အပိုင်း (၁၇၆)
ငါမင်းရဲ့အစ်ကိုကိုပဲ လက်ထပ်ချင်တယ်
ထိုကဲ့သို့ တွေးမိပြီးမှ သူစိတ်သက်သာရာ ရသွားတော့သည်။
ဘာပဲဖြစ်ဖြစ် ကျောင်းကျောင်းက နောက်ကျရင် လက်ထပ်ရမှာပဲလေ၊ ရှောင်းယီက သူ့ကို အမြဲတမ်း ကာကွယ် ပေးနိုင်မည်မဟုတ်။
သူက ရုတ်ခြည်း ပျော်ရွှင်လာပြီး ဆွဲဆွဲငင်ငင် ငိုကြွေးခြင်းကို ရပ်လိုက်သည်။ သီချင်းလေး ညည်းရင်း အရှေ့ခြံကို ပြန်သွားတော့သည်။
အရှေ့ခြံ၏ လေထု အခြေအနေကတော့ သဟဇာတ မဖြစ်ပါချေ။
လျိုလန်အာက အိမ်တော်၏ သခင်မလေး တစ်ယောက်လို သိမ်မွေ့သည့် အမူအရာဖြင့် နန်းယန်တို့ မောင်နှမနဲ့ အတူ ပြန်လိုက်လာခဲ့သည်။
နန်းယန်က စိတ်ဆင်းရဲစွာဖြင့် အသံကိုမြှင့်၍ “ဝမ်းကွဲအစ်မ လန်အာ၊ လက်ထပ်ပြီးရင်တောင် ကျွန်မအစ်ကိုက ရှင့်ကို မကြိုက်ဘူး ဆိုတာကို ရှင်သိသင့်တယ်၊ ခင်ပွန်းသည်ရဲ့ ပစားပေးမှုကို မခံရတဲ့ ဇနီးမယားတစ်ယောက်က အနောက်ခြံက မှောင်မိုက်နေတဲ့ အိမ်တစ်လုံးထဲမှာ ဘဝကို အဆုံးသတ် ရမှာပဲ”
သူမ၏အစ်ကိုက အရာရှိတစ်ယောက်၏ သမီးကိုသာ လက်ထပ်ရလိမ့်မည်။ ထိုမိန်းကလေးမျိုးကသာ သူမအစ်ကို၏ တက်လမ်းကို ကူညီစောင်မ ပေးနိုင်လိမ့်မည်။ လျိုလန်အာလို အသုံးမဝင်တဲ့ ခွေးမက သူ၏မျိုးရိုး အဆင့်အတန်းကို မသိနားမလည်ဘဲ သူမကို ခေါင်းကိုက်အောင် လာလုပ်နေသည်။
လျိုလန်အာက ပန်းထိုးပဝါလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ပြီး တိုးဖွဖွပြောလာသည်။
“ငါတန်ဖိုးအထားရဆုံး ဖြူစင်မှုကို ဝမ်းကွဲအစ်ကို နန်းကျင်ကို ပေးလိုက်ရပြီ….. သူ့ကို လက်ထပ်ဖို့ ကလွဲလို့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး၊ ယန်အာ နင်က ကျင်းကွမ်မြို့ရဲ့ နာမည်ကျော်ကြားတဲ့သူ တစ်ယောက်ဆိုတာ ငါကြားထားပါတယ်၊ အရည်အချင်းလည်း ရှိသလို ကြင်နာတတ်တဲ့ နှလုံးသားလည်း ရှိတယ်တဲ့၊ ယဉ်ကျေးပြီး ပညာပါရမီလည်း ရှိတယ်၊ နင်က သေချာပေါက် ငါ့ကိုနားလည်ပြီး ထောက်ပံ့ ပေးမှာမလား၊ ဟင်”
သူမက အလွန်သနားစရာ ကောင်းနေပြီး ဖျော့တော့နေသည့် မျက်ဝန်းတွေထဲက မျက်ရည်တွေ ကျနေသည်။
နန်းယန်က သူမ၏ သနားချင့်စဖွယ် မျက်နှာဖုံးကို ကြည့်နေပြီး မျက်နှာကို သွေးထွက်သွားအောင် ကုတ်ဆွဲပစ်ချင်နေသည်။
သို့သော်ငြားလည်း သူမ၏ဂုဏ်သိက္ခာကို ငဲ့ကွက်နေရတာကြောင့် ထိုသို့ လုပ်ရပ်မျိုးကို မလုပ်လိုက်နိုင် ပါချေ။
လျိုလန်အာက ပြုံးရင်း “နင်ကငါ့ကို အထင်သေးနေတယ် ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ယန်အာက ငါ့ကို တစ်ခါမေးဖူးတယ်လေ၊ နန်းအိမ်တော်ရဲ့ စည်းစိမ်ချမ်းသာတွေကို မြင်တွေ့ပြီး တာတောင် သာမန်လူ တစ်ယောက်နဲ့ လက်ထပ် ချင်သေးတာလားလို့ ငါက သာမန်လူ တစ်ယောက်နဲ့ တကယ်ကို လက်မထပ်ချင်ဘူး၊ အဲ့ဒါကြောင့် နင့်အစ်ကိုနဲ့ပဲ လက်ထပ်ချင်တာ”
သူမက နန်းကျင်ဘက်ကို လှည့်လိုက်ပြီး “ဝမ်းကွဲအစ်ကို အမြန်ဆုံး လက်ထပ်ပွဲကို စီစဉ်ဖို့ ညီမမျှော်လင့် ပါတယ်၊ ကလေးနှစ်ယောက်လောက် မြန်မြန်ရတော့ ဦးလေး ၃ လည်း ပျော်ရတာပေါ့”
ပြောပြီးနောက် မိန်းကလေးက အရိုအသေပြုရင်း ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။
နန်းကျင်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ လျိုလန်အာက အဆင့်အတန်း နိမ့်ကျပြီး သူမက နန်းအိမ်တော်က အစေခံမလေးတွေ၏ အရိုအသေပြုတဲ့ ပုံစံကို အတုခိုးထားသည်။ သို့သော်လည်း သူမ၏ အတုခိုးချက်က အလွန်ကြည့်ရဆိုးလှသည်။
ဒီလိုမိန်းမမျိုးနဲ့သာ လက်ထပ်လိုက်ရင် သူ့အတွက် အရှက်ရစရာတွေပဲ ဖြစ်လာမှာ မလွဲဧကန်ပင်။
နန်းယန်က ခြေကို ပြင်းပြင်းဆောင့်လိုက်ပြီး “အစ်ကို ၊ အခုဘယ်လို ဆက်လုပ်ကြမလဲ”
“လျိုလန်အာကို အခုလောလောဆယ်တော့ ထိလို့မရသေးဘူး၊ မဟုတ်ရင် တခြားသူတွေက ငါတို့ကို သင်္ကာမကင်း ဖြစ်လိမ့်မယ်”
“အစ်ကို ဆိုလိုတာက …..”
“ငါ့မှာ အာဃာတတွေ အမုန်းတရားတွေနဲ့ ပြည့်နေပြီ၊ နန်းပေါင်ရီ သေကိုသေစေရမယ်၊ ယန်အာ လူသတ်သမား တစ်ယောက်ကို ဈေးကြီးကြီး ပေးပြီး ငှားရမယ်၊ မင်းမှာ ငွေဘယ်လောက်ရှိလဲ”
နန်းယန်က ရှက်ရွံ့ဟန်နဲ့ “အဖေနဲ့ ချန်းယဲ့ရူက တွဲနေကြတယ် ဆိုတာကို အစ်ကိုလည်းသိသားနဲ့၊ အခုလောလောဆယ်တော့ သူ့ဆီက ငွေမရနိုင်သေးဘူး”
နန်းကျင်က ခေါင်းညိတ်လိုက်ပြီး “ငါ့ဘာသာငါ ဖြေရှင်းဖို့ နည်းလမ်း ရှာရတော့မှာပေါ့”
***
နန်းကွမ်က အရှေ့ခြံကို ပြန်ရောက်လာတဲ့အခါ သူ့သားက သူ့ကိုစာကြည့်ခန်းထဲမှာ စကားပြောဖို့ စောင့်နေသည်ဟု အစေခံတစ်ယောက်က လာပြောသည်။
သူက စာကြည့်ခန်းကို သိက္ခာရှိသည့် မျက်နှာဖြင့် ဝင်လာခဲ့သည်။ သူ၏ကောင်းမွန်လှသော သားက ပြတင်းနားမှာ ထိုင်နေပြီး တော်ဝင်စာအုပ် လေးအုပ်နဲ့ ဂန္တဝင်အဆင့် ငါးဆင့်ကို လေ့လာနေသည်။
နန်းကျင်၏ စာလေ့လာမှုကို အနှောင့်အယှက်ဖြစ်မှာ စိုးစွာနဲ့ သူက လက်ဖက်ရည် တစ်ခွက်ကို ညင်သာစွာ ထည့်လိုက်သည်။
နန်းကျင်က စာအုပ်ကိုပိတ်လိုက်သည်။
“အဖေ”
နန်းကွမ်က ချောင်းဟန့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း “အဖေက သားစာလေ့လာ နေတာကို အနှောင့်အယှက် ပေးမိပြီလား”
“ရပါတယ်”
နန်းကျင်က လက်ကိုမြှောက်ပြီး သူ့ကိုထိုင်ဖို့ ပြောလိုက်သည်။
“အခုအဖေ့ကို ခေါ်လိုက်တာက ဘာကြောင့်လဲဆိုတော့ …………..”
“အဖေလည်းသိတာပဲ၊ အဖေ့သမီး ကျောင်းကျောင်းက လျိုလန်အာကို သက်သေလုပ်ပြီး ကူညီလိုက်တော့ ကျွန်တော်က အဲ့ဒီမိန်းမကို လက်ထပ်ရတော့မယ်”
နန်းကွမ်က စိတ်ကိုရှည်ရှည်ထားပြီး “ကျင်းအာ၊ ဆုန်းဟယ့်ခြံကို အဖေသွားပြီး ကျောင်းကျောင်းကို သားအတွက် ရိုက်နှက် ဆုံးမခဲ့ပြီးပါပြီ၊ သူ့အမှားကို သူလည်း သိနေပါပြီ၊ အစ်ကိုကြီးတစ်ယောက် အနေနဲ့ သူ့ကို အပြစ်မတင်ပါနဲ့တော့၊ မင်းတို့ မောင်နှမ သုံးယောက်က နောက်ကျရင် တစ်ယောက်ကို တစ်ယောက် အမှီပြုပြီး ထောက်ပံ့သွားကြရမှာမလား”
နန်းကျင်က ပြုံးလိုက်သည်။
“အဖေက ဘယ်လိုများ တွေးလိုက်တာလဲ၊ သားကသူ့ကို အပြစ်မတင်ရပါဘူး”
နန်းကွမ်က တောင့်တင်းသွားပြီး “အဲ့ဒါဆို သားအဖေ့ကို တွေ့ဖို့ပြောတာက…..”
“အဖေ၊ ဆောင်းရာသီ ပွဲတော်ပြီးရင် သားက ကျောင်းကို ပြန်သွားရတော့မယ်၊ အဖေက သားကို နှစ်သစ်ကူး အန်ပေါင်း မပေးရသေးဘူးလေ”
“ဟုတ်တာပေါ့”
နန်းကွမ်က သူ၏ဖိနပ်ကို လျင်မြန်စွာ ချွတ်လိုက်ပြီး ဖိနပ်သားရေကို ခွာထုတ်၍ အထဲက ငွေလက်မှတ်ကို ထုတ်ယူလိုက်သည်။
သူက ဝမ်းသာအားရနဲ့ “အရင်တစ်ခေါက် ပြန်ရောက်လာတော့ သားအစ်ကိုကြီးက လက်ဆောင်တွေ ပေးထားတယ်၊ သူက အဖေ့ကို ရွှေစ ငါးထောင်တန် လက်မှတ်ကို ပေးထားတာ၊ အဖေမှာ အခု ရွှေစတွေအပြည့်ပဲ၊ သားဒါကိုယူလိုက်”
နန်းကျင်က သူကမ်းပေးတဲ့ ရွှေစတစ်ထောင်တန်လတ်မှတ်ကို ကြည့်လိုက်သည်။
အချိန်အတန်ကြာမှ သူက လေသံသဲ့သဲ့ပြု၍ “အဖေ၊ ကျင်းကွမ်မြို့မှာ အစစအရာရာ ဈေးကြီးလာသလို ရှန်းကျင်းက သားတို့ကျောင်းမှာလည်း အဲ့လိုပဲ ပစ္စည်းတွေက ဈေးကြီးလာတယ်၊ တစ်နှစ်ကို ငွေစနှစ်ထောင်လောက် ကုန်ကျနေတာ၊ အဖေလည်းသိတာပဲ၊ ဝမ့်ချွင်းကျောင်းက ရှုနိုင်ငံ၏ အကောင်းဆုံး ကျောင်းဆိုတာကို၊ အဲ့ဒါကြောင့် ဈေးတွေက ပိုတက်လာတာ”
နန်းကွမ်က ချက်ချင်း ထောက်ခံလိုက်သည်။
“အင်း ဒါလည်းဟုတ်တာပဲ”
သူက နောက်ထပ် ငွေလက်မှတ် တစ်ခုကို ဖိနပ်အောက်ခံပြားထဲက ထပ်ပြီး ထုတ်ပေးလိုက်သည်။ သူက ငွေလက်မှတ်တွေကို သေသပ်အောင် ဖြန့်လိုက်ပြီး နန်းကျင်ကို ချစ်ခင်စွာနဲ့ ကမ်းပေးလိုက်သည်။
“သားက ကျော်ကြားမှု၊ ဂုဏ်ကျက်သရေနဲ့ ဘိုးဘေးတွေရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် စာလေ့လာ နေရတာ၊ အဲ့ဒါကြောင့် သားကအဖေ့ကို အရမ်းကြီး အားနာနေစရာ မလိုပါဘူး၊ အိမ်မှာ ငွေကြေးတွေ အများကြီးရှိတယ်၊ ချွေတာမနေနဲ့”
နန်းကျင်က ရွှေစနှစ်ထောင်တန် လက်မှတ်ကို ကြည့်လိုက်ပြီး သူ၏ကြည့်ကောင်းသည့် မျက်နှာက အနည်းငယ် ရန်လိုဟန် ထင်ဟပ်နေသည်။
သူက ပြောလာသည်။
“သားအတွက်က လုံလောက်ပါပြီ၊ ဒါပေမယ့် ဆရာတွေကို လက်ဆောင်ပေးဖို့ အတွက်က ရှိသေးတယ်… အဖေလည်းသိတာပဲ၊ ဆရာတွေက စောင့်ကြည့် အကဲဖြတ်နေကြတာ၊ လူတိုင်းက လက်ဆောင်တွေ ပေးကြပြီး သားက မပေးဘူးဆိုရင် ဆရာတွေက ဘယ်လိုထင်ကြမလဲ”
“ဒါပေါ့၊ ဒါပေါ့၊ သားက ဆရာတွေကိုလည်း လက်ဆောင်ပေးဖို့ ရွှေစတွေလိုတာပေါ့၊ ဝမ့်ချွင်းကျောင်းက ဆရာကြီးက ကျင်းကွမ်မြို့မှာ ဩဇာအာဏာ ရှိတယ်လို့ အဖေကြားထားတယ်၊ သူက မြို့နယ်အဆင့် စာမေးပွဲအတွက် မေးခွန်းထုတ်ရမှာ ကျိန်းသေပဲ၊ သားကသူ့ကို လက်ဆောင်ပေးရင် စာမေးပွဲအတွက် အထောက်အကူ ဖြစ်မလား မသိနိုင်ဘူး၊ ဒါအခွင့်ကောင်းပဲ”
“စုတ်တံတွေ၊ မင်အိုးတွေနဲ့ စာရွက်တွေအတွက် ငွေအများကြီး ကုန်တာ၊ အဖေ၊ ဝမ့်ချွင်းကျောင်းမှာ တက်တဲ့ ကျောင်းသားတွေ အားလုံးက အရာရှိ သားသမီးတွေချည်းပဲ၊ သူတို့က စုတ်တံအသစ်၊ မင်အိုးအသစ်နဲ့ စာရွက်အသစ်တွေကို သုံးလတစ်ခါ၊ နှစ်ဝက်တစ်ခါ လဲသုံးကြတယ်၊ အားလုံးက ပေါင်ရန်ကျိုင်ရဲ့ အကောင်းဆုံး ပစ္စည်းတွေချည်းပဲ၊ နှစ်တိုင်းတစ်စုံစာက ခြောက်ရာ ခုနစ်ရာလောက်ကို ကျနေတာ၊ ငွေကို လုံးဝချွေတာလို့ကို မရဘူး”
နန်းကွမ်က နားထောင်လေလေ ပိုပြီး စိတ်မကောင်း ဖြစ်လေလေ ဖြစ်သွားရသည်။ သူ့မှာ အရည်အချင်း မရှိလို့သာ ကျင်းအာက ချမ်းချမ်းသာသာ မနေနိုင်တာဖြစ်သည်။
သူက ငွေလက်မှတ် ငါးထောင်လုံးကို နန်းကျင်ကို ပေးလိုက်ပြီး တည်တံ့သော မျက်နှာဖြင့် ပြောလိုက်သည်။
“အားလုံးအဆင်ပြေတယ်၊ ကျင်းအာက စာကိုပဲကြိုးစား၊ ငွေကြေးအတွက် စိတ်မပူနဲ့၊ ကျင်းအာက စာကို လေးလေးနက်နက် ကြိုးစားရမယ်၊ ပြီးတော့ အနာဂတ်မှာလဲ အရာရှိစာမေးပွဲကို အောင်အောင် ဖြေရမယ်၊ မိသားစုကို ဂုဏ်တက်အောင် လုပ်ပေးရမယ်၊ နော်”
နန်းကျင်က ရွှေစငါးထောင်တန် ငွေလက်မှတ်တွေကို ကိုင်ထားသည်။ သူက ခေါင်းကိုငုံ့ပြီး စာရွက်နှစ်ရွက်ကို လှန်လိုက်သည်။
“အဖေ၊ အတန်းဖော် တော်တော်များများက သားနဲ့ ရင်းနှီးကြတယ်၊ သူတို့အားလုံးက အရာရှိသားတွေ၊ ကြီးကြပ်ရေးမှူး သားတွေချည်းပဲ၊ ကြုံတောင့်ကြုံခဲ ရင်းနှီးခွင့်ရတုန်းမှာ ပိုပြီး ကောင်းတဲ့ ကိစ္စတွေကို လုပ်ရမှာပေါ့၊ သူတို့က ပထမလမှာ ကျွန်တော့်ကို ထွက်လည်ဖို့ ပြောထားတယ်၊ သူတို့ကို ပြုစုဖို့ဆိုရင် သေရည်ကောင်းကောင်းနဲ့ ဧည့်ခံမှ ဖြစ်မှာပေါ့၊ စားသောက်ဆိုင် ငှားဖို့ကလည်း ငွေကုန်ကြေးကြ များဦးမှာ၊ ကျွန်တော် ငွေကြေးမလောက်မှာကို စိုးရိမ်တယ်…. ဒါပေမယ့် ကျွန်တော့်မှာ ရွှေစတွေလည်း မရှိတော့ အပြင်ကို ထွက်မလည်နိုင်တော့ဘူး၊ အိမ်မှာပဲ စာလေ့လာ နေပါတော့မယ်”
နန်းကွမ်က အလွန် သဘောကျ သွားရသည်။ သူ့သားက အလွန်ကို စဉ်းစားတွေးခေါ် တတ်သည်ပဲ။
သူက နန်းကျင်၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး “သားမှာ သူငယ်ချင်းကောင်းတွေ အများကြီး ရှိတာပဲ၊ သူတို့ကို ဧည့်ခံကျွေးမွေးတာက ဖြစ်သင့်တာပေါ့၊ အဖေ့မှာ ရွှေစတွေ အများကြီးရှိတယ်၊ ခဏစောင့် အဖေအိမ်ကို ပြန်ယူလိုက်ဦးမယ်”
သူက စိတ်လှုပ်ရှားစွာနဲ့ စာကြည့်ခန်းကို ချန်ထားရစ်ခဲ့သည်။
နန်းကျင်က စာရွက်လိပ်ကို ပစ်ထုတ်လိုက်ပြီး ခေါင်းကို စိတ်ပျက်လက်ပျက်နဲ့ ခါယမ်းလိုက်သည်။
သူ့အဖေက အရမ်းတုံးလွန်းသည်။ သူ၏နာမည်ပြောင်က ‘တောင်ပိုင်းဦးထုပ်’လို့တောင် ခေါ်တွင်နေကြောင်း သူကြားရသည်။
အတန်းဖော်တွေက ထိုအရာကိုသုံးပြီး သူ့ကို ပြက်ရယ်ပြုလှောင်ပြောင် ကြတာက သူ့ကို မျက်နှာပျက်စေသည်။
သူက မျက်မှောင်ကြုတ်ပြီး စက်ဆုပ်ရွံ့ရှာဟန်နဲ့ နန်းကွမ် ကိုင်သွားတဲ့ ပခုံးကို ခါထုတ်လိုက်သည်။
နန်းကွမ်က အိပ်ခန်းကိုပြန်ပြီး ပန်းအိုးတွေ၊ ကြမ်းခင်းတွေနဲ့ ရှူးဖိနပ် တစ်ခုချင်းစီ၏ အောက်ခံတွေထဲကို နှံ့နှံ့စပ်စပ် ရှာဖွေလိုက်သည်။ သို့ပေမယ့် အားလုံး ရှာပြီးတာတောင် ရွှေစတစ်စမှ ထွက်မလာပါချေ။
သူက ခဏမျှ တွေးတောပြီးတဲ့အခါ ဗီဒိုကို ဖွင့်လိုက်ပြီး တန်ဖိုးကြီးတဲ့ အညိုရင့်ရောင် သားမွေးဝတ်ရုံကို ထုတ်ယူလိုက်တော့သည်။
***