အပိုင်း (၁၉၄)
နန်းကျောင်းကျောင်း၏ မွေ့ရာအောက်မှာ ငွေလက်မှတ်တွေ ဖွက်ထားတာကို တွေ့တယ်
နန်းပေါင်ရီက ရှောင်းယီကို ကြည့်လိုက်သည်။
သူက လှတယ်လို့ ပြောပေမယ့်……
ကောင်မလေးက မျက်ခုံးတွေကို အနည်းငယ်ကုတ်၍ ပါးပြင်ပေါ်က ပွင့်ချပ်တွေကို ဖယ်လိုက်ပြီး မနှစ်သက်ဟန်နဲ့ “ပွင့်ချပ်တွေမှာ အစ်ကို ၂ ရဲ့ တံတွေးတွေချည်းပဲ၊ အရမ်းညစ်ပတ်တာပဲ”
ရှောင်းယီက ချော့လိုက်သည်။
“ပွင့်ချပ်တွေက အပေါ်ယံပါ။ ရှေးတုန်းကတည်းက အလှကုန်အဖြစ် သုံးလာကြတာပဲ၊ ကျောင်းကျောင်းက ငယ်သေးပြီး စာတွေ သိပ်မဖတ်ဖူးသေးလို့ နားမလည်သေးတာ”
နန်းပေါင်ရီက မျက်နှာကို လက်ကိုင်ပဝါနဲ့ သုတ်လိုက်သည်။ သူမမှာ ဗဟုသုတတွေ အများကြီး မရှိပေမယ့် ဒီနှစ်အတွင်းမှာ သူမ စာအုပ် နှစ်ရာ၊ သုံးရာလောက်ကို ဖတ်ပြီးပြီဖြစ်သည်။ သူမ ဘယ်တုန်းကမှ ပွင့်ချပ်အပေါ်ယံကို မကြားဖူးခဲ့ပါချေ။
အမတ်မင်းက သူမကို လာလိမ်နေသည်။
သူမက ဂုဏ်ယူဝံ့ကြွားစွာနဲ့ “ညီမလေးက ဆယ့်သုံးနှစ်ရှိနေပြီ၊ ကလေး မဟုတ်တော့ဘူး၊ ညီမလေးက ခန္ဓာကိုယ်ကြီးကြီးနဲ့ လူသိများတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ချင်တာ၊ အဲ့ဒါကြောင့် အစ်ကို ၂ ပြောတာကို ဂရုမစိုက်တော့ဘူး”
ဗိုက်….. ကြီး
ရှောင်းယီက သူမ၏ဗိုက်ကို ကြည့်လိုက်သည်။ သူမ၏ ကိုယ်ပေါ်မှာ ယုန်မွေးဝတ်စုံနဲ့ ဖုံးအုပ်ထား တာကြောင့် ကောင်မလေးက သေးငယ်ပြီး ပျော့ပျောင်းနေသည်။ သူက ရုတ်တရက် ထိကိုင်ချင်စိတ် ပြင်းပြင်းပြပြ ပေါ်လာရသည်။ သို့သော်လည်း သူထိန်းချုပ်လိုက်နိုင်သည်။
အထီးကျန်နေသည့် လမင်းက ကောင်းကင်မှာ တစ်ကိုယ်တည်း ထွန်းလင်းနေသည်။ နှင်းတွေကလည်း ရှင်းလင်းနေသည်။
အရှေ့ခြံက စိတ်လှုပ်ရှားစရာ ပွဲကတော့ တဖြည်းဖြည်းနဲ့ လွင့်ပါးသွားတော့သည်။ အစေခံတွေကလည်း သူတို့၏ အိပ်ခန်းတွေဆီသို့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ပြန်ကုန်ကြပြီ။ ညက တဖြည်းဖြည်း နက်လာသည်။
နန်းပေါင်ရီက လမ်းမပေါ်က မပီဝိုးတဝါး ကြားနေရသည့် လက်ခုပ်သံတွေကို သေချာနားထောင်နေသည်။
“ပင်လယ်ကို ရောက်ဖို့ လေးပုံသုံးပုံပဲ လိုတော့တယ်…..”
သူမက ထရပ်လိုက်ပြီး ဝတ်စုံကို ဖုန်ခါလိုက်သည်။
“အစ်ကို ၂၊ ညီမလေး ဆုန်းဟယ့်ခြံကို ပြန်အိပ်သင့်နေပြီ၊ အခုမပြန်ရင် ဟယ်ယဲ့က ရှာမတွေ့လို့ စိတ်ပူ နေလိမ့်မယ်”
ခြေလှမ်း အနည်းငယ် လျှောက်ပြီးတဲ့အခါ နှင်းရေအိုင်လေးထဲကို ချော်လဲသွားပြီး ပန်းထိုး ဖိနပ်လေးကို စိုစွတ်သွား စေတာကြောင့် သူမထိတ်လန့် သွားသည်။
ဖိနပ်အောက်ခံတင်မက ခြေထောက်ကိုပါ စိုရွှဲသွားစေပြီး အေးစက် သွားတော့သည်။
သူမက ခေါင်းကို ငုံ့လိုက်ပြီး ခြေထောက်တွေကို ပွတ်သပ်လိုက်သည်။ ရှောင်းယီက သူမ၏ အနောက်မှာ ရပ်နေသည်။
ကောင်မလေးက ပန်းထိုးဖိနပ်ကို ပွတ်သပ်နေပြီး သူ၏မျက်လုံးတွေက ထိုဆီကို ရောက်သွားသည်။ အပေါ်ပိုင်းက ရှုပိုးထည်က အနက်ရောင် ပြောင်းနေပြီး နှင်းတွေကြောင့် စိုစွတ်နေသည်။ အတွင်းပိုင်းမှာပါ စိုစွတ်သွားမှာကို သူစိုးရိမ်သည်။
လေအေးတွေ တိုက်ခတ်နေသည့် အချိန်မှာ ဆုန်းဟယ့်ခြံအထိ ဒီလိုစိုစိုကြီး ပြန်ရမှာက အဆင်မပြေလှပါချေ။
သူက တိတ်ဆိတ်စွာနဲ့ သူမကိုပွေ့ချီလိုက်သည်။ နန်းပေါင်ရီက စောဒက တက်လိုက်သည်။
သူကရှောင်းယီ၏ ဝတ်ရုံကို ဆွဲလိုက်ပြီး “အစ်ကို ၂”
“ကောင်းကောင်းနေ”
လူငယ်က အလွန် တည်ငြိမ်နေပြီး ဆုန်းဟယ့်ခြံဆီသို့ သူမကိုချီ၍ လျှောက်သွားတော့သည်။ သူ၏စကားသံထဲမှာ ထူးဆန်းတဲ့ အင်အားတစ်ခု ရှိနေသလိုမျိုး နန်းပေါင်ရီက မျက်တောင်တွေကို အောက်ချလိုက်သည်။ သူကို့ဇာချဲ့မနေရဲပါချေ။
သူမက သူ၏ နွေးထွေးပြီး နူးညံ့နေသည့် သားမွေးဝတ်ရုံကြီးထဲမှာ ဝင်ကွေးနေလိုက်ပြီး တောင်တန်းတွေနဲ့ ရေစီးသံတွေ၏ ပြိုင်ဘက်ကင်း ရနံ့သင်းသင်းလေးကို ရှူရှိုက်နေသည်။ သူမ၏ နှလုံးသားက အထူးတလည် အေးချမ်းနေပြီး ချိုမြိန်နေလေသည်။
သူ၏ လက်မောင်းတွေက သန်မာပြီး တောင့်တင်းလှသည်။ သူက နှင်းပွင့်ဖြူလွလွတွေ ကြားထဲမှာ ဘာအနှောင့်အယှက်မှ မရှိသလို အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
နန်းပေါင်ရီက ပါးစပ်လေးကို ပိတ်လိုက်ပြီး သူ့ကို သူခိုးလေးလို ချောင်းကြည့်လိုက်သည်။
အမတ်မင်းက ရွှေရောင် သားမွေးဝတ်စုံနဲ့ အမတ်မင်း၏ အမှတ်အသား သားရေခါးပတ်ကို ဝတ်ဆင်ထားပြီး အလွန်ကြည့်ကောင်း လှသည်။
ဇာမဏီမျက်လုံးတွေက တည်ကြည် လေးနက်နေပြီး နက်ရှိုင်းလှတဲ့ သမုဒ္ဒရာလို ခံစားရစေသည်။
သူဘာတွေတွေးနေမလဲ။
သူမက နွေဦးမှာမိုးခေါင်မဲ့ အကြောင်းကို စဉ်းစားနေပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ပိုပြီးများပြားတဲ့ လူတွေကို ဘယ်လို ကယ်ရမလဲဆိုတာကို စဉ်းစားနေသည်။
သူက အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်နဲ့ သူရဲကောင်း တစ်ယောက်ဖြစ်သည်။
အထီးကျန်နေသည့် လမင်းက ကြင်နာဟန် ရှိသည်။
ရုတ်တရက်ကြီး သူမက အမတ်မင်းကို အနီရောင်ပဲစေ့လေး တစ်စေ့ပေးချင်ခဲ့သည်။
ရှောင်းယီက ဆုန်းဟယ့်ခြံထဲကို ခြေလှမ်းလာသည်။
သူ၏ လက်မောင်းထဲက ကောင်မလေးက ပျော့ပျောင်းပြီး နူးညံ့လှသည်။ ကောင်မလေးဆီက ရနံ့သင်းသင်းလေး ထုတ်လွှတ်နေသည်။ သူက သူမ၏ ဗိုက်သားလေးကို ထိကိုင်ကြည့်ချင်ခဲ့သည်။
သူစိတ်ကူးယဉ် ကြည့်သလို နူးညံ့နေမလားလို့လေ။
အိပ်ခန်းထဲမှာတော့ ဟယ်ယဲ့က အလွန်သောက ရောက်နေပြီး အစေခံငယ်လေးတွေကို လွှတ်၍ နေရာအနှံ့ ရှာခိုင်းနေသည်။
ရှောင်းယီက မမလေးကို သယ်လာတာကို မြင်သည့်အခါ သူမက အရှေ့ကို ပြေးလာပြီး “မမလေးက အမတ်မင်းကို ဒုက္ခပေးပြန်ပြီလား တော်သေးတာပေါ့၊ အမတ်မင်းက မမလေးကို ဂရုစိုက်ပေးနေလို့၊ ကျေးဇူးတင်လိုက်တာ”
ရှောင်းယီက နန်းပေါင်ရီကို အိပ်ရာခင်းပေါ် ချပေးလိုက်ပြီး အိပ်ရာ၏ ရှေ့မှာ ဒူးတစ်ဖက် ထောက်ပြီး ထိုင်လိုက်သည်။
“ရေနွေးတစ်ဇလုံ သွားယူလာခဲ့”
ဟယ်ယဲ့က သူ့ကို အခုတော့ ယုံကြည်နေလေပြီ နန်းပေါင်ရီ ဘာမှပြောမလာခင် သူမက ရေနွေးကို သွားယူနေပြီ။
ရှောင်းယီက ကောင်မလေး၏ ပန်းထိုးဖိနပ်လေးကို ချွတ်ပေးလိုက်ပြီး ခြေအိတ်တွေကိုပါ ချွတ်ပေး လိုက်သည်။
ကောင်မလေး၏ ခြေထောက်လေးတွေက သူ၏လက်ဖဝါးပေါ်မှာ ဖြူဖွေးပြီး အေးစက်နေသည်။
နန်းပေါင်ရီ က ရှက်ရွံ့စွာနဲ့ ဝတ်ရုံကို ဆွဲဆုပ်ထားသည်။
သူမက ခြေထောက်တွေကို ရုပ်ဖို့ကြိုးစားလိုက်ပြီး အော်လိုက်သည်။
“အစ်ကို ၂ ….”
ရှောင်းယီက ကောင်မလေး ရှက်နေတာကို သိသည်။ ဒီလိုနဲ့ သူမ၏ ခြေထောက်တွေက အေးခဲသွားရင် သူမ မဖျားပဲဘယ်နေတော့မလဲ။
ဟယ်ယဲ့က ရေနွေးယူလာပြီး ရှောင်းယီကို ခြေအိတ်အသန့်တွေ ပေးလိုက်သည်။
ရှောင်းယီက ခြေအိတ်ကို လက်မောင်းပေါ်မှာ တင်ထားလိုက်သည်။
သူက နန်းပေါင်ရီ၏ ခြေထောက်တွေကို ရေနွေးနဲ့ စိမ်ပေးလိုက်ပြီး ဖဲသားဝတ်စုံကို ပင့်တင်လိုက်သည်။ ရေနွေး အနည်းငယ်ကို ယူပြီး ခြေသလုံးလေးတွေကစပြီး သုတ်ပေးနေသည်။
နန်းပေါင်ရီက ညင်သာစွာနဲ့ တကျွတ်ကျွတ် အော်နေသည်။
နှင်းတွေထဲမှာ ခဲတောင့်နေသည့် ခြေထောက်လေးတွေက အိမ်ပြန်ရောက်တဲ့အခါ ရေနွေးနဲ့ စိမ်လိုက်တော့ ဘဝကြီးက နေပျော်သွားသလိုပင်။ အလွန် သက်သောင့်သက်သာ ရှိလှသည်။
မြောက်လေက အပြင်ဘက်မှာ သားကောင်ကြီး၏ ဟိန်းဟောက်သံလို အော်မြည်သံပေး၍ တိုက်ခတ်နေသည်။
အိပ်ခန်းထဲက အလင်းရောင်က ငြိမ်သက်နေပြီး မီးခိုးထွက်နေသည့် မီးအိုးလေးက နွေးထွေးနေသည်။ ဆောင်းရာသီ၏ ညတွေမှာနေဖို့ အကောင်းဆုံး နေရာလေးတစ်ခုပင်။
နန်းပေါင်ရီ၏ ကြီးမားတဲ့ ဝတ်ရုံကြီးက မွေ့ရာထဲမှာ ပြန့်ကျဲနေသည်။ သူမက မွေ့ရာကို ဆုပ်ကိုင်လိုက်ပြီး ရှောင်းယီကို တိတ်တဆိတ် ကြည့်လိုက်သည်။
အမတ်မင်းက ဒူးတစ်ဖက် ထောက်ပြီး ထိုင်နေဆဲပင်။ သူမ၏ ခြေထောက်တွေကို ဂရုတစိုက်နဲ့ နွေးထွေးအောင် လုပ်ပေးနေသည်။
သူ၏မျက်နှာက ရှင်းသန့်၍ ချောမောလွန်းသည်။ နှုတ်ခမ်းပါးတွေကို တည်ငြိမ်စွာ ကွေးညွတ်ထားပြီး တင်းတင်း စေ့ထားသည်က အလွန်ဆွဲဆောင်မှု ရှိသည်။
သူ၏ဆံသားတွေက နဖူးထောင့်ကနေ တစ်ဆင့် မြင့်မားတဲ့ နှာခေါင်းပေါ်ကို ကျနေသည်။
နန်းပေါင်ရီက အကျိုးသင့် အကြောင်းသင့် ရှင်းလင်း မပြနိုင်လောက်အောင် စိတ်ထဲမှာ ယားယံလာသည်။
သူမက အနည်းငယ် စောင်းလိုက်ပြီး လက်ကိုဆန့်၍ သူ၏ ဆံသားတွေကို သပ်ပေးလိုက်သည်။
သူကမျက်ဝန်းတွေကို ပင့်ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းနဲ့ဆုံစည်းသွားသည်။
နန်းပေါင်ရီက လက်ကို လျင်မြန်စွာ ပြန်ရုပ်လိုက်ပြီး ရှက်သွေးဖြာ သွားရတော့သည်။
“ဆံပင်တွေ ကျနေလို့ အစ်ကို့ အမြင်ကို ဖုံးနေမှာစိုးလို့…. အစ်ကို့ကို မဟုတ်တာလုပ်တာ မဟုတ်ရပါဘူး”
ရှောင်းယီက နှုတ်ခမ်းပါးတွေကို ကွေးညွတ်လိုက်သည်။
နန်းပေါင်ရီ၏ ပါးဖောင်းလေးတွေက ပိုပြီး နီရဲလာတော့သည်။ သူမက နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး တွန့်လိုက်သည်။ မျက်နှာလေးက ပုံမှန်မဟုတ်တော့ချေ။
ရှောင်းယီက ခြောက်သွေ့တဲ့ ပဝါတစ်ထည်ကို ဟယ်ယဲ့ဆီက ယူလိုက်ပြီး ခြေထောက်က ရေစက်တွေကို သေချာသုတ်ပေး လိုက်သည်။
“အေးနေသေးလား”
နန်းပေါင်ရီ၏ မျက်တောင်တွေက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး လက်ကိုမြှောက်၍ မျက်နှာလေးကို ဖုံးအုပ်လိုက်သည်။
“အရမ်းပူနေတယ်….”
“ပူတယ်”
“ဘာမှမဟုတ်တော့ဘူး”
နန်းပေါင်ရီက သူမ၏ စကား မှားသွားတာကြောင့် ရှက်သွားပြီး ခေါင်းကို လှည့်လိုက်ပြီး အိပ်ရာထဲကို ဝင်လိုက်သည်။
“သွားတော့လေ”
အမတ်မင်း စိုက်ကြည့်တာကို ခံနေရသည့်အခါ သူမ၏နှလုံးသားက ရင်ဘတ်က ခုန်ထွက်တော့မလို ခံစားနေရသည်။
ရွှေရောင် ကန့်လန်ကာ၏ ရှေ့မှာ ရပ်နေရင်း ရှောင်းယီက မျက်ခုံးတွေကို မပင့်မိဘဲ မနေနိုင်တော့၊ မွေ့ရာပေါ်က ဘောလုံးလေးလို ကွေးနေသည့် ကောင်မလေးကို ပြုံးရင်း ကြည့်နေသည်။
ကောင်မလေးက ဒီလောက်ပါးလွှာတဲ့ အသားအရေရှိတာ နောက်ဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။
သူက မွေ့ရာဘက်ကို စောင်းလိုက်ပြီး “နန်းကျောင်းကျောင်း ဒီအစ်ကိုက မင်းကို ချီလာပြီး ခြေထောက်တွေကိုလည်း နွေးအောင် လုပ်ပေးရသေးတယ်၊ ဒါပေမယ့် မင်းကတော့ ခေါင်းကို ဟိုဘက်လှည့်နေပြီး မွေ့ရာထဲပဲ ပုန်းနေတယ်။ အဲ့ဒါက မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုလား”
ကောင်မလေးက စောင်အောက်မှာ တုန်ရီနေသည်။
ခဏအကြာ နူးညံ့တဲ့ ကြာပွင့်လေးလို ဖြူဖွေးနေသည့် လက်လေးက ဆန့်ထုတ်လာပြီး လက်ညှိုးလေးက အပြင်ကို ထွက်လာသည်။ ငွေလက်မှတ် အသစ်တစ်ရွက်က လက်ချောင်းတွေကြားထဲမှာ ရှိနေသည်။
ရှောင်းယီက မျက်ခုံးပင့် သွားသည်။ ကောင်မလေးက သူ့ကို ငွေလက်မှတ်ပေးဖို့ လုပ်နေတာလား။
သူက ငွေကြေးချို့တဲ့နေလို့လား။
သူက ကောင်မလေး၏ အိပ်ရာကို စူးစမ်းလိုက်သည်။
သူက တဟက်ဟက် ရယ်မောရင်း “နန်းကျောင်းကျောင်းက အိပ်ရာထဲမှာ ငွေလက်မှတ်တွေကို ဖွက်ထားတာလား”
“အစ်ကို ၂၊ ညီမလေးမှာ ငွေလက်မှတ်တွေ မရှိပါဘူး”
နန်းပေါင်ရီက ခြင်သံလေးလို ပြောနေပြီး အိပ်ရာထဲကနေ ထွက်လာသည်။ သို့သော်လည်း လှည့်ဖြားတတ်တဲ့ အင်အားကတော့ မသေးလှချေ။
ရှောင်းယီက သူ၏ဝတ်ရုံကို မလိုက်ပြီး အိပ်ရာ၏ဘေးမှာ နားနားနေနေ ထိုင်လိုက်သည်။
“နန်းကျောင်းကျောင်း ထပြီး ငါ့အတွက် လက်ဖက်ရည် ငှဲ့ပေးဦးလေ၊ အစ်ကိုက အိမ်ကို လာလည်တာကို ဘာလို့ လက်ဖက်ရည် တစ်ခွက်တောင် မတိုက်နိုင်ရတာလဲ”
“ညနက်နေပြီ၊ လက်ဖက်ရည်သောက်လိုက်ရင် အိပ်မပျော်ဘူး”
“အဲ့ဒါဆို ပဲနို့”
သို့သော်လည်း နန်းပေါင်ရီက ငုံးလေးလို ကွေးနေပြီး ထွက်လာဖို့ ငြင်းဆန်နေသည်။
“ဒီမှာ ပဲနို့မရှိဘူး၊ အစ်ကို ၂ ကျောက်ဝမ်ခြံကို ပြန်ပါတော့”
အိပ်ခန်းထဲမှာလဲ ငြင်းခုန်နေပြီး အပြင်ဘက်က ဆူညံသံတွေ ကလည်း နှင်းထူထပ်စွာ ကျနေသည့် ညခင်းကို ဖြတ်ကျော်ပြီး ပြန့်လွင့်လာသည်။
ရှီးယန်က ဓါးရှည်ကိုကိုင်၍ ပြေးလာပြီး ဓါးသွားက သွေးတွေ စွန်းနေသည်။
“သခင်လေး၊ အရှေ့ခြံမှာ ပြဿနာဖြစ်နေပြီ၊ ဓါးပြတွေက နန်းအိမ်တော် တံခါးကို ဖျက်ဆီး ဝင်လာပြီး လူတွေကို သတ်ပစ်နေတယ်”
ရှောင်းယီက ကံကောင်းစေတဲ့ အကြွေစေ့လေးကို လှည့်ပတ်လိုက်ပြီး အေးစက်တဲ့ လေသံနဲ့ “ဓါးပြတွေ”
“ဒီအစေခံရဲ့ စကားက မမှားပါဘူး၊ အဲ့ဒါက ဟောင်လောင်ကျူး ဖြစ်ဖို့များတယ်၊ သူက ကျင်းကွမ်မြို့မှာ ဆိုင်တွေ အများကြီးရှိတယ်၊ သူ့ဆိုင်က လူတွေအားလုံးက ဓါးပြတွေချည်းပဲ၊ ဒီညတော့ သူရဲ့ အလုပ်ဟောင်းကို ပြန်လုပ်ပြီး နန်းအိမ်တော်ရဲ့ ကြီးပွားချမ်းသာမှုတွေကို လိုချင်နေတာဖြစ်ရမယ်”
စစ်ပွဲကစခဲ့ပြီ….
နန်းပေါင်ရီက မွေ့ရာပေါ်မှာ ထထိုင်လိုက်ပြီး တည်ငြိမ်နေသည့် မျက်နှာထားနဲ့ “သူတို့လူ ဘယ်လောက်များ လဲ”
***