အပိုင်း (၁၉၈)
ကြင်နာတတ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ ဆုံရတာတောင် ယွင်ဟူက မပျော်နိုင်ပါဘူးလေ
“သခင်လေး”
ယွီဝေ့က တက်ကြွစွာဖြင့် “မမလေး ၅ က သခင်လေးကိုတွေ့ဖို့ ရောက်နေပါတယ်”
သူမ၏ သခင်လေးက မမလေး ၅ ကို သဘောအကျဆုံး ဖြစ်သည်။ သူမက မမလေးကို ဒီကိုခေါ်လာရင် သခင်လေး သေချာပေါက် ပျော်ရွှင်သွားပြီး သူမကို ဆုလာဘ်တွေတောင် ချီးမြှင့် ပေးနိုင်သေးသည်။
ရှောင်းယီက နောက်ကို လှည့်ကြည့်လိုက်သည်။
ကောင်မလေးက မီးအိမ်ကိုကိုင်ပြီး ဖျော့တော့နေသော မျက်နှာနှင့် ရှေ့ကမြင်ကွင်းကို သက်သောင့်သက်သာ မဖြစ်စွာ ကြည့်နေသည်။
သူက သွေးများဖုံးနေသော ဟောင်လောင်ကျူးကို တိတ်တဆိတ် ကြည့်လိုက်ပြီး အနက်ရောင် အဝတ်စတစ်စကို ဆွဲယူ၍ ဟောင်လောင်ကျူး၏ ခေါင်းအစခြေအဆုံးကို ဖုံးအုပ်လိုက်သည်။
အနက်ရောင်ဝတ် ကိုယ်ရံတော် တစ်ယောက် ယူဆောင်လာသည့် ရေဇလုံထဲမှရေဖြင့် လက်တွေကို ဆေးကြော သန့်စင်ပြီး သူက နန်းပေါင်ရီကို တစ်ချက်ကြည့်လိုက်ကာ “ကောင်းကောင်း အိပ်မနေဘဲ ဒီကို ဘာလာလုပ်တာလဲ”
နန်းပေါင်ရီက စိတ်ရှုပ်ထွေး သွားတော့သည်။
သူမ အိပ်ချင်တယ်လေ၊ ဒါပေမယ့် နိုင်ဝမ်ကျိုးက သူမရဲ့ခေါင်းကို ခေါက်လိမ့်မည်။
သူမက ကျောက်ဝမ်ခြံကိုလာပြီး လုံခြုံနွေးထွေးသော နေရာလေးတစ်ခုကို လာရှာတာ ဖြစ်သော်လည်း ဤကဲ့သို့ ကြောက်စရာကောင်းသည့် မြင်ကွင်းမျိုးနှင့် တည့်တည့် တိုးမယ်လို့ ဘယ်ထင်ပါ့မလဲ။
ရှောင်းယီက သူမကို ချော့လိုက်သည်။
“တစ်ညလုံး မအိပ်ဘူးဆိုရင် မင်းရဲ့ ကျန်းမာရေး အတွက်လည်း မကောင်းဘူး၊ သွားအိပ်လိုက်၊ ဒီက ကိစ္စတွေကို ဖြေရှင်းပြီးရင် ငါမင်းနဲ့အတူ လာအိပ်မယ်”
နန်းပေါင်ရီက မဝံ့မရဲဖြင့် “ညီမလေး ဆုန်းဟယ့်ခြံမှာ မအိပ်ရဲလို့၊ အစ်ကို ၂ နဲ့အိပ်လို့ ရမလားဟင်”
ရှောင်းယီက ကောင်မလေး ဓါးပြတွေကို ကြောက်ပြီး တစ်ညလုံး တစ်ယောက်တည်း မနေရဲလို့ ဟုသာ တွေးထင်မိသည်။
“ငါ့အခန်းထဲ သွားအိပ်လိုက်”
“ကျောက်ဝမ်ခြံမှာ ညီမလေး အိပ်ခန်းရှိတယ်လေ”
ရှောင်းယီက ကံကောင်းစေသော အကြွေစေ့လေးကို လှည့်ပတ် ကစားနေပြီး ခပ်ပေါ့ပေါ့ပင် မဟုတ်က ဟုတ်က လျှောက်ပြောလိုက်သည်။
“ငါအဲဒီအခန်းကို စာကြည့်ခန်း အသေးစားလေး လုပ်လိုက်ပြီ”
နန်းပေါင်ရီ “……”
ကောင်းရော၊ လက်ဖက်ရည် အေးမှလာမိသလို ဖြစ်သွားပြီ။
“ငါ့အခန်းထဲမှာ မြေနဂါးရုပ်တွေရှိတယ်၊ နွေးနေတာပဲ”
ရှောင်းယီက နွေးထွေးသော လေသံဖြင့် ထပ်မံဖြည့်စွက်ပြီး ပြောလိုက်သေးသည်။
နန်းပေါင်ရီသည် ချီတုံချတုံ ဖြစ်နေဆဲပင်။
သူ့အခန်းမှာအိပ်တာက မသင့်တော်သလို ခံစားရသည်။
ရှောင်းယီက ဆက်ပြီး ဖြားယောင်း သွေးဆောင်တော့သည်။
“ငါ့အခန်းထဲမှာ သက်တမ်းရင့် ကျောက်စိမ်းတွေနဲ့ တခြားကျောက်တွေ အများကြီးရှိတယ်၊ ရှေးကျတဲ့ လက်ရေးလှတွေနဲ့ ပန်းချီကားတွေလည်း ရှိတယ်၊ ကနုတ်ဖော်ထားတဲ့ ပရိဘောဂတွေကလည်း ရွှေရောင်လက်ပြီး အိပ်ရာကလည်း ပန်းထိုးထားတဲ့ ပိုးဖဲသား၊ လတ်တလောလေးတင် ငါ ရှုခင်းပန်းချီကား တစ်ချပ် လက်ဆောင် ရထားသေးတယ်၊ အခန်းအပြင်အဆင်နဲ့ အရမ်း လိုက်ဖက်ညီတယ်”
နန်းပေါင်ရီက အသည်းယား သွားရသည်။
သူမက အပြုံးရေးရေးဖြင့် “အဲဒါဆိုလည်း ညီမလေး ခဏလောက် အိပ်မယ်နော်”
သူမက ရှောင်းယီကို ဂါရဝပြုလိုက်ပြီး မြေတိုက်ခန်းကနေ ပြန်ထွက်သွားတော့သည်။
ရှောင်းယီ၏ စိတ်ထဲ၌ ရည်မှန်းချက် ပြည့်မြောက် အောင်မြင်သွားသလို ခံစားလိုက်ရသည်။
ယွီဝေ့က ဆုယူဖို့ မျှော်လင့်တကြီးဖြင့် စောင့်စားနေသည်။
ကျောင်းကျောင်းကို ဘယ်သူက ခြောက်လှန့်လိုက်တာလဲ။ ဆုယူဖို့ မရှက်ဘူးလား။
သူက အပြုံးမမည်သည့် အပြုံးဖြင့် “ဒီဝက်ပေါင်ခြောက်ကို အပြင်ထုတ်သွား”
မြေတိုက်ခန်း၏ ခေါင်မိုးမှာ အလောင်းတွေကို တွဲလောင်း ချိတ်ထားတာကြောင့် အဝေးကနေကြည့်ရင် အသားတွေကို အခြောက် လှမ်းထားသလို ဖြစ်နေပြီး အနက်ရောင် ဝတ်စုံဖြင့် ကိုယ်ရံတော်များသည် ထိုအလောင်းများကို ‘ဝက်ပေါင်ခြောက်’ ဟု ခေါ်တတ်ကြသည်။
‘ဝက်ပေါင်ခြောက်’များကို သယ်ပို့ရသည့် အလုပ်မှာ ညစ်ပတ်ပြီး ပင်လည်း ပင်ပန်းသည်။ ပုန်းလျှိုး ကွယ်လျှိုးဖြင့်လည်း သွားရသေးသည်။ လျှို့ဝှက် ကိုယ်ရံတော်များမှာ ထိုအလုပ်ကို မလုပ်ချင်ကြပါချေ။
စိတ်ထဲမှာ ဆုချီးမြှင့် ခံရလိမ့်မယ်ဆိုပြီး စောင့်နေတာလေ…
သူမက စိတ်ဆင်းရဲစွာဖြင့် ပါးကိုဖောင်းပြီး ဖူးခနဲ လေမှုတ်ထုတ်လိုက်သည်။
သူမက သခင်လေး၏ ရှေ့တော်မှောက်အရောက် စားသောက်ပွဲကြီး ရောက်လာအောင် ကူညီပေးခဲ့ပေမယ့် ဘာလို့ အပစ်ပေးခံရတာလဲ။
မမျှတလိုက်လေခြင်း…..
သို့သော်လည်း ရှောင်းယီ၏ နည်းလမ်းတွေက ရက်စက်လှသည်။ အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန် အတောအတွင်းမှာ သူက ဟောင်လောင်ကျူး၏ ပါးစပ်ကို ထိုးကလော်ဖွင့်ပြီး ရှုနိုင်ငံ တစ်ဝှမ်းလုံးက လက်နက်ဂိုထောင်များ၏ တည်နေရာကို မေးလိုက်နိုင်သည်။
စစ်ရိက္ခာ ပစ္စည်းများ၊ လက်နက် ခဲယမ်းများသည် ရှောင်းယီ ခန့်မှန်းထားသည်ထက်ကို ပိုများနေသေးသည်။
သူက အမှတ်အသား လုပ်ထားသော မြေပုံကို ယူလိုက်ပြီး စင်္ကြံ လမ်းကိုဖြတ်၍ စိတ်ချမ်းသာစွာ လျှောက်သွားတော့သည်။
အိပ်ခန်းပြတင်း အပြင်ဘက်ကို ရောက်သောအခါ လက်ကိုမြှောက်ပြီး သူ့ခန္ဓာကိုယ်ကို သူပြန်နမ်းကြည့် လိုက်သည်။
အနံ့အသက်က သိပ်မကောင်းပေ…..
သူသည် အပေါ်ဆုံးထပ်ကို တက်၍ တစ်ကိုယ်လုံးကို သန့်ရှင်းရေး လုပ်လိုက်ပြီး သန့်ပြန့်နေသော ညအိပ် ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ပြီးမှ အိပ်ခန်းထဲသို့ လှမ်းဝင်သွားတော့သည်။
ကြမ်းပြင်မှာ ထူထဲပြီး နွေးထွေးစေသည့် ကောဇောကို ခင်းထားပြီး ကြေးနီ မီးအိုးလေးက အခန်း၏ထောင့်၌ နွေးထွေးမှုကို ဖြန့်ကြက် ပေးနေသည်။ ကောင်မလေးက ဘေးမှာအိပ်ပျော်နေပြီး အစိမ်းရောင် ပိုးဖဲစလေးက ကြမ်းပြင်ပေါ်တွင် ရှိနေသည်။ ကောင်မလေး၏ အောက်ခံအင်္ကျီနှင့် ဖြူဖွေးပြီး အိစက်နေသည့် ခြေထောက်လေးက တစ်စွန်းတစ်စ ပေါ်နေလေသည်။
အအေးမိမှာကို မကြောက်မလန့်နဲ့….
သူမ၏ လက်လေးထဲတွင် သူငယ်စဉ်က ဖတ်သည့် သီချင်းစာအုပ်ကို ဖွင့်လျက်သား ကိုင်ထားသည်။
ပြတင်းပေါက်က တင်းကျပ်စွာ ပိတ်မထားတာကြောင့် လေအေးများ ဝင်ရောက်ပြီး စာမျက်နှာ အနည်းငယ်ကို လှန်သွားစေသည်။
ရှောင်းယီ ငုံ့ကြည့် လိုက်သောအခါ ‘ကျန်းဖုန်းရဲ့ လေနဲ့မိုး’ ဆိုသည့် ခေါင်းစဉ်ကို ရောက်နေကြောင်း တွေ့လိုက် ရသည်။
“လေပွေနဲ့ မိုးစက်တွေက မှေးမှိန်ပျောက်ကွယ် သွားကြသလိုပါ၊ ကျီးကန်းတွေရဲ့ အသံက အဆုံးအစ မဲ့လှတယ်၊ ကြင်နာတတ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ ဆုံရတာတောင် ယွင်ဟူက မပျော်နိုင် ပါဘူးလေ…”
သူက ဟက်ခနဲ ရယ်လိုက်ပြီး စာလိပ်ကို ငုံ့ကောက်လိုက်သည်။
သူမကို မွေ့ရာပေါ်သို့ တင်ပေးလိုက်သောအခါ သူမက အိပ်ရာပေါ်သို့ လှိမ့်ပြီး သူ့ဝတ်စုံလက်ကို ဆွဲထားသည်။ ပျော့ပျောင်းသော အသံလေးဖြင့် တတွတ်တွတ် ရွတ်လာသည်။
“ကြင်နာတတ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ ဆုံရပြီးနောက်မှာ ယွင်ဟူက မပျော်နိုင်ပါဘူးလေ…..”
“ငါက နေ့တိုင်း စာဖတ်ရတာကို မကြိုက်ဘူး၊ ဒါပေမယ့် ဒီနေ့တော့ မင်း ငါ့အိပ်ရာမှာ အိပ်လိုက်၊ ငါက စာအုပ်ဖတ်နေလိုက်တော့မယ်”
သူက သူမနဖူးလေးကို ဖွဖွတောက်လိုက်ပြီး စောင်ယူ၍ သူမကို ဂရုစိုက်ပြီး ခြုံပေးလိုက်သည်။
သူက ပြတင်းနားကို လျှောက်သွားသည်။
တစ်ညလုံး အပြင်းအထန် တိုက်ခိုက်ထားတဲ့ နန်းအိမ်တော်၏ ဥယျာဉ်က တိတ်ဆိတ် ငြိမ်သက်နေသည်။
အဝေးမှ မီးအိမ်လေး၏ ကခုန်နေသော မီးအလင်းရောင် အောက်တွင် လူတွေက အလောင်းတွေနဲ့ သွေးအိုင်တွေကို ရှင်းလင်းနေကြသည်။
ကောင်းကင်မှာတော့ တိမ်စိုင်တိမ်လိပ်တွေက ထူးဆန်းစွာနဲ့ လှိုင်းလုံးကြီးလို လိမ့်တက်နေပြီး အလင်းနဲ့ အရိပ်တွေက ဖြတ်သန်းသွားသည်။
ရောင်နီသန်းလာလေပြီ….
အိပ်ခန်း အပြင်ဘက်က ကြက်တွန်သံ သဲ့သဲ့ကို ကြားရပြီး ပန်းပွင့်ချပ်တွေက မနက်ခင်း အလင်းရောင် နဲ့အတူ ပွင့်လန်းပြီး လန်းဆန်းနေသည်။
လူငယ်က လက်ကို နောက်ပစ်ပြီး ရပ်နေသည်။ သူ၏ ဇာမဏီမျက်လုံးတွေက စူးရဲနက်ရှိုင်းလှသည်။
“လေပွေနဲ့ မိုးစက်တွေက မှေးမှိန်ပျောက်ကွယ် သွားကြသလိုပါ၊ ကျီးကန်းတွေရဲ့ အသံက အဆုံးအစ မဲ့လှတယ်၊ ကြင်နာတတ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ ဆုံရတာတောင် ယွင်ဟူက မပျော်နိုင် ပါဘူးလေ…”
သူငယ်စဉ် ထိုစာသားကို ဖတ်ခဲ့စဉ်က စာသား၏ အဓိပ္ပါယ်ကို မသိခဲ့ပေ။
အခု ဖတ်လိုက်သော အခါမှာတော့ စကားလုံး တစ်လုံးချင်းစီတိုင်းက ရိုးစင်းသော ခံစားချက်ကို ပေးစွမ်း နေသည်။
သူက အကြွေစေ့လေးကို လှည့်ပတ် ကစားနေရင်း အိပ်ရာထက်က နန်းကျောင်းကျောင်း အကြောင်းကို တွေးရင်း သူ့နှုတ်ခမ်းပါးများမှာ ကော့တက်ပြီး ပြုံးယောင်သန်း သွားတော့သည်။
***
ဓါးပြ ကိုးရာသုံးဆယ့်ကိုးယောက်ရဲ့ အလောင်းတွေက လှည်းတွေပေါ်မှာ ထပ်နေသည်။ နန်းအိမ်တော်က အစေခံငယ်တွေက ကျင်းကွမ်မြို့ရဲ့ ရုံးတော်ကို ထိုအလောင်းတွေ သွားပို့ကြတာဟာ ပွဲတော် စီတန်း လှည့်လည်နေသလို များပြားလွန်းလှသည်။
ရုံးတော်၏ တံခါးရှေ့တွင် အလောင်းများကို ရပ်လိုက်ပြီး တိုင်တန်းသည့် စည်ကို တီး၍ တရားသူကြီးကို တိုင်တန်းလိုက်သည်။
တရားသူကြီးက ဘုရင်ခံချန်း၏ လူဖြစ်ပြီး သန့်ရှင်းနေသော ရုံးတော်၏ တံခါးရှေ့မှာ တောင်ပုံရာပုံ ဖြစ်နေသည့် အလောင်းများကို မြင်လိုက်ရသောအခါ အလွန်တရာ ကြောက်လန့် သွားတော့သည်။
သို့သော်လည်း သူကိုင်တွယ်နိုင်သော ကိစ္စတစ်ခု မဟုတ်ပါချေ။ နန်းအိမ်တော်က အစေခံတွေက အလွန် များပြားနေပြီး သူ့အစေခံတွေက သူတို့ကို ကူညီမပေးကြပါချေ။
သူသည် ဖြူဖျော့နေသော မျက်နှာအိုဖြင့် ဘုရင်ခံချန်း၏ ညွှန်ကြားချက်ကို မေးဖို့ ထွက်သွားတော့သည်။
ဘုရင်ခံချန်းက မီးအိမ်နားမှာ ထိုင်ပြီး စာအုပ်တစ်အုပ်ကို ဖတ်နေသည်။
ဘုရင်ခံချန်းက မျက်ခုံးတွေကို တွန့်ချိုးထားသည်။ ကိုးရာကျော်သော ဓါးပြများက နန်းအိမ်တော်လေး တစ်ခုကိုတောင် မနိုင်ဘူးတဲ့လား။
ရှောင်းယီက သူနှင့် ဘုရင်ခံရွယ် ခန့်မှန်းထားတာထက်ကို ပိုပြီး လုပ်နိုင်စွမ်း ရှိနေပုံပင်။
သို့ပေမယ့် နန်းအိမ်တော်ကတော့ အတွင်းကျကျအထိ မသွားရသေးပေမယ့် လာချင်နေသည့် သဘောရှိပြီး သူက မျက်ရည်နှင့် မျက်ခွက် ဖြစ်ရမှာကိုတော့ မလိုလားပါချေ။
သူက စာရွက်ကို လှန်လိုက်ပြီး ခပ်ပေါ့ပေါ့ဖြင့် “ဟောင်လောင်ကျူးက နန်းအိမ်တော်ရဲ့ စည်းစိမ်တွေကို တပ်မက်နေတယ်လို့ အစချီပြီး သူက နန်းအိမ်တော်ကို ညဘက်မှာ တိုက်ခိုက်တာလို့ ကိစ္စကို အဆုံးသတ်လိုက်၊ ပြီးတော့ ဆန်ကုန်သည်ကြီးရဲ့ မအောင်မြင်တဲ့ ကိစ္စကတော့ နောက်နှစ်နည်းနည်း ကြာရင် သူ့အလိုလို ပြီးသွားလိမ့်မယ်”
“ကျွန်တော်မျိုး အမိန့်ကိုနာခံပါတယ်”
ဘုရင်ခံချန်းက ထပ်ပြောလာသည်။
“ဟောင်လောင်ကျူး စုဆောင်းထားတဲ့ ငွေတွေ၊ အိမ်တွေ အားလုံးကို ထည့်စဉ်းစားရမယ်၊ အားလုံးကို ထုံးစံအတိုင်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းလိုက်”
“ဟုတ်ကဲ့”
တရားသူကြီး ပြန်ထွက်သွားပြီးနောက် စာကြည့်ခန်း၏ အနောက်မှ လူတစ်ယောက် ထွက်လာခဲ့သည်။
ချန်းတယ်ယွီ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် “အဖေ၊ ဘာလို့ နန်းအိမ်တော်ကို လုပ်ကြံရ တာလဲ”
“လန်အာ ဘာပြောတာလဲ”
“အဖေက ဟောင်လောင်ကျူးကို မကြာသေးခင်ရက်က ဆင့်ခေါ်လိုက်တယ်၊ ပြီးတော့ သူရဲ့မျက်လုံးက အရောင်တွေ လက်နေပြီး နောက်ပိုင်း ကိစ္စတွေကို သူမမြင်ဘူး၊ နန်းအိမ်တော်က ရုံးတော်ရဲ့ရှေ့မှာ အလောင်းတွေကို လာပစ်သွားတယ်၊ အဲ့ဒါကို ရှင်းလင်းအောင်လုပ်ပြီး တုံ့ပြန်ဖို့ ရန်စလိုက်တာပဲ”
ဘုရင်ခံချန်းက စာအုပ်ကို တဆတ်ဆတ် ရိုက်နေပြီး သူ့ကိုလျစ်လျှူရှု ထားသည်။
“အဖေ၊ ကျွန်တော်က နန်းအိမ်တော်က မိန်းကလေးနဲ့ လက်ထပ်ရတော့မှာ ပြီးတော့ ဒေါ်လေးကလည်း လက်ထပ်ပြီး နန်းအိမ်တော်ထဲကို ရောက်နေပြီ၊ ကျွန်တော်တို့ အိမ်တော် နှစ်ခုက တစ်ဖက်နဲ့တစ်ဖက် အမှီပြုပြီးနေတာ အကောင်းဆုံးပါ၊ အချင်းချင်း အထောက်အပံ့ မပေးနိုင်ရင်တောင် မျိုးနွယ်ပျက်သုန်း အောင်တော့ လုပ်လို့ မဖြစ်ဘူးလေ……”
“မင်းဘာသိလို့လဲ”
ဘုရင်ခံချန်းက စာအုပ်ကို ပိတ်လိုက်သည်။
သူက အေးစက်စွာဖြင့် “နန်းအိမ်တော်ကို သုတ်သင်ဖို့က ဘုရင်ခံရွယ်ရဲ့ အမိန့်ပဲ၊ ရှောင်းယီက သူ့လမ်းကို ပိတ်နေလို့ အသေသတ်ဖို့ လုပ်တာ၊ ပြီးတော့ နန်းအိမ်တော်က ချမ်းသာကြွယ်ဝမှုတွေ ကိုရော၊ မင်းမနာလိုမဖြစ်ဘူးလား”
“ဒါပေမယ့် ယန်အာက ကျွန်တော့် သတို့သမီးလောင်းလေ….”
ချန်းတယ်ယွီက နဖူးကို တွန့်ချိုးလိုက်ပြီး နန်းပေါင်ရီ၏ ဆွဲဆောင်မှုရှိပြီး ဆိုးသွမ်းသော မျက်နှာလေးက သူ့အာရုံကို ထင်ဟပ်လာသည်။
“ဓါးပြတွေကသာ သူ့ကိုသတ်လိုက်ရင်…….”
“ယောက်ျားကောင်းဆိုတာ အပြစ်ရှိစိတ်ကို မခံစားနေရဘူး၊ နန်းမိသားစုတွေ အားလုံးက သေကို သေရမှာပဲ”
ဘုရင်ခံချန်းက စကားစကို ခဏရပ်လိုက်ပြီး “နန်းယန် အတွက်ကတော့ သူ့ကို ကာကွယ်ပြီး မင်းရဲ့မောင်းမအဖြစ် ထားလိုက်ပေါ့၊ အဲဒါမမှားဘူး”
ချန်းတယ်ယွီက ငြိမ်ကျသွားတော့သည်။
တက်တက်ကြွကြွရှိတဲ့ နန်းပေါင်ရီလေးက သူရဲ့မောင်းမ တစ်ယောက် ဖြစ်လာနိုင်သေးတာပဲ။ သူမတို့ တစ်အိမ်လုံး ပျက်စီးသွားရင် တစ်သက်လုံး သူနဲ့အတူနေဖို့ ပြောလို့ရပြီလေ၊ ပြီးတော့ နောက်ကျရင် သူမကို လွယ်လွယ်ကူကူနဲ့ နာခံလာအောင် ဆုံးမလို့လည်း ရသေးတာပဲ။
ထိုသို့တွေးမိပြီး ချန်းတယ်ယွီက သိပ်အများကြီး စောဒက မတက်တော့ပါချေ။
သူက ထပ်မေးလာသည်။
“ဒေါ်လေးအတွက်ကရော”
ချန်းယဲ့ရူ၏ နာမည်ကို ကြားလိုက်ရသောအခါ ဘုရင်ခံချန်းက အချက်နှစ်ခုကို စိတ်မပူဘဲ မနေနိုင်ပါချေ။
သူက စာအုပ်၏ အဖုံးကို ပွတ်သပ်နေပြီး “အဒီအချိန်ကျရင်တော့ အိမ်ကိုပြန်ခေါ်ပြီး သူ့ကို လက်ထပ်ပွဲ ထပ်ကျင်းပ ပေးရမှာပေါ့”
***