အပိုင်း (၁၇၉)
အစ်ကိုက မင်း၏ဆန္ဒတွေကို ဖြည့်ဆည်းပေးမှာ
အပြင်က နှစ်သစ်ကူး အကြိုည၏ ဗျောက်အိုးသံတွေကို ပြတင်း မှတစ်ဆင့် ကြားနေရသည်။
ကျန်းဆွေ့ဟန်က ပြတင်းကို ကသုတ်ကရက် ခေါက်လာပြီး “အစ်ကို ရှောင်း၊ နန်းသခင်မလေး ၅၊ အပြင်ထွက်ပြီး မီးပန်းဖောက်တာကို လာကြည့်ပါလား၊ ကျွန်တော့်မှာ ဗျောက်အိုးတွေနဲ့ မီးပန်းတွေ အများကြီးပဲ ရှိတယ်၊ အတူတူပျော်ရအောင်”
ဗျောက်အိုးသံတွေက နားအူစေပြီး ရှောင်းယီ၏ စကားသံကို အပြည့်အဝ ဖုံးလွှမ်း လိုက်နိုင်သည်။
နန်းပေါင်ရီက နားရွက်တွေကို ပွတ်သပ်လိုက်ပြီး အသံကို မြှင့်၍ပြောလာသည်။
“အစ်ကို ၂၊ ခုနက ဘာပြောလိုက်တာလဲ”
ရှောင်းယီက ပြောစရာ စကားမဲ့သွားရသည်။ သူမက ကျန်းဆွေ့ဟန်ကို ဗျောက်အိုးတွေနဲ့ တွဲချည်ပြီး လေထဲကို ပစ်လွှတ် လိုက်ချင်သည်။
သူက လက်ကိုလွှတ်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“ဘာမှမဟုတ်ဘူး”
နန်းပေါင်ရီက ဝတ်ရုံကိုမပြီး ထိုင်ဖုံပေါ်ကို တက်၍ စက္ကူစတွေနဲ့ ပြုလုပ်ထားတဲ့ ပြတင်းကို ဖွင့်လိုက်သည်။ ဖွင့်လိုက်တဲ့အခါ ပန်းခြံထဲက မီးပန်းတွေကို မြင်လိုက်ရသည်။
မီးပုံးအမျိုးမျိုးကို တံစက်မြိတ် အောက်မှာ ချိတ်ဆွဲထားပြီး အစေခံတွေကလည်း ကျန်းဆွေ့ဟန်နားမှာ ပြုံးပျော်နေကြသည်။ အရမ်းလှတဲ့ မီးပုံးတွေကို ဘယ်လို လုပ်ရလဲဟု သူ့ကို မေးမြန်းနေကြသည်။ သူတို့ကို သင်ပေးဖို့လည်း ပူဆာနေကြသည်။
ဒီလိုစိတ်လှုပ်ရှားမှုမျိုးက နှစ်သစ်ကူး အကြိုညမှာ ရှိသင့်တာအမှန်ဖြစ်သည်။
“အရမ်းလှတာပဲ”
သူမက စိတ်ကူးကို ထုတ်မပြောပဲ မနေနိုင်တော့ချေ။
ရှောင်းယီက လက်တစ်ဖက်နဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး သူမကို စောင်းငဲ့ ကြည့်လိုက်သည်။
မီးပုံးများ အလင်းရောင်က သူမ၏ ဖြူနုနေသည့် ပါးပြင်လေးပေါ်ကို ဖြာကျနေပြီး ကောင်မလေးကို ပိုပြီး နူးညံ့ပါးလွှာဟန် ရစေသည်။
သူမ၏ မျက်တောင်တွေက ကော့နေပြီး ရှည်လျားလှသည်။ သူမ၏ နှာခေါင်းလေးတွေက နွေးထွေးပြီး စွတ်စိုနေသည်။ မီးပုံး၏ အလင်းရောင် ထင်ဟပ်နေသည့် မျက်လုံးတွေက ကမ္ဘာပေါ်က ကြယ်တာရာတွေ စုဝေးနေသလိုပင်။
သူက လက်ကိုဆန့်တန်းပြီး ပျင်းရိစွာနဲ့ အဆင့်အတန်း မြင့်လှတဲ့ စန္နကူးသားကို လက်မှာ လှည့်ရင်း ဆော့ကစားနေသည်။
သူကပြုံးရင်း “အမွှေးတိုင် လေးတိုင်ထွန်းစာ အချိန်ကြာပြီးရင် ကျောင်းကျောင်းက ဆယ့်သုံးနှစ်ဖြစ်ပြီ၊ နှစ်သစ်ကူး ဆုတောင်းက ဘာများလဲ၊ ပြောလေ၊ အစ်ကိုက မင်းအတွက် ဖြည့်ဆည်းပေးမယ်”
နန်းပေါင်ရီက “အစ်ကို ၂ က မကြာခင်မှာ ထင်ပေါ် ကျော်ကြားလာပြီး အလွန့်အလွန် အောင်မြင်တဲ့ ပထမအဆင့် အမတ်မင်းဖြစ်လာဖို့ ညီမလေး မျှော်လင့်ပါတယ်”
ရှောင်းယီက မျက်ခုံးပင့်သွားသည်။
သူ့ကို အံ့ဩတကြီး စဉ်းစားဖို့ အချိန်မပေးဘဲ ကောင်မလေးက ထပ်ပြောလာသည်။
“အဲ့ဒီလိုမှ အစ်ကို ၂က ပေကျင်းကို မြန်မြန်ရောက်ပြီး ညီမလေးအတွက် ခင်ပွန်းကောင်း ရှာပေးနိုင်မှာပေါ့၊ ညီမလေး စဉ်းစားထားပြီးသား၊ အဆင့်သုံးအောက် ငယ်တဲ့အရာရှိတွေကို ပယ်တယ်၊ ဒါပေမယ့် ကြည့်ကောင်း ချောမောတဲ့ ယောက်ျားလေးတွေ ဆိုရင်တော့ အမှတ်နည်းနည်း ပိုတိုးပြီးပေးမယ်…”
ရှောင်းယီက ထပ်ပြီး ပြောစရာ စကားမဲ့ သွားရပြန်လေသည်။ သူက နန်းပေါင်ရီကို ကျန်းဆွေ့ဟန် နဲ့အတူ ဗျောက်အိုးမှာ ချည်ပြီး နှစ်ယောက်လုံးကို လေထဲမှာ လွင့်သွားအောင် ဖောက်ပစ် လိုက်ချင်သည်။
နန်းပေါင်ရီက သူ၏အတွေးတွေကို လုံးဝ မသိပါချေ၊ ပြတင်းမှာမှီရင်း ပန်းခြံထဲက မီးပုံးတွေကို ငေးကြည့်နေသည်။ သူမ၏ မျက်လုံးတွေက အဝေးကို အကြည့်ရောက်သွားသည်။
ဖူရုံပွဲကြည့်စင်က ထိန်လင်းနေပြီး အမွှေးနံ့သာတွေ ထွန်းထားပုံရသည်။ အဖြူရောင် ဝတ်စုံနဲ့ ရှန်းရိချောင်က မဟော်ဂနီရောင် ဓါးရှည်ကို လက်တစ်ဖက်ကကိုင်ပြီး အဝါရောင် အဆောင်လက်ဖွဲ့ကို တခြားတစ်ဖက်က ကိုင်၍ နှုတ်က တတွတ်တွတ် ရွတ်ဖတ်နေသည်။
သူမက အံ့အားသင့်စွာ မေးလိုက်သည်။
“အစ်ကို ၂၊ ရှန်းသခင်လေးက ကွန်ဖြူးရှပ်ဝါဒနဲ့ ပညာရှိတစ်ယောက်နဲ့ တူပေမယ့် သူက မကောင်းဆိုးဝါးနှင်တဲ့ ဂါထာကို ဘာလို့ ရွတ်နေတာလဲဟင်”
ရှောင်းယီက သူမ မျက်လုံးလားရာကို စူးစိုက်ကြည့်လိုက်သည်။
“ရှန်းရိချောင်က တာအိုဘာသာကို အသေးစိတ် လေ့လာရတာကို ကြိုက်တယ်၊ ပြီးတော့ ယင်နဲ့ ယန်၏ သဘောတရားကိုလည်း ကောင်းကောင်း လေ့လာထားတယ်၊ နှစ်သစ်ကူး အကြိုညမှာ လမင်း၏ရောင်ခြည်ကို အသုံးပြုပြီး သူ၏နောက်နှစ်အတွက် ကံကြမ္မာကို ဖတ်နေတာ”
နန်းပေါင်ရီက ခေါင်းညိတ်လိုက်ပြီး သူမ၏စိတ်ထဲက ပေသီးခေါက်သံလေးက ကွဲကြေသွားရသည်။
သူသာ ငွေကြေးအများကြီး ပေးရင် ရှန်းရိချောင်က သူမတို့ မိသားစု၏ နောက်နှစ်အတွက် ကံကြမ္မာကို ဖတ်ပေးလောက်မလား
ရှောင်းယီက နောက်ထပ် စကားတစ်ခွန်းကို ထပ်ဖြည့်လိုက်သည်။
“ငါလည်း သူ့ဆီမှာ ငါ့ကံကြမ္မာကို ဆန်းစစ်ခဲ့တယ်”
နန်းပေါင်ရီက တိတ်ဆိတ်သွားသည်။
အမတ်မင်းမှာ စုန်းတစ်ကောင်လို နှလုံးသား တစ်ဝက်ပဲရှိသည့် အကြောင်းကို တွေးမိပြီး သူမ၏ ရှန်းရိချောင် အပေါ် မျှော်လင့်ချက်တွေက ရုတ်ခြည်း ပျောက်ဆုံး သွားရသည်။
လေအေးတွေက တိုးဝှေ့ တိုက်ခတ်နေသည်။ နှင်းစက်တွေက ဥယျာဉ်ထဲကို ကျဆင်းနေသည်။
အစေခံတွေက ပေါ့ပါးတဲ့ ပိတ်ကျဲဝတ်စုံတွေကို သယ်ရင်း ရယ်မောနေကြသည်။ ရှည်လျားသော ညတာမှာ မီးပုံးတို့၏ အလင်းရောင်က ထိန်ညီးနေသည်။ ဒီနှစ် နှစ်သစ်ဦး အကြိုညကတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသည်ပင်။
ပြတင်းနားမှာ နန်းပေါင်ရီက နွေးထွေးသည့် သေရည်တစ်ခွက်ကိုယူပြီး ဖြည်းဖြည်းချင်း မျှင်းသောက်လိုက်သည်။
သူမက မျက်ခုံးတွေကို တွန့်လိုက်ပြီး “အစ်ကို ၂၊ နှင်းစက်တွေနဲ့ မီးပုံးတွေကို ကြည့်ပါဦး၊ ဒီည အစ်ကိုနဲ့အတူ ပျော်စရာတွေကို ကြည့်ရတာ ညီမလေး တကယ်ပျော်တယ်”
ရှောင်းယီက သဘောမတွေ့ပါချေ။
ကောင်မလေးသာ သူ့ကို လက်ထပ်လိုက်ရင် သူမနေ့တိုင်းပျော်ရွှင်ဖို့ သူကတိပေးနိုင်သည်။ ညဘက် ညဉ့်နက်တဲ့ အချိန်အိပ်ခန်းထဲမှာတောင်။
သေရည်က နှစ်ကြာရှည်စွာ သိုလှောင်ထားလေလေ အရသာပြည့်စုံပြီး မွှေးပျံ့လေလေပင်။
အချိန်ရောက်လာတဲ့အခါ အပြင်ဘက်က ဗျောက်အိုးဖောက်သံတွေနဲ့ နှစ်သစ်ကူးအတွက် ပြင်ဆင် နေကြသံတွေကို ကြားနေရသည်။
နန်းပေါင်ရီက သံနေသံထားနဲ့ ဆုတောင်းလိုက်သည်။
“ဗျောက်အိုးသံတွေက အသက်တစ်နှစ် ကြီးသွားပြီလို့ သတိပေး နေသလိုပဲ၊ လေညင်းလေးက အိမ်တော်အတွက် နွေးထွေးမှုကို ယူဆောင်လာပေးပါစေ၊ ထောင်ပေါင်း များစွာသော မိသားစုတွေက နှစ်ဟောင်း၏ အငွေ့အသက်တွေကို နှစ်သစ်၏ မက်မွန်ပွင့်လေးတွေအဖြစ် ပြောင်းလဲနိုင်ကြပါစေ”
သူမက ရှောင်းယီကို ကြည့်လိုက်ပြီး မျက်လုံးရွှဲကြီးတွေက တောက်ပစွာဖြင့် “အစ်ကို ၂၊ ညီမလေးဖတ်တာ ကောင်းတယ်မလား”
ရှောင်းယီက တည်တံ့သော အကြည့်နဲ့ကြည့်လိုက်သည်။
ထိုစာသားက လေးကြောင်းစပ် ကဗျာတစ်ပုဒ်ပင်။ မကောင်းအောင် ရွတ်ဖတ်ရတာမှ ပိုခက်တာမဟုတ်ဘူးလား သူက ပြတင်းနားကို ရောက်လာသည်။
နှင်းပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးက သူ၏လက်ဖဝါးတွေ ကြားထဲကို တိုးဝှေ့လာသည်မို့ ပေါ့ပါးပြီး အေးစက်လှသည်။
သူ၏မျက်လုံးတွေက နက်မှောင်နေပြီး “ဆောင်းရာသီရဲ့ နှင်းစက်တွေနဲ့ တစ်ယောက်ပြီး တစ်ယောက်၊ နှစ်ဟောင်းကထက် ပိုပြီး အဆင်ပြေကြစေ”
ဆောင်းဦးရာသီ အစောပိုင်းကတည်းက ရာသီဥတုက ထူးထူးခြားခြားကို အေးလာတာဖြစ်သည်။ ရေကန်တွေမှာ ရေခဲထုက ထူထဲနေပြီး အရင်နှစ်တွေကတော့ ရေတောင်မခဲခဲ့ပါချေ။
နန်းပေါင်ရီက လိမ္မာစွာနဲ့ ပြုံးလိုက်ပြီး ခေါင်းလေးကို ခါယမ်းပြီး ရွတ်ဆိုလာသည်။
“ဧည့်သည်ရိုင်းက ဟောကိန်းထုတ်တာက စိုက်ပျိုးရေး ကောင်းလိမ့်မယ်၊ ရာသီသုံးခုက ကွယ်ပျောက် မသွားနိုင်ဘူးတဲ့၊ အစ်ကို ၂၊ နှင်းကျတယ်ဆိုတာက ကောင်းတဲ့နိမိတ်ပဲ၊ အဲ့ဒါကြောင့် ရွှေရွယ် ကျောက်ဖုန် နှစ်လို့ ခေါ်ကြတာပေါ့ …”
သူမက စကားမဆုံးခင်မှာပဲ ရုတ်တရက် ဆွံအသွားတော့သည်။
ဖြူဖွေးနူးညံ့တဲ့ မျက်နှာလေးမှာ အံ့ဩတုန်လှုပ်သွားဟန်က အထင်းသား ပေါ်လာသည်။
အရင်ဘဝတုန်းက သူမ အသက်ဆယ့်သုံးနှစ်အရွယ် ဆောင်းရာသီမှာ ရှုနိုင်ငံအလယ်ပိုင်းမှာ ကြီးမားတဲ့ မိုးခေါင်ခြင်းဖြစ်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးတွေ အတွက် အလွန်ခက်ခဲခဲ့သည်။
ရှုနိုင်ငံ၏ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဒဏ်သင့်မှုကြီးကြောင့် လူအများအပြား အစာရေစာ ပြတ်လပ်ပြီး သေကြေခဲ့ကြရသည်။
ရှန်ကျင်းမြို့တော်က အကူအညီကလည်း နှောင့်နှေးနေပြီး နောက်ဆုံးတော့ ရှုနိုင်ငံ၏ ချမ်းသာကြွယ်ဝတဲ့ နန်းအိမ်တော်က ကုန်လှောင်ရုံကို ဖွင့်ပြီး ကောက်ပဲသီးနှံတွေကို ထိုလူတွေ၏ ဘေးဒုက္ခတွေကို ကူညီ ကယ်ဆယ် ပေးခဲ့သည်။
ထိုအချိန်တုန်းက သူမက အစွမ်းကုန် အလိုလိုက်ခံရပြီး ပြီးပြည့်စုံတဲ့ အဝတ်အစားတွေနဲ့ အစားအသောက်တွေကြားမှာ ပျော်ပျော်ကြီး နေခဲ့ရချိန် ဖြစ်တာကြောင့် ရှုနိုင်ငံ၏ ဘေးဒုက္ခတွေကို လေးလေးနက်နက် မတွေးတောခဲ့ပါချေ။ သူမ ရုတ်တရက် အမှတ်ရသွားမိသည်။
ဒီညပြီးရင် သူမက အသက်ဆယ့်သုံးနှစ်ဖြစ်ပြီ။ နန်းပေါင်ရီက သေးငယ်သည့် မျက်နှာလေးကို တွန့်ချိုးလိုက်သည်။
ဘုရားသခင်က သူမကို ထပ်မံမွေးဖွားဖို့ အခွင့်အရေးကို ပေးလိုက်တာဟာ သူမ လူတွေ အများကြီးကို ကယ်ဆယ်နိုင်ဖို့ အခွင့်အရေး ပေးလိုက်တာပင်။
အခုတော့ ရှုနိုင်ငံမှာ မိုးခေါင်ရေရှားခြင်း ဖြစ်လာမှာကို သူမ ကြိုသိနေပြီး ကြိုတင်ပြင်ဆင်ဖို့ အတွက် သူမ ကောင်းကောင်း စီမံရမည်။
သူမက ရှောင်းယီ၏ ဝတ်ရုံလက်ကို ဆွဲလိုက်ပြီး “အစ်ကို ၂၊ နောက်နွေရာသီ ကျရင်လေ….”
သူမ စကားစလိုက်သော အချိန်မှာပဲ ဆက်မပြောနိုင်တော့ပါချေ။ တခြားသူ၏ အမြင်မှာတော့ သူမက ဘာမှမသိ မတတ်တဲ့ မိန်းကလေး တစ်ယောက်သာပင်။
သူမက ဘယ်လိုလုပ်ပြီး အစ်ကို ၂ ကို နောက်နှစ် နွေရာသီမှာ ဖြစ်ပျက်မဲ့ အကြောင်းတွေကို ပြောရမလဲ ပြောခဲ့ရင်တောင် အစ်ကို ၂ ကသူမကို ယုံကြည်ပါ့မလား။
ကောင်မလေးက တစ်ခုခုကို ပြောချင်နေပြီး ရပ်လိုက်တာကို ရှောင်းယီက ကြည့်နေသည်။
သူက သူမ၏ မျက်နှာလေးကို ဖျစ်ညှစ်လိုက်ပြီး လေးနက်တဲ့အသံနဲ့ “အစ်ကို့ကို ပြောပြချင်တဲ့ လျှို့ဝှက်ချက် တစ်ခုခုရှိလား”
ကောင်မလေးက မျက်တောင်တွေကို အောက်ချလိုက်ပြီး ဘာမှပြန်မပြောပါချေ။
သူမက စိတ်သောက ရောက်နေဟန်နဲ့ ပန်းထိုးပဝါကို ဆုတ်ချေနေသည်။ ဖြူနုပြီး ချောမွေ့နေသည့် မျက်နှာလေးက မငြိမ်းချမ်းမှုတွေနဲ့ မငြိမ်မသက် ဖြစ်နေသည်။ မျက်ခုံးတွေကလည်း အတွေး လွန်နေဟန် ရသည်။ သူမက သူ့ကို ဘယ်လို ပြောပြရမလဲဆိုတာကို စဉ်းစားနေဟန် တူပေသည်။
ရှောင်းယီက သူ၏ပါးနဲ့ ကောင်မလေး၏ နဖူးကို တို့ထိလိုက်ပြီး “အစ်ကို့ကို မြင်ရဲ့လား”
“ညီမလေးပြောလိုက်ရင် အစ်ကိုက မယုံမှာစိုးတယ်…”
“နန်းကျောင်းကျောင်း ပြောတာဆိုရင် ဘာပဲဖြစ်ဖြစ်ယုံတယ်”
နန်းပေါင်ရီက နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး အချိန်အတန်ကြာ ချင့်ချိန်တွေးတော နေသည်။
သူမက လေသံတိုးဖွဖွဖြင့် “အစ်ကို ၂၊ ညီမလေး ပြောဖူးတဲ့ အိပ်မက်ကို မှတ်မိသေးလား”
“မှတ်မိတယ်”
“အဲ့ဒီ အိပ်မက်ထဲမှာ ညီမလေး အသက်ဆယ့်သုံးနှစ်ပြည့်တဲ့ နွေဦးကျရင် စီချွမ်အလယ်ပိုင်းမှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု ဖြစ်လိမ့်မယ်၊ ပြီးတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း စိုက်ပျိုး ရိတ်သိမ်းလို့ မရတော့ဘူး၊ အဲ့ဒီနေရာမှာ ရှုနိုင်ငံ၏ စိုက်ပျိုးရေးတွေ အားလုံးက ရှိနေကြတာဆိုတော့ လူတွေ အများကြီး ငတ်မွတ်ပြီး သေကြေ ကုန်ကြတော့မှာ…..”
နန်းပေါင်ရီက ပြောနေရင်း ရှောင်းယီ၏ အမူအရာတွေကို အကဲခတ်နေသည်။ သို့ပေမယ့် အမတ်မင်းက ယခင်ကလိုပဲ ဂရုမစိုက်သလို စိတ်ထဲလည်း ထားဟန်မရပါချေ။ သူမက ဝမ်းနည်းသွားတော့သည်။ ဘယ်သူကမှ ဒီလိုစကားတွေကို ယုံကြည်မည် မဟုတ်ကြောင်း သူမသိသည်။
သူမပြောပြီးပြီးချင်းမှာပဲ ရှောင်းယီ၏ မေးခွန်းကို ရုတ်တရက် သူမကြားလိုက်ရသည်။
“မင်းကငါ့ကို ကောက်ပဲသီးနှံတွေ စုဆောင်းစေချင်တာလား”
သူမက ခေါင်းကို ပင့်မော့လိုက်သည်။ အမတ်မင်းက ပျင်းရိ ငြီးငွေ့ဟန်တွေ မရှိတော့ဘဲ သူ၏အမူအရာက အေးဆေး တည်ငြိမ်နေသည်။ ထိုအမူအရာမျိုးက သူစာရင်းတွေနဲ့ အလုပ်လုပ်နေစဉ် သွင်ပြင်ပုံစံမျိုးပင်။
စိတ်ဓါတ်ကျနေသည့် သူတစ်ယောက်က ရေမျောကမ်းတင် ဖြစ်သွားသလို သူမက ခေါင်းကို မြန်မြန် ညိတ်လိုက်သည်။
“ဟုတ်တယ်၊ ကောက်ပဲသီးနှံတွေ စုဆောင်းစေချင်တာ”
“ဘယ်လောက်ကုန်မလဲ”
“ပိုများလေ ကောင်းလေပဲ”
“ဒီအမတ်မင်း နားလည်ပြီ”
ရှောင်းယီက တုံ့ဆိုင်းခြင်း မရှိဘဲ ရှီးခူကို ခေါ်လိုက်သည်။
“ငါ့ ငွေလက်မှတ်တွေ အားလုံးကို ရွှေစပြောင်းလိုက်၊ ပြီးရင် လူလွှတ်ပြီး ဘေးပတ်ဝန်းကျင် နိုင်ငံတွေဆီက ကောက်ပဲသီးနှံတွေကို အဲ့ဒီရွှေစ အားလုံးနဲ့ဝယ်လိုက်”
သူက တခြား အစေခံတွေကိုလည်း ခေါ်လိုက်ပြီး တစ်ယောက်ပြီး တစ်ယောက်ကို ဆောင်ရွက်ရမဲ့ အလုပ်တွေ အမိန့်ပေးသည်။
နန်းပေါင်ရီက ဆွံ့အစွာနဲ့ သူ့ကိုစိုက်ကြည့်နေသည်။
ဩဇာအာဏာရှိလှတဲ့ အမတ်မင်းက သူမကိုတကယ်ယုံတယ်လား
***