အပိုင်း (၂၀၁)
ငါသူနဲ့လက်ထပ်ရမယ်
‘ဝှီး’ဆိုတဲ့အသံနဲ့အတူ မြားတံက စက်ကွင်း ဗဟိုချက်ကို အားပြင်းပြင်းနဲ့ ထိမှန်သွားသည်။
အသက်ဆယ့်သုံးနှစ် အရွယ် ကောင်လေးက လေးကိုင်းကို အသာအယာ ပုတ်လိုက်ပြီး “မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ”
“အာ…”
နန်းပေါင်ရီက ခိုးချောင်ခိုးဝှက် ပြုံးလိုက်ပြီး “ငါ့မှာ ပျော်စရာကောင်းတဲ့ အစီအစဉ် တစ်ခုရှိတယ်”
ထိုနေ့ နေ့လယ်မှာတော့ ……………
သခင်မဟောင်က သူ၏သား ဟောင်ရင်းနှင့်အတူ စီမံထားတဲ့အတိုင်း ရောက်လာခဲ့သည်။
ချွေးဟွားဂိတ်တံခါးကို ဖြတ်လာသည့် အချိန်တွင် သခင်မဟောင်က သူ့ကို မမေ့မလျော့ သင်ကြားပေး နေသည်။
“နန်းအိမ်တော်က ချမ်းသာကြွယ်ဝပေမယ့် ငါတို့ အိမ်တော်ကလည်း မညံ့ပါဘူး၊ မင်းက အရမ်းကြီး ကန့်သတ် ထိန်းချုပ်ထားဖို့ မလိုဘူး”
“အမေ၊ ကျွန်တော်နားလည်ပါတယ်”
“နန်းပေါင်ကျူးက ရိုးစင်းသလို တုံးအပြီး အစားအသောက် စားရတာကို အရမ်းကြိုက်တယ်လို့ ငါကြားထားတယ်၊ စဉ်းစားကြည့်စမ်း၊ သူက လက်ထပ်ဖို့ဆို အရမ်းဝနေလို့ ဖြစ်နိုင်တယ်၊ အဲဒါကြောင့် နန်းအိမ်တော်ရဲ့ ဒုတိယ သခင်မက ငါတို့ကို ကမ်းလှမ်းတာ၊ ဘာပဲဖြစ်ဖြစ် ရှုနိုင်ငံရဲ့ အချမ်းသာဆုံး အိမ်တော်က သခင်မလေးဖြစ်ပြီး အမတ်မင်းရဲ့ ညီမငယ်လေး ဆိုပေမယ့် ငါ့သားနဲ့ တန်တယ် ဆိုရုံပါပဲ၊ ဒါပေမယ့် ငါတို့က အသာစီးရအောင် လုပ်ပြီး သူတို့ ငါတို့ကို တောင်းပန်လာအောင် လုပ်ရမယ်၊ လက်ထပ်ပွဲကို ဆွေးနွေးတဲ့ အခါကျရင် ပိုပြီး အကျိုးအမြတ်ရဖို့ လိုတယ်”
ဟောင်ရင်းက ပြုံးရင်း “အမေက ဒီနှစ်တွေမှာ ခက်ခက်ခဲခဲ အလုပ်တွေ လုပ်ထားရတာ၊ ပြီးတော့ သားက နန်းပေါင်ကျူးကို ကောင်းကောင်း ဆက်ဆံမှာပါ၊ ပြီးတော့ သူ့ကို ဟောင်အိမ်တော်ကို ခေါ်လာပြီး အမေ့ကို ကောင်းကောင်း ပြုစုခိုင်းပါ့မယ်”
သခင်မဟောင်က ဝတ်စုံကို ပို၍သေသပ်အောင် ပြုပြင်လိုက်ပြီး မျက်လုံးတွေထဲမှာတော့ ကျေနပ်အားရဟန် အပြည့်ပင်။
သူမ၏ခင်ပွန်းက အစောကြီး သေဆုံးသွားခဲ့ပြီး ဒီနှစ်တွေ အတွင်း သူမတစ်ယောက်တည်း သားလေးကို အရွယ်ရောက်အောင် ပြုစု စောင့်ရှောက်ခဲ့ရသည်။ ဘယ်လောက် ခက်ခဲခဲ့လဲ ဆိုတာတောင် မသိတော့ပါချေ။
မျှော်လင့်ထားသည့်အတိုင်း ရင်းအာက ဝတ္တရား သိတတ်ပြီး သူလက်ထပ်ပြီးသောအခါ ဇနီးကို သူ့အမေ ပြုစုခိုင်းဖို့အတွက် မမေ့ခဲ့ပါချေ။
သားအမိ နှစ်ယောက်က ဆုန်းဟယ့်ခြံရဲ့ ပင်မဆောင်ဆီကို မောက်မာဟန် မျက်နှာထားတွေနဲ့ ဝင်လာကြသည်။
ခန်းမထဲကို ရောက်သောအခါ တစ်ဖက်နဲ့တစ်ဖက် နှုတ်ဆက် လိုက်ကြပြီး နန်းပေါင်ရီနဲ့ နန်းပေါင်ကျူး ကတော့ လိုက်ကာရဲ့ နောက်မှာ ပုန်းနေကြသည်။
နန်းပေါင်ရီက ဟောင်ရင်းကို ကြည့်လိုက်သည်။
အသက် ဆယ့်ရှစ်နှစ်အရွယ် ထိုလူငယ်က ယုရူမှာ မွေးဖွားခဲ့တာ ဖြစ်သည်။ သူ့မျက်နှာပေါ်မှာ စိတ်ကြီးဝင်နေဟန် အထင်းသား ပေါ်နေပြီး ဒီနေ့ ဒီကိုရောက်လာတာဟာ မိတ်ဖက် တွေ့ဆုံဖို့ သက်သက် မဟုတ်ဘဲ နန်းအိမ်တော်ရဲ့ ငွေကြေးတွေကို ပြင်းပြင်းပြပြ လိုချင်တပ်မက်စိတ် ရှိနေပုံပင်။ တကယ်ကို စက်ဆုပ်ရွံရှာစရာ ကောင်းလှသည်။
သူမက သတိကြီးကြီး ထားပြီး “ကျူးကျူး သူ့ကိုဘယ်လိုမြင်လဲ”
နန်းပေါင်ကျူးက ပန်းကန်ကိုကိုင်ပြီး ပန်းပွင့်ကိတ်မုန့်ကို စားနေရင်း လေသံသဲ့သဲ့ဖြင့် “ကပြက်ကချော် မျက်လုံးတွေနဲ့ အရိုးအဆစ်တွေ ရှိတယ်၊ သူက မိုးမခပင်ပေါ်မှာ အိပ်နေတဲ့ ယောက်ျားကြီး တစ်ယောက်လိုပဲ၊ အားလုံးက အမေ့စကား တစ်ခွန်းပဲ၊ သူ့မှာ အမေတစ်ယောက်ပဲ ရှိတာကို တွေးပြီး သူ့အမေရဲ့ စကားတွေကို မြေဝယ်မကျ နားထောင်တဲ့ သားတစ်ယောက်အဖြစ် ကြီးပြင်းလာတာ၊ ဒီလို လူစားမျိုးအတွက် ချွေးမရှာရင် သူ့ထက်ပိုပြီး အသက်ကြီးတဲ့ သူတစ်ယောက်ကို ရှာရမှာ၊ သူ့ကိုယ်စား ဆုံးဖြတ်ချက် ချပေးဖို့လေ၊ သတို့သမီးက အမေတစ်ပိုင်း ဖြစ်နေရင်တော့ အကောင်းဆုံးပဲ”
နန်းပေါင်ရီက လုံးဝကို အံ့အားသင့် သွားရသည်။
သူမမှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေလို့သာ ဟောင်ရင်းက ဘယ်လို လူစားလဲ ဆိုတဲ့ ပုံစံအမှန်ကို သိနေတာဖြစ်ပြီး ကျူးကျူးကတော့ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူ၏အကျင့်စရိုက်ကို အပြည့်အဝ ခန့်မှန်း လိုက်နိုင်သည်။
တကယ်ကို အံ့အားသင့်စရာ ကောင်းလွန်းတယ်…..
အဘွားက သူမကို အထူးဂရုစိုက်တယ် ဆိုသည်မှာ သူမတွင် အမေမရှိတော့လို့ သနားတာ မဟုတ်ဘဲ သူမက အငယ်တွေ အားလုံးထဲမှာ အနုံအဆုံးဖြစ်လို့ ဖြစ်လိမ့်မည်။
နန်းပေါင်ရီက ခေါင်းမှဆံပင်တွေကို အားဖြင့် ဆောင့်ဆွဲလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင် သုံးသပ်ခြင်းမှာ နစ်မြောနေတော့သည်။
ခန်းမထဲမှာတော့……
နန်းပေါင်ကျူး သူ့ကို လိုက်ကာနောက်ကနေ ချောင်းကြည့်နေတယ် ဆိုတာကို ဟောင်ရင်းက သိနေသည်။
အချိန်တိုင်း သူက လိုက်ကာကိုသာ ကြည့်နေပြီး နန်းကောင်မလေးက ဘယ်လောက်ဝလဲ ဆိုတာကို တက်ကြွစွာ ပုံဖော်ကြည့်နေသည်။
နှမြောစရာက လိုက်ကာက အလွန်ထူနေပြီး ဝတ်ရုံစလေးကိုသာ မြင်နိုင်သည်။
အဘွားအိုက မေးလိုက်သည်။
“သခင်လေးဟောင်က ဘာလုပ်လဲ”
သူက စူးစမ်းနေမှုကို ရုပ်သိမ်းလိုက်ပြီး နွေးထွေးစွာနဲ့ “စားသောက်ဆိုင်ရဲ့ စီးပွားရေးကို လေ့လာပြီး ရံဖန်ရံခါ စာအုပ်လေးအုပ်နဲ့ အဆင့်ငါးဆင့် အကြောင်းကိုလည်း လေ့လာပါတယ်၊ ထင်ပေါ် ကျော်ကြားဖို့အတွက် မဟုတ်ဘဲ အကျင့်စရိုက်နဲ့ စိတ်ကူးစိတ်သန်းတွေ ကောင်းဖို့ အတွက်ပါ၊ ပြီးတော့ လေးပစ် အတတ်ကိုလည်း မတောက်တခေါက်တော့ လေ့လာထားပါတယ်၊ ပစ်နိုင်တယ် ဆိုရုံပေါ့”
အဘွားအိုက သူ့ရဲ့ကြွားလုံးတွေကို နားထောင်လိုက်ပြီး “စိတ်ဓါတ်တက်ကြွတဲ့ လူငယ်လေးပဲ၊ ဘယ်လို အပျော်အပါးမျိုးကို သဘောကျတတ်လဲ”
“ကျွန်တော်….”
ဟောင်ယင်းက စကားမဆိုနိုင်ပါချေ။
ဟောင်သခင်မက ကြားဖြတ်လိုက်ပြီး အပြုံးတစ်ပွင့်နဲ့ “ကျွန်မတို့ရဲ့ ရင်းအာ အကြောင်းကိုပဲ ပြောမနေ ပါနဲ့ဦး၊ သခင်မကြီးရဲ့ ရတနာလေးကရော ဘယ်လို အံ့ဩစရာ ကောင်းလဲဆိုတာကို ပြောပြပါဦး”
အဘွားအိုနဲ့ သခင်မကျန်းက တစ်ခဏမျှ ရှက်ရွံ့သွားရသည်။
ပေါင်ကျူးက ဘယ်လိုအံ့ဩစရာ အရည်အချင်းတွေ ရှိလဲ။
စားသောက်ပွဲတိုင်း နောက်ဆုံးမှာ စားရင်း ကျန်နေခဲ့တဲ့ အစားအသောက် အစားနိုင်ဆုံး အရည်အချင်းကို ထည့်တွက်ရမလား။
ဝက်ပေါင် အချောင်းနှစ်ဆယ်ကို စွပ်ပြုတ်နဲ့ အချဉ်ရည်နဲ့ တစ်ပြိုင်နက်တည်း စားနိုင်တယ်ဆိုတာကို ထည့်တွက်ရမလား။
အဘွားအိုက နှစ်ကြိမ်မျှ ရယ်မောလိုက်ပြီး တည်ကြည်စွာနဲ့ “ကျွန်မတို့ရဲ့ ပုလဲလုံးလေးလို ရတနာလေးက လုံ့လဝီရိယရှိပြီး ကြီးပွား တိုးတက်အောင် ကြံဆောင်တတ်တယ်၊ အနည်းဆုံးတော့ အလဟဿ မဖြစ်ဘူးပေါ့၊ စားတဲ့နေရာ အဲ့လေ အလုပ်လုပ်တဲ့ နေရာမှာတော့ ဇွဲကောင်းသလား မမေးနဲ့၊ တကယ်ကို အနာဂတ်ကောင်းတဲ့ ကလေးပါ”
လက်ထပ်ပြီးနောက်မှ ဝက်ပေါင် အချောင်းနှစ်ဆယ်ကို တစ်ချိန်တည်းမှာ စားတယ်ဆိုတာ အိပ်မက်ဖြစ်ပါစေတော့..
လိုက်ကာနောက်မှာတော့….
အဘွားက ကိစ္စကို ဖြစ်မြောက်အောင် အတင်းလုပ်နေသလို နန်းပေါင်ရီ ခံစားနေရသည်။
သူမက မျက်နှာထားတင်းတင်းနဲ့ “ကျူးကျူး၊ ညီမလေးက ဟောင်ရင်းကို လှည့်ကွက်သုံးပြီး ဖယ်ထုတ်ပေးမယ်၊ သူ့အတွက် ညီမလေးက လက်ဆောင် ကောင်းကောင်းလေး ပြင်ထားတယ်”
နန်းပေါင်ကျူးက သူ့ကို တားဆီးဖို့ မမီလိုက်ခင်မှာပဲ သူမက လိုက်ကာနောက်ကနေ ထွက်သွားတော့သည်။
နန်းပေါင်ရီက စိုးရိမ်တကြီးနဲ့ “အဘွား၊ ကျူးကျူးနဲ့ သမီးက ဥယျာဉ်ထဲမှာ ကစားနေရင်းနဲ့ ကြက်တောင်ကို ကန်လိုက်တာ သစ်ပင်ပေါ်ကို မတော်တဆ တင်သွားတယ်၊ တက်ပြီး မယူနိုင်တော့ဘူး”
အဘွားအိုက ပြုံးရင်း လူငယ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လေ့လာစေဖို့ အခွင့်အရေးကို သိသိသာသာ ဖန်တီး ပေးလိုက်လေသည်။ သူမက ဟောင်ရင်းကို ပြောလိုက်သည်။
“မြေးမလေးကတော့ တကယ် ပြောရခက်တယ်၊ သခင်လေးဟောင်အတွက် ရယ်စရာတွေတော့ ဖြစ်ကုန်ပြီ၊ ကျူးကျူးကို သွားပြီး ကူညီပေးနိုင်မလား”
ဟောင်ရင်းက ပြုံးရင်း ထရပ်လိုက်သည်။
“အဲ့လိုဆိုတော့လည်း ညီမလေးတွေကို အလေးထားပြီး ကူညီပေးရမှာပေါ့”
နန်းပေါင်ရီက သူ့ကို ဦးဆောင်ပြီး ခေါ်သွားရင်း ချစ်စဖွယ်ကောင်းသော အပြုံးလေးဖြင့် “သခင်လေးဟောင်၊ ကျေးဇူးပြုပြီး”
တံစက်မြိတ်၏ ထောင့်နားကို ရောက်သောအခါ သူမက ဟောင်ရင်း၏ ဂရုမပြုမှုကို အခွင့်ကောင်းယူပြီး အလျင်အမြန် ပုန်းကွယ်လိုက်သည်။
နန်းပေါင်ကျူးက တွေ့သွားသောအခါ အလွန် ကြောက်လန့်သွားပြီး “ကျောင်းကျောင်း၊ ဘာတွေလုပ် နေတာလဲ”
“ညီမလေးတို့က ဟောင်ရင်းကို မကောင်းဘူးလို့ ထင်တယ်လေ၊ ဒါပေမယ့် အဘွားနဲ့ ဒေါ်လေး ၂ ကတော့ သူ့ကိုအရမ်း သဘောကျနေကြတာ၊ ညီမလေးသာ မကူရင် မမက သူနဲ့ယူရတော့မှာ”
နန်းပေါင်ရီက ပါးနပ်စွာနဲ့ မျက်လုံးတစ်ချက် မှိတ်ပြလိုက်ပြီး “ကျူးကျူးက စားစရာ ရှိတာသာ စားနေပါ”
ရုတ်တရက် အပြင်ဘက်က ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။
ညီအစ်မ နှစ်ယောက်က ခေါင်းလေးတွေကို ထုတ်ပြီး ချောင်းကြည့် လိုက်ကြသည်။ ဟောင်ရင်းက တစ်ယောက်ယောက်ကို ထောင့်နားလေးမှာ ဝင်တိုက် လိုက်ပုံရသည်။
“မုန်းလိုက်တာ၊ ဒီမှာ နာသွားပြီလေ”
အစေခံဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက်က ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ဖုံးအုပ်လိုက်ပြီး သူမရဲ့ ရင်သားကို တရားလွန် လှုပ်ခါလိုက်ရင်း မနှစ်သက်ဟန်နဲ့ ပြောလာသည်။
နန်းပေါင်ကျူးက ကြက်သေသေ သွားရပြီး “ဝမ်ဝမ်”
နန်းပေါင်ရီက ခေါင်းညိတ် လိုက်သည်။
အဘိုးလေးမဟုတ်လို့ ဘယ်သူရှိရမလဲ။
ဟောင်ရင်းက လက်ထပ်ထားပြီးသား မိန်းမတွေကို ကြိုက်နှစ်သက်သည်။ အဲဒါကြောင့် နိုင်ဝမ်ကျိုးကို အိမ်ထောင် ကျပြီးခါစ မိန်းကလေး တစ်ယောက်လို ဆံပင်ကို ထုံးဖွဲ့ခိုင်းပြီး ဝတ်စားပြင်ဆင် ခိုင်းထားတာ ဖြစ်သည်။
ကြီးမားသော ပန်းသီး နှစ်လုံးကိုလည်း ခုခံဖို့အတွက် ပေးလိုက်သေးသည်။
နိုင်ဝမ်ကျိုးက ဆယ်ကျော်သက် ယောက်ျားလေး တစ်ယောက် ဖြစ်တာကြောင့် သူက မိန်းကလေးတွေထက် အရပ်မြင့်ပြီး မိန်းမပျိုတစ်ယောက်ရဲ့ ဟန်ပန်နဲ့ တကယ်ကို တူညီလှသည်။
ထိုအချိန်မှာ ဟောင်ရင်းက နိုင်ဝမ်ကျိုးကို အံ့ဩစွာ ကြည့်နေသည်။
သူက ကြီးမားသော ရင်အုံကို တစ်ချက်ကြည့်ပြီး နောက်ကို နှစ်လှမ်းဆုတ်၍ ပြုံးလိုက်သည်။
လက်နှစ်ဖက်ကို တွယ်ယှက်လိုက်ရင်း ငုံ့ကိုင်းပြီး “မိန်းမပျိုလေးက ရန်လိုနေတာပဲ၊ သိပ်ပြီး ရန်မလိုပါနဲ့”
“ဘယ်သူက မိန်းမပျိုလေးလဲ”
နိုင်ဝမ်ကျိုးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ မျက်ဆံ လှန်လိုက်ပြီး ရင်ဘတ်ကို လှုပ်ခါ၍ သူ့ကိုဖြတ်သွား တော့သည်။ ခါးကျဉ်ကျဉ်လေးက လိမ်ကျစ် နေလေသည်။
နန်းညီအစ်မ နှစ်ယောက်ပါ ဆွံအသွားတော့သည်။
ဟောင်ရင်းက အသည်းယား သွားရသည်။
စည်းမျဉ်းစည်းကမ်းတွေ တော်တော်များများကို ဖောက်ဖျက်ပြီး သူများရဲ့ ဇနီးတွေ၊ မောင်းမတွေ များစွာနဲ့ အချိန်ကောင်းလေးတွေ ဖြတ်သန်း ဖူးတာတောင် ဒီလောက် ဆွဲငင်အား ကောင်းပြီး လှပသော မိန်းကလေးမျိုးကို မတွေ့ဖူးပါချေ။
သူက အလျင်အမြန် ဖမ်းဆွဲထားဖို့ ကြိုးစားလိုက်သည်။
အလွန်တရာ ကျေနပ်နေတဲ့ ဟန်ပန်နဲ့ “အခုလေးတင် တိုက်မိတာလေ၊ မိန်းကလေးက ဘယ်နေရာများ နာသွားသေးလဲ။ သန့်ရှင်းတဲ့ နေရာတစ်ခုကို ရှာပြီး မိန်းကလေးကို သက်သာအောင် လုပ်ပေးပါရစေလား”
“မုန်းစရာကြီး၊ ထွက်သွားစမ်းပါ”
“ဒီမှာ ပွေ့ဖက်ပေးမဲ့ ယောကျ်ားတစ်ယောက်လုံး ရှိနေတာကို မိန်းကလေးက အထဲဝင်ပြီး အနားမယူ ချင်ဘူးလား။ ငါက အနှိပ်တအား ကျွမ်းကျင်တာနော်၊ ဒီသခင်လေး နှိပ်တာကို ခံပြီးရင် မင်းစွဲသွားစေရမယ်လို့ အာမခံတယ်….”
သူကပြုံးရင်း နိုင်ဝမ်ကျိုးကို အဓိပ္ပါယ်အပြည့်နဲ့ ဖျစ်ညှစ်လိုက်သည်။
“ငါတကယ်ကို လိုချင်တယ်”
“ဟွန့်.. မုန်းစရာကြီး”
နိုင်ဝမ်ကျိုးက တဏှာရာဂတွေ ပြည့်လျှမ်းနေသောပုံဖြင့် သူ့ကို ပေါင်ရှဆောင်သို့ ခေါ်သွားတော့သည်။
ပေါင်ရှဆောင်က လူတွေ အနားယူသည့် နေရာတစ်ခုဖြစ်ပြီး ခမ်းနားထည်ဝါသော စားပွဲတွေ ထိုင်ခုံတွေနှင့် ထိုင်ဖုံတွေကို ခင်းကျင်းထားသည်။
နန်းညီအစ်မ နှစ်ယောက်က တံခါးနောက်မှာ ပုန်းကွယ်နေရင်း ဆိုးသွမ်းသော နိုင်ဝမ်ကျိုးကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်လေတော့သည်။
***