အပိုင်း (၂၀၃)
ရှောင်းယီက သဘောထား တင်းမာတယ်၊ ကလေးတစ်ယောက်လို ချွဲမနေနဲ့
တစ်ချိန်တည်းမှာပဲ ကျောက်ဝမ်ခြံရဲ့ စာကြည့်ခန်းတွင်…..
နန်းပေါင်ရီက အဖြစ်အပျက်ကို ငိုကြွေးရင်း ရှင်းပြဖို့ ကြိုးစားသည်။ ထို့ကြောင့် ရှောင်းယီက နန်းပေါင်ကျူးနှင့် နိုင်ဝမ်ကျိုးတို့ကို သွားခေါ်လာခဲ့ဖို့ တစ်ယောက်ကို စေခိုင်းလိုက်သည်။ သူတို့ သုံးယောက်လုံး ကျင့်ဝတ်စည်းကမ်းတွေကို ကူးရေးရန် အပြစ်ပေး ခံလိုက်ရတော့သည်။
အနောက်ပြတင်း၏ အရှေ့တွင် စာအုပ်စင် တစ်စင်ရှိပြီး ကလေးသုံးယောက်က တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက် အရပ်၌ အလွန်ယဉ်ကျေးစွာ ထိုင်နေကြသည်။
အပြင်ဘက်မှာတော့ နှင်းတွေနှင့် ရေခဲတွေက အရည်ပျော် နေလေပြီ။ အနက်ရောင် တံစက်မြိတ် မှတစ်ဆင့် ရေစက်ရေပေါက်များ ကျဆင်းနေသည်။ ဥယျာဉ်ထဲမှ မြက်ပင်တွေနှင့် သစ်ပင်ပန်းမန်တွေသည် နွေဦးအစပိုင်းမှာ လျှို့ဝှက်စွာ ကြီးပြင်းဖို့ စိုင်းပြင်း နေကြလေသည်။
အစိမ်းရောင် နူးညံ့နေသော အဖူးအညွန့်လေးတွေက ကြည့်လိုက်ရုံနဲ့တင် ပျော်ရွှင်မှုကို ဆောင်ယူပေးပြီး သူတို့သည် ဥယျာဉ်ထဲမှာ ဆော့ကစား ပျော်ပါးဖို့ မစောင့်နိုင်ကြတော့ပါချေ။ ထို့ကြောင့် စာကူးဖို့ စိတ်ကူးမရှိကြပေ။
နန်းပေါင်ကျူးက စုတ်တံကို အချိန်ခေတ္တမျှ ကိုက်နေပြီး လေသံသဲ့သဲ့ဖြင့် “စာလုံးတွေကလည်း ကြည့်ရတာ ပုရွက်ဆိတ်တွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက် နေကြသလိုပဲ၊ ငါစာကူးရတာကို တကယ် မကြိုက်ဘူး၊ အခေါက်သုံးဆယ်တောင် ဆိုရင် ငါဘယ်အချိန်မှ ကူးလို့ပြီးမှာလဲ။ အစ်ကို ၂ က အရမ်း ရက်စက်တာပဲ”
နိုင်ဝမ်ကျိုးက စကားတစ်ခွန်းမှ မဟပါချေ။
သူက ယောက်ျားကြီး တစ်ယောက် ဆိုတာကို ဘုရားသခင် သိသည်ပဲ၊ ဘာလို့ သူက ‘မိန်းမတို့ ဣန္ဒြေ’ တို့၊ ‘မိန်းမကျင့်ဝတ် စည်းကမ်း’ တို့ ဆိုတာတွေကို ကူးရေးနေရတာလဲ။ သူနဲ့မှမဆိုင်တာ…
သူက ဝတ်ရုံလက်အိတ်ထဲက ပန်းသီးကြီး နှစ်လုံးကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး နန်းပေါင်ကျူးကို တစ်လုံး ပေးလိုက်သည်။
သူတို့နှစ်ယောက်က ဖြည်းဖြည်းချင်း ပန်းသီးကို တစ်ကိုက်စီ ကိုက်နေကြသော အချိန်မှာ နန်းပေါင်ရီကတော့ လက်ရေးဆက် စာလုံးများကို ကူးပြီးသွားပြီ ဖြစ်သည်။
သူက ကျိန်းနေသော လက်ချောင်းလေးတွေကို ပွတ်သပ်ရင်း ထရပ်လိုက်သည်။
“ငါ အစ်ကို ၂ ကို အရင်သွားပြလိုက်ဦးမယ်”
စာရွက်ကိုကိုင်ပြီး စာကြည့်ခန်းထဲကို သွားသောအခါ အမတ်မင်းက ထိုင်ဖုံတစ်ခုပေါ်တွင် ထိုင်နေပြီး စစ်ရေးစစ်ရာတွေကို စီမံခန့်ခွဲနေသည်။
“အစ်ကို ၂”
သူမက လိမ်လိမ်မာမာဖြင့် စာရွက်ကို ပြလိုက်ပြီး “ညီမလေး ကူးရေးပြီးသွားပြီ”
“နှစ်ဆယ့်ကိုးခေါက် ကျန်သေးတယ်”
ရှောင်းယီက ခေါင်းကိုတောင် ပင့်မော့မလာပါချေ။
နန်းပေါင်ရီက စာကူးရမှာကို တကယ် မလုပ်ချင်ပါချေ။
ရှောင်းယီ၏ ဝတ်စုံလက်ဖျားကို ခပ်ဖွဖွ လှုပ်ယမ်းလိုက်ပြီး အလွန် ညင်သာ ပျော့ပျောင်းနေသော အသံနဲ့ “အစ်ကို ၂ ၊ ညီမလေး မှားမှန်းသိပါပြီ၊ နောက်ဆိုရင် အဲ့လိုမျိုး ပေါက်တတ်ကရတွေ လျှောက်မပြော တော့ပါဘူး၊ ညီမလေးကို အပြစ်မပေးပါနဲ့တော့”
ရှောင်းယီရဲ့ လည်ဇလုပ်က အနည်းငယ် လှုပ်ခတ်သွားသည်။
အချိန်အတန်ကြာမှ သူက မရယ်မပြုံး ခပ်တည်တည်နဲ့ “ကလေးလို ချွဲမနေနဲ့”
ကလေးလေးလို ချွဲကြည့်တာတောင် အလုပ်မဖြစ်ဘူးလား….
နန်းပေါင်ရီက အံကြိတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် “ဒါပေမယ့် အစ်ကို ၂ အဝတ်လဲနေတုန်းကလည်း ညီမလေး တစ်ခါ မြင်ဖူးသေးတယ်လေ၊ အဲ့တုန်းကတော့ အစ်ကိုက ဘာမှမပြောဘဲနဲ့၊ အခုကရော ဘာများ ထူးခြားလို့လဲလို့ ဟောင်ရင်းက လိုက်ကာနောက်က ထွက်လာတော့ ညီမလေးတို့ကဖြင့် ထွက်ပြေးပြီးနေလို့ ဘာကိုမှ မတွေ့လိုက်ပါဘူးဆို၊ ဒါပေမယ့် အစ်ကို ၂ ကို တွေ့တုန်းကတော့ မတူဘူး၊ အစ်ကိုက……”
ထိုအပေါက်လေးထဲမှ ချောင်းကြည့်ခဲ့စဉ်က အချိန်ကို ပြန်တွေးမိပြီး သူ့ရဲ့ ဝမ်းဗိုက် ကြွက်သားတွေနဲ့ ရင်အုပ်ကို ပြန်မြင်ယောင် မိပြီးနောက် သတိလစ်မတတ် ရှက်သွေး ဖြာသွားရတော့သည်။
ရှောင်းယီက အချိန်ခဏမျှ ပြောစရာ စကားမဲ့ သွားရသည်။
စစ်တန်းလျားက စာရင်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ပြန်လည် ဆန်းစစ်ရတာ အသားကျနေသူ ဖြစ်သော်ငြား အခုတော့ သူ၏စာတွေက အထစ်ထစ် အငေါ့ငေါ့နဲ့ စိတ်အစဉ်ကို ထိုအချင်းအရာ နှစ်ခုကသာ အလုံးစုံ စိုးမိုးထားသည်။
တစ်ချိန်က သူမ နက်စောစော စာကြည့်ရန် ထသည့်အချိန် ကောင်မလေးက သူအဝတ်လဲနေတုန်း ဝင်လာခဲ့တာဖြစ်ပြီး လိုက်ကာနောက်ကနေ သူ့ကို ချောင်းကြည့်ခဲ့သည်။
နောက်တစ်ကြိမ်ကတော့ ဆောင်းဦးလယ် ပွဲတော်တုန်းက လိုက်ကာနောက်မှာ သူအဝတ်လဲနေတုန်း ကောင်မလေးက ရုတ်တရက် ဝင်လာခဲ့တာ ဖြစ်သည်။
သူက စာကို ဘယ်လိုစီစဉ်ပြီး ခွင့်ပြုကြောင်း ပြန်ရမလဲ ဆိုတာကို လုံးဝ မေ့လျော့ သွားတော့သည်။
သူက စုတ်တံကို ပြန်ထားလိုက်ပြီး မျက်နှာက ရှင်းလင်း၍ တည်ကြည်နေလျက် “ငါက ပထမဆုံးတိုက်ပွဲ အကြောင်းကို စဉ်းစားနေတာ၊ ဒီတစ်ခါတော့ မင်းကို ခွင့်လွှတ်လိုက်မယ်”
နန်းပေါင်ရီက ရုတ်တရက် ပျော်ရွှင်သွားပြီး ဝတ်ရုံစကို မ၍ အလျင်အမြန် ပြေးထွက်သွား တော့သည်။
“ရပ်လိုက်”
ရှောင်းယီက ပြောလိုက်သည်။
နန်းပေါင်ရီက သူ့ကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်သည်။
ခုနက ပြောလိုက်သော စကားကို ပြန်ပြီး ရုပ်သိမ်းမှာ စိုးနေပုံဖြင့် “အစ်ကို ၂”
ရှောင်းယီက သူမဆီကို လျှောက်လာသည်။ သူ့လည်ပင်းမှ မြေခွေးသားမွှေးမာဖလာကို ချွတ်လိုက်ပြီး သူမကို ဂရုတစိုက် ပတ်ပေးလိုက်သည်။
သူက နူးညံ့နေသော နဖူးလေးကို တစ်ချက် တောက်လိုက်ပြီး “ဒီနေ့ နှင်းတွေ အရည်ပျော်နေတယ်၊ အအေးမမိစေနဲ့”
ချိုမြိန်မှုလေးက နန်းပေါင်ရီ၏ နှလုံးသားကို နူးညံ့ သိမ်မွေ့သွားစေပြီး ကျိုးနွံလိမ္မာစွာဖြင့် “ဟုတ်ကဲ့ အစ်ကို ၂၊ ညီမလေး အအေးမမိအောင် နေပါ့မယ်”
သူမက စာကြည့်ခန်းထဲကို ဝင်လာပြီး ကြွားလုံး ထုတ်တော့သည်။
“အစ်ကို ၂ က ညီမလေးကို အပြစ်ပေးတာ လွှတ်ပေးလိုက်ပြီ၊ ကျူးကျူးတို့ နှစ်ယောက်ကတော့ ဖြည်းဖြည်း ကူးရေးကြနော်၊ ဟား ….. ဟား ….. ဟား …..”
နန်းပေါင်ကျူးက အားကျသွားပြီး “ကျောင်းကျောင်း၊ နင်ဘယ်လို လုပ်လိုက်တာလဲ။ ငါ့ကို မြန်မြန်သင်ပေး စမ်းပါ၊ ဒီနေ့ စားဖိုဆောင်က လတ်ဆတ်တဲ့ အသားလုံးတွေနဲ့ ပုစွန်ထုပ် ဖက်ထုပ်တွေ လုပ်မှာတဲ့၊ ငါပြန်ပြီး စားချင်လှပြီ”
“ညီမလေး ထင်တာတော့ ကလေးလေးလို ချွဲပြရမှာပဲ”
နန်းပေါင်ရီက တွေးဆဆဖြင့် “ကလေးလို ဟန်ဆောင်ရင် အစ်ကို ၂ က စကားပြောရတာ လွယ်တယ်”
သူမ ထွက်သွားသောအခါမှာ ရှောင်းယီက အတွင်းခန်းထဲကနေ ထွက်လာတော့သည်။
နန်းပေါင်ကျူးက သူ၏ တင်းမာနေသော မျက်နှာထားကို ကြည့်၍ ကလေးလို ချွဲတာကို ကြိုက်နှစ်သက် တတ်သည့် လူတစ်ယောက်လို့ မထင်မြင်မိပါချေ။
သို့သော်လည်း မြင်းသေတစ်ကောင်ကိုတောင် သမားတော်က ပြန်ရှင်အောင် ကုပေးနိုင်သေးတာပဲ…
သူမက နန်းပေါင်ရီ၏ စကားအတိုင်း မဝံ့မရဲဖြင့် “အစ်ကို ၂၊ စာကူးရေးရတာက အရမ်းပင်ပန်းတာပဲ၊ ကူးမရေးလို့ မရဘူးလားဟင်၊ ဒီနေ့ လတ်ဆတ်တဲ့ အသားလုံးတွေ၊ ပုစွန်ဖက်ထုပ်တွေနဲ့ ပေါက်စီတွေ ကိုလည်း လာပို့ကြမှာ”
နိုင်ဝမ်ကျိုးကလည်း စိတ်ဝင်စားသွားပြီး “အစ်ကို ၂၊ ကျွန်တော် စာကူးရေးရတာကို တကယ် မကြိုက်ဘူး၊ ကလေး ခြောက်ယောက်ကိုပဲ နို့တိုက်လိုက်ချင်တယ်၊ စာရေးရတာ တကယ် ပင်ပန်းတယ်”
ရှောင်းယီက မျက်နှာသေနဲ့ “အကြိမ်တစ်ရာ ကူးရေး”
နန်းပေါင်ကျူး “…..”
ကျောင်းကျောင်းပြောတော့ ကလေးလေးလို ချွဲပြဆို။
နိုင်ဝမ်ကျိုး “…..”
ဟေး၊ ကလေးထိန်းမယ်လို့ ပြောတာကတောင် ဝမ်းကွဲအစ်ကိုကို သဘောမကျစေဘူးလား။
ဝမ်းကွဲအစ်ကိုက တကယ်ကို နှလုံးသား မရှိတဲ့သူ တစ်ယောက်ပဲ။
သခင်နှင့် အစေခံတို့က စာကူးခြင်းကို ဆက်လက် လုပ်ဆောင်နေကြပြီး နန်းပေါင်ရီကတော့ ဆုန်းဟယ့်ခြံ ဆီကို ပြန်သွားတော့သည်။
အဘွားကို သွားရှာပြီး ဟောင်မိသားစုကို နှင်ထုတ်ပစ်ရမယ်….
ခြံဝင်းထဲကို ဖြတ်ပြီး လျှောက်လာသောအခါ လျိုလန်အာက စင်္ကြံလမ်းမှာ လက်ရန်းကို မှီပြီး ရေထဲကို အစာတွေ ချကျွေးနေတာနဲ့ တိုးသည်။
သူမက မျက်နှာတစ်ခုလုံး အပြုံးတွေဝေရင်း “အစ်မလျို၊ အစ်မက အစ်ကို နန်းကျင်နဲ့ လက်ထပ်ရတော့ မှာလေ၊ အခန်းထဲမှာ မင်္ဂလာဝတ်စုံကို မပြင်ဆင်နေဘူးလား၊ ဘာလို့ ဒီနေရာကို တစ်ယောက်တည်း ရောက်နေတာလဲ”
လျိုလန်အာက နန်းပေါင်ရီဘက်ကို လှည့်လာသည်။
သူမရှေ့က မိန်းကလေးမှာ နူးညံ့လှပပြီး ခေါင်းအစ ခြေအဆုံး အသေးစိတ် မှုန်းခြယ်ထားသည်။
မီးငှက်မျက်လုံးတွေက အပြစ်ကင်းစင်ပြီး ရိုးစင်းဟန် ထင်ဟပ်နေသည်။ သို့သော်လည်း ဒီကောင်မလေး၏ တကယ့် ပုံစံအမှန်က ကြိုတင် မခန့်မှန်းနိုင်လောက်အောင် ဉာဏ်များသော သူတစ်ယောက် ဖြစ်တယ် ဆိုတာကို သူမသိသည်။
သူမက အသံနက်နက်ဖြင့် “နင်က ငါ့ကိုဝမ်းကွဲ အစ်ကိုနဲ့ လက်ထပ်ဖို့ ခြေကန်ထုတ်လိုက်ပြီး ဝမ်းကွဲ အစ်ကိုရဲ့ အနာဂတ်ကိုတော့ ဖျက်ဆီး ပစ်လိုက်တယ်…. ငါ့ကို ညီအစ်မကောင်းလို့ ပြောရဲသေးတယ်လား၊ နင်က ငါ့ကို မီးပုံထဲကို တွန်းချလိုက်တာပဲ၊ နန်းပေါင်ရီ၊ နင်က အရမ်း ကြောက်စရာ ကောင်းတာပဲ”
“အစ်မလျို အစ်မနဲ့ညီမ သိတာ ဘယ်လောက်ကြာပြီ ဆိုတာမျိုးကို ထည့်စဉ်းစားဖို့ မလိုပါဘူး၊ ဒါပေါ့၊ ဆွေမျိုးမစပ်ရင် တခြား အကြောင်းပြချက်တွေ မရှိရင် ညီအစ်မကောင်းတွေလို့ ပြောလို့ ဘယ်ရမလဲ၊ ဒါပေမယ့် ဒါတွေက စကားလုံးတွေ သက်သက်ပါပဲ၊ အဓိက က စစ်မှန်ပြီး ရိုးသားဖို့ပဲ လိုတယ်”
“နင်…..”
“ဝမ်းကွဲအစ်မ မပူပါနဲ့၊ နန်းကျင်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းက ပျက်စီးသွားပေမယ့် သူ့မှာ ငွေတွေတော့ ရှိပါသေးတယ်၊ အခုတလောမှာတင် သူငွေတိုးချေးတဲ့ နေရာက ရွှေစ ၂၀ ရထားတယ်လို့ ညီမလေး သိထားတယ်၊ သူ့နားမှာ အဖိုးတန်တဲ့ ပစ္စည်းတွေ ရှိလိမ့်ဦးမယ် ထင်တာပဲ၊ အစ်မတို့ အတူတူ သေချာလှည်းကျင်းပြီး ရှာကြည့်ရင် မြန်မြန် ရှာတွေ့မှာပေါ့”
ထိုစကားကို ကြားရသောအခါ လျိုလန်အာက နန်းပေါင်ရီ ဘာတွေ ကြံစည်နေတာလဲ ဆိုတာကို နားမလည် နိုင်တော့ပါချေ။
အရူးလုပ်နေတာနဲ့ ဘာကွာလို့လဲ….
သူမက လက်တွေကို တင်းတင်း ဆုပ်လိုက်ရင်း “အစကနေ အဆုံးအထိ နင်ကငါ့ကို အသုံးချနေတာပဲ၊ နန်းပေါင်ရီ နင်က ငယ်ငယ်လေးနဲ့ လျှို့ဝှက် ကြံစည်တတ်တဲ့ အကြံသမား တစ်ယောက်ပဲ၊ နင်မရှက်ဘူးလား၊ နင်က အရမ်း ကြောက်စရာ ကောင်းတယ်၊ ညသန်းခေါင်မှာ အိပ်မက်မက်ရင် အိပ်မက်ဆိုးတွေကြောင့် လန့်မနိုးဘူးလား”
နန်းပေါင်ရီက တခစ်ခစ် ရယ်လိုက်သည်။
အကြံသမား။
အရင်ဘဝက သူမ အပြစ်ကင်းစင်ခဲ့သည်။ ဒါပေမယ့် သူမ ဘယ်လို အဆုံးသတ်ခဲ့ရလဲ။
မိသားစုတွေ အားလုံး ပြိုကွဲ သေကြေ ပျက်စီးခဲ့ရသည်။ သူမ၏ ဖြစ်တည်မှုကလည်း ပျောက်ဆုံးခဲ့ရပြီး ရယ်စရာ ဟာသတစ်ခုလို နန်းတော်ကို ရောင်းစား ခံခဲ့ရသေးသည်။
နန်းတော်က မိန်းမစိုးတွေ၊ အစေခံတွေ ဆီကလည်း စော်ကားမှုတွေ နှိပ်စက် ညှဉ်းပန်းမှုတွေကို ခါးစည်းခံ ခဲ့ရသည်။ ချန်းတယ်ယွီတို့ မောင်နှမတွေ ဆီကလည်း လူမဆန်စွာ ဆက်ဆံခဲ့ရသေးသည်။ နောက်ဆုံး မှာတော့ ရေခဲမြေတိုက်ခန်းထဲမှာ အပိတ်ခံခဲ့ရပြီး သေဆုံးခဲ့ရလေသည်။
ညနက်သန်းခေါင်မှာ ထိုအကြောင်းတွေကို ပြန်ပြီး အိပ်မက်မက်ရင် အလွန် မုန်းတီးခြင်း တစ်မျိုးတည်းကိုသာ ခံစားရတော့သည်။
သူမရဲ့ တစ်ခုတည်းသော ဆုတောင်းက သူမမှာ နည်းနည်းလေးပိုပြီး အသိဉာဏ်ရှိဖို့သာ….
သူမက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ရင်း “ဝမ်းကွဲအစ်မလျို၊ ညီမက အစ်မကို အကြံပေးပြီးပြီနော်၊ လုပ်တာ မလုပ်တာက အစ်မကိစ္စပဲ၊ ဒါနဲ့စကားမစပ် နန်းကျင်က စိတ်ရူးပေါက်ပြီး လက်တုံ့ပြန်မှာကို ကြောက်နေရင် ရွှေငွေအပြည့် စံအိမ်ကို သွားလို့ရတယ်နော်၊ အဲ့ဒီမှာ သခင်လေး တစ်ယောက်ရှိတယ်၊ သူရယ်၊ သူ့ဇနီးရယ်၊ မောင်းမတွေရယ်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ….”
လျိုလန်အာ၏နှလုံး၊ ကျောက်ကပ်နှင့် အသည်းတွေက တကျိကျိဖြင့် ယားယံလာတော့သည်။
ဒီနန်းအိမ်တော်က ကောင်မလေးက ရက်စက်လိုက်တာ…
စီးပွားရေးလုပ်ဖို့ တစ်ခုကလွဲလို့ ဝမ်းကွဲအစ်ကိုမှာ ဘာမှကို မကျန်တော့ပေ။
သို့သော်လည်း နန်းပေါင်ရီက သူ့ဆီက ရွှေတွေ၊ ငွေတွေအားလုံးကို ယူထုတ်သွားဖို့ တကယ်ပဲ ကြံစည်နေပြီး နောက်ဆုံး သူတို့၏ လွတ်လမ်းကိုတောင် ဖြတ်တောက်ဖို့ ကြံစည်ထားပုံ ရသည်။
သူ့ကို ဦးထုပ်စိမ်း ဆောင်းပေးဖို့တောင် ကြံစည်နေသေးသည်။
လျိုလန်အာက နှုတ်ခမ်း ကိုက်လိုက်မိသည်။ နန်းကျင်နောက်ကို လိုက်တာဟာ ဘာကောင်းကျိုးမှ မရှိနိုင်ဘူး ဆိုတာကို သူမသိသည်။ သို့သော်လည်း သူမသာ ထွက်သွားရင်…..
သူမ၏ဘဝက တကယ်ပဲ ပိုကောင်းလာလိမ့်မလား။
ရွှေငွေအပြည့်စံအိမ်၏ ငယ်ရွယ်သည့် သခင်လေးက ဘယ်လို လူစားမျိုးများလဲ။
နန်းပေါင်ရီက စင်္ကြံလမ်းကို ဖြတ်လျှောက် သွားတော့သည်။
သူမက ကြီးမားတဲ့ ပန်းထိုးဝတ်ရုံကြီးကို မပြီး ဆုန်းဟယ့်ခြံသို့ ခြေလှမ်းစိပ်စိပ် လှမ်းသွားလေသည်။
ငှက်အမောက်လို လှပတဲ့ ဆံထိုးလေးကို မနက်ဖြန် မနက်စောစောမှာ အစ်ကို ၂ စာဖတ်စာရေး နေတာကို သွားကြည့်သော အချိန်ကျရင် ပန်သွားဖို့ မနက်စောစောက စဉ်းစားခဲ့သေးသည်။
ရာသီဥတု ကောင်းမွန်ပြီး နွေးထွေးသွားသော အခါကျရင် မြို့တော်၏ အပြင်ဘက် ဆယ်မိုင်လောက် အကွာက မက်မွန်တောကို ထွက်လည်ဖို့ အစ်ကို ၂ ကို ခေါ်သွားခိုင်းရမည်။ ပြီးတော့ အဘွားရယ်၊ အစ်ကို ၂ ရယ်နဲ့ လတ်ဆတ် လန်းဆန်းတဲ့ လမ်းမထက်က အလှအပတွေကိုလည်း ရှုစားရမည်။
အကြောင်းကြောင်းကြောင့် သူမက အစ်ကို ၂ အကြောင်းကိုပဲ စဉ်းစားနေပြီး လောကကြီးမှာ အရာရာတိုင်းက စောင့်ကြည့်ဖို့ ထိုက်တန်တယ်လို့ သူမတွေးမိသည်။ ထိုကြောက်စရာ ကောင်းသည့် နတ်ဆိုးတွေနဲ့ ရင်ဆိုင်ဖို့ သတ္တိအပြည့် ရှိဖို့လည်း လိုသေးသည်ဟု သူမထင်သည်။
မာဖလာက မြေခွေးအမြှီးရဲ့ အမွေးနုလေးတွေကို ထိကိုင်ကြည့်လိုက်ပြီး သူမ၏ ပါးစုန့်လေးပေါ်တွင် တဖြည်းဖြည်းဖြင့် မက်မွန်သီးရောင် ဖျော့ဖျော့ သန်းလာသည်။ ဆွဲဆောင်မှု ရှိလှပြီး ရှိုးတိုးရှန့်တန့်နဲ့ မိန်းမောနေလေသည်။
နွေဦး၏ လေပြည်လေညင်းလေးက သူမနားမှာ ရစ်ဝဲနေပြီး အနီရောင် ဝတ်ရုံစကို လှုပ်ခတ် သွားစေသည်။
သို့သော်လည်း ကောင်မလေး၏ အတွေးထဲမှာတော့ ကောင်းကင်ထက်က တိမ်စိုင်တွေဟာလည်း သစ်ကိုင်းစွန်းပေါ်က လက်နဲ့အပြည့် နှင်းပွင့်တွေလို လင်းလက် တောက်ပနေပြီး ဖျတ်ခနဲ ကြည့်လိုက်ရုံနဲ့တင်၊ နွေဦးလေပြည်လေးတောင်မှ မခန့်မှန်း နိုင်လောက်အောင်ပင် လှပနေလေတော့သည်။
***