အပိုင်း (၁၉၇)
ညီမလေး ဒီညအစ်ကိုနဲ့ အတူအိပ်လို့ရမလား။
ရှောင်းယီသည် ကောင်မလေး၏ လက်လေးတွေကို ပိတ်ကျဲစဖြင့် စည်းပေးလိုက်သည်။
နန်းကျောင်းကျောင်း လှပပြီး လေးမြားအကြောင်းကို မသိနားမလည်သော ကောင်မလေး တစ်ယောက် ဖြစ်သည်။ သူမက သေမင်းဆီကို ပြေးဝင်သွားဖို့ လက်တစ်ကမ်း အလိုကို ကြံနေတာပဲ။
ဓါးပြတစ်ယောက်၏ မျက်လုံးနှင့် လည်ပင်းကို ထိုးဖောက်ဖို့ဆိုတာ ဘယ်မှာ ဒီလောက် လွယ်ကူနိုင်ပါ့မလဲ။
နန်းပေါင်ရီက စိတ်မချမ်းမသာ ဖြစ်သွားပြီး “အစ်ကို ၂ က ညီမလေးကို အထင်သေးတာလား။ ညီမလေး တကယ် လူတွေရဲ့ မျက်လုံးကို ရွှေဆံထိုးနဲ့ ထိုးဖောက် ပစ်မလို့ပါဆို၊ အမှန်အတိုင်း ပြောရရင် ညီမလေးရဲ့ မြားပစ် အရည်အချင်းက တကယ်ကောင်းတာ၊ ဒါပေမယ့် နှမြောစရာက ညီမလေးရဲ့ လက်ထဲမှာ လေးလိုမျိုး အသုံးဝင်တဲ့ ရတနာတစ်ခုမှ မရှိဘူးလေ….”
ရှောင်းယီက လက်မခံနိုင်သလို မျက်ခုံးပင့် လိုက်သည်။ ကောင်မလေးကို ထူထဲပြီး နွေးထွေးနေတဲ့ အပေါ်ဝတ်ရုံကို ဝတ်ဆင် ပေးလိုက်သည်။
နန်းပေါင်ရီမှာ အတော်အတန် စိတ်ပျက်အားလျော့ သွားတော့သည်။
သူမ တကယ်ကို မလိမ်ပါချေ။
အရင်ဘဝတုန်းက ဧကရာဇ်ဟောင်းဆီကို သူမက ထူးခြားသော ရှစ်ရက်နေ့ ဇာတာခွင်မှာ မွေးနေ့ ကျရောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပို့ခံလိုက်ရသည်။ သူမ နိုးလာသောအခါ ဧကရာဇ်ဟောင်းက သူမ၏ မိသားစုများ အားလုံး ပြိုကွဲပြီး သေကြေကုန်ကြတာကို သနားတာကြောင့် သူမကို မထိခဲ့ပါချေ၊ နန်းတော်၏ အပြင်ဘက်ကိုလည်း မစွန့်ပစ်လိုက်ပဲ သူမကို နန်းတော်က သာမန် အစေခံမလေး တစ်ယောက်လိုသာ သဘောထားပြီး ခေါ်ပြောခဲ့သည်။
သူမ၏ရုပ်ရည်က အကျည်းတန် နေတာကြောင့် နန်းတော်ထဲမှ အပျိုတော်များနှင့် မိန်းမစိုးတွေက သူမကို လှောင်ပြောင်ပြီး အပျော်ရှာ တတ်ကြသည်။
အနောက်ပိုင်း၏ ဘုရင်ခံ ကုချုံရှန်းက သူမကို သူ့နောက်မှာထား၍ ကာကွယ်ပေးခဲ့ပြီး သူ့အနောက်မှာပဲ အမြဲတမ်းနေဖို့ မှာကြားထားသည်။
ထိုစဉ် ကုချုံရှန်းနှင့် အမတ်မင်းက အမြဲတမ်း ရင်ဆိုင်တွေ့လေ့ရှိပြီး ဆန့်ကျင်ဘက် အရပ်တွေက တူညီသည့် အာဏာကို ချုပ်ကိုင်ထားနိုင်တဲ့ သူများဖြစ်ကြသည်။ သူတို့က တစ်ခါတစ်ရံ လျှို့ဝှက်ပြီးဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ ပြိုင်ဆိုင်တတ်ကြသည်။
ကုချုံရှန်းက သူမသည် ရှောင်းယီ၏ ညီမလေးမှန်း သိပြီး သူမကို တစ်ခါတစ်ရံ စနောက်တတ်သည်။ သို့သော် အလွန်အကျွံတော့ မဟုတ်ပါချေ။ သူသည် ကြင်နာတတ်ရုံမက ဧကရာဇ်ရဲ့ စားဖိုဆောင်မှနေပြီး မုန့်တွေကို သူမကို အမြဲတမ်း ယူလာပေးတတ်သည်။
သို့သော်လည်း သူမရှိသည့် အခါမျိုးတွေမှာတော့ မိန်းမစိုးငယ်တွေက သူမကို စော်ကားကြပြီး နှိပ်စက်ကြ တော့သည်။
တစ်ကြိမ်မှာ ကုချုံရှန်းနှင့် ရင်ဆိုင်တိုးသောအခါ သူက ရက်စက်သည့် လှုပ်ရှားမှုနှစ်ခုကို သင်ပေးခဲ့သည်။ ကြက်ကလေးကိုတောင် မသတ်ရဲသော ကောင်မလေးက ရန်သူနဲ့တွေ့လျှင် ကြီးမားသည့် အန္တရာယ်ကို ရင်ဆိုင်နိုင်ရန်အတွက် ဆံထိုးကို သုံးပြီး တိုက်ခိုက်ဖို့ သင်ပေးခဲ့သည်။
သူအားလပ်သည့် အခါမျိုးတွင် သူမကို မြားပစ်လည်း သင်ပေးတတ်သည်။ ထိုအတတ်ပညာ နှစ်ခုကို သူမ သင်ယူခဲ့ဖူးခဲ့သော်လည်း တစ်ခါမှတော့ အသုံးမချဖူးပါချေ။
ရှောင်းယီက သူမကို အပေါ်ဝတ်ရုံ ဝတ်ပေးလိုက်ပြီး ခေါင်းလေးကို ပင့်မော့၍ သူမရဲ့အတွေးတွေကို ဖျက်ဆီး လိုက်လေသည်။
“အပြင်ထွက်ကြမယ်”
“အိုး….”
သူမသည် အဝတ်များကို နာနာခံခံဖြင့် ဝတ်ဆင်လိုက်ပြီး ရှောင်းယီ၏ နောက်မှနေ၍ ဆုန်းဟယ့်ခြံ၏ ပင်မဆောင်ကို လိုက်လာခဲ့သည်။ ထိုနေရာမှာ အဘွားနဲ့တကွ တခြားသူတွေ စုဝေးနေတာကို တွေ့လိုက်ရသည်။
ထိုအချိန်မှာ ပင်မဆောင်က ထိန်လင်းနေပြီး နန်းမိသားစုဝင်များ အားလုံး စုဝေးနေကြသည်။ သူတို့သည် ဒီညဖြစ်ခဲ့သည့် တိုက်ခိုက်မှုအကြောင်းကို ပြန်ပြောင်း ဆွေးနွေးနေကြသည်။
“အဘွား”
နန်းပေါင်ရီက အဘွားအို၏ လက်မောင်းတွေ ကြားထဲသို့ ခိုဝင်လိုက်သည်။
အဘွားအိုက ကောင်မလေး၏ သနားစဖွယ် မျက်နှာလေးကို ထိလိုက်ပြီး “မိသားစုတွေ အားလုံး ဘာမှ မဖြစ်လို့ တော်သေးတာပေါ့၊ ဘယ်သူမှ မထိခိုက်ကြဘူး …. ကျောင်းကျောင်းလေး အရမ်း ကြောက်သွားလား”
နန်းပေါင်ရီက ဆယ့်သုံးနှစ်အရွယ် အလွန်အမင်း မျက်နှာချို သွေးတတ်သည့် ကောင်မလေး တစ်ယောက်လို ပြုမူပြီး ဖြူဖွေးနေသော မျက်နှာလေးဖြင့် တိုးဖွဖွပြောလိုက်သည်။
“ဓါးပြတွေ ဝင်လာတယ်ဆိုတဲ့ သတင်းကိုကြားတော့ သမီးတကယ်ကို ကြောက်လန့်သွားတာ၊ ဒါပေမယ့် အစ်ကို ၂ က သမီးကို နှစ်သိမ့်ပြီး အိပ်ခန်းထဲမှာပဲ ပုန်းနေဖို့ ပြောတယ်၊ အပြင်ကို ထွက်မသွားရဘူးတဲ့ ….. အဘွား အစ်ကို ၂ က တကယ် ရင်သပ်ရှုမောဖွယ် ကောင်းတယ်”
အဘွားအိုက သက်ပြင်းတစ်ချက် နဲ့အတူ ခေါင်းညိတ်လိုက်ပြီး “သမီးရဲ့အစ်ကို ၂ က အတော်ဆုံးပဲ၊ ဒီည သူသာမရှိရင် အဘွားတို့ တစ်မိသားစုလုံး အသတ်ခံကြရမှာ”
အားလုံးက တစ်ယောက်ကိုတစ်ယောက် နှုတ်ခွန်းဆက်နေကြပြီး ဘာထိခိုက်မှုမှ မဖြစ်တာ သေချာအောင် စစ်ဆေးနေကြသည်။ အကြီးများက အငယ်များကို အိပ်ခန်းသို့ ပြန်ပို့ပေးကြသည်။
နန်းပေါင်ရီသည် ဒီညအဖြစ်အပျက်၏ လက်သည် တရားခံ အကြောင်းကို သူတို့ ဆွေးနွေးကြတော့မည် ဆိုတာကို သိပြီး သူမ မနှောင့်ယှက်တော့ဘဲ လိမ်လိမ်မာမာနဲ့ အိပ်ခန်းကို လမ်းလျှောက် ပြန်သွား တော့သည်။
နန်းပေါင်ကျူးက သူ့ကိုအနောက်မှ ဖမ်းဆွဲထားပြီး ကြောက်ရွံ့စွာနဲ့ လက်လေးကို ဆုပ်ကိုင်ထားသည်။
“ကျောင်းကျောင်း၊ ဓါးပြတွေ ဝင်လာတုန်းက ငါကြောက်လွန်းလို့ အမေ့ရဲ့ လက်မောင်းကြားထဲမှာ ဝင်ပုန်းနေတာ၊ အမေကပြောတယ်၊ သူတို့ကိုယ်ရံတော် အိမ်တော်က သခင်မလေးတွေ အားလုံး ငါ့လို မဟုတ်ဘူးလို့ ပြောပြီး ငါ့ကို ဆိုးဆိုးရွားရွား ဆူတော့တာပဲ၊ ငါ ဒီည နင်နဲ့အိပ်လို့ ရမလား”
“ရတာပေါ့”
နန်းပေါင်ရီက အပြည့်အဝ သဘောတူလိုက်သည်။
နိုင်ဝမ်ကျိုးက သူမကိုကြည့်ပြီး မျက်ဆံ လှန်လိုက်တာကို တွေ့လိုက်ရသည်။ အဘိုးလေးရဲ့ အကြည့်တွေက ကျောချမ်းစရာ ကောင်းလှသည်။
သူမ တုန်တက်သွားပြီး ကျူးကျူးနားကို အလျင်အမြန် ကပ်သွားလိုက်သည်။
သူမ၏ အိပ်ခန်းက နွေးထွေးပြီး သန့်ရှင်းနေသည်။
ညီအစ်မနှစ်ယောက်က အိပ်ရာပေါ်မှာ လှဲနေသည်။ ဒီည အလွန် ကြောက်လန့်ခဲ့တာကြောင့် နန်းပေါင်ကျူးက အိပ်ပျော်သွားသည့် အထိတောင် နန်းပေါင်ရီကို တင်းတင်း ဖက်ထားဆဲ ဖြစ်သည်။
နန်းပေါင်ရီကတော့ အိပ်မပျော်ပါချေ။
သူမက ဝမ်းကွဲအစ်မလေး နန်းပေါင်ကျူး၏ ခံစားချက်ကို အပြည့်အဝ နားလည်ပြီး နောက်ကျောကို ပွတ်သတ် ပေးနေသည်။
သူမ၏ ဝမ်းကွဲမမက အသက်ဆယ့်လေးနှစ်သာ ရှိသေးပြီး အဝေးဆုံး သွားဖူးတာမှ အမေဘက်က အဘိုး၏ အိမ်တော်သို့သာ၊ သွေးထွက်သံယို ကိစ္စရပ်ဆို အများဆုံးမှ ဘဲသတ်တာလောက်သာ မြင်ဖူးသောသူ ဖြစ်သည်။ ထိုသို့ ဓါးပြတွေ အများကြီးကို သူမ မမြင်ဖူးခဲ့ချေ။ သွေးလွှမ်းနေသည့် တစပြင်လို အပျက်အစီးမျိုးကိုလည်း သူမ မတွေ့ဖူးခဲ့ပါချေ။
ကြောက်လန့်မည်က ပုံမှန်သာ….
နန်းပေါင်ရီက မျက်ရည်များ စိုလူးပြီး အိပ်ပျော်နေသော မျက်နှာလေးကို ကြည့်နေပြီး ရုတ်တရက် အရင်ဘဝက အဖြစ်အပျက်ကို ပြန်ပြောင်း သတိရသွားလေသည်။
အရင်ဘဝက အိမ်တော်က တစ်ယောက်တည်း ထွက်သွားရခဲ့စဉ်ကရော ညတိုင်း အပြင်ကိုထွက်ပြီး ကုန်ဆုံးခဲ့စဉ်ကရော ဒီညမှာလို အလွန် သနားစရာ ကောင်းအောင် ကြောက်လန့် နေခဲ့လေမလား။
ထိုစဉ်တုန်းကတော့ အကျိုးဆက်တွေ ရှိမယ်မှန်း ခန့်မှန်းမိပေမယ့် သူမ နန်းပေါင်ကျူးဘက်က ရပ်တည်ဖို့ တွေဝေတုံ့ဆိုင်း နေခဲ့သည်။
နန်းပေါင်ရီ၏ နှာခေါင်းမှာ ချဉ်စူးစူးဖြစ်လာပြီး နန်းပေါင်ကျူးရဲ့ နဖူးလေးကို ညင်သာစွာ နမ်းရှိုက် လိုက်သည်။
“ဝမ်းကွဲမမ၊ မမ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပါ၊ ညီမလေးက မမကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်..”
သူမက တဖြည်းဖြည်းချင်း စပြီး ငိုက်မြည်း လာတော့သည်။
အိပ်ငိုက်ရင်း ငိုက်ရင်းနဲ့ သူမ၏ နောက်ကျောဘက်ဆီမှ ကျောချမ်းသွားသလို ခံစားလိုက်ရပြီး သူမ၏ ငိုက်မြည်းနေသော ခေါင်းလေး လှည့်လာသည်။
လိုက်ကာ၏ အပြင်ဘက်၌ အရိပ်တစ်ခုက မီးအိမ်ကိုကိုင်ပြီး ရပ်နေလေသည်။ မှိန်ဖျော့သည့် မျက်လုံးများဖြင့် အဘိုးလေးမှလွဲလို့ ဘယ်သူရှိရဦးမလဲလေ။
နန်းပေါင်ရီ၏ နှလုံးခုန်နူန်းက မြန်ဆန်လာတော့သည်။ ညဘက် ဒီလောက်တောင် နောက်ကျနေတာကို ဒီကောင်လေးက ဘာကြောင့် အိပ်ရာနားကို လာပြီး သူတို့ကို ရပ်ကြည့်နေသည်လဲ။
သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် “ဒီလောက် နောက်ကျနေတာကို … နင်…နင် … ဘာလုပ်နေတာလဲ”
နိုင်ဝမ်ကျိုးက အပြုံးမမည်တဲ့ အပြုံးတစ်ပွင့်နဲ့ “မင်းအိပ်လေ၊ ငါ့ကိုဂရုစိုက်မနေနဲ့”
နန်းပေါင်ရီ “…….”
သူက အိပ်ရာ၏ အပြင်ဘက်မှာရပ်ပြီး သူမတို့ကို ပြုံးစစဖြင့် စိုက်ကြည့်နေသည်။ ဒီလို လူတစ်ယောက်က စောင့်ကြည့်နေမှတော့ သူမ အိပ်ပျော်နိုင်ပါတော့မလား။
သူမက ကျူးကျူးလို စိတ်သဘောထား မကောင်းသလို ဝလည်းမဝပါချေ။
အမွှေးတိုင် နှစ်တိုင်ထွန်းစာခန့် လူးလှိမ့်နေပြီးနောက် ကြက်တွန်သံကို ကြားလိုက်ရသည်။ သူမက ထမရပ်ဘဲ မနေနိုင်စွာ ပြောလာတော့သည်။
“ငါမှားသွားတယ်၊ ငါတကယ် မှားသွားပါတယ်…. အဘိုးလေး၊ အိပ်ရာထဲကို မြန်မြန် လာအိပ်ပါတော့”
နိုင်ဝမ်ကျိုးက အလွန် အထက်စီး ဆန်စွာဖြင့် “မင်းအစ်မက တကယ် အိပ်ရေးဆိုးတယ်၊ အဲဒါကြောင့် ငါက အလျားလိုက် ဖြတ်ပြီးအိပ်တာ၊ အဲဒါက မှားများမှားနေသလား”
“အရမ်းကောင်းတာပဲ”
နန်းပေါင်ရီက ငိုချင်သွားရသည်။
သူမက အပေါ်ဝတ်စုံကို အမြန်ခြုံလိုက်ပြီး “ငါအခုလေးတင် ကြက်တွန်သံ ကြားလိုက်တယ်၊ ကျောက်ဝမ်ခြံမှာ အစ်ကို ၂ ကိုသွားရှာပြီး မနက်စောစော စာဖတ်ဖို့ စီစဉ်ထားတာ၊ ငါ့ကို အာရုံမစိုက်နဲ့”
“အဲဒါဆိုရင် ငါ ရှောင်ကျူးကျူးနဲ့ အိပ်ဖို့ အားနာမနေတော့ဘူးနော်”
နိုင်ဝမ်ကျိုးက ကျေနပ်အားရစွာ မီးအိမ်ကို ငြှိမ်းလိုက်လေသည်။
သူက ပန်းထိုးဖိနပ်တွေကို ကန်ချွတ်လိုက်ပြီး မွေ့ရာအောက်သို့ ဝင်သွားတော့သည်။
အိမ်တော်မှ လူများသည် သွေးစီးကြောင်းများနှင့် အပျက်အစီးတွေကို ရှင်းလင်းဖို့ အလုပ်များနေ ကြတာကြောင့် အနောက်ခြံက ကောင်မလေးတွေကို ထိန်းကွပ်ဖို့ မအားလပ်ကြပါချေ။
နန်းပေါင်ရီက မီးအိမ်လေးကို ကိုင်ပြီး အမှောင်ထုထဲမှာ ကျောက်ဝမ်ခြံကို ဝမ်းနည်းစွာဖြင့် ရောက်လာခဲ့သည်။
ကောင်းကင်က ကြယ်တွေကို ရေတွက်နေရင်း…….
သူမက ယွီဝေ့ရှိနေသော စင်္ကြံကို အမြန်ပြေးသွားပြီး မေးလိုက်သည်။
“ယွီဝေ့၊ အစ်ကို ၂ ကို တွေ့မိသေးလား”
“ဟုတ်ကဲ့၊ အမတ်မင်းက ဟောင်လောင်ကျူးကို မြေတိုက်ခန်းထဲမှာ စစ်ဆေးမေးမြန်း နေပါတယ်”
“မြေတိုက်ခန်း”
နန်းပေါင်ရီ အံ့ဩသွားသည်။ ကျောက်ဝမ်ခြံမှာ မြေတိုက်ခန်း ရှိတယ်ဆိုတာကို သူမဘာလို့ မသိခဲ့တာလဲ။
ယွီဝေ့က သူမကို မြေတိုက်ခန်းဝသို့ ရင်းနှီးနေသော လမ်းကနေ ဦးဆောင် ခေါ်လာခဲ့သည်။
မြေတိုက်ခန်းက မြေအောက်နက်နက်မှာ တည်ဆောက်ထားပြီး နေရာတိုင်း၌ သွေးများဖြင့် ပြည့်နေသည်။
ရှေ့ကို ဆက်လျှောက်လေလေ နန်းပေါင်ရီ လဲကျချင်လေလေ ဖြစ်လာရသည်။ သူမတို့ အိမ်တော်၌ ဘယ်တုန်းက ဤကဲ့သို့ ကြီးမားသည့် မြေအောက် အကျဉ်းထောင်တစ်ခု ရှိနေရတာလဲ။
ပြီးတော့ လူအများကြီးကိုလည်း ဖမ်းချုပ်ထားသေးသည်။
ထောင်ခန်းတံခါးများ၏ ရှေ့၌ ချိတ်ဆွဲထားတဲ့ မီးအိမ်တွေက လူ့အရေပြားလို ဖွေးဆွတ်နေသည်။
လျှောက်လာရင်း စေးကပ်နေသည့် အရာတစ်ခုက သူမ၏ ပါးဖောင်းလေးပေါ်သို့ ကျလာသည်။
သူမက ခေါင်းကိုမော့၍ သုတ်ဖယ်လိုက်ပြီး မီးအိမ်၏ အလင်းဖြင့် တစ်ချက်ကြည့်လိုက်သောအခါ ရုတ်တရက် နှလုံးသားက အေးစက်တောင့်တင်း သွားရတော့သည်။
သွေးတွေ…..
သူမက သိစိတ်တစ်ဝက်ဖြင့် ခေါင်းကို ပင့်မော့လိုက် သောအခါ မြေတိုက်ခန်း၏ ခေါင်မိုး၌ မရေမတွက်နိုင်သော အလောင်းများအား ပြွတ်သိပ်နေအောင် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
နန်းပေါင်ရီက ဒူးတွေပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျမသွားအောင် ထိန်းလိုက်ရသည်။
သူမက တုန်ရီစွာဖြင့်“ယွီဝေ့ ငါအိပ်ခန်းကိုပြန်ပြီးပဲ အစ်ကို ၂ ကို စောင့်လို့ မရဘူးလား”
“ဒါပေမယ့် အမတ်မင်းက ရှေ့မှာလေ”
သူမက ငြင်းဆန်လိုသည့် သဘောနဲ့ “ကြည့်လေ ဟိုမှာ”
နန်းပေါင်ရီက ကြည့်လိုက်သည်။
ဟောင်လောင်ကျူးသည် သစ်သားစင်ပေါ်၌ ချည်နှောင်ထားခံရပြီး တစ်ကိုယ်လုံး သွေးများ ခြင်းခြင်းနီ နေသည်။
အမတ်မင်းက သားရေခါးပတ်နှင့် စစ်ဖိနပ်ကို ဝတ်ဆင်ထားပြီး သူ၏ ဘေးတိုက်မျက်နှာက အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
သူက မီးဖုတ်ထားသည့် သံချောင်းကို ပေါ့ပေါ့ပါးပါးဖြင့် လှည့်ပတ် ကစားနေရင်း “ရိက္ခာတွေ သိုလှောင်ထားတဲ့ စခန်းတွေ အားလုံးရဲ့ နာမည်ကိုပြောရင် မင်းကို သက်သောင့်သက်သာ သေခွင့်ပေးမယ်၊ မဟုတ်ရင်တော့…..”
သူက သူ့အပေါ်မေးရိုးကိုစိ၍ လျှာတစ်ချက် သပ်ပြီး ကောက်ကျစ်စဉ်းလဲစွာနဲ့ ပြုံးလိုက်လေသည်။
***