အပိုင်း (၁၈၂)
ကျောင်းကျောင်းကအရမ်းလှတယ်
ရှောင်းယီက သတိထား၍ နန်းပေါင်ရီ၏ နှုတ်ခမ်းသားလေးတွေကို နည်းနည်းချင်း စုပ်ယူနေသည်။
ဆောင်းရာသီ၏ နေရောင်က နွေးထွေးစွာ ဖြာကျနေသည်။
နေရောင်က ပြတင်းကတစ်ဆင့် ထိုင်ဖုံပေါ်ကို ဖြာကျနေပြီး ဖုန်တွေက အလင်းရောင်နဲ့ အရိပ်တို့ နဲ့အတူ လွင့်ပါလာသည်။ အနီရောင် ပန်းပွင့်လေးက ပြတင်းကနေ လေအဝှေ့မှာ လွင့်ပါလာသည်။
ရှောင်းယီက ကျေနပ်သွားပြီး ခြေထောက်တွေကို ချိတ်ထိုင်လိုက်သည်။ အလင်းရောင်နဲ့ အရိပ်တွေကြားမှာ နှုတ်ခမ်းထောင့်ဖျားကို တို့ထိလိုက်ပြီး ခေါင်းကိုငုံ့၍ တဟက်ဟက် ရယ်လိုက်သည်။
ရယ်ပြီးတဲ့နောက် သူက နန်းပေါင်ရီကို ပြန်ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းလေးက နီရဲနေပေမယ့် သူမ စစချင်း အိပ်စဉ်ကလို အရောင်နဲ့တော့ အတိအကျ တူမနေတော့ပါချေ။
နန်းပေါင်ရီ သိသွားမှာကို သူစိုးရိမ်တာကြောင့် သူက စန္နကူး သေတ္တာလေးကို ဖွင့်လိုက်ပြီး ကောင်မလေး ဆိုးလိုက်တဲ့ နှုတ်ခမ်းနီ ကြွေအိုးလေးကို ထုတ်ယူလိုက်သည်။ သူ၏ လက်ချောင်းတွေနဲ့ အနည်းငယ်ယူ လိုက်ပြီး သူမဆိုးတဲ့ ပုံစံအတိုင်း အတုခိုးပြီး ဆိုးပေးလိုက်သည်။
သူက နန်းပေါင်ရီ၏ နှုတ်ခမ်းလေးတွေကို ညင်သာစွာ သုတ်လိုက်သည်။ သို့ပေမယ့် သူ၏နည်းလမ်းက မကျွမ်းကျင်လေတော့ နှုတ်ခမ်း ပတ်ပတ်လည်ကို သုတ်လိုက်မိသည်။ လုံလောက်ရုံတင်မက နှုတ်ခမ်း အပြင်ဘက်ကိုပါ လျှံထွက်သွားတော့သည်။
သူက ဆိုးပေးပြီးတဲ့အခါ နန်းပေါင်ရီ၏ နှုတ်ခမ်းတစ်ဝိုက်က သွေးတွေနဲ့ နီရဲနေသလို ဖြစ်သွားတော့သည်။
ရှောင်းယီက အတွေးတို့ ပျောက်ဆုံး သွားရသည်။ အချိန်အတန်ကြာမှ သူက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး တိတ်ဆိတ်စွာနဲ့ နှုတ်ခမ်းနီကို သေတ္တာလေးထဲသို့ ပြန်ထည့်လိုက်သည်။
နန်းပေါင်ရီက အမွှေးတိုင် လေးတိုင်ထွန်းစာ အချိန်ကြာတဲ့အခါ နိုးလာတော့သည်။
သူမက သက်သောင့်သက်သာနဲ့ အကြောဆန့်လိုက်ရင်း “အိပ်လိုက်ရတာ အရမ်း သက်သောင့်သက်သာ ရှိတာပဲ၊ အစ်ကို ၂၊ ညီမလေးတို့ ဆုန်းဟယ့်ခြံမှာ ညစာ သွားစားကြမလား”
ပြောပြီးနောက် သူမက စန္နကူး သေတ္တာလေးဆီကို လက်လှမ်းလိုက်သည်။
ရှောင်းယီက ရှုနိုင်ငံမြေပုံပေါ်မှာ အမှတ်အသား လုပ်နေရင်း သူမ၏ လှုပ်ရှားမှုကို မျက်လုံးထောင့်မှာ ရိပ်ခနဲ မြင်လိုက်ပြီး သူမ၏လက်ကို ရုတ်တရက် ကိုင်လိုက်သည်။
“ဘာလုပ်မလို့လဲ”
“မျက်နှာလိမ်းခြယ်မလို့လေ”
ရှောင်းယီ၏ နှလုံးခုန်သံတွေက မမှန်တော့ပေ။
“ကျောင်းကျောင်းက အရမ်းလှတယ်၊ မျက်နှာလိမ်းခြယ်ဖို့ မလိုဘူး”
“တကယ်လား”
နန်းပေါင်ရီက ပါးပြင်လေးကို အုပ်ကိုင်၍ မျက်လုံးလေးတွေ တဖျတ်ဖျတ် လက်လာပြီး “ချိုင်ယွမ်ဂျင်းက အလှပြင်ပစ္စည်းတွေက ထိပ်တန်းပဲလို့ လူတိုင်းက ချီးကျူးကြတယ်၊ ညီမလေးက နှုတ်ခမ်းအဆီကို အမွှေးတိုင် လေးတိုင်ထွန်းစာ အချိန်လောက်ပဲ လိမ်းရသေးတယ် သူက အစွမ်းပြနေပြီ၊ ပေးရတဲ့ဈေးနဲ့ တကယ်တန်တာပဲ၊ အစ်ကို ၂၊ ဆုန်းဟယ့်ခြံကို နေ့လယ်စာ သွားစားကြမယ်လေ”
ရှောင်းယီက တစ်ခဏလောက် ချီတုံချတုံ ဖြစ်နေပြီးမှ သူမ၏နောက်က လိုက်သွားတော့သည်။
စင်္ကြံလမ်းကို ဖြတ်ပြီးတဲ့အခါ အစေခံတစ်ယောက်နဲ့ တွေ့သည်။ အစေခံလေးက နန်းပေါင်ရီ၏ ပေပွပြီး နီရဲနေသည့် နှုတ်ခမ်းကို စိုက်ကြည့်ပြီး ကြက်သေ သေသွားတော့သည်။ ဒါက ခေတ်စားနေသည့် မမလေးတွေ၏ နှုတ်ခမ်းနီဆိုးနည်း အသစ်ဖြစ်လိမ့်မည်။ သူမက နားမလည်ပေမယ့် အရမ်းလည်း မချီးကျူးရဲပါချေ။
သူမက အရိုအသေပြုလိုက်ပြီး ရိုကျိုးစွာနဲ့ “မမလေး၊ နွေဦးကျောက်စိမ်းစံအိမ် သခင်မက မမလေးကို စကား ပါးခိုင်းလိုက်ပါတယ်”
“သူဘာမှာလိုက်လဲ”
နန်းပေါင်ရီက အလွန် သိချင်သွားရသည်။
အစေခံလေးက ပြန်ဖြေသည်။
“သခင်မက ပြောပါတယ်၊ မမလေးရဲ့ အိမ်တော်က သခင်လေး နန်းကျင်က မမလေးကိုသတ်ဖို့ ရွှေစအမြောက်အမြား အကုန်ခံပြီး လူသတ်သမား လာငှားပါတယ်တဲ့၊ သူပေးတာ မလုံလောက်လို့ သခင်မက ငြင်းလိုက်ပါတယ်တဲ့”
နန်းပေါင်ရီက ညည်းသံ ပြုလိုက်သည်။
“ငါသိသလောက်တော့ နွေဦးကျောက်စိမ်း စံအိမ်၏ စီးပွားရေး စည်းမျဉ်းအရ ရွှေစငါးထောင်တောင် ကုန်မှာလေ၊ သူ့မှာဘယ်က ရွှေစတွေရမှာလဲ”
“ဒီအစေခံလည်း မသိရပါဘူး”
အစေခံက ကြားရသည့် သတင်းအတိုင်း ပြန်ပြောလာသည်။
“ဒါပေမယ့် ဈေးထဲက သတင်းတစ်ခု ကြားလာခဲ့ပါတယ်၊ မမလေးရဲ့အဖေ နန်းကွမ်က အစေခံတစ်ယောက်ကို လွှတ်ပြီး သားမွေးဝတ်စုံ တစ်ထည်ကို ပေါင်ထားပါတယ်တဲ့၊ အဲ့ဒါက ရွှေစ သုံးထောင်ရတယ် ပြောပါတယ်၊ အဲ့ဒီကများ နန်းသခင်လေးက ရတာများလား”
နန်းပေါင်ရီက ရေကန်ကို ကြည့်ပြီး မိုက်ခနဲ ဖြစ်သွားတာကြောင့် လက်ရန်းကို မှီလိုက်ရသည်။
ကိုကိုကြီး ပြန်ရောက်တုန်းက ဖေဖေ့ကို ငွေဘယ်လောက် ပေးထားလဲလို့ သူမ မေးထားသည်။ ကိုကိုကြီးက ရွှေစ ငါးထောင် ပေးထားတယ်လို့ ပြောသည်။ ရွှေစငါးထောင်က သူမအဖေအတွက် ဝတ်စုံအသစ် ဝယ်ဝတ်ချင်ရင်တောင် လုံလောက်တာထက် ပိုသေးသည်။
သူက ထိုသားမွေး အပေါ်ဝတ်ရုံကို အလွန် နှစ်သက်သည်။ သူဒီလိုလုပ်ဖို့ မဆိုထားနဲ့ အပြင်ကိုတောင် လွယ်လွယ်နဲ့ ထုတ်ဝတ်တာ မဟုတ်ပေ။ အခုတော့ ထိုအရာက အပေါင်ဆိုင်မှာ ပေါင်နှံခံလိုက်ရချေပြီ။
နန်းကျင်က နည်းလမ်းတချို့ကို သုံးပြီး သူမအဖေဆီက ငွေတွေကို သဲ့ယူသွားတာ ဖြစ်မည်။ တစ်ဖက်က ကြည့်ရင် သူမ၏အဖေက နန်းကျင်ကို ရွှေစရှစ်ထောင်လုံး တိတ်တိတ်လေး ခိုးပေးတာ ဖြစ်နိုင်သည်။
ဒီနှစ်သစ်ကူးမှာ ဘာလို့ စာအိတ်နီထဲမှာ ရွှေစ တစ်စ နှစ်စလေးတောင် ပါမလာတာလဲ ဆိုတာကို သူမ စဉ်းစားကြည့်ခဲ့သည်။ လတ်စသတ်တော့ ငွေကြေးတွေ အားလုံးက ကောင်းမွန်လှတဲ့ သားလေးရဲ့ လက်ထဲ ရောက်သွားတာကိုး။
ရှောင်းယီက လက်ကောက်ဝတ်က အကြွေစေ့လေးကို လှည့်ကစားနေရင်း “စိတ်တိုနေလား”
“သေချာပေါက် ညီမလေး စိတ်ဆိုးတာပေါ့၊ ပြီးတော့ စိတ်လည်းနာတယ်”
“အစ်ကိုက မင်းကို နှစ်သိမ့်ပေးရမလား”
နန်းပေါင်ရီက မပျော်မရွှင် ဖြစ်သွားဟန်နဲ့ သူ့ကိုကြည့်လိုက်သည်။
ရှောင်းယီကပြုံးရင်း “နောက်တာပါကွာ”
နန်းပေါင်ရီက ဝမ်းနည်းသွားသည်။ ဖေဖေက နန်းကျင်ကို အလွန် ကြင်ကြင်နာနာ ဆက်ဆံသည်။ သူ၏ တစ်ခုတည်းသော အဝတ်အစားကောင်းကိုတောင် နန်းကျင်အတွက် ရောင်းချခဲ့သည်။
နန်းကျင်ကတော့ သူ့အတွက် ဘာပြန်ပေးခဲ့လဲ။
နန်းကျင်က ထိုငွေတွေ အားလုံးကို လူသတ်သမား ငှားဖို့သုံးခဲ့ပြီး သတ်ချင်တဲ့သူက သူ၏ သမီးငယ်လေးကိုတဲ့။
အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ခုလုံးမှာ နန်းကျင်က ကောင်းတဲ့အရာ တစ်ခု မဟုတ်ခဲ့ပါချေ။
အရင်ဘဝတုန်းက သူက ဖေဖေ ဆယ်နှစ်တာ စုဆောင်းထားတဲ့ ငွေကြေးတွေ အားလုံးကိုယူပြီး ပေကျင်း အရာရှိ စာမေးပွဲကို သွားဖြေခဲ့သည်။ သူက အထက်တန်းပညာရှိ တစ်ယောက်ဖြစ်သွားပြီး အထူးအစိုးရ အရာရှိကျောင်း၏ ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့သည်။
ဖေဖေက သူ့သား၏ အရည်အချင်းကို အမြဲတမ်း ချီးကျူးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လျိုမိသားစု၏ အနိုင်ကျင့် စော်ကားတာကိုခံရပြီး မောင်းထုတ် ခံလိုက်ရသည်။ နန်းကျင်ကတော့ သူ့ကို မျက်လုံးထဲတောင် မထည့်ခဲ့ဘဲ သူထွက်သွားရတာကို တားဆီးခြင်း လုံးဝမရှိခဲ့ပါချေ။
ကျင်းကွမ်မြို့က လူများ ဖေဖေ့ကို လှောင်ရယ်ကြပြီး သူ့ကို တွေ့တဲ့အခါ မင်းရဲ့ ဂုဏ်သရေကြီးမြင့်လှတဲ့ သားရောလို့ မေးတတ်ကြသည်။
နန်းပေါင်ရီက ထုတ်မပြောချင်ပေ။ ပညာတတ်ဖြစ်ပြီး ဘာလို့ နန်းကျင်က ဒီလောက် စက်ဆုပ်ရွံရှာစရာ ကောင်းရတာလဲ။
ကောင်မလေးက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မီးငှက်လို မျက်လုံးတွေက ကြမ်းတမ်း ခက်ထန်စွာ တဖျတ်ဖျတ် လက်နေသည်။
နန်းကျင် စိတ်ချမ်းသာစေဖို့အတွက် သူမ လွှတ်မထားနိုင်တော့ချေ။
သူမက အသံပြင်းပြင်းနဲ့ “ဒီကောင်ကိုငါ ဒီတိုင်းမထားတော့ဘူး….”
သူမက အစေခံကို ဆုအဖြစ် ရွှေစဆယ်စ ပေးလိုက်ပြီး “ပြန်ပြီး နင့်သခင်မကိုပြောလိုက်၊ နန်းကျင်ကို နွေဦးကျောက်စိမ်း စံအိမ်ကို ဖိတ်ခေါ်လိုက်လို့၊ ပြီးတော့ သူအပ်တဲ့ အလုပ်ကို ရွှေစရှစ်ထောင်နဲ့ လက်ခံလိုက်ပါလို့”
ဘာပဲဖြစ်ဖြစ်၊ ရွှေစရှစ်ထောင်ကိုတော့ ထွက်လာအောင် မျှားထုတ်ရမည်။
နှစ်သစ်၏ နှစ်ရက်မြောက်မှာတော့ နွေဦးကျောက်စိမ်းစံအိမ်က သတင်းရောက်လာသည်။
ဟန်ယန့်လျန်က နန်းကျင်နဲ့ ညှိနှိုင်းပြီး ရွှေစရှစ်ထောင်လုံးကို ရရှိထားပြီဟု ပြောလာသည်။
ဟန်ယန့်လျန်က ကတုံးပေါ် ထိပ်ကွက်ပြီး ရွှေစတစ်ထောင်ကို အလုပ်ပင်ပန်းခဆိုပြီး ယူသွားတော့သည်။
နန်းပေါင်ရီက ကျန်တဲ့ ရွှေစခုနစ်ထောင်ကို ဝတ်ရုံအိတ်ထဲ ထည့်သိမ်းလိုက်ပြီး နန်းကွမ်ကို ပြန်မပေးပါချေ။
ပထမလ၏ တတိယ ရက်မှာတော့ ဆွေမျိုးတွေ ရောက်လာကြပြီး ခြံဝင်းက အလွန် စည်ကားနေသည်။
နန်းပေါင်ရီက အကြီးတွေနဲ့အတူ ဆုန်းဟယ့်ခြံမှာ ဗျပ်စောင်းကို တီးခတ်နေသည်။
နန်းကွမ်ကလည်း ထိုနေရာမှာ ရှိနေခဲ့သည်။
သူက လောင်းကစားလုပ်ဖို့ ငွေမရှိတာကြောင့် သူက သူ့အမေ၏ မျက်စိကွယ်ရာမှာ ရပ်နေသည်။
လေထုက အသက်ဝင်နေသည့် အချိန်မှာ အစေခံတစ်ယောက်က အလျင်စလို ပြေးဝင်လာခဲ့သည်။
ထိုအစေခံက နန်းကျင်၏ အစေခံမှန်း နန်းပေါင်ရီ သိသည်။
သူမက နားရွက်လေးကို စွင့်ထားလိုက်သည်။
အစေခံက တိုးလျလျဖြင့် “သခင်ကြီး သခင်လေး နန်းကျင်က ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်မှာ စားသောက်ပွဲလုပ်ဖို့ လူတွေ ဖိတ်ထားတယ်တဲ့၊ သူ့မှာ ငွေမလုံလောက်လို့ လာပေးပါဦးတဲ့”
နန်းပေါင်ရီက မျက်ခုံးပင့်သွားသည်။
ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ် ဆိုတာက ကျင်းကွမ်မြို့၏ အကျော်ကြားဆုံး စားသောက်ဆိုင် တစ်ဆိုင်ဖြစ်သည်။ ချမ်းသာကြွယ်ဝပြီး အာဏာရှိသော သူတွေသာ တတ်နိုင်ကြသည်။ စားပွဲတစ်ပွဲ၏ အနည်းဆုံး ကုန်ကျစရိတ်က ရွှေစရာပေါင်း များစွာ ကုန်ကျသည်။
ထိုနေရာမှာ စားသောက်ပွဲ ကျင်းပဖို့အတွက် နန်းကျင်မှာ အရည်အချင်းမရှိပါချေ။
နန်းကွမ်က ကသိကအောက် ဖြစ်သွားပြီး “ငါသူ့ကို မကြာသေးခင်ကပဲ ရွှေစတွေ ပေးလိုက်သေး တယ်လေ”
အစေခံကပြုံးရင်း “သခင်လေးက ဆရာ့အတွက် လက်ဆောင် ဝယ်ပေးလိုက်လို့ ကုန်သွားတာပါ”
နန်းကွမ်က ပိုပြီး စိတ်မသက်မသာ ဖြစ်သွားရသည်။ သူ့မှာ ပေးဖို့ ငွေမရှိတာကြောင့် အလွန် စိုးထိတ်သွားသည်။
တခြားသူ တစ်ယောက်ဆီက ချေးငှားဖို့ ချီတုံချတုံ ဖြစ်နေတုန်းမှာပဲ နန်းပေါင်ရီက ကရုဏာတရား ပြည့်ဝသော အသံနဲ့ “ဖေဖေ၊ သမီး အစ်ကို့အတွက် ပေးလိုက်ပါ့မယ်”
“သမီးက ….”
နန်းကွမ်က အံ့ဩသွားသည်။ ကျောင်းကျောင်းနဲ့ ကျင်းအာက အလွန်ဆိုးရွားတဲ့ ဆက်ဆံရေးရှိမှန်း သူအမှတ်ရသေးသည်။
နန်းပေါင်ရီက ထက်မြက်တဲ့အပြုံးနဲ့ “ဖေဖေပဲ သမီးတို့ကို သင်ပေးထားတာလေ၊ မောင်နှမတွေက စည်းလုံးပြီး ချစ်ခင်ရင်းနှီးရမယ်ဆို၊ အခု သမီးရဲ့အစ်ကိုက ဒုက္ခရောက်နေတာ သမီးက ကျိန်းသေပေါက် ကူညီရမှာပေါ့၊ မပူပါနဲ့၊ သမီးမှာ နှစ်သစ်ကူး မုန့်ဖိုးတွေ အများကြီး ရထားတယ်၊ အစ်ကို့အတွက် ငွေရှင်းပေးနိုင်ပါတယ်”
သူမက အတည်ပြောနေတာကို ကြည့်ပြီး နန်းကွမ်က စိတ်သက်သာရာ ရစွာနဲ့ သဘောတူလိုက်သည်။ သူ၏သားသမီးတွေ သင့်မြတ်နေတာဟာ သူမိသားစုကို စီမံခန့်ခွဲမှု ကောင်းလို့ဖြစ်သည်။
ဟယ်ယဲ့က နန်းပေါင်ရီ နောက်ကလိုက်ပြီး ဆုန်းဟယ့်ခြံကနေ အတူထွက်လာခဲ့သည်။
သူမက အလွန် ရှုပ်ထွေးနေဟန်နဲ့ “မမလေး၊ ဘာလို့ နန်းကျင်အတွက် ပေးရမှာလဲ ကျွန်မတို့ သူ့ကို ငွေချေးမပေးနိုင်ပါဘူး”
“သူ့ကို ငွေရှင်းပေးမယ်လို့ထင်နေတာလား”
နန်းပေါင်ရီက တခစ်ခစ် ရယ်လိုက်ပြီး “သူကတော့ အရမ်းလှနေတော့မှာပဲ၊ သွားရအောင်၊ ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်မှာ ပျော်စရာလေးတွေ သွားကြည့်ကြမယ်”
ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်မှာ လှပသေသပ်တဲ့ ထိုင်ခုံတွေနဲ့ ပြည့်နေသည်။
နွေဦးကျောက်စိမ်း စံအိမ်က လုပ်ကြံသတ်ဖြတ်မဲ့သူကို ငှားရမ်းထားပြီးတာကြောင့် နန်းကျင်က အလွန် စိတ်ချမ်းသာနေပြီး အတန်းဖော် ဆယ့်နှစ်ယောက်ကျော်နဲ့ သေရည်သောက်ဖို့ ဒီနေရာကို အထူးတလှယ် ဖိတ်ထားတာဖြစ်သည်။
သုံးအိုးမြောက် သေရည်က ဘေးမှာရှိနေသည်။ စားသောက်ပွဲက အလွန်ကို လှုပ်ရှား အသက်ဝင်နေသည်။
အတန်းဖော် တစ်ယောက်က သူ၏ပခုံးကို ပုတ်ရင်း ချီးကျူးလိုက်သည်။
“အစ်ကိုနန်းက သူ့ကံကြမ္မာကို သူဖန်တီးနိုင်တော့မှာ ဆိုတော့ ပိုကောင်းတာပေါ့၊ အခုဆို နန်းအိမ်တော်မှာ နေရပြီး ချမ်းသာကြွယ်ဝတဲ့ သခင်လေး တစ်ယောက် ဖြစ်လာတော့မှာ၊ ရှုနိုင်ငံမှာ နန်းအိမ်တော်က အချမ်းသာဆုံးပဲလေ၊ အချမ်းသာဆုံး သခင်လေး၊ အဲ့ဒါက အရမ်းကို တန်ဖိုးကြီးတယ်”
“ဟုတ်တယ်၊ ဒီ ရွှေငွေအပြည့် ကျောက်စိမ်းစံအိမ်ကို ကျွန်တော် အပြင်ကနေပဲ ကြည့်ဖူးတယ်၊ ဘယ်လိုလုပ်ပြီး စားဖို့သောက်ဖို့နဲ့ ပျော်စရာတွေ ဖန်တီးဖို့ ဝင်နိုင်မလဲ၊ ဒီနေ့တော့ အစ်ကို နန်းကို ကျေးဇူးတင်ရမယ်”
တခြားသူတွေကလည်း သံယောင်လိုက်ကြသည်။
နန်းကျင်က သူတို့၏ မြှောက်ပင့်စကားတွေနဲ့ ဂုဏ်ပုဒ်တွေကို နားထောင်နေပေမယ့် ပြတင်း၏အပြင်ကို အချိန်တိုင်း ကြည့်နေသည်။
မနက်ကတည်းက အိမ်တော်ကို တစ်ယောက်ယောက် လွှတ်ပြီး ငွေပြန်ယူဖို့ စေခိုင်းလိုက်သည်။ ဘာလို့ သူ့အဖေက ငွေမပေးလိုက်သေးတာလဲ။
သွားတဲ့သူက နှေးနေလို့များလား။
ပြန်မလာသေးဘူးလား နောက်ထပ် ခဏလောက် စောင့်ကြည့်ပြီးရင် သူဘယ်က ငွေနဲ့ပေးရပါ့မလဲ။
***