NBY အပိုင်း ၁၉၆

အပိုင်း (၁၉၆)
သူက ခေါင်းကိုငုံ့ပြီး အနမ်းတစ်ပွင့် ခြွေလိုက်တယ်

သန်းခေါင်ယံတိုင်ခဲ့ပြီ….

ပြတင်းရဲ့ အပြင်ဘက်မှာတော့ နှင့်ပွင့်တွေ ဝေနေသည်။ ကျကွဲနေတဲ့ မီးအိမ်လေးရဲ့ အလင်းနဲ့ အရိပ်တွေ ကြားမှာ ပန်းပွင့်ချပ်တွေကလည်း သွေးစွန်းနေပြီး နှင်းပွင့်လေးတွေတောင် သွေးစက်တွေ စွန်းပေနေသည်။

တိုက်ခိုက်နေသံတွေက တဖြည်းဖြည်း လွင့်ပြယ်လာပြီး မြောက်ပြန်လေရဲ့ သားရဲကြီး တစ်ကောင်လို အော်မြည်သံကသာ ကြီးစိုးနေတော့သည်။

“ပြီးသွားပြီလား….”

ဟယ်ယဲ့က လေသံဖွဖွဖြင့် ရေရွတ်သည်။

မျက်ရည်စက်တွေ စိုလူးနေပြီး မျှော်လင့်ချက် တစ်စွန်းတစ်စနဲ့ လင်းလက်လာတဲ့ အစေခံတွေရဲ့ မျက်နှာပေါ်ကို အခိုးထွက်နေတဲ့ မီးအိုးလေးရဲ့ အလင်းရောင်က ဖြန့်ကြက် သွားသောအခါ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

နန်းပေါင်ရီက ရွှေဆံထိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မျက်လုံးရွှဲကြီးများမှာ ဗျာပါများ နေဟန်။

ရုတ်တရက် အပြင်ဘက်ဆီက ခြေသံကို ကြားလိုက်ရသည်။

နန်းပေါင်ရီက မသိစိတ်ရဲ့ လှုံ့ဆော်မှုနဲ့ ရွှေဆံထိုးကို ခပ်တင်းတင်း ဆုပ်ထားပြီး ခန္ဓာကိုယ် တစ်ခုလုံးက လေးကြိုး တစ်ချောင်းလို ဆန့်သွားသည်။

သူမ ခေါင်းကို ပင့်မော့ပြီး ကြည့်လိုက်သောအခါ ယွီဝေ့က ချပ်ကပ်နေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသေသပ်စွာနဲ့ အိပ်ခန်းထဲကို ပြေးဝင်လာသည်။

သူမရဲ့ရှေ့မှာ ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး လက်တွေကို ကွေးညွှတ်ရင်း “စုစုပေါင်း ဓါးပြ ကိုးရာ သုံးဆယ့်ကိုးယောက်ကို သုတ်သင် လိုက်ပါတယ်၊ သခင်မကြီး၊ သခင်ကြီး ၂၊ သခင်ကြီး ၃နဲ့ တခြားသူတွေ အားလုံး တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပါဘူး၊ သခင်လေးက မမလေးစိုးရိမ်ဖို့ မလိုတော့ဘူးလို့ အမှာ ပါးလိုက်ပါတယ်”

အိပ်ခန်းက တဒင်္ဂမျှ တိတ်ဆိတ် ငြိမ်သက်သွားသည်။

တစ်ခဏ အကြာမှာတော့ အစေခံငယ်လေးတွေက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး စတင်၍ ငိုကြွေးကြတော့သည်။ ဘေးအန္တရာယ်ကြီး ပြီးသွားတဲ့နောက် ပျော်လွန်းလို့ ကျလာတဲ့ မျက်ရည်တွေ ဖြစ်သည်။

ရှီးယန်ရဲ့ ဓါးရိုးကို တင်းတင်းကြပ်ကြပ် ကိုင်ထားတဲ့ လက်က လျော့ရဲသွားပြီး ချောမောတဲ့ မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်ထွက်လာလေသည်။

နန်းပေါင်ရီရဲ့ မျက်ဝန်းတွေက စွေးစွေးနီနေပြီး တခြားသူတွေကို ဂရုမစိုက်တော့ဘဲ ဝတ်စုံကိုမ၍ အိပ်ခန်းထဲက ပြေးထွက် သွားတော့သည်။

သူမ ဥယျာဉ်ထဲကို ပြေးဝင်သွားသောအခါ သွေးစွန်းနေတဲ့ မီးအိမ်တွေကို တွေ့လိုက်ရသည်။ နေရာတိုင်းက အပျက်အစီးတွေ၊ သွေးကွက်တွေနဲ့ ပြည့်နေသည်။ အရင်က စိုပြည်စိမ်းလန်းခဲ့တဲ့ ဥယျာဉ်တစ်ခုလုံးက ကမ္ဘာပေါ်ကလူတွေ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ မရောက်ခင် အပြစ်တွေကို ဆေးကြောသန့်စင် ရတဲ့ နေရာဌာန တစ်ခုလို သွေးအိုင်တွေ၊ သွေးကွက်တွေနဲ့ အရုပ်ဆိုး အကျည်းတန် နေတော့သည်။

ပန်းပွင့်ချပ်လေးတွေ ပြန့်ကျဲနေတဲ့ လမ်းလေးရဲ့ အဆုံးမှာတော့ ဓါးရှည်တစ်ချောင်းကို ကိုင်ပြီး ရပ်နေတဲ့ တစ်စုံတစ်ယောက် ရှိနေလေသည်။

အနက်ရောင်ဝတ်စုံက လေအဝှေ့မှာ တဖျတ်ဖျတ် လွင့်နေပြီး စွတ်စွတ်ဖြူနေတဲ့ နှင်းစက်လေးတွေက ပခုံးစွန်းတွေနဲ့ ဆံဖျားမှာ တွဲလဲခိုနေသည်။ ထက်ရှတဲ့ ဓါးရှည်မှာတော့ သွေးတွေနဲ့ ဖြန်းပက်ထားသလို ရဲစွေး နေလေသည်။

သူက အနောက်ခြံနဲ့ အရှေ့ခြံကို ကူးလူးသွားလာနိုင်တဲ့ လမ်းလေးပေါ်မှာ ရှိနေပြီး သူရပ်နေတဲ့လမ်းကို ဖြတ်သန်း သွားနိုင်မှ အနောက်ခြံကို ရောက်မှာဖြစ်သည်။ သူ့တစ်ယောက်တည်းရဲ့ ခွန်အားနဲ့ ရာပေါင်းများစွာသော ရန်သူတွေကို သုတ်သင် ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ တစ်ဦးတစ်ယောက်ကိုမှ အသက်ရှင်ခွင့် မပေးခဲ့သလို အနောက်ခြံကို ဖြတ်သွားခွင့်လည်း မပေးခဲ့ပါချေ။

သူက သေမှန်းရှင်မှန်း မကွဲပြားတော့တဲ့ ဟောင်လောင်ကျူးကို ခြေထောက်တစ်ဖက်နဲ့ ပိတ်ကန်လိုက်ပြီး သူ့ရဲ့သွင်ပြင်က အေးစက်ပြီးရင်း အေးစက်လာတော့သည်။

“အစ်ကို ၂”

နှင်းစက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ညခင်းကိုဖြတ်ပြီး ကောင်မလေးရဲ့အသံက သူ့ရဲ့နားစည်ကို ရိုက်ခတ်လာသည်။

ရှောင်းယီက အနည်းငယ် တောင့်တင်းသွားသည်။

သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လေသည်။

နန်းပေါင်ရီက ရုတ်ခြည်း ထိတ်လန့် သွားတော့သည်။

အမတ်မင်းရဲ့ ပါးပြင်ပေါ်မှာ ဓါးရာလို သွေးစက်တွေနဲ့ စွန်းပေနေပြီး လက်ဝကျဉ်း ဝတ်စုံတစ်ခုလုံး ကလည်း သွေးတွေနဲ့ ရွှဲရွဲစိုနေသည်။ မိုဒေါက် ဓါးရှည်ကို ကိုင်ထားတဲ့ လက်ချောင်း ငါးချောင်းလုံး မှာလည်း သွေးတွေနဲ့ ပြည့်နှက်နေသည်။

သူ၏မျက်စံအိမ်များမှာ အနီရောင် တောက်နေပြီး သွေးဆာနေသည့် အမူအရာနဲ့ အနီရောင် သွေးစက်တွေက လရောင်ကို ရောင်ပြန်ဟပ်နေသည်။

ဒီလိုပုံစံနဲ့ အမတ်မင်းကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။

လူငယ်၏ အမူအယာက လွတ်လပ်ပေါ့ပါးပြီး ကြင်နာနွေးထွေး နေတတ်သည်။ တစ်ခါတစ်ရံမှ ထုတ်လွှင့်တတ်သည့် သူ့ရယ်သံက အမြဲတမ်း နွေးထွေး၊ ပေါ့ပါးပြီး ရင်းနှီးဖို့ လွယ်ကူဟန်ရှိသည်။

သို့သော်လည်း ဒီညမှာတော့ ……

ရှောင်းယီသည် ပန်းခင်းလမ်းလေး၏ တစ်ဖက်က နန်းပေါင်ရီကို ကြည့်လိုက်သည်။ နန်းအိမ်တော်ရဲ့ သခင်မလေး နန်းကျောင်းကျောင်းမှာ ပါးလွှာသည့် ပိုးသား ညအိပ်ဝတ်စုံလေးကိုသာ ဝတ်ဆင်ထားပြီး လေတဖြူးဖြူးနှင့် နှင်းစက်တွေ ကြားထဲ၌ ရပ်နေလေသည်။ သူမဝတ်ထားတဲ့ ညအိပ်ဝတ်စုံလေးက ဖြူဖွေးပြီး ရှင်းသန့်နေသည်။

မင်စက်တွေ ပက်ဖြန်းထားသလို အပြာရောင် ပိုးသားဝတ်စုံက လေနုအေးနဲ့အတူ တဖျတ်ဖျတ် လွင့်နေသည်။

မျက်နှာလေးက နုနယ်ပြီး ဖြူဖွေးနေပေမယ့် မီးငှက်လို မျက်ဝန်းတွေထဲမှာ ချိုမြိန်တဲ့ အငွေ့အသက်တွေ ပျောက်ဆုံးနေပြီး ကောင်မလေးက ပြင်းပြင်းထန်ထန် ကြောက်ရွံ့နေပုံပင်။

သူမက ခြေမခိုင်တော့ဘဲ ခြေထောက်တွေက အေးစက်လာပြီး နှင်းတွေထက် ပို၍ ဖြူဖွေးဖျော့တော့ လာလေတော့သည်။

ရှောင်းယီက အမူအယာမဲ့စွာနဲ့ သူမဆီကို‌ လျှောက်လှမ်းလာသည်။

သူက ဓါးကိုကိုင်ပြီး လျှောက်လာတာကို တွေ့သောအခါ နန်းပေါင်ရီက မသိစိတ်က အလိုအလျှောက် နောက်ကို ဆုတ်လိုက်မိသည်။

ပန်းပင်တစ်ပင်ရဲ့ ပင်စည်နဲ့ သူမရဲ့ နူးညံ့ သွယ်လျတဲ့ နောက်ကျောလေး မတိုက်မိခင်အထိ နောက်ကို တဖြည်းဖြည်း ဆုတ်နေမိသည်။

ရှောင်းယီက ဓါးရှည်ကို လွှင့်ပစ်လိုက်ပြီး သူမရဲ့ရှေ့မှာ ဒူးတစ်ဖက်ထောက် ထိုင်လိုက်သည်။

သူက သူမရဲ့ ခြေထောက်လေးကို ကိုင်လိုက်ပြီး လက်ကိုင်ပဝါလေးနဲ့ သုတ်ပေးရင်း သူ့ရဲ့လေသံက လေးပင်ပြီး ကြင်နာစွာနဲ့ “အခုလေးတင်မှ ငါဂရုစိုက်ပေးထားလို့ နွေးသွားတာကို၊ ဒီအစ်ကိုရဲ့ ဂရုစိုက်မှုကို အခုလို ပြေးထွက်လာပြီး ဖြုန်းတီးလိုက်တယ်ပေါ့”

နန်းပေါင်ရီက ပါးစပ်လေးကို ပိတ်ထားပြီး ဘာမှပြန်ဖြေမလာပါချေ။

ရှောင်းယီက သူ၏ဝတ်ရုံ လက်အိတ်ထဲက သန့်ရှင်းနေတဲ့ ခြေအိတ်တွေကို ထုတ်ယူလိုက်ပြီး သူမကို ဝတ်ပေးလိုက်သည်။

ကောင်မလေးရဲ့ တုန်ရီနေမှုကို သူရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူမ ကြောက်နေသည်။

သူ့ဓါးကို ကြောက်နေသည်။ သူ့ကိုယ်ပေါ်က သွေးတွေကို ထိတ်လန့်နေသည်။

ဘာစကားမှ ပြောစရာမလိုဘဲ ဒီနွေးထွေးနေတဲ့ အခိုက်အတန့်လေးကို လှပစွာ ခြယ်မှုန်းပြီး ဒီနူးညံ့တဲ့ ကောင်မလေးကို သက်သောင့်သက်သာ ရှိစေချင်သည်။

သူက သူမကို မကြောက်လန့်စေချင်ပေ။

ထို့ကြောင့် သူကခေါင်းကို ငုံ့ကိုင်းလိုက်ပြီး ကောင်မလေးရဲ့ ခြေဖမိုးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

သို့သော်လည်း ကောင်မလေးက တုန်ရီနေဆဲပါပင်။

နှုတ်ခမ်းထောင့်စွန်းမှာ လျော့ရဲရဲ အပြုံးလေးကို ချိတ်ဆွဲရင်း သူက ခေါင်းကိုမော့၍ “ငါ့ကိုကြောက်နေ တာလား”

နန်းပေါင်ရီက အသက်ရှူ မှားသွားတော့သည်။

သူမ၏ မျက်လုံးထဲမှာတော့ လူငယ်ရဲ့ပါးပြင်က သွေးစက်တွေ၊ ဓါးရာတွေနဲ့ ပြည့်နေပြီး ရယ်လိုက်သောအခါ ရိုင်းစိုင်းတဲ့ ခွေးကြီးတစ်ကောင်နဲ့ အလားသဏ္ဌာန် တူနေပုံပင်။

သူ့ရဲ့ ဇာမဏီမျက်ဝန်းတွေက ကိုယ့်ကိုယ်ကိုယ် အပြစ်ဆို လှောင်ရယ်ဟန် စွက်နေပြီး သူ့အကြင်နာမဲ့မှု ရက်စက်မှုတွေကို သူမက နှစ်သက်ဟန် မတူချေ။

သို့သော်လည်း တကယ်တမ်းက……

သူမက သွေးတွေနဲ့ ပြိုပျက်နေတဲ့ အပျက်အစီးတွေကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။

သူမ လေသံသဲ့သဲ့ဖြင့် “ညီမလေးက အစ်ကို့ကို သဘောမကျတာမျိုး ဘယ်တုန်းကမှ မရှိဖူးပါဘူး။ ညီမလေးက အိပ်ခန်းထဲမှာပဲ ပုန်းနေပြီး အပြင်ဘက်က တိုက်ခိုက်နေကြတဲ့ အသံတွေကို ပြတင်းပေါက် နားမှာ နားထောင်နေတာပါ၊ ညီမလေးရဲ့ စိတ်ထဲမှာ အရမ်းကြောက်နေတာ၊ ညီမလေးက အစ်ကို ၂ အဲဒီဓါးပြတွေကို သတ်ပစ်နိုင်ဖို့ကိုပဲ ဆုတောင်းနေမိတာ၊ ဒါပေမယ့် အစ်ကို ဒဏ်ရာရမှာကို စိုးရိမ်တယ်၊ အစ်ကိုက ပန်းခင်းလမ်းရဲ့ အဆုံးမှာ တစ်ကိုယ်လုံး သွေးတွေရွှဲနေပြီး မတ်တပ် ရပ်နေတာကို မြင်လိုက်တော့ အဲဒီသွေးတွေက အစ်ကို့ရဲ့ သွေးတွေဖြစ်နေမှာကို ကြောက်တာ၊ နောက်တစ်ခဏလေး အတွင်းမှာ အစ်ကို သေသွားမှာကို အကြောက်ဆုံးပဲ”

ဝမ်းနည်းအားငယ်စိတ်နဲ့ သူမရဲ့မျက်ရည်တွေက စီးကျလာတော့သည်။

သူမက ရှောင်းယီ၏ ရှေ့တွင် ပန်းထိုးပဝါလေးကို ငုံ့ကိုင်း၍ ထုတ်လိုက်ပြီး သူ့မျက်နှာပေါ်က သွေးတွေကို ဂရုတစိုက် သုတ်ဖယ် ပေးနေသည်။

ကောင်မလေးရဲ့ လက်ချောင်းလေးတွေက နူးညံ့ပျော့ပျောင်းပြီး သွယ်လျ လှပနေသည်။ လက်လေးက ရှောင်းယီရဲ့ အရေပြားပေါ်ကို တရွေ့ရွေ့နဲ့ ထိတွေ့နေပြီး သိမ်မွေ့နူးညံ့မှုတွေကို သယ်ဆောင် လာလေသည်။

ရှောင်းယီက သူမကို ငေးလာသည်။ ကောင်မလေးရဲ့ မျက်ဝန်းတွေက ရေလို ကြည်လင်နေပြီး မျက်ရည် တွေတွေကျနေသည်ကို ကြည့်ရတာ သူ့ရဲ့စိတ်ကို အလွန်ပူလောင် လာစေသည်။

သူမက သူ့အတွက် စိတ်မကောင်း ဖြစ်နေတာတဲ့လား။

ဒါ နန်းကျောင်းကျောင်းက သူ့ကို စစ်မှန်တဲ့ နှလုံးသားနဲ့ ချစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ။

ထိုကဲ့သို့ ထင်ထင်လင်းလင်း သိရှိသွားတာက သူ့ရဲ့နှလုံးသားကို ပျော်ရွှင်မှုတွေ လွှမ်းခြုံ သွားစေသည်။ အေးစက်တဲ့ ဆောင်းရာသီမှာ ချိုမြိန်ပြီး နွေးထွေးတဲ့ ပဲနီလေး ဟင်းချိုကို သောက်လိုက်ရသလို ကိုယ်တွင်း အင်္ဂါတွေအထိ နွေးထွေးမှုက ပျံ့နှံ့သွားတော့သည်။

သူငယ်စဉ်ကတည်းက တော်ဝင်ကျောင်းမှာ ကြီးပြင်းလာခဲ့ပြီး စာရေး၊ စာဖတ်နှင့် ဓါးရေးတွေကို တစ်ယောက်တည်း သင်ကြားခဲ့ရသည်။ နှစ်စဉ်နှစ်တိုင်း မွေးနေ့များ၊ ပွဲတော်ရက်များ အားလုံးကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။

ဘယ်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ဖူးပါချေ။ ‘သူထိခိုက် ဒဏ်ရာရမှာ၊ ခဏလေး အတွင်းမှာ သူသေဆုံး သွားမှာကို စိတ်ပူတယ်’ ဆိုသည့် စကားမျိုးလည်း ဘယ်သူကမှ မပြောဖူးခဲ့ပါချေ။

တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက် အလေးထားမှုကို ခံရတယ် ဆိုတာက ဒီလိုမျိုးပါလား……

နောက်ဆုံးမှာတော့ နန်းပေါင်ရီက သူ၏မျက်နှာကို သန့်ရှင်းပေးလို့ ပြီးသွားပြီဖြစ်သည်။

သူမက သွေးစွန်းနေသော ပန်းထိုးပဝါကို လွှင့်ပစ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်လို့ ကြိုဆိုရင်း “ဖက်ပေး”

ရှောင်းယီ၏ မျက်ခုံးများက ပင့်တက်သွားသည်။ သူက သူတော်ကောင်းယောင် ဆောင်တတ်တဲ့သူ တစ်ယောက် မဟုတ်ပေ၊ ကောင်မလေးက ဖက်ဖို့ကို အရင်စပြီး ပြောလာမှတော့ သူက နှောင့်နှေးနေစရာ ဘာအကြောင်းရှိ မလဲလေ။

ပျော့ပျောင်းပြီး သေးသွယ်လှပတဲ့ကောင်မလေးက သူ့ရဲ့ရင်ခွင်ထဲမှာ နွေးထွေးနေသည်။

ရုတ်တရက် ဒီလို တစ်ကြိမ် အပွေ့အဖက်လေးကတင် ဓါးပြတွေ အားလုံးကို သုတ်သင်ပစ်ဖို့ ထိုက်တန်တယ်လို့ ရှောင်းယီ ခံစားလိုက်ရသည်။

အိပ်ခန်းကို ပြန်ရောက်သည့်အခါ သူက နန်းပေါင်ရီကို ပန်းထိုးမွေ့ရာပေါ် တင်ပေးလိုက်သည်။ ထိုအချိန်မှ ကောင်မလေး၏ ဘယ်လက်တွင် ရွှေဆံထိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို သူတွေ့လိုက်ရသည်။ ဆံထိုး၏ ချွန်မြနေသော အသွားက သူမလက်လေးကို ထိုးဖောက်ဝင်နေပြီး လက်ချောင်းများ ကြားမှ သွေးစက်များ စိမ့်ထွက်လာနေသည်။

သူက ဆေးသေတ္တာကို တောင်းယူလိုက်ပြီး ကောင်မလေး၏ ဘေးမှာ ထိုင်ရင်း လက်ကောက်ဝတ်လေးကို ဆွဲယူလိုက်သည်။

“လက်ကိုဖွင့်လိုက်”

နန်းပေါင်ရီ၏ လှုပ်ရှားမှုများမှာ အနည်းငယ် တောင့်တင်းနေသည်။ ရွှေဆံထိုးကို လက်ဖဝါးနဲ့ တင်းတင်း ဆုပ်ထားတာ အလွန် ကြာနေပေပြီ။ လက်ချောင်း ငါးချောင်းလုံးက သွေးများဖြင့် စီးကပ်နေတော့သည်။

လက်ချောင်းများကို ဖွင့်လို့ရသွားသည့်အခါ ရွှေဆံထိုးနှင့် လက်ဖဝါးတို့၌ သွေးများ ရွှဲနစ်နေတော့သည်။

သူမသည် နှာခေါင်းထိပ်လေးကို ရှက်ရွံ့စွာဖြင့် ပွတ်လိုက်ပြီး “စောင့်နေတဲ့ အချိန်မှာ အရမ်း စိတ်လှုပ်ရှား နေတော့ ကိုယ့်ဘာသာကိုယ်တောင် မသိဘဲ ဆုပ်ထားမိတာ….”

ရှောင်းယီက ကောင်မလေးကို ပိုးသတ်ဆေး ဖြန်းပေးပြီး ပတ်တီးကို ခိုင်ခိုင်မြဲမြဲ စည်းပေးလိုက်သည်။

သူက ရယ်သွမ်း သွေးလိုက်ရင်း “နန်းကျောင်းကျောင်းက ငွေကို အချစ်ဆုံးပဲလေ၊ ထွက်ပြေးဖို့လုပ်ရင်တောင် ငွေလက်မှတ်တွေကို အရင်ဆုံး ယူရမှာကို ရွှေဆံထိုးကို ဆုပ်ထားပြီး ဘာလုပ်နေတာလဲ”

နန်းပေါင်ရီက နင်သွားရတော့သည်။ သူမက မိသားစုကိုချန်ထားခဲ့ပြီး ထွက်ပြေးမဲ့သူလား။

သူမက မခံချင်ဖြစ်သွားရပြီး “ဘာလို့လဲဆိုတော့ ဓါးပြတွေက အနောက်ခြံကို ချိုးဖျက်ပြီး ရောက်လာရင် ရှီးယန်က သူတို့ကို မတားဆီးနိုင်မှာ စိုးလို့၊ ညီမလေးက ဒီရွှေဆံထိုးကို လက်နက်တစ်ခုလို သုံးဖို့ ကြံစည်ထားတာ၊ ညီမလေး စဉ်းစားထားတာက ညီမလေးကို တစ်ယောက်ယောက်ကသာ စော်ကား လာခဲ့ရင် ဒါနဲ့ သူ့ကို မျက်စိကန်းသွားအောင် လုပ်ပစ်မယ်၊ ဒါမှမဟုတ် သူ့လည်မျိုကို ဒါနဲ့ ထိုးဖောက်ပစ်မယ်၊ ညီမလေးရဲ့ မိသားစုဝင်တွေကို စော်ကားရဲရင် ညီမလေးက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို သူတို့သိသွားစေရမယ်”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset