NBY အပိုင်း ၁၉၅

အပိုင်း (၁၉၅)
နန်းအိမ်တော်က လူတစ်ယောက်ကိုမှ မတော်တဆ ဖြစ်ခွင့်မပေးနိုင်ဘူး

ရှီးယန်က မျက်လုံးတွေကို နှိမ့်ချလိုက်ပြီး သူ့ကို မကြည့်ရဲပါချေ။

“လူတစ်ထောင်လောက်ရှိတယ်”

လူတစ်ထောင်……

နန်းပေါင်ရီက ကိုယ့်ပါးပြင်ကို ကိုယ်ပြန် ရိုက်ချလိုက်သည်။

သူမက အိပ်ရာထဲက ခုန်ထလိုက်ပြီး “အဘွားကို သွားရှာရမယ်”

ရှောင်းယီက သူမကိုအိပ်ရာပေါ် ပြန်တင်လိုက်သည်။
သူက နက်ရှိုင်းတဲ့ အသံနဲ့ “ငါလူလွတ်ပြီး အဘွားကို စောင့်ရှောက် ခိုင်းထားမယ်၊ မင်းက ဒီအိပ်ခန်းထဲမှာပဲ နေ၊ ဘယ်ကိုမှ သွားခွင့်မပေးနိုင်ဘူး၊ ရှီးယန် မင်းက ဒီမှာနေပြီး သူ့ကိုစောင့်ရှောက်”

ရှီးယန်က ဂါရဝပြုလိုက်ပြီး ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်သည်။

ရှောင်းယီ ထွက်သွားဖို့ ပြင်နေတာကို တွေ့ရသည့်အခါ နန်းပေါင်ရီက သူ၏ဝတ်ရုံ လက်စွန်းကို ဆွဲလိုက်ပြီး မျက်နှာလေးကို ပင့်မော့၍ “အစ်ကို ၂၊ အဘွားအပြင် ကျူးကျူးတို့ရော တခြားသူတွေရော….”

ရှောင်းယီက နောက်ကို လှည့်ကြည့်လိုက်ပြီး ကောင်မလေး၏ ပါးပြင်လေးကို ဖွဖွလေးတို့ထိ၍ “နန်းအိမ်တော်က လူတစ်ယောက်ကိုမှ မတော်တဆ ဖြစ်ခွင့်မပေးဘူးလို့ ငါကတိပေးတယ်၊ မင်းက အိပ်ခန်းထဲမှာပဲနေ၊ အပြင်ထွက်ပြီး ပြဿနာ မရှာရဘူး”

နန်းပေါင်ရီ တည်ငြိမ်စွာနဲ့ ခေါင်းကို ညိတ်လိုက်သည်။

သူမက မိန်းကလေး တစ်ယောက်သာဖြစ်ပြီး သူမသာ ခွင့်ပြုချက်မရဘဲ ပြေးထွက်သွားရင် သူမ၏အစ်ကို ၂ ကို ဒုက္ခများစေမှာ ကျိန်းသေသည်။

သူမက ရှောင်းယီ အိပ်ခန်းထဲက ထွက်သွားတာကို ကြည့်နေပြီး နှလုံးသားက ကြောက်ရွံ့လွန်းလို့ တုန်ရီနေသည်။

ပြတင်း အပြင်ဘက်က တိုက်ခိုက်နေသည့် အသံတွေကို အသံသဲ့သဲ့ ကြားနေရသည်။ ကြည့်ကောင်း ချောမောတဲ့ လျှို့ဝှက် ကိုယ်ရံတော်က သူ၏ဓါးရှည်ကို ကိုင်ပြီး ပုတီးစေ့ကန့်လန့်ကာ၏ အတွင်းမှာ ပုန်းအောင်းနေသည်။ ကာကွယ် စောင့်ရှောက်သူ တစ်ယောက် ရှိတဲ့အတွက် ရှင်းမပြတတ်အောင် လုံခြုံနေစေသည်။

သူမက အပြင်ဘက်က အစေခံငယ်လေးတွေကို ခေါ်လိုက်ဖို့ ဟယ်ယဲ့ကို ပြောလိုက်ပြီး အားလုံးက မီးခိုးထွက်နေသည့် မီးအိုးလေးနားမှာ ပတ်လည် ဝိုင်းနေကြသည်။

လူတိုင်းက ဓါးပြတွေအိမ်ကို ဝင်စီးတယ်ဆိုတာ ကြားဖူးကြပေမယ့် ထိုအတွေ့အကြုံမျိုးကိုတော့ တစ်ယောက်မှ မတွေ့ခဲ့ဖူးချေ။ မီးအိုးလေးက နွေးထွေးပေမယ့် လေထုကတော့ နေမထိထိုင်မသာ ဖြစ်နေသည်။

ကြောက်တတ်တဲ့ အစေခံငယ်လေး တစ်ယောက် ရှိပြီး သူမက လက်ကိုင်ပဝါကို ဆုပ်ထားပြီး လန့်လွန်းလို့ ငိုနေသည်။ အစေခံငယ်တွေကလည်း သူတို့၏ မိဘတွေကို တပြီး ငိုနေကြသည်။

တချို့သူတွေကတော့ စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်ကျောက်တုံးတို့ကို ပြင်ပြီး ချစ်ခင်ရသည့် သူတွေအတွက် သေတမ်းစာ ရေးနေကြသည်။

အိပ်ခန်းတစ်ခုလုံး၏ လေထုက ဝမ်းနည်းမှုတွေ၊ စိတ်အားငယ်ခြင်းတွေနဲ့ ပြည့်နှက်နေပြီး သေခြင်းတရား၏ တံခါးဝကို ရောက်နေသလိုပင်။

ဟယ်ယဲ့ကလည်း တုန်လှုပ်နေပေမယ့် အစေခံတွေကို ဆူပူလိုက်သည်။

“အသုံးမကျတဲ့ ကောင်မလေးတွေ၊ မငိုကြနဲ့၊ မမလေးတောင် မငိုတာကို နင်တို့က ဘာလို့ငိုနေတာလဲ ဓါးပြတွေရဲ့ အသတ်ကို မခံရပါဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာကိုပဲ ကြောက်ရမှာ”

“ဟယ်ယဲ့ သူတို့ကိုမဆူပါနဲ့…”

နန်းပေါင်ရီက လေသံပျော့လေးနဲ့ ပြောလိုက်သည်။

အရင်ဘဝက ဘဝ၏ အနိမ့်အမြင့် အတက်အကျတွေ အားလုံးကို သူမ ကြုံတွေ့ဖူးခဲ့သည်။ အမတ်မင်းက ဘယ်လောက်တောင် ခွန်အားကြီးမှန်း သူမသိသည်။

သူက အားနည်းသူတွေကို ကာကွယ်ပေးမှာဖြစ်ပြီး ဒီကိစ္စကြီးက လုံခြုံစိတ်ချရစွာနဲ့ ကျော်ဖြတ် သွားနိုင်မှာဖြစ်သည်။

ဒီအစေခံငယ်လေးတွေ အားလုံးက အိမ်တော်မှာ မွေးဖွားပြီး ကြီးပြင်းလာကြတာ ဖြစ်သည်။

သူမက အိပ်ရာထဲကနေ ခုန်ထလိုက်ပြီး အဆင့်သုံးဆင့်ရှိတဲ့ အစားအသောက်ဘူးကို ထုတ်ယူလိုက်ပြီး “မြေပဲတွေနဲ့ သစ်ကြားသီးတွေ ရှိတယ်၊ တခြားမုန့်တွေလည်း အများကြီးရှိတယ်၊ အားလုံး ဗိုက်ဖြည့်ဖို့ လိုတယ်၊ ဒါကိုကျော်ဖြတ်နိုင်သွားရင် အပြင်ကို ထွက်ပြေးဖို့ အားရှိနေမှရမယ်”

သူမက သူတို့ကို နှစ်သိမ့်ပြီး လေထုကို အသက်ဝင် စေချင်ခဲ့ပေမယ့် သူမတို့က ပိုပိုပြီး ငိုကြွေးလာကြ တော့သည်။

“အား… ကျွန်မက မပြေးနိုင်ဘူး၊ မေမေက အမြဲတမ်း ပြောတယ်၊ ကျွန်မ ခြေထောက်လေးတွေက တိုတယ်တဲ့၊ ကျွန်မကတော့ သေမှာပါပဲ”

“ပထမလမှာတင် အလေးချိန်က ဆယ်ကတ်တီလောက် တိုးလာတာ၊ ကျွန်မ မပြေးနိုင်လောက်ဘူး”

နန်းပေါင်ရီက ရှက်သွားရသည်။

သူမက ပြတင်းနားက ပန်းထိုးထိုင်ဖုံပေါ်မှာ ထိုင်လိုက်ပြီး အစားအသောက်ဘူးကို ဖွင့်၍ ပဲနီလေး ကိတ်မုန့်ကို ယူလိုက်သည်။ လက်ဖက်ရည် နွေးနွေးလေး တစ်ခွက်ကိုပါ ယူလိုက်ပြီး ပါးစပ်အပြည့် ထည့်၍ ဝါးနေတော့သည်။

ပြတင်း အပြင်ဘက်မှာတော့ မီးရောင်တွေက အဝေးမှာ ထပ်နေပြီး မီးအိမ်တွေက သွေးတွေနဲ့ စွန်းထင်းနေသည်။ သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

နောက်ဆုံးတစ်ခေါက် ရွှေငွေအပြည့် ကျောက်စိမ်း စံအိမ်မှာတုန်းက ဟောင်လောင်ကျူးက သူ၏ခေါင်းကို နှိမ့်ချပြီး အစ်ကို ၂ ကို ဂါရဝပြုနေတာကို သူမ မှတ်မိသေးသည်။

သူက ဓါးပြတစ်ယောက် ဖြစ်လင့်ကစား စီးပွားရေးမှာလည်း ကျွမ်းကျင်လှသည်။ သူ၏နောက်လိုက် ဓါးပြတွေကိုသာ တိုက်ခိုက် ခိုင်းတတ်ပြီး အစိုးရအရာရှိတွေကိုတော့ ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဖူး ပါချေ။

သူမ၏အစ်ကို ၂ က အမတ်မင်း တစ်ယောက်မှန်း သူသိရဲ့သားနဲ့ နန်းအိမ်တော်ကို ဓါးပြတိုက်ဖို့ ရွေးခဲ့သည်လား။

အကြောင်းပြချက်ကတော့ သူ၏နောက်မှာ ချုပ်ကိုင်ထားတဲ့ ရာထူးကြီးသော သူတစ်ယောက် ရှိနေလိမ့်မည်။

ထပ်ပြီး ကျင်းကွမ်မြို့၏ အစောင့်တွေကလည်း ရှိနေပါရက်နဲ့ ညစောင့်တွေက အရံသင့် ဓါးပြတွေအတွက် တံခါးဖွင့် ပေးလိုက်သည်။ တစ်ဖက်က ကြည့်ပြန်ရင်လည်း သူတို့က နန်းအိမ်တော်ကို အမှတ်တမဲ့နဲ့ ပြေးမဝင်လာခဲ့ပါချေ။

ဖြစ်နိုင်တာကတော့ နောက်ကွယ်မှာ ရှိနေသည့်သူက ….

***

“ဘုရင်ခံချန်း…”

အဖြူရောင်ဝတ်စုံနဲ့ အထက်တန်းကျတဲ့ သခင်လေး ရှန်းရိချောင်က ထိုနာမည်ကို ဖြည်းဖြည်းချင်း ပါးစပ်က ထုတ်ပြောလိုက်သည်။

အရှေ့ခြံက ဖရိုဖရဲတွေနဲ့ စာရင် ကျောက်ဝမ်ခြံကတော့ တည်ငြိမ်နေသေးသည်။ တံစက်မြိတ် အောက်က မီးအိမ်က လင်းလက်နေပြီး ရှန်းရိချောင်က ကျန်းဆွေ့ဟန်နဲ့ ပြတင်းနားမှာ ငြင်းခုန်နေသည်။

ကျန်းဆွေ့ဟန်က ကျေအေးလိုက်ပြီး မေးမြန်းလိုက်သည်။

“အဲ့လိုပြောတော့ ဘုရင်ခံချန်းက ဟောင်လောင်ကျူးကို အသုံးချပြီး အစ်ကိုရှောင်းကို ရှင်းထုတ်ချင် နေတာပေါ့၊ အရင်တစ်ခေါက် ကဗျာစပ်ဆိုပွဲမှာ ဖြစ်ခဲ့တဲ့ နန်းအိမ်တော်ရဲ့ စော်ကားမှုကို လက်စားချေ တာလား”

ရှန်းရိချောင်၏ အသံက တည်ငြိမ်နေပြီး “ရှုနိုင်ငံက ကြွယ်ဝချမ်းသာတယ်၊ နန်းအိမ်တော်က အဲ့ဒါရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ လူတော်တော်များများက မနာလိုဖြစ်ကြတယ်၊ နန်းအိမ်တော် ပြိုကွဲသွားရင် ဘုရင်ခံချန်းက ပျော်ပျော်ကြီး ကနေမှာပဲ”

“နန်းအိမ်တော်ရဲ့ စည်းစိမ်တွေကို လိုချင်တာမျိုးလား”

“ထပ်ပြီးတော့ ဘုရင်ခံရွယ်က ကျင်းကွမ်မြို့ကို မကြာခင် ပြန်ရောက်လိမ့်မယ်၊ သူ့မှာ စစ်သည်အင်အား ငါးသောင်းလောက် ကိုင်ထားနိုင်ပြီး သူက တောင်ပိုင်း ရွယ်အင်ပါယာရဲ့ အရေးအကြီးဆုံး အရာရှိပဲ၊ အခုတော့ နန်းအိမ်တော်ရဲ့ ရှောင်းယီက စစ်ထူလင်း ကောင်းမှုနဲ့ အမတ်မင်း တစ်ယောက် ဖြစ်လာတယ်၊ သူက စစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံ စွန့်စားခဲ့တာကြောင့် ကျန်တဲ့စစ်သည် အင်အားတွေနဲ့ မြင့်မားတဲ့ ဂုဏ်ဒြပ်ကို အမတ်မင်းက ရထားတယ်၊ သံသယဝင်စရာ မလိုလောက်အောင်ပဲ ဘုရင်ခံရွယ်က ခြိမ်းခြောက်နေသလို ခံစားရမှာပဲ”

ကျန်းဆွေ့ဟန်က ရုတ်တရက် ပြောလာသည်။

“အဲ့ဒီလိုဆိုရင်၊ ဒီညကိစ္စက ဘုရင်ခံချန်းနဲ့ ဘုရင်ခံရွယ်တို့ ပူးပေါင်း ကြံစည်တာပေါ့၊ စစ်တပ်ရဲ့ အင်အားကို သုံးပြီး နန်းအိမ်တော်ရဲ့ စည်းစိမ်တွေနဲ့ အစ်ကိုရှောင်းကို နှိမ်နင်းဖို့ပေါ့’

ရှန်းရိချောင်က ခေါင်းညိတ်လိုက်သည်။

“နန်းအိမ်တော်ရဲ့ ပွဲကို အခွင့်ကောင်းယူပြီး အရာရှိတွေနဲ့ ဓါးပြတွေပေါင်းပြီး မီးမွှေးဖို့ ကြံစည်နေတာ၊ ရက်စက် ယုတ်မာကြတာ”

ကျန်းဆွေ့ဟန်က အလွန် ဒေါသထွက်သွားသည်။ ရှန်းရိချောင်က ခပ်ရေးရေး ပြုံးလိုက်သည်။

သူက ပြန်ပြီး ဖြေလျှော့လိုက်သည်။

“အရာရှိတွေမှာ အဆင့်ကိုးဆင့် ရှိတယ်၊ သူတို့ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် လှည့်စားမှု အသစ်တွေကိုတော့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်တယ်၊ အစ်ကိုရှောင်းနဲ့သာဆို သူတို့က နန်းအိမ်တော်က အသားတစ်စကိုတောင် ယူနိုင်မှာ မဟုတ်ဘူး”

နှင်းစက်တွေက တဖွဲဖွဲကျနေသည်။

နန်းအိမ်တော်၏ အမြင့်ဆုံး သစ်သား အဆောက်အဦ၏ တံစက်မြိတ်ထောင့်မှာ ဂုဏ်သိက္ခာ ကြီးမြင့်လှတဲ့ အသွင်နဲ့ လူငယ်တစ်ယောက်က တသုန်သုန် တိုက်ခတ်နေသည့် လေကိုအန်တုပြီး မတ်တပ် ရပ်နေသည်။

သူ၏အနက်ရောင် ဝတ်စုံက လေထဲမှာ ပျံဝဲနေသည်။ သူ၏လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားက ထက်ရှ၍ အေးစက်တဲ့ အလင်းတွေ ဖြာထွက်နေပုံက အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

သူက ပန်းပွင့်တွေ ဝေနေသည့် လမ်းကို စောင်း၍ ကြည့်လိုက်သည်။ မီးအိမ်က မြေပြင်ပေါ်ကို လဲကျနေသည်။

ဟောင်လောင်ကျူးက တိရစာ္ဆန် သားရေဝတ်ရုံ အကြီးကြီးကို သုတ်ခါ၍ သူ၏ လူတွေခြံရံပြီး ဓါးနှစ်လက်ကို ကိုင်လျက် ဆုန်းဟယ့်ခြံကို စိတ်လှုပ်ရှားစွာနဲ့ ပြေးဝင်သွားတော့သည်။ သူ၏ မျက်လုံးတွေက လောဘနဲ့ ငမ်းငမ်းတက်မှုတွေကြောင့် လက်ဖြာနေသည်။

လူငယ်က နန်းကျောင်းကျောင်း၏ ပုံစံအတိုင်း ကစားဖို့ စဉ်းစားနေသည်။ စိတ်ထဲမှာ ထိုအတွေး ထင်ဟပ်လာတဲ့အခါ ရှောင်းယီက ခပ်ဖွဖွရယ်လိုက်သည်။

ချက်ချင်း သူက တစ်နေရာက တစ်နေရာကို ခုန်ကူးသွားပြီး သစ်သားအိမ်တော် တစ်ဆောင်၏ ခေါင်မိုးပေါ်က ခုန်ချလိုက်သည်။

အေးစက်တဲ့ လေရူးတွေက တိုက်ခတ်နေသည်။

ခြောက်ပေရှည်တဲ့ ရွယ်တန်မိုဓါးက ထက်မြနေပြီး ရှေ့ဆုံးက ပြေးဝင်လာတဲ့ ဓါးပြနှစ်ယောက်၏ ဦးခေါင်းတွေက မြက်ခင်းပြင်ပေါ် လိမ့်ဆင်း သွားလေသည်။

ဟောင်လောင်ကျူး၏ အသက်ရှူသံက တန့်သွားရသည်။

သူနဲ့ နောက်လိုက် နောက်ပါတစ်စုက မြန်မြန်ရပ်၍ အာရုံစူးစိုက်ပြီး ကြည့်လိုက်ကြသည်။ လူငယ်က ပန်းပွင့်လမ်း၏ အဆုံးမှာ မတ်တပ်ရပ်နေပြီး လွတ်လပ် ပေါ့ပါးဟန်နဲ့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသေးသည်။

သူ၏အသံက အလွန်ကို ညင်သာနေပြီး “ငါမင်းကိုမတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတာတောင် ဟောင်ကျူးက နည်းနည်းပိုပြီး သန်မာလာတာပဲ”

ဟောင်လောင်ကျူးက ဓါးနှစ်ချောင်းကို အသင့်ပြင်လိုက်ပြီး “ရှောင်းယီ၊ ပြောရရင် အဲ့ဒါက မင်းတို့ နန်းအိမ်တော်ရဲ့ အမှားလေ၊ အထက်တန်းလွှာတွေရဲ့ လမ်းကို လာပိတ်နေတာ၊ မင်းက စစ်မြေပြင်မှာ အမြော်အမြင်ရှိတဲ့ စစ်နည်းဗျူဟာတွေကို တီထွင်ကြံဆနိုင်တဲ့ သူတစ်ယောက်တဲ့၊ ငါက စစ်နည်းဗျူဟာ ဆိုတာတွေကို မသိဘူး၊ မင်းမှာ ကိုယ်ပိုင် အရည်အချင်းရှိတယ် ဆိုရင် ငါတို့နဲ့လာတိုက် လေ”

ရှောင်းယီက သွေးစွန်းနေသည့် ဓါးရှည်ကို လှည့်လိုက်သည်။ သူက ဝတ်ရုံကို ဖွင့်လိုက်ပြီး ဘေးဘက်ကို အနည်းငယ် လှည့်လိုက်သည်။ သူ၏ လက်ချောင်းတွေက ပြိုင်ဘက်ကို စိန်ခေါ်ဟန် ကွေးညွတ် လိုက်သည်။

“မြင်းတွေအရင်လာခဲ့”

***

နန်းပေါင်ရီက ပဲနီလေးကိတ်မုန့်ကို စားပြီးတဲ့အခါ အငွေ့ထွက်နေသည့် မီးအိုးလေးကို ကြည့်နေသည်။ ဟယ်ယဲ့က အစေခံငယ်လေး နှစ်ယောက်ကို ဖက်ထားပြီး နှစ်သိမ့်ပေးနေသည်။ အိပ်ခန်းထဲက လေထုက ပိုပြီး ဝမ်းနည်းစရာ ကောင်းနေတော့သည်။

ရှီးယန်က ပုတီးစေ့ကန့်လန့်ကာ နားမှာ ရှိနေဆဲဖြစ်ပြီး ညာဘက်လက်က ဓါးရိုးကို မလွတ်တမ်း ကိုင်ထားသည်။

ပန်းပွင့်စားပွဲပေါ်မှာ တည်ခင်းထားတဲ့ လက်ဖက်ရည် နွေးနွေးလေးတောင် အေးစက်လာချေပြီ။ အဝေးက တိုက်ခိုက်နေသံတွေကို သူမ နားစွင့်ထားရင်း ဒီတိုက်ပွဲက ဘယ်လောက် ကြာနိုင်မလဲလို့ ခန့်မှန်းနေသည်။

သူမက ခြေထောက်လေးတွေကို လှုပ်ခါလိုက်ပြီး ဦးခေါင်းထက်က ရွှေဆံထိုး တစ်ချောင်းကို ဆွဲထုတ် လိုက်သည်။

ရွှေဆံထိုးက ခေါင်ရန်းပန်းနဲ့ ရွှေသစ်ရွက်တွေ ပုံစံဖြစ်ပြီး ထက်ရှတဲ့အသွားက လူ၏ မျက်လုံးတွေနဲ့ လည်ပင်းကို ထိုးဖောက်နိုင်သည်။

အကယ်၍ တစ်ခုခုဖြစ်လာခဲ့ရင်….

အမတ်မင်းသာ အိမ်တော်ကို မကာကွယ်နိုင်ခဲ့ရင် သူမက ဒီရွှေဆံထိုးကို သုံးပြီး သူမနဲ့ သူမတို့အိမ်ကို ထိခိုက်စေတဲ့ ဓါးပြတွေကို သုတ်သင်ပစ်ရမည်။
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset