အပိုင်း (၁၉၀)
အမတ်မင်းက သူမ၏လှပမှုကို ဂရုမစိုက်ဘူး
ဟယ်ယဲ့က စကားဆိုးဆိုး ပြောပြီးနောက်မှာတော့ နန်းပေါင်ရီကို အိပ်ရာထဲဝင်ဖို့ ဖျောင်းဖျလိုက်သည်။
သူမက ပြတင်းကို ပိတ်ချင်ပေမယ့် ပြတင်း၏အောက်မှာ အနက်ရောင် ကျောက်စိမ်း ဝါးကျည်တောက် လေးကို ချိတ်ထားတာကို တွေ့လိုက်ရသည်။ ထိုဝါးကျည်တောက်လေးမှာ နှင်းပွင့်တွေ အများကြီး စုပုံနေသည်။
သူမက သတိပေးလိုက်သည်။
“မမလေး၊ အဲ့လို တန်ဖိုးကြီးသော ပစ္စည်းကို ပြတင်းမှာပဲ အမြဲတမ်း ချိတ်မထားသင့်ဘူး၊ လူတွေက ဖြတ်သွားကြရင် တွေ့သွားကြမှာပေါ့”
သူမကပြောပြီး ဝါးကျည်တောက်လေးကို ဖြုတ်ယူလိုက်သည်။
“မဖြုတ်နဲ့”
နန်းပေါင်ရီက အလျင်စလို ဟန့်တားလိုက်သည်။
အမတ်မင်းဆီကို ပေးပို့တဲ့ စကားသံတွေလေ၊ သူမက ဘယ်လိုလုပ်ပြီး ဖယ်ပစ်ရမလဲ။
သူက သူမဆီကို တစ်နေ့မှာ စာရေးပေးလာမယ် ဆိုရင် ထိုအရာက မရှိလို့မဖြစ်ပါချေ။ မဟုတ်ရင် သူမ မရပဲနေလိမ့်မည်။
သူမက မွေ့ရာကို ဖက်ထားလိုက်ပြီး “အဲ့ဒီမှာပဲ ချိတ်ထားလိုက်၊ ကြည့်လို့ ကောင်းပါတယ်…. အဲ့ဒီမှာပဲ ထားလိုက်”
ဟယ်ယဲ့က ပိုပိုပြီး စိတ်ရှုပ်ထွေး သွားရသည်။ သူမက မမလေးကို အလိုလိုက်ပြီး ပြတင်းကို ပိတ်လိုက်သည်။ မနက်ဖြန် သူမဝတ်ဖို့ အဝတ်အစားတွေကို သေချာဂရုစိုက်ပြီး မီးအိုးလေးပေါ် ဖြန့်တင်ပေးနေသည်။ ထူထဲတဲ့ ဝတ်စုံကို ရွေးပေးဖို့လည်း မမေ့ပါချေ။
ကန့်လန့်ကာက အနည်းငယ် ထွင်းဖောက် မြင်ရသည်။
အခန်းထဲက မီးအိမ်တွေ တော်တော်များများကို ဟယ်ယဲ့က ငြှိမ်းသတ်လိုက်ပြီး ညအိပ်မီးရောင် မှိန်ဖျော့ဖျော့ကသာ အရိပ်ကျနေသည်။
နန်းပေါင်ရီက မျက်လုံးတွေကို မှိတ်လိုက်ပေမယ့် ရှောင်းယီ၏ပုံစံက သူမ၏ အတွေးထဲမှာ ထင်ဟပ်နေသည်။
သူက စင်္ကြံလမ်း မီးအိမ်အောက်မှာ မတ်တပ်ရပ်နေပြီး ရွှေနဲ့ကျောက်စိမ်းလို တန်ဖိုးကြီးလှတဲ့ သွင်ပြင်နဲ့ လွတ်လပ်ပေါ့ပါးပြီး ကြင်နာတတ်သည်။
သူကပြောတယ် ‘မင်းသာရှိရင် စိတ်တွေကို ငြိမ်းချမ်းစေတယ်’ တဲ့။
သူကပြောတယ် ‘အစ်ကိုကို အနိုင်ကျင့်ချင်လည်း ရတယ်’ တဲ့။
သူကပြောတယ် ‘နန်းကျောင်းကျောင်းက ဘယ်တော့မှ ဘေးအန္တရာယ် တစ်ခုဖြစ်လာမှာ မဟုတ်ဘူး’ တဲ့။ ‘ဘာကြောင့်လဲဆိုတော့ အစ်ကိုက တစ်လောကလုံးကို သူ့အတွက် မွှေနှောက်ပစ်မှာမို့’ တဲ့။
ကောင်မလေး၏ နှုတ်ခမ်းထောင့်စွန်းတွေက အလိုအလျှောက် ကော့တက်သွားကြပြီး နှလုံးသားထဲမှာ အနီရောင် သွေးတွေက ပွက်ပွက် ဆူနေသည်။ နွေးထွေးပြီး ချိုသာနူးညံ့တဲ့ ရနံ့သင်းသင်းလေးက သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
သူမက နွေးထွေးတဲ့ ဖက်အုံးကို ဖက်လိုက်ပြီး မြောက်လေက အပြင်ဘက်မှာ တိုက်ခတ်နေသည့် အသံကို နားစွင့်နေသည်။
ဒီည လေရောနှင်းရော ကြမ်းတမ်းလှသည်။
သူ အိပ်မက် မက်နေလေမလား။
တစ်ညလုံး နှင်းတွေ ကျနေခဲ့သည်။
နောက်တစ်နေ့ မနက်စောစောမှာတော့ နန်းပေါင်ရီက ပြတင်း အပြင်ဘက်က လှုပ်ရှားမှုကြောင့် နိုးလာခဲ့ သည်။
သူမက ထလိုက်ပြီး ကန့်လန့်ကာကို လှပ်လိုက်သည်။ ဟယ်ယဲ့က အစေခံငယ်လေးတွေ နဲ့အတူ ဝင်လာပြီး သူမကို နွေးထွေးစွာနဲ့ နှုတ်ခွန်းဆက်လိုက်သည်။
“ညက နှင်းတွေက အရမ်းကျပြီး အပြင်ဘက်မှာ နှင်းပြင်က ထူနေတာ၊ ခြံထဲက သစ်ပင်တွေပေါ် မှာတောင် တင်နေတယ်၊ မကြောက်နဲ့နော် မမလေး”
နန်းပေါင်ရီက သူတို့ကို ထားလိုက်ပြီး သူမဘာသာ ဆေးကြော သန့်စင်လိုက်သည်။ သူမက လက်မောင်းကို ဘေးဆန့်လိုက်ပြီး ဝတ်စုံဝတ်ပေးဖို့ ပြောလိုက်သည်။
“ဟယ်ယဲ့ ဒီနေ့ရောက်လာတာ ဘယ်က ဆွေမျိုးတွေလဲ”
“သခင်မကြီးရဲ့ မိသားစုတွေပါ၊ နှစ်သစ်ဆုတောင်းအတွက် ဖိတ်ခေါ်ထားတာ”
နန်းပေါင်ရီက ဝတ်စားပြင်ဆင်ပြီး အပြင်ကို မထွက်ခင် စိန်ကွပ်ထားတဲ့ မှန်ထဲမှာ သူမကိုယ်သူမ ကြည့်လိုက်သည်။
သူမက ဆံထိုးကို ကိုင်လိုက်ပြီး “ဟယ်ယဲ့ ဒီဆံထိုးက နည်းနည်း ရိုးရှင်းနေတယ်၊ ငါ့သေတ္တာ အောက်ဆုံးက တစ်ခုကိုယူပေး၊ ဟုတ်တယ်၊ ပတ္တမြားကို ရွှေကွပ်ထားတဲ့ တစ်ခု၊ နှင်းတွေထဲမှာ လျှောက်သွားရင် တကယ်ကြည့်လို့ ကောင်းမှာပဲ”
ဟယ်ယဲ့က ငြိမ်သက်သွားသည်။ ထိုလှုပ်ယမ်းနေသည့် ဆံထိုးတစ်စုံက အလွန် အဖိုးတန်ပြီး ခမ်းနားလှသည်။ မမလေးက ထိုဆံထိုးကို သိပ်မကြိုက်ပါချေ။ ဒီနေ့မှ ဘာလို့ ထိုးဖို့ ပြောနေရတာလဲ။
ဒါက ဂါရဝပြုသွားဖို့ သက်သက်ပဲလေ၊ ကြင်ဖက် သွားတွေ့မှာလည်း မဟုတ်ပဲနဲ့….
သူမ ပြင်ဆင်ပေးပြီးတဲ့အခါ နန်းပေါင်ရီက ကျောက်ဝမ်ခြံကို ထွက်သွားတော့သည်။
ပထမလ အတောအတွင်းမှာ ရှောင်းယီက စစ်တန်းလျားကို မသွားရသေးချေ။ ထိုအချိန်မှာ သူက ရှန်းရိချောင်နဲ့ ကိစ္စတွေကို ဆွေးနွေး ဆောင်ရွက်နေသည်။
“အစ်ကို ၂၊ ကျန်းမာပါစေ”
နန်းပေါင်ရီက အရိုအသေ ပေးလိုက်သည်။
ပတ္တမြားဆံထိုးက သူမ၏ နားရွက်လေးနားမှာ လှုပ်ယမ်းနေပြီး ကောင်မလေး၏ အနက်ရောင် ကေသာကို အနုစိတ် ခြယ်မှုန်းထားသလို လင်းလက်စေသည်။ သူမ၏ အသားအရေက ဖွေးဉနေပြီး နူးညံ့လွန်းလို့ ထွင်းဖောက် မြင်ရမတတ်ပင်။ နားလေးကလည်း အလွန် နူးညံ့ပါးလွှာ နေသည်။
သို့သော်လည်း အမတ်မင်းက သူမ၏အလှကို ဂရုမစိုက်ပါချေ။
သူမက ခေါင်းကို မော့လိုက်ပြီး ရှောင်းယီ၏မျက်နှာကို စူပုတ်ပုတ်နဲ့ ကြည့်လိုက်သည်။ သူကစုတ်တံ တစ်ချောင်းကို ကိုင်ပြီး ရှုနိုင်ငံမြေပုံပေါ်မှာ စက်ဝိုင်းတွေ ရေးခြယ်နေသည်။ ရှန်းရိချောင်ကလည်း ဝတ်စုံလက်ကိုကိုင်ပြီး အသံနိမ့်နိမ့်နဲ့ စကားလုံးတချို့ကို အချိန်နဲ့ တစ်ပြေးညီ ပြောပြနေသည်။
မြေပုံပေါ်မှာတော့ မြို့တိုင်း၏ ဆန်ဆိုင်တွေ အားလုံးကို အမတ်မင်းက အမှတ်အသား လုပ်ပြီးဖြစ်သည်။ သွားကြည့်ရင် အားလုံးက ဟောင်လောင်ကျူး၏ ဆိုင်တွေချည်းသာ။
သူမက အငွေ့ထွက်နေသည့် မီးအိုးလေး၏ ဘေးမှာ ဒူးထောက် ထိုင်လိုက်ပြီး ပန်းပွင့်ကိတ်မုန့် တစ်ပန်းကန်ကို ယူ၍ နွေးထွေးတဲ့ လက်ဖက်ရည်နဲ့ ဖြည်းဖြည်းချင်း အရသာခံ စားနေလိုက်သည်။
ရှန်းရိချောင်၏ အသံက တည်ငြိမ်နေပြီး “စားသောက်ဆိုင်တွေက လွဲပြီး ဟောင်လောင်ကျူးမှာ ဆန်ဆိုင် ၆၀၀ ကျော် ရှိတယ်၊ ရှုနိုင်ငံ တစ်ဝှမ်းလုံးမှာ အကြီးရော အသေးရော၊ ကျန်းဆွေ့ဟန်က အဲ့ဒီလူနဲ့ ဆွေးနွေးဖို့ သင့်တော်တယ်၊ မကြာခင်မှာ ကျွန်တော် ငွေကြေးပိုင်းကို တွက်ချက်လိုက်မယ်၊ သူဘယ်နေရာကနေ စပါးတွေ တင်သွင်းနေလဲ ဆိုတာကို သိပြီးမှ သူ့ကိုသတ်မယ် ဆိုရင်တောင် နောက်မကျသေးပါဘူး”
ရှောင်းယီက စုတ်တံကိုချလိုက်ပြီး “ဒီနှစ်တွေ အတွင်းမှာ သူက စပါးတွေကို သိုလှောင် ထားတဲ့အပြင် ထပ်ပြီးလည်း ဝယ်ထားသေးတယ်၊ အဲ့ဒါက ရှုနိုင်ငံအတွက် တစ်နှစ်စာလုံးအတွက် လုံလောက်တယ်”
“ကျွန်တော် ပိုပြီး ဂရုစိုက်တာက နက္ခတ်တာရာတွေထဲက မက်မွန်ပွင့်တွေပဲ၊ သူက တကယ်ပဲ နိုင်ငံနဲ့ လူမျိုးကို ထိခိုက်စေနိုင်တယ် ဆိုရင် သူ့ကိုသတ်ပစ်ပြီး အနာဂတ် ပြဿနာကို ရှောင်ရှားတာ ပိုကောင်းမယ်”
ရှန်းရိချောင်က တုံးတိကြီး ပြောလာသည်။
“အမတ်မင်း သံသယ ဝင်မိတဲ့သူများ ရှိမလား”
“မရှိဘူး”
ရှန်းရိချောင်က မျက်ခုံးပင့်လိုက်ပြီး ဘာမှထပ်မပြောလာပါချေ။
ထိုစဉ် ယွီဝေ့က ရုတ်တရက် ဝင်လာပြီး ရိုသေစွာနဲ့ “သခင်လေး၊ သခင် ၃ က နန်းကျင်ကိုခေါ်ပြီး လာလည်ပါတယ်၊ စာကြည့်ခန်း အပြင်ဘက်မှာ ထိုင်စောင့်နေပါတယ်၊ တွေ့ကြည့်မလား….’
ရှောင်းယီက စားသောက်နေသည့် ကောင်မလေးကို ကြည့်လိုက်ပြီး အပြင်ဘက်ကို ထထွက်သွားသည်။
နန်းပေါင်ရီက နားကို မတ်နေအောင် စွင့်ထားလိုက်သည်။
သူမက လက်ချောင်းတွေကို သုတ်လိုက်ပြီး အမတ်မင်းဆီကို နန်းကျင်ကိုခေါ်ပြီး သူ၏အဖေက ဘာလို့ လာလည်တာလဲ ဆိုတာကို နားမလည်နိုင်ချေ။
သူမက ပန်းပွင့်ကိတ် မုန့်ပန်းကန်ကို ချလိုက်ပြီး ကန့်လန့်ကာ နောက်ကို လျှောက်သွားပြီး တိတ်တဆိတ်နဲ့ မျက်နှာလေးကို အပြင်ကိုထုတ်ပြီး ချောင်းကြည့်လိုက်သည်။
အမတ်မင်းက ထိပ်ဆုံး ထိုင်ခုံပေါ်မှာ ထိုင်နေပြီး အမှုမထားဟန်နဲ့ လက်ဖက်ရည်ခွက် အဖုံးကို လှည့်နေသည်။
လူကြီးက သူ့ကို ကြောက်နေပေမယ့် အပြုံးတစ်ခုကို မျက်နှာမှာ တပ်ဆင်ထားရင်း နွေးထွေးတဲ့ အသံနဲ့ ပြောလာသည်။
“တူလေးရှောင်း၊ မင်းက ကျောက်ဝမ်ခြံမှာရှိနေတာပဲ၊ နေရထိုင်ရတာ အဆင်ပြေရဲ့လား”
“ဒီအမတ်မင်းက နေလာတာ နှစ်ဝက်ရှိနေပြီ၊ အသားမကျဘူးလို့ ထင်နေတယ်လား”
“ဟား…. ဟား…. ဟား….တူလေးက တဟုန်ပေါင်းကို သောက်ရတာ ကြိုက်တယ်လို့ ကြားမိတယ်၊ ဦးလေးက မိတ်ဆွေ တစ်ယောက်ကို အကောင်းဆုံး တဟုန်ပေါင်း ကတ်တီ တစ်ဝက်လောက် လုပ်ပေးဖို့ အထူးမှာလိုက်တာ၊ တူလေး ကြိုက်လောက်မယ်လို့ ထင်တယ်”
သူက ယွီဝေ့ကို ကနုတ်ဖော်ထားတဲ့ လှပသေသပ်တဲ့ သေတ္တာတစ်လုံးကို ကမ်းပေးလိုက်သည်။
ရှောင်းယီက တစ်ချက်မှမကြည့်ဘဲ အေးဆေးတည်ငြိမ်စွာနဲ့ “ဦးလေး ၃ က တစ်ခုခု ပြောစရာရှိနေပုံပဲ၊ ဒီတိုင်းပဲ ပြောလိုက်ပါ”
နန်းကွမ်က ချီတုံချတုံနဲ့ နန်းကျင်ကို ကြည့်လိုက်သည်။
အချိန်ခဏကြာမှ သူက သတ္တိမွေးလိုက်ပြီး “ကျင်းအာရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီ၊ အစိုးရ အရာရှိစာမေးပွဲက ကျင်းပတော့မှာ၊ စစ်သူကြီး စစ်ထူက ဇာတိမြို့ကို ပြန်ရောက်နေတယ်လို့ ကြားတယ်၊ အခု သူ့တပ်ဖွဲ့ကို ပါရမီရှိတဲ့ တူလေးကို လွှဲပြောင်း ထားတယ်တဲ့၊ ကျင်းအာက စစ်တန်းလျားက အရာရှိငယ်ရာထူးကို လိုချင်နေတာ၊ အဆင့်ငါး ဒါမှမဟုတ် ပိုကောင်းတဲ့ အဆင့်နဲ့သာဆို ကျင်းအာရဲ့ ဂုဏ်သိက္ခာ မကျတော့ဘူးပေါ့”
သူက လက်တွေကို မရပ်မနား ဝှေ့ယမ်းနေပြီး အိုမင်းနေသည့် မျက်နှာက ပူထူနေသည်။
သူက ထိုသို့ အကူအညီမတောင်းခံချင်ပါချေ။ အခုတော့ သူက အငယ်ဆီမှာ မေးမြန်းနေရသည်။
သို့သော်လည်း ညက ကျင်းအာက အိပ်ရာက နိုးလာပြီး ဆူပူအော်ဟစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ကြံစည်ခဲ့သည်။
သူတကယ်ကို မခံစားနိုင်တော့ပါချေ။ ထို့ကြောင့် ရှောင်းယီကို တောင်းဆိုဖို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရှောင်းယီက အရည်အချင်းလည်း ရှိသလို ဩဇာအာဏာလည်း ရှိသည်။ သူသာ ကျင်းအာကို အစိုးရအလုပ်ကို ခေါ်ထည့်ပေးနိုင်ရင် ကျင်းအာ၏ အရည်အချင်းနဲ့ဆို မြင့်မားတဲ့ ရာထူးတစ်ခုကို တက်လှမ်း သွားနိုင်လောက်သည်။
ရှောင်းယီက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး နန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။ အသက်ဆယ့်ရှစ်နှစ် အရွယ်လူငယ်က သူ၏အဖေက သူ့အတွက် လေပြေလေးနဲ့ တောင်းပန်တိုးလျှိုး နေစေကာမူ သူ၏ မျက်နှာကတော့ ကူညီပေးချင်စရာ တစ်ကွက်မှ ရှိမနေပါချေ။ သူက နန်းကွမ်ကို အထင်အမြင် သေးနေသည့် မျက်လုံးတွေနဲ့ တစ်ချက်တစ်ချက် ကြည့်လိုက်သေးသည်။
သို့သော်လည်း သူက သူ၏အဖေကို အထင်သေး အမြင်သေး ကြည့်ဖို့ ဘာအခွင့်များ ရှိနေလို့လဲ။
ကန့်လန့်ကာ၏ နောက်မှာတော့ နန်းပေါင်ရီက ဝတ်စုံစကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
နှစ်တွေအကြာကြီး သူမ၏အဖေက နန်းကျင်ကို ပြည့်စုံအောင် ဖန်တီးပေးခဲ့သည်။ အခုဆို ဂုဏ်သိက္ခာ ကိုတောင် မငဲ့ကွက်ပဲ။
သို့သော်လည်း သူကတော့…..
သူမက အပြင်ကို ထွက်သွားချင်ပေမယ့် ရှန်းရိချောင်က သူမ၏ဘေးမှာ ဒူးထောက် ထိုင်လိုက်ပြီး ညင်သာစွာနဲ့ သူမ၏ ပခုံးတွေကို ဆုပ်ကိုင်ထားသည်။
သူ၏စကားသံက တည်ငြိမ်နေပြီး “ကြည့်ကြည့်ဦး…”
နန်းပေါင်ရီက အံကိုကြိတ်လိုက်ပြီး နောက်ကိုဆုတ်၍ စောင့်ကြည့် နေလိုက်သည်။
ရှောင်းယီက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်ချလိုက်သည်။ သူ၏ရှည်လျားတဲ့ ခြေတံက ပျင်းရိငြီးငွေ့ဟန်နဲ့ ချိတ်ထားပြီး ပုံပန်းသဏ္ဌာန်က အထက်စီးဆန်ပြီး မာနကြီးဟန် အပြည့်နှင့်ပင်။
“ဦးလေး ၃ ရဲ့ မျက်နှာကိုထောက်ပြီး သူ့ကို စစ်တန်းလျားမှာတော့ ရာထူး မပေးနိုင်ပေမယ့်”
“မပေးနိုင်ပေမယ့် ဘာဖြစ်လဲ”
နန်းကွမ်က စိတ်လှုပ်ရှားနေပြီး “တကယ်လို့ တူလေးက ရွှေငွေရတနာတွေ လိုချင်တယ် ဆိုရင်လည်း ပြောသာပြောပါ၊ ခိုးပေးရမယ် ဆိုရင်တောင် ခိုးပေးပါ့မယ်”
ရှောင်းယီက နန်းကျင်ကို အပြုံးတစ်ပွင့်နဲ့ မျက်စိစောင်း ကြည့်လိုက်ပြီး “သူက ဒီအမတ်မင်းကို ဦးသုံးကြိမ် ချမယ်ဆိုရင်တော့ လက်ခံပေးလိုက်မယ်၊ အဲ့ဒါကမှ အကူအညီ တောင်းတဲ့ ပုံစံအမှန်ပဲ”
***