းပေါင်ကျူး “လူကြီးတစ်ယောက်၊ သူက လမ်းလည်း မလျှောက်သလို ပြေးလည်းမပြေးဘူး၊ အိပ်ဖို့မေးတော့လည်း ခေါင်းခါတယ်၊ အဲဒါဘာလဲ”
နိုင်ဝမ်ကျိူး “လက်ကိုင်မပါတဲ့ ဖန်ခွက်”
နန်းပေါင်ကျူး “ဝိုး…. ဝမ်ဝမ်က အရမ်းတော်တာပဲ၊ ငါနင့်ကို ဖက်ချင်လာပြီ”
နိုင်ဝမ်ကျိူး “ငြင်းတယ်”
“ဖက်မှာပဲ”
နန်းပေါင်ကျူးက သူ့ကိုဖက်လိုက်သည်။
ဆယ့်သုံးနှစ်အရွယ် ကောင်လေး၏ နားရွက်များက မီးပုံးတွေရဲ့ အလင်းရောင်တွေနဲ့ အရိပ်တွေကြားမှာ နီရဲလာတော့သည်။
နန်းပေါင်ရီ၏ ညာဘက်ခြမ်းမှာတော့ ချန်းယဲ့ရူက သူမအဖေနဲ့ စကားပြောနေသည်။
ချန်းယဲ့ရူ “အားကွမ်က တကယ် ကျွမ်းကျင်တာပဲ၊ ဒီလောက်ခက်တဲ့ ပုစ္ဆာကို အဖြေရှာနိုင်တယ်”
နန်းကွမ် “ဟား…. မင်းရဲ့ခင်ပွန်းက အမြဲတမ်း တော်တယ်လေ၊ ပုစ္ဆာခန့်မှန်းတာတင် မဟုတ်ဘူး”
***