အပိုင်း (၁၈၃)
နန်းပေါင်ရီငါကိုဖိအားမပေးနဲ့
နန်းပေါင်ရီက ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်ကို ရောက်လာခဲ့သည်။
သူမက ဧည့်ခန်း၏အထူးစားပွဲ နံပါတ်ရှစ်မှာ ထိုင်လိုက်ပြီး လက်ဖက်ရည်ကောင်း တစ်ကရားနဲ့ တခြားမုန့်တွေကိုမှာပြီး အေးအေးဆေးဆေး အရသာခံ နေလိုက်သည်။
ဟယ်ယဲ့က ဆန်မုန့်တချို့နဲ့ သေရည်ကို စားသောက်ပြီးသောအခါ တိုးသဲ့သဲ့ ကပ်ပြောလာသည်။
“မမလေး၊ မမလေးက ဒီကို ရန်ပွဲကြည့်ဖို့ လာတာဆို အစေခံမြင်တာကတော့ ကြီးကြယ်ခမ်းနားတဲ့ စားသောက်ဆိုင်ပါ၊ ဘယ်သူကမှ ဒီမှာ ပြဿနာ မရှာရဲလောက်ဘူးမလား”
“စိတ်မပူပါနဲ့ ဖြည်းဖြည်းချင်း စောင့်ကြတာပေါ့”
နန်းပေါင်ရီကပြုံးရင်း ပဲနို့တစ်ခွက်ကို လောင်းထည့် လိုက်သည်။
“ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်ရဲ့ ပဲနို့က အရမ်းကောင်းတာပဲ၊ နင်လည်း နှစ်ခွက်လောက် ထပ်ပြီး သောက်ကြည့်”
ထိုအချိန်မှာပဲ စားပွဲရှည်ပေါ်က စားသောက်ပွဲက ပြီးခါနီးဖြစ်နေပြီ။
တောင်ပိုင်း၏ သခင်လေးက ချောမောဆဲပေမယ့် သူ့မျက်လုံးထဲက စိတ်သောကတွေကတော့ ထင်ထင်ရှားရှား ပေါ်နေလေသည်။
အမွှေးတိုင် လေးတိုင်ထွန်းစာ အချိန်တောင်ကြာခဲ့ပြီ…
တွားသွားတယ် ဆိုရင်တောင် ပြန်ရောက်လာသင့်နေပြီလေ။
အတန်းဖော် တစ်ယောက်က သူ၏ပခုံးကို ဖက်လိုက်ပြီး ရယ်မောရင်း “အစ်ကို နန်း၊ ငါတို့က သောက်လို့ ပြီးတော့မယ်၊ အစ်ကို ငွေရှင်းတော့မလား၊ မက်မွန်ပွင့်လမ်းကို သွားကြမယ်လေ အဲ့ဒီမှာ မိန်းမလှလေးတွေ အများကြီးပဲလို့ ကြားတယ်…”
နန်းကျင်က နွေးထွေးတဲ့အသံနဲ့ “အခုက စောပါသေးတယ်၊ မက်မွန်ပွင့်လမ်းက မဖွင့်လောက်သေးဘူး၊ မင်းတို့ အရင်သောက်ကြပါဦး၊ ငါအောက်ထပ်ကို သွားပြီး သေရည် ထပ်မှာလိုက်ဦးမယ်”
“ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်လို့ မပြောရဘူး၊ သေရည်တစ်အိုးကို ရွှေစနှစ်ရာတောင် ကျတယ်၊ အစ်ကိုက အရမ်း ရက်ရောတာပဲ”
“ဟုတ်တယ်၊ အနာဂတ်မှာ ဘယ်လို ကံကောင်းတဲ့ မိန်းကလေးမျိုးကများ အစ်ကိုနန်းကို လက်ထပ်နိုင်မှာလဲ ဆိုတာကို ငါတကယ် သိချင်တယ်”
နန်းကျင်က ပြုံးရင်း “စားသောက်ပွဲ တစ်ပွဲက ရွှေစတစ်ထောင်လောက်ပဲ ကျတာပါ၊ မများပါဘူး”
သူက အတန်းဖော်တွေ၏ မြှောက်ပင့် ချီးကျူးမှုတွေကြားမှာ တည်ငြိမ်စွာနဲ့ စားပွဲကို ကျောခိုင်းခဲ့သည်။
သူက စားပွဲက ထွက်လာတဲ့အခါ သူ၏ချောမောတဲ့ မျက်နှာထားက ရုတ်ခြည်း မြူဆိုင်း သွားတော့သည်။
သူက အောက်ထပ်ကို အလျင်စလို ဆင်းသွားပြီး အစေခံ တစ်ယောက်ကို လက်ပြ၍ ခေါ်လိုက်သည်။ ထိုအစေခံကို ငွေစတစ်ဝက် ပေးလိုက်ပြီး အသံသဲ့သဲ့ဖြင့် “မင်းနန်းအိမ်ကို သွားပြီး နန်းသခင်ကြီး ၃ ကိုမေးလိုက်၊ ဘာလို့ မပေးလိုက်သေးတာ”
သူက ပြောလို့ မပြီးခင်မှာပဲ နန်းပေါင်ရီက အထူးစားပွဲ ၈ မှာ ထိုင်နေတာကို တွေ့လိုက်သည်။ သူမက ဓါးတစ်ချောင်းကို ကိုင်ပြီး ဘဲကင်နဲ့ အစာသွပ်မုန့်ကို လှီးဖြတ်နေသည်။
အစေခံက နားမလည်နိုင် ဖြစ်သွားရပြီး “သခင်လေး၊ သခင်လေး ခုနပြောတာက”
“ဘာမှမဟုတ်တော့ဘူး”
နန်းကျင်က သူ့ကိုပြန်လွှတ်လိုက်ပြီး နန်းပေါင်ရီဆီသို့ လျှောက်လာသည်။
ဟယ်ယဲ့က အလွန် ထိတ်လန့်နေပြီး တိုးဖွဖွဖြင့် “မမလေး၊ နန်းကျင်က ကျွန်မတို့ကို တွေ့သွားပြီ။ သူက မျက်လုံးနီ ကြောင်ကြောင်နဲ့ ဒီကိုလာနေပြီ၊ သူကျွန်မတို့ကို သတ်တော့မလား မသိဘူး”
“မျက်နှာပျက်တယ် ဆိုတာက သူရဲ့ဘဝကို အနှောင့်အယှက် မပေးနိုင်ပေမယ့် သူရဲ့အတန်းဖော် စာသင်သားတွေ ကြားထဲမှာ မျက်နှာ ပျက်ရရင်တော့ အရှက်ရဆုံး ဖြစ်လိမ့်မယ်”
နန်းပေါင်ရီက သင်းပျံ့ မွှေးကြိုင်နေသည့် ဘဲကင်ကို အလျင်မလိုစွာ ဖဲ့နေပြီး “မပူပါနဲ့၊ လူတွေ အများကြီး ရှေ့မှာ သူက ငါတို့ကို ဘာမှမလုပ်ရဲပါဘူး”
နန်းကျင်က အထူးစားပွဲ ၈ ရှေ့မှာ မတ်တပ် ရပ်လိုက်သည်။
သူက သွေးတစ်ဝက်နှောတဲ့ ညီမကို စိုက်ကြည့်ရင်း “ငွေဘယ်မှာလဲ”
သူက ငတုံးတစ်ယောက် မဟုတ်ပေ။
အစေခံတစ်ယောက်ကို အိမ်ကို ပြန်လွှတ်လိုက်တာ အချိန်ကြာလှပြီဖြစ်ပြီး သူ၏အဖေက ရောက်မလာခဲ့ဘဲ နန်းပေါင်ရီသာ ရောက်လာခဲ့သည်။ ဒီမိန်းမက အဖေ့ရှေ့မှာ သူသွားပေးပါ့မယ်လို့ ဦးဆောင်ပြောခဲ့ပြီး ငွေကိုယူ၍ ရောက်လာခြင်း ဖြစ်ရမည်။
စားပွဲပေါ်မှာ လတ်လတ်ဆတ်ဆတ် စားစရာတွေ အများကြီးကို စားထားတာ တွေ့ရတာကြောင့် သူမရောက်နေတာ အချိန်တစ်ခု ကြာနေလောက်ပြီ။
ရောက်လာပေမယ့် သူမက သူ့ကို ငွေလာမပေးပါချေ။ သူ၏အတန်းဖော်တွေ ရှေ့မှာ သူ့ကို အရှက်ကွဲအောင် လုပ်ချင်တာ သေချာသည်။
နန်းပေါင်ရီက ဓါးကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။
သူမက ဝတ်ရုံလက်ကို ပင့်၍ ပန်ကိတ်ကိုယူပြီး ဘဲကင် အလွှာလိုက်နဲ့ လိပ်လိုက်သည်။ ထပ်ပြီး ကြက်သွန်နီ၊ သခွားသီးတို့နဲ့ လိပ်လိုက်ပြီး အချဉ်ရည် အနည်းငယ် စမ်းလိုက်သည်။
သူမကပြုံးရင်း “ရှင့်ကို ငွေပေးဖို့ လာတာတော့ မှန်ပါတယ်၊ ဒါပေမယ့် ရှင်လည်း သိတဲ့အတိုင်း နှစ်သစ်ရဲ့ ပထမလက သူခိုးတွေ ပေါတယ်လေ၊ လမ်းမှာ လမ်းလျှောက်နေတုန်း ငွေအိတ်က အခိုးခံလိုက်ရတယ်၊ အခု ကျွန်မမှာ ကျွန်မ တစ်ယောက်စာ မုန့်နည်းနည်းစားဖို့ ရွှေစ ဆယ်နှစ်စလောက်ပဲ ကျန်တော့တယ်၊ ရှင့်အတွက် ငွေရှင်းဖို့ကတော့…. ရှင်ဖေဖေ့ဆီက ရွှေစရှစ်ထောင်တောင် ယူထားတယ်မလား၊ အဲ့ဒါက ရှင့်ဧည့်သည်တွေကို ဧည့်ခံဖို့ မလုံလောက်ဘူးလား”
နန်းကျင်က စိတ်ဆင်းရဲ သွားရသည်။
ဘာကို ငွေအိတ် အခိုးခံရတယ်လဲ နန်းပေါင်ရီက သူ့ကို ငွေမပေးချင်လို့ ငြင်းနေတယ် ဆိုတာ အသိသာကြီးပဲ။
သူက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အသံကိုနှိမ့်၍ ခြိမ်းခြောက် လိုက်သည်။
“နန်းပေါင်ရီ၊ ငွေကိုထုတ်ပေး၊ အပိုတွေ ပြောမနေနဲ့၊ ငါ့ကို ဖိအား လာမပေးနဲ့နော်”
နန်းပေါင်ရီက ဘဲကင်အသားလိပ်ကို စားနေသည်။ ဘဲကင်က ကြွပ်ရွနေပြီး အဆီလည်း သိပ်မများပေ။ အရသာက ထိပ်တန်းပင်။
ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်က ကျင်းကွမ်မြို့၏ အကျော်ကြားဆုံး စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ဖို့ ထိုက်တန်လွန်းလှ သည်။ အစားအသောက်တွေက အလွန် အရသာ ရှိသည်ပဲ။
“နန်းပေါင်ရီ”
နန်းကျင်က စိတ်မထိန်းနိုင်တော့ဘဲ စားပွဲကို လက်ဝါးနဲ့ ရိုက်ချလိုက်သောအခါ ခွက်ထဲက လက်ဖက်ရည်တွေက ဖိတ်စင် ကုန်တော့သည်။
နန်းပေါင်ရီက အသားလိပ်ကို တိတ်ဆိတ်စွာ စားလို့ ပြီးသွားသောအခါ လက်တွေကို ဖြည်းညင်းစွာ သုတ်လိုက်သည်။
နန်းကျင်၏စိတ်ထဲက မကောင်းတဲ့ ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
အရင်တစ်ခေါက်တုန်းက နန်းပေါင်ရီက လက်တွေကို သုတ်လိုက်သည့်အခါ သူမ၏ မျက်လုံးတွေက တောက်ပ၍ သားရဲတစ်ကောင်လို ပြောင်းသွားပြီး လျိုလန်အာ၏ ဖြူစင်မှုအတွက် သူတာဝန်ယူခဲ့ရသည်။
ဒီနေ့လည်း…..
နန်းပေါင်ရီက ထရပ်လိုက်သည်။ သူမ၏ မျက်နှာမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်သိပ်နေသည်။
သူမ၏ မီးငှက်လို မျက်လုံးရွှဲကြီးတွေက အရည်ကြည်တွေနဲ့ ပြည့်နေပြီး ကျယ်လောင်စွာ အော်လေ တော့သည်။
“အစ်ကို၊ ညီမလေးမှာ ငွေတကယ် မရှိပါဘူး၊ ဖေဖေ့မှာလည်း ငွေထပ်မရှိတော့ဘူး၊ အစ်ကို ညီမလေး တောင်းပန်ပါတယ်၊ အပြင်ထွက်ပြီး သေရည် မသောက်ပါတော့နဲ့၊ အိမ်ပြန်ရအောင်၊ အိမ်ပြန်ပြီး စာကိုပဲ ကြိုးစားပါနော်၊ ညီမလေး တောင်းပန်ပါတယ်…ဝူး….ဝူး…”
နန်းကျင်၏ အမူအရာက တောင့်ခဲသွားရသည်။
ထိုစကားတွေကို နားထောင်ရသည့်အခါ သူက အပြင်ထွက်ပြီး တိုက်ကြက်နဲ့ ခွေးလို မိသားစု၏ ငွေတွေကို သုံးဖြုန်းနေသည့် မသိတတ်သည့် သားတစ်ယောက်နဲ့ ဘာလို့ တူသွားရတာလဲ
ပြီးတော့ နန်းပေါင်ရီနဲ့ သူ့အဖေကတော့ သူ၏ အကျပ်ကိုင် ရမ်းကားခြင်းကို ခံရသည့် သူတွေပေါ့။
စားသောက်ဆိုင်၏ ဧည့်ခန်းမမှာ လူတွေများကြီး ထိုင်နေကြပြီး အားလုံးက စပ်စုချင်စိတ်နဲ့ လှမ်းကြည့် နေကြသည်။
နန်းကျင်က အထိတ်တလန့်နဲ့ “နန်းပေါင်ရီ၊ မင်းထပ်ပြီး မဟုတ်တာတွေ လျှောက်ပြောဦးမယ် ဆိုရင် ငါအိမ်ကိုပြန်ပြီး အဖေ့ကိုပြောလိုက်မယ်”
နန်းပေါင်ရီက ပြင်းပြင်းထန်ထန် ငိုကြွေးနေပြီး ဘေးပတ်ပတ်လည်က လူတွေကို ဦးညွှတ်လိုက်ရင်း “ဦးလေးတို့ အစ်ကိုကြီးတို့ရယ်၊ ကရုဏာထားပြီး ဖေဖေ့ နေရာကနေ စဉ်းစားပေးကြပါဦး၊ ဒီမသိတတ်တဲ့ သားတစ်ယောက်အတွက် ဖေဖေက သူရဲ့နှစ်သစ်ကူးမှာ ရတဲ့ သားမွေးဝတ်စုံကိုတောင် ပေါင်နှံ ပေးလိုက်ရတာ ရက်နည်းနည်းပဲ ရှိသေးတယ်၊ သူက ဖေဖေ့ကိုထပ်ပြီး ငွေတောင်းနေပြန်ပြီ၊ ဖေဖေ့မှာ သူ့ကိုပေးစရာ ခေါင်းတလားပဲ ရှိပါတော့တယ်”
သူမက လက်ကိုင်ပဝါကို သုတ်လိုက်ရင်း မိုးရေစက်တွေ မရပ်မနား ရွာနေသလို ပုလဲလုံးလေးတွေ သီကြွေးနေသလို ငိုကြွေးတော့သည်။
ထိုနေရာမှာ ရောက်နေသည့် လူတွေက ချမ်းသာကြွယ်ဝပြီး အာဏာရှိသည့် သူတွေဖြစ်ကြသည်။
သူတို့က တီးတိုးပြောကြတော့သည်။
“တောင်ပိုင်းဦးထုပ်က ငါ့အပေါင်ဆိုင်မှာလာပြီး သားမွေးဝတ်စုံကို လာပေါင်တာ၊ အဲ့ဒီလို သားမွေးမျိုးက ရှားပါးတယ်၊ ဒီမှာမရှိဘူး၊ ငါက သူဘာလို့ လာပေါင်နှံတာလဲလို့ တွေးနေတာ၊ လက်စသတ်တော့ သူရဲ့သားကြောင့်ကိုး”
“နန်ကျင်က ဝမ့်ချွင်းကျောင်းမှာ တက်နေတာလို့ ကြားမိတယ်၊ သူက ပညာတတ် တစ်ယောက်ဖြစ်ပြီး ဘာလို့ သူ့အဖေကို ဒီလို အဝတ်အစားတောင် ပေါင်နှံရအောင် လုပ်ရတာလဲ မသိဘူး”
“သမိုင်းထဲက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေက စာတတ်ပေတတ် ပုဂိ္ဂုလ်တွေချည်းပဲ၊ ဒါပေမယ့် လူတစ်ယောက်ရဲ့ စိတ်ဓါတ်က ပျက်စီးသွားပြီဆိုရင် ပညာတတ်နေလည်း သူ့အကျင့်စရိုက်က ဆိုးသွမ်းနေမှာပဲ”
အားလုံးက တစ်ယောက်တစ်ပေါက်နဲ့ ပြက်ရယ် ပြုနေကြတဲ့အခါ နန်းကျင်၏ ပါးပြင်တွေက ပူလောင် လာတော့သည်။
သူက အကြီးအကျယ် အရှက်ရသွားပြီး ခက်ထန်စွာ ပြောလိုက်သည်။
“အဓိပ္ပါယ်ကို မရှိဘူး၊ အဖေက သားမွေးဝတ်ရုံကို ပေါင်နှံတယ်ဆိုတာ နန်းအိမ်တော်က ရာဇဝတ်မှု ကျူးလွန်တာ မို့လို့လား ငါက နန်းအိမ်တော်၏ သခင်လေး တစ်ယောက်ပဲ၊ ငါက ကျောင်းမှာ ရှုယူ ကျောင်းသား တစ်ယောက်မို့လို့ အရင်နှစ်က ကျောင်းလခ တစ်ထောင် ကုန်ကျတယ်၊ ရုတ်တရက်ကြီး ဒီနှစ်မှာတော့ ရွှေစနှစ်ထောင်အထိ တက်သွားတယ်၊ အဲ့ဒါကြောင့် ငါ့အဖေက အကောင်းဆုံး နည်းလမ်း အနေနဲ့ ရွေးချယ်စရာ မရှိလို့ လုပ်လိုက်ရတာ”
“စကားမှားတွေ”
ထောင့်နားကခုံမှာ ထိုင်နေသည့် ဆံဖြူအဘိုးအို တစ်ယောက်က ဖန်ခွက်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ကောက်ပေါက် လိုက်လေသည်။
သူကထရပ်ပြီး အော်ဟစ် သောင်းကျန်းတော့သည်။
“နှစ်တိုင်း ငါ့ကျောင်းမှာ ရှုယူကျောင်းသားက စာတော်တဲ့ အဆင့်အလိုက် ရွှေစတစ်ရာပဲ ပေးရတယ်၊ တချို့ ရှုယူကျောင်းသားတွေဆို ကျောင်းလခ ကင်းလွတ်ခွင့်တောင် ရသေးတယ်၊ ဘယ်ကရွှေစ တစ်ထောင်၊ နှစ်ထောင်တွေလဲ”
နန်းကျင်က မူးမေ့လဲကျမတတ် ဖြစ်သွားရပြီး “ကျောင်းအုပ်ကြီးယွမ်”
ကျောင်းအုပ်ကြီး လူတိုင်းက လေးစားကြောက်ရွံ့ သွားကြတော့သည်။
အဘိုးအိုက အသံနက်နက်ဖြင့် “နန်းကျင်၊ ဒီအဘိုးကြီးက မင်းက ရှုယူဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးပြီး အိမ်က မိဘတွေဆီကနေ ငွေအများကြီး လိမ်လည်လိမ့်မယ်လို့ မထင်ခဲ့မိဘူး၊ မင်းက တကယ် ဆိုးသွမ်းတဲ့ အကျင့်စရိုက် ရှိတာပဲ၊ ငါ့ဝမ့်ချွင်းကျောင်းက မင်းလို ကျောင်းသားမျိုးကို လက်မခံနိုင်ဘူး၊ ဒီနေ့ကစပြီး မင်းကျောင်းကို စာလာသင်ဖို့ မလိုတော့ဘူး”
“ကျောင်းအုပ်ကြီး၊ ကျွန်တော် ရှင်းပြတာကို နားထောင်ပါဦး…..”
နန်းကျင်က လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် အဘိုးအိုက စိတ်ဆိုးစွာနဲ့ ထွက်သွားတော့သည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွားပြီး လူတိုင်းက နန်းကျင်ကို ကြည့်နေကြလေတော့သည်။
***