အပိုင်း (၁၈၄)
တောင်ပိုင်း၏ တိုက်ခိုက်ခြင်း
နန်းပေါင်ရီ၏ မျက်လုံးတွေထဲက မျက်ရည်တွေ ကျဆင်းနေဆဲ ဖြစ်ပေမယ့် နှုတ်ခမ်းထောင့်စွန်းတွေ ကတော့ ထိန်းမနိုင် သိမ်းမရအောင် ကော့တက်ချင်နေသည်။
လူအများရှေ့မှာ နန်းကျင်၏ မျက်နှာ အစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ သူမ လိုလားခဲ့သည်။ သို့သော်လည်း ကံကောင်းစွာနဲ့ ဝမ့်ချွင်းကျောင်း၏ ကျောင်းအုပ်က ဒီကို သေရည်သောက်ဖို့ ရောက်နေလိမ့်မယ် လို့တော့ သူမထင်မထားခဲ့ပါချေ။
သူမက သဘောတကျနဲ့ နန်းကျင်ကို ကြည့်နေသည်။ ဒီအင်အား ပြည့်ဝလှတဲ့ လူငယ်၏ မျက်နှာက မယုံနိုင်ခြင်းများစွာဖြင့် မီးခိုးရောင် သန်းနေပြီး ရှုံးနိမ့်သွားရသည်။
သူက မိုးကောင်းကင်၏ သားတော်တစ်ပါးလို ဂုဏ်ယူဝံ့ကြွားနေတာ ဖြစ်သည်။ အစိုးရ အရာရှိ တစ်ယောက်ဖြစ်လာပြီး အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်လိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့သည်။ ရှန်ကျင်းမင်းဆက်၏ တော်ဝင်ရာထူး တစ်ခုကို ရဖို့လည်း ရည်မှန်းထားခဲ့သည်။ အခုလိုမျိုး အရာရှိ စာမေးပွဲကိုတောင် ဝင်မဖြေရသေးခင် သူ၏တောင်ပံတွေက ရိုက်ချိုး ခံရလိမ့်မည်ဟု သူမျှော်မှန်း မထားခဲ့ပါချေ။
ဘယ်သူကများ ဝမ့်ချွင်းကျောင်းက ကျောင်းအုပ်ကိုယ်တိုင် ကျောင်းထုတ်တာကို လိုချင်ပါ့မလဲ
သူက မြို့နယ်အဆင့် စာမေးပွဲကို ဝင်ဖြေခဲ့ရင်တောင်မှ ဒီကျောင်းထုတ်ခံရသည့် သတင်းက ပျံ့နှံ့သွားရင် သူအခွင့်အရေး မရနိုင်ပါတော့ချေ။
သူမက နန်းကျင်၏ နာကျင်ခံရခက်ပြီး စိတ်ပျက်နေသည့် မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း သဘောအကျကြီး ကျနေသည်။
ဇီဇာကြောင်လှတဲ့ ကျောင်းသားလေး တစ်ယောက်၏ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးပေါ့၊ ဟန်လင်းကျောင်း မှာ သင်ယူဖို့လည်း သူ့မှာ အခွင့်မရှိတော့ပါချေ။
သူကို လမ်းပေါ်ဖြတ်သွားသည့် ကြွက်တစ်ကောင်လို လူတိုင်းက အော်ဟစ် ဆူပူကြတော့မည်။ သားသမီး ဝတ္တရား မကျေပွန်သော သူတစ်ယောက်အဖြစ် လှောင်ပြောင်မှုကို သူခံရတော့မည်။
အဲ့ဒါက သူနဲ့ထိုက်တန်သည့် အရာဖြစ်သည်။
အပေါ်ထပ်မှာတော့ နန်းကျင်၏ အတန်းဖော်တွေက လက်ရန်းနောက်မှာ ရပ်နေကြရင်း ထိုဖြစ်ရပ်ကို ကြည့်နေကြသည်။
သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အခုအချိန်မှာ သူတို့က နန်းကျင်ကို တွယ်ကပ်ပြီး နေရမလား ဒါမှမဟုတ် ဒီစားထားတွေကို ရှင်းလင်းဖို့ သူတို့၏ တင်ပါးတွေကိုပဲ အရိုက်ခံ လိုက်ရမလား ဆိုတာကို တွေးနေကြသည်။
စားသောက်ဆိုင် အောက်ထပ်က ပြဿနာကိုကြည့်ပြီး နန်းကျင်ဆီကို သူတို့က ရှက်ရွံ့တဲ့ မျက်နှာနဲ့ ရောက်လာကြသည်။
လူတစ်ယောက်က ပြုံးရင်း “အစ်ကိုနန်း၊ ဘဝဆိုတာက အနိမ့်အမြင့် အတက်အကျ ရှိစမြဲပဲ၊ အဲ့ဒီအတွက် စိတ်ပူမနေပါနဲ့၊ မက်မွန်ပွင့်လမ်းကို သွားပြီး ပျော်စရာ အချိန်လေးတွေကို ကုန်ဆုံးကြရအောင်၊ ဘဝဆိုတာက ပျော်ပျော်ပဲ နေသင့်တာ”
“ဟုတ်တယ်၊ အပြစ်ကင်းစင်တဲ့ မိန်းကလေး တစ်ယောက်ကိုရှာပြီး အစ်ကိုနန်းရဲ့ ဒေါသတွေကို ဖြေဖျောက်ခိုင်းရမယ်”
သူတို့က နန်းကျင်ကို ဝိုင်းလိုက်ပြီး အပြင်ထွက်ဖို့ ဆော်ဩတော့သည်။ စားပွဲထိုးလေးက ငွေရှင်းဖို့ စာရင်း စာရွက်ကိုကိုင်ပြီး သူတို့၏ရှေ့က ပိတ်ရပ်လိုက်သည်။
စားပွဲထိုးက ပြုံးပြလိုက်ပြီး “သခင်လေးတို့ စားသောက်ထားတာတွေ အတွက် ရွှေစ တစ်ထောင့်နှစ်ရာ ကျပါတယ်၊ မထွက်သွားခင်မှာ ရှင်းပေးခဲ့ပါခင်ဗျ”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အချိန် အတန်ကြာသည်အထိ နန်းကျင် ကလည်း ငွေမချေသေးပါချေ။
ဩဇာအာဏာရှိသော ကျောင်းသားများ၏ မျက်နှာက အဆီပြန်နေပြီး ပြုံးလိုက်ရင်း “အစ်ကိုနန်း၊ အစ်ကိုက တကယ်ကြီးလား၊ ဒီနေ့ပွဲက အစ်ကိုက ဖိတ်ခေါ်ထားတာလေ၊ ဘာလို့ ငွေမရှင်းသေးတာလဲ၊ ငွေသွားရှင်းပြီးရင် မက်မွန်ပွင့်လမ်းကို သွားကြမယ်….”
နန်ကျင်က သည်းမခံနိုင်တော့ပါချေ။
“ထွက်သွားစမ်း”
သူက ထိုသူကို ရုတ်တရက် တွန်းထုတ်လိုက်သည်။ သူ၏ မျက်လုံးတွေက နီရဲနေပြီး အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းနေသည်။
သူက အော်ထုတ်လိုက်သည်။
“ငါ့မှာငွေမရှိဘူး၊ ဘယ်လိုလုပ် ငွေရှင်းရမှာလဲ”
“ငွေမရှိဘူး”
အတန်းဖော်တွေ၏ မျက်နှာထားတွေက ရုတ်ခြည်း ပြောင်းလဲ သွားတော့သည်။ ပြဿနာ အကြာကြီး တက်နေတာက နန်းကျင်မှာ ရှင်းဖို့ ငွေမရှိလို့တဲ့လား သူတို့က သူ့ကို အချိန်အကြာကြီး မျက်နှာချိုသွေး လိုက်မိသည်ပဲ။
“နန်းကျင်၊ မင်းမှာ ငွေမရှိဘဲနဲ့ ငါတို့ကို ဒီမှာ စားသောက်ပွဲလုပ်ဖို့ ဖိတ်တာ မင်းမရှက်ဘူးလား”
“ဒါ ဝမရှိဘဲ ဝိလုပ်တာ မဟုတ်ဘူးလား”
“မင်းက နန်းအိမ်တော်မှာ နေတယ်ဆိုတော့ တတ်နိုင်လိမ့်မယ်လို့ ငါထင်ခဲ့တာ၊ ဒီလောက်အချိန်တွေ ကြာတာတောင် နန်းအိမ်တော်က မင်းကို အသိအမှတ် မပြုသေးဘူးပေါ့”
“ဒါပေါ့၊ အပြင်ဆောင်က ကလေးက တရားဝင်သားနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ၊ သူက တရားဝင်သား လောက်တော့ ဘယ်ပစား ပေးခံရပါ့မလဲ၊ အဲ့ဒါတောင် နန်းသခင် ၃ က သူ့ကို ရတနာတစ်ပါးလို ယုယနေသေးတယ်”
ခုနလေးတင် ချီးမွမ်းနေကြတဲ့ အခန်းဖော်များ၏ မျက်နှာက ချက်ချင်းကို ပြောင်းလဲသွားပြီး သူ့ကို လှောင်ပြောင် ကြတော့သည်။
ထိုထေ့ငေါ့ စကားသံတွေက နန်းကျင်၏ ရင်ဘတ်ကို ဓါးထက်ထက် တစ်ချောင်းနဲ့ ထိုးနေသလို နာကျင် စေသည်။
နန်းပေါင်ရီက တည်ငြိမ် အေးဆေးစွာနဲ့ ဟယ်ယဲ့ကို ဘဲကင်စားဖို့ ပေးလိုက်သည်။ သူမလည်း ပျော်ရွှင်စွာ စားနေရင်း နန်းကျင်က သူ့အတန်းဖော်တွေ၏ ရယ်မော လှောင်ပြောင်ခြင်းကို ခံနေရတာကို ပြဇာတ်တစ်ပုဒ်လို ထိုင်ကြည့်နေသည်။
သူတို့ သူငယ်ချင်းတွေအားလုံး တစ်ယောက်မှ ငွေရှင်းဖို့ မတတ်နိုင်ကြချေ။
“ဒီလိုလူမျိုးက အရင်ဘဝတုန်းက အထူးအစိုးရ အရာရှိကျောင်းရဲ့ ခေါင်းဆောင် ဖြစ်သွားသေးတယ် တဲ့လား”
ဟာသပဲ….
အရင်ဘဝက နန်းကျင်က စာမေးပွဲခန်းထဲမှာ ခိုးချတာ ဖြစ်မည်ဟု နန်းပေါင်ရီက အခိုင်အမာ ယုံကြည်လိုက်သည်။
သူမ၏အဖေက သူ့ကို ဆယ်နှစ်တာ စုဆောင်း ထားသမျှ ငွေကြေးတွေ အားလုံး သူ့ကိုပေးလိုက်သည်။ အဲ့ဒီငွေတွေ အများကြီးက စာမေးပွဲစောင့်တဲ့ သူကို လာဘ်ထိုးဖို့ လုံလောက်သည်။
နန်းကျင်က ငွေရှင်းဖို့အတွက် ငွေမရှိပါချေ။ ပြီးတော့ သူ့အတန်းဖော်တွေကလည်း ညီတူညီမျှ ခွဲရှင်းဖို့ကို စိတ်မဝင်စားကြတာကြောင့် ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်ထဲမှာ သိက္ခာမဲ့စွာနဲ့ ငြင်းခုံနေကြ တော့သည်။
ငြင်းခုံလို့ပြီးသော အခါမှာတော့ သူတို့က နန်းကျင်ကို အုပ်စုလိုက် ဝိုင်းရိုက်ကြတော့၏ ။
“မင်းရဲ့ အမေဆီကို သွားတောင်းလေ၊ မင်းမှာ ငွေမရှိဘဲနဲ့ ဘယ်လို ကျွေးမွေးမှာလဲ၊ မင်းအဘွားဆီက သွားတောင်းလေ၊ သွား”
သူတို့က နန်းကျင်ကို အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်ကြာတဲ့အထိ ရိုက်နှက်နေကြသည်။
နောက်ဆုံးတော့ စားပွဲထိုးလေးက အစောင့်တွေကိုခေါ်ပြီး သူတို့ကို နှင်ထုတ် လိုက်ရတော့သည်။ နန်းကျင် တစ်ယောက်တည်းကိုပဲ ငွေရှင်းဖို့အတွက် ချန်ထားခဲ့သည်။
နန်းကျင်၏ နှာခေါင်းနဲ့ မျက်နှာက ပြာနှမ်းပြီး ဖူးရောင်နေသည်။ သူ့ကိုယ်ပေါ်က သားမွေးဝတ်ရုံက ဟိုမှသည်မှ အဆွဲခံထားရတာကြောင့်ရော ကြမ်းပြင်ပေါ်မှာ လဲကျထားတာကြောင့်ရော ဖုန်တွေသဲတွေ ပေပွနေသည်။
သူက နှာခေါင်းက ထွက်နေသည့် သွေးတွေကို သုတ်လိုက်ပြီး သူ၏ သွင်ပြင်ကို ထိန်းသိမ်းဖို့ ကြိုးစား လိုက်သည်။
“တစ်ယောက်ယောက်ကို နန်းအိမ်တော် လွှတ်လိုက်ပြီး ကျုပ်ညီမ နန်းယန်ကို ငွေရှင်းပေးဖို့ သွားပြောလိုက်”
နန်းယန်မှာ နှစ်တွေ အကြာကြီး တိတ်တဆိတ် စုထားတဲ့ ကိုယ်ပိုင် ငွေတွေ ရှိတယ်ဆိုတာကို သူသိသည်။ သူ့အတွက် ငွေကူရှင်းပေးဖို့က သူ့ညီမ၏ တာဝန်ဖြစ်သည်လေ။
နန်းပေါင်ရီက နှစ်ခြိုက်စွာနဲ့ ပဲနို့ကို သောက်နေသည်။ နန်းကျင်က အလွန်ကို အကောင်းမြင်တတ်လွန်းသည်ဟု သူမခံစားရသည်။
နန်းယန်ကို ငွေရှင်းခိုင်းမယ်။
နန်းယန်၏ ကိုယ်ပိုင်ငွေတွေက လျိုရှောင်မုံ့ကို ပြန်ရွေးဖို့သာ ဦးစားပေး စုဆောင်းထားတာ ဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူ့အတွက် သုံးပေးမှာတဲ့လဲ။
ထိုခိုင်းစေမှုက ဟာသတစ်ခု ဖြစ်သွားမှာပင်။
ဧည့်ခန်းထဲက လှုပ်ရှားမှုတွေက ဖြည်းဖြည်းချင်း ရပ်စဲသွားသည်။
ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ် ခန်းမ၏ထိပ်မှာ အထူးစားပွဲတစ်ခုရှိသည်။
ကနုတ်ဖော် ထိုင်ခုံတွေက ကျယ်ဝန်းပြီး တိတ်ဆိတ်လှသည်။ အနီရောင် စန္နကူးသား ထိုင်ခုံတွေဖြစ်ပြီး အလွန်ကို တန်ဖိုးကြီး လွန်းလှသည်။
ပုတီးစေ့ ကန့်လန့်ကာက အပြင်နဲ့အတွင်းကို ပိုင်းခြားထားသည်။ အတွင်းဘက်မှာတော့ ရွှေသစ်ရွက်တွေနဲ့ ဖုံးအုပ်ထားပြီး နံရံမှာတော့ ရှားပါးလှတဲ့ ပန်းချီတွေနဲ့ လက်ရေးလှတွေကို အလှဆင်ထားသည်။
မိန်းမပျို ဆယ့်နှစ်ယောက်ခန့်က စားသောက်ဖွယ်ရာတွေကို ယူပြီး အထဲသို့ ဝင်သွားကြသည်။
ဆူညံနေသည့် အောက်ထပ်က အကြောင်းကို လှပသော မိန်းမပျိုတစ်ယောက်က ပျော့ပျောင်းသည့် လေသံဖြင့် ပြောပြလာသည်။
“အဲ့ဒါ နန်းအိမ်တော်က အပြင်ဆောင် သားက ငွေမရှင်းနိုင်လို့ အတန်းဖော်တွေရဲ့ အရိုက်ခံရတာလေ၊ အဲ့ဒါကြောင့် ပွက်လောရိုက်နေတာ”
“ဟား……”
လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ပမာမခန့် ရယ်မောလိုက်သည်။ သူက ဝပြီး သေးငယ်တဲ့ မျက်လုံးနဲ့ နှာခေါင်းတွေ ရှိသည်။ သူက အလွန် ပျော်ရွှင်တတ်ဟန် ရသည်။
သူက ကျားကွက်ကိုရှေ့သို့ ရွှေ့လိုက်ပြီး ပြုံးရင်း “အမတ်မင်း၊ သေချာတွက်ကြည့်ရင် သူက အမတ်မင်းရဲ့ ညီအစ်ကိုပဲလေ၊ အမတ်မင်းရဲ့ မျက်နှာကိုထောက်ပြီး ကျွန်တော်က သူ့အတွက် ငွေရှင်းပေး လိုက်ရမလား”
ရှောင်းယီက အေးဆေး တည်ငြိမ်လှသည်။ သူကဒီနေရာမှာ ဟောင်လောင်ကျူးနဲ့ ကောက်ပဲသီးနှံတွေ ဝယ်ယူဖို့ လာဆွေးနွေးတာ ဖြစ်သည်။ ဟောင်လောင်ကျူးက ရှုနိုင်ငံ၏ အကြီးမားဆုံး ကောက်ပဲသီးနှံ ကုန်သည် တစ်ယောက်ဖြစ်သည်။ သူ၏မိသားစုက ဈေးကွက်ထဲက ဆန်ဆိုင် ၇၀% လောက်ကို ပိုင်ဆိုင်ထားသည်။
ရှုနိုင်ငံမှာသာ ငတ်မွတ်ခေါင်းပါး ကပ်ဘေးဆိုက်ခဲ့ရင် သူနဲ့မဖြစ်မနေ ဆွေးနွေးဖို့လိုသည်။
သူက အေးစက်တဲ့လေသံနဲ့ “မလိုဘူး..”
သူသာနန်းကျင်ကို ကူညီလိုက်ရင် အိမ်က ကောင်မလေးက သူ့ကို ပြဿနာရှာမယ် ဆိုတာက သံသယ ဖြစ်စရာမလိုချေ။
“အမတ်မင်းက ကြားထားတဲ့အတိုင်း တကယ်ကို သွေးအေးတာပဲ၊ အမတ်မင်းနဲ့ ပူးပေါင်းခွင့် ရတာက ကျွန်တော့်အတွက် ဂုဏ်ကျက်သရေ တိုးတာပါပဲ”
“….”
“အမတ်မင်းကို သေရည် ထည့်ပေးလိုက်ဦး”
ကန့်လန့်ကာ၏ နောက်က လှပတဲ့မိန်းမပျိုလေး တစ်ယောက် ထွက်လာပြီး ရှောင်းယီ၏ ဘေးမှာ ဒူးထောက်ထိုင်လိုက်သည်။
ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ခန့် အရွယ်ရှိတဲ့ မိန်းမလှလေးက သိမ်မွေ့စွာ တရွေ့ရွေ့ တိုးလာသည်။ သူမ၏ မျက်ခုံးတွေကတော့ နန်းပေါင်ရီနဲ့ လေးပုံပုံနှစ်ပုံခန့် ဆင်သည်။
သူမက ကျောက်စိမ်းဖြူကရားကို ကောက်ယူလိုက်ပြီး သတိကြီးစွာနဲ့ ရှောင်းယီကို သေရည်ငှဲ့ပေး လိုက်သည်။
လွန်ခဲ့သည့် နှစ်ရက်ကတင် သူမက ဟောင်လောင်ကျူး၏ အစေခံ ထောင်ပေါင်းများစွာထဲက ရွေးထုတ်ထားတဲ့ မိန်းမပျိုဖြစ်သည်။
သူက သူမကို အာဏာရှိသော လူတစ်ယောက်ကို လက်ဆောင်အနေနဲ့ ပေးဖို့လို့ ပြောလာသည်။
သူမက ဟောင်လောင်ကျူးနဲ့ ဆက်စပ်နေသည့် စီးပွားရေး လုပ်ငန်းရှင်တွေထဲက တစ်ယောက်လို့သာ ထင်ပြီး ထိုသူက အသက်ကြီးကြီးနဲ့ ရုပ်ဆိုးလိမ့်မယ်ဟု ထင်ထားခဲ့ပေမယ့် နာမည် ကျော်ကြားလှတဲ့ အမတ်မင်းလို့တော့ ထင်မထားခဲ့ပေ။
လူငယ်က ရွှေလို အဆင်းသဏ္ဌာန်ရှိပြီး ကျောက်စိမ်းလို အရည်အချင်းရှိသည်။ ယောက်ျားပီသတဲ့ မျက်လုံးတွေက ကြယ်တွေ လင်းလက်နေသလိုပင်။ သူမကို နှလုံးခုန် မြန်လာစေသည်။
ဟောင်လောင်ကျူးက ပြုံးပြီး “ရှအိမ်တော် မပြိုကွဲခင်က သခင်မလေးရှက အမတ်မင်းနဲ့ စပ်ဟပ်သေးတယ်လို့ ကျွန်တော်ကြားမိတယ်၊ ဒါပေမယ့် အမတ်မင်းက ထိတောင် မထိခဲ့ဘူးတဲ့၊ ကျွန်တော်က အမတ်မင်းအတွက် သူနဲ့ဆင်တဲ့ သူတစ်ယောက်ကို ရွေးလာပေးတာ၊ ဒီကောင်မလေးက ချောလည်းချောတယ်၊ လှလည်းလှတယ်၊ ကျွန်တော် အမတ်မင်းကို ဆက်သတာပါ”
ရှောင်းယီက ရာထူးမြင့်သော သူတစ်ယောက် ဖြစ်တာကြောင့် လူတွေ အများကြီးက သူ့ကို မိန်းမလှလေးတွေ လျှို့ဝှက်ပြီး လက်ဆောင် ပေးတတ်ကြသည်။
သူသဘောကျ နှစ်သက်အောင် လုပ်တတ်ကြသည့် နည်းလမ်းတစ်မျိုး ဖြစ်သည်။
သူက သာမန်ကာလျှံကာကြည့်လိုက်ပြီး “မင်းနာမည် ဘယ်လိုခေါ်လဲ”
မိန်းမလှလေးကပြန်ဖြေသည်။
“ဒီအစေခံရဲ့ နာမည်က ဂီလင်လို့ ခေါ်ပါတယ်”
သူမ၏နာမည်က တကယ်တော့ ဂီလင် မဟုတ်ပါချေ။ သို့သော် ဟောင်လောင်ကျူးက သူမ၏နာမည်ကို မြင်မြတ်သည့် အမတ်မင်းက သဘောကျ နှစ်သက်လောက်မည့် နာမည်မျိုးအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်လေသည်။
***