အပိုင်း (၁၇၅)
နန်းကျောင်းကျောင်း၏နောက်မှာ ဒီအမတ်မင်းက အမြဲရှိတယ်
နန်းပေါင်ရီက ပြုံးပြီး နန်းကျင်ကို စိုက်ကြည့်လိုက်သည်။
သူက လူငယ်တစ်ယောက်ဖြစ်ပြီး အစိုးရအရာရှိ စာမေးပွဲကိုလည်း ဖြေဆိုထားသည်။ အရင်ဘဝက သူက ရှန်ကျင်းမြို့တော်၏ အံ့မခန်း အရည်အချင်းရှိပြီး ပန်းလေးတွေ ဝိုင်းနေသည့် ယောက်ျား တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ရှင်းဖူဘုရင်ခံ၏ သမီးကိုလည်း အရယူနိုင်ခဲ့ပြီး အထူးအစိုးရ အရာရှိကျောင်း၏ ခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့သည်။
သူ၏မျက်နှာက သွေးရောင် အနည်းငယ် လွှမ်းသွားပြီး ဝတ်ရုံလက်ထဲမှာ လက်သီးကို တင်းတင်းဆုပ် ထားသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက တင်းကျပ်နေသည်။
တကယ်တမ်း သူက ဒီရွှေဆံထိုး၏ ဇာစ်မြစ်ကို မခန့်မှန်းမိခဲ့ပါချေ။
အားလုံး၏ ရှေ့မှောက်မှာ သူ၏အလိမ်က ဘွင်းဘွင်းရှင်းရှင်း ပေါ်သွားရတာကြောင့် သူ၏ စိတ်သဘောထား ပြည့်ဝတယ်ဆိုတဲ့ ဆယ်ခုနစ် နှစ်အရွယ် ယောက်ျားသား တစ်ယောက်၏ သိက္ခာက အရှက်ရ သွားတော့သည်။
နန်းယန်ကလည်း ပိုပြီး မယုံသင်္ကာ ဖြစ်သွားရသည်။ သူမ၏အစ်ကိုက သူမအတွက် မိုးကောင်းကင်ကြီးလို ဂုဏ်ယူစရာကောင်းသည့် လူတစ်ယောက်ဖြစ်ပြီး သူမတို့မိသားစု၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ သူက လျိုလန်အာလို မျိုးရိုးအဆင့်အတန်း နောက်ခံမရှိသော မိန်းကလေးထက် ဩဇာအာဏာအရှိဆုံး အရာရှိ တစ်ယောက်၏ သမီးနဲ့သာ လက်ဆက်သင့်သည်။ သို့မှသာ သူ၏ဘဝ တက်လမ်းက အဆင်ပြေ ချောမွေ့မှာဖြစ်သည်။
သူမအစ်ကိုကို ဘယ်လိုလုပ်ပြီးကူညီရပါ့မလဲ…..
စိတ်မကောင်းစရာက ရုပ်ဝတ္ထုပစ္စည်း သက်သေ ရှိနေပြီး သူတို့မောင်နှမ နှစ်ယောက်က တစ်ခွန်းမှ မချေပ နိုင်ခြင်းပါပေ။
အဘွားအိုက ဆက်ပြီး သည်းမခံနိုင်တော့ပေ။
“ဒီအဘွားကြီးက ကုန်သည် တစ်ယောက်ပဲ၊ ဒီအဘွားကြီးရဲ့ ဗိုက်ထဲမှာ မင်အနက်တွေ မရှိဘူး၊ ဒါပေမယ့် ငါနားလည်ထားတာက တော်ဝင်စာအုပ် လေးအုပ်နဲ့ ဂန္တဝင်အဆင့် ငါးဆင့်က ကျောင်းသားတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ လိမ်ညာပြောခြင်းကို မပြုလုပ်ဖို့ တားမြစ်ထားတယ် ဆိုတာပဲ၊ နန်းကျင် မင်းက သင်ယူတတ်မြောက် ထားပြီးတဲ့ စာတတ်ပေတတ် လူငယ်တစ်ယောက် ဖြစ်တယ်၊ မင်းရဲ့ ဝမ်းကွဲညီမလေး လက်ထဲမှာ အမှန်တရားက ရှိနေပြီ၊ မင်းသာ အရာရှိတစ်ယောက် ဖြစ်လာခဲ့ရင် လောကကြီးက လူတွေကို ဘယ်လို ဆက်ဆံမှာလဲ”
နန်းပေါင်ရီက တက်ကြွတဲ့အသံနဲ့ “အဘွားပြောတာ အရမ်းကောင်းတာပဲ”
နန်းကျင်က မျက်နှာရဲသွားရသည်။
အဘွားအိုက ထပ်ပြောပြန်သည်။
“လျိုမိန်းကလေးရဲ့ ဖြူစင်မှုက မင်းကြောင့် ပျက်စီးသွားရပြီ၊ သူက မောင်းမတစ်ယောက်တော့ ဖြစ်ပါစေ၊ နန်းကျင် မင်းသူ့ကို လက်ထပ်ရမယ်၊ အဲ့ဒါမှ လျိုမိသားစုကို ဖြေရှင်းပေးရာ ရောက်လိမ့်မယ်”
သူမက အနည်းငယ် ပင်ပန်းသွားဟန်နဲ့ လက်ကို ဝှေ့ယမ်း ပြလိုက်သည်။ ပြီးနောက် အဒေါ်ကျိကိုတွဲပြီး အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။
ခန်းမထဲက လူစုကလည်း တဖြည်းဖြည်း ကွဲသွားသည်။
နန်းပေါင်ရီက ရှောင်းယီ၏ ပခုံးပေါ်ကနေ ခုန်ဆင်းလိုက်ပြီး သူ့ရှေ့မှာ လက်ဖဝါးဖြန့်၍ “နှမ်းမုန့်”
ရှောင်းယီက သူ၏ အောက်နှုတ်ခမ်း တစ်ချက် သပ်လိုက်ပြီး ပျင်းရိပျင်းတွဲနဲ့ ပြုံးလိုက်ရင်း “ငါစားလိုက်ပြီ”
“အစ်ကို ၂၊ အဲ့ဒါက ညီမလေး စားပြီးသားကြီးလေ….”
နန်းပေါင်ရီက အံ့ဩသွားရသည်။
“ရတယ်၊ ငါအဆင်မပြေမဖြစ်ဘူး”
သူက အလွန် သဘောထားကြီးတဲ့ ဟန်ပန်နဲ့ဖြစ်သည်။
နန်းပေါင်ရီက ဘာစကားမှ မပြောနိုင်တော့ဘဲ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက အဆင်မပြေ မဖြစ်ပေမယ့် သူမကတော့ အဆင်မပြေပါချေ။
သူမက ဝတ်ရုံလက်ထဲ လက်တွေကိုထည့်လိုက်ပြီး အပြင်ကို လျှောက်ထွက်သွားတော့သည်။ သူမက ယန်ချွန်းဟင်းကို နှစ်ပန်းကန်စားဖို့ စဉ်းစားနေပြီး ကြက်ဥပြုတ်ကိုလည်း နှစ်လုံးစားမည်ဟု ကြံစည် နေသည်။
သူမ ခြံဝင်းထဲကို ဝင်ဝင်ချင်းမှာပဲ သူမ၏အဖေက သူမဆီကို တုတ်တစ်ချောင်းကိုင်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အလျင်စလို လာနေတာကို တွေ့လိုက်ရသည်။
နန်းပေါင်ရီက လန့်ထိတ်သွားရပြီး ပန်းပင်၏ အနောက်ကို ပြေးပုန်းလိုက်သည်။
“ဖေဖေ၊ တုတ်ကြီးနဲ့ ဘာလုပ်မလို့လဲ”
“တုတ်နဲ့ဘာလုပ်မလို့လဲ ဟုတ်လား သေချာတာပေါ့ နင့်ကိုရိုက်မလို့လေ၊ နင်က တံတောင်ဆစ်ကို ပြောင်းပြန်ကွေးပြီး လျိုလန်အာကို သက်သေအဖြစ်တောင် ကူညီလိုက်သေးတယ်၊ အခုတော့ ကောင်းရော၊ နင့်အစ်ကိုက လျိုလန်အာကို မဖြစ်မနေ လက်ထပ်ရတော့မယ်၊ နင်ပျော်နေတယ်မလား၊ နန်းပေါင်ရီ၊ ကျင်းအာက ငါ့သား နင့်အစ်ကိုပါ၊ နောင်အနာဂတ်မှာ ပညာရှိတစ်ယောက် ဖြစ်လာပြီး မင်းသမီးနဲ့တောင် လက်ဆက်နိုင်ရမှာ”
နန်းကွမ်မှာက နန်းကျင်ဆိုတဲ့ သားတစ်ယောက်တည်းသာ ရှိသည်။ သူက အမြဲတမ်း မျက်ရှု သားလှရတနာ တစ်ယောက်လို သဘောထားပြီး ပညာရှိတစ်ယောက်သာ ဖြစ်လာခဲ့ရင် အရာရှိမင်းတစ်ပါး၏ သမီးတစ်ယောက်နဲ့သာ လက်ဆက်ပေးဖို့ ရည်မှန်းထားခဲ့သည်။
အဲ့ဒီအခါမှ သူ၏အမေနဲ့ တူလေး ၂ က သူ့နန်းကျင်မှာလည်း လုပ်နိုင်စွမ်းရှိကြောင်း သိလာမှာဖြစ်သည်။
နန်းပေါင်ရီက မျက်ဆံကို လှည့်လိုက်သည်။ နန်းကျင်လို လူမျိုးက မင်းသမီးတစ်ပါးနဲ့ လက်ဆက်နိုင်မယ် ဘာလို့သူက ကောင်းကင်လောက် မြင့်မားနိုင်ရမှာတဲ့လဲ
သူမက ပန်းပင်နောက်ကနေ ခေါင်းလေး ပြူထွက်လာပြီး “ဖေဖေ၊ သမီးကိုရိုက်ရင် အဘွားနဲ့ တိုင်ပြောမှာနော်”
“နင်….”
နန်းကွမ်က ဒေါသအမျက် ခြောင်းခြောင်း ထွက်သွားပြီး “သူက ငါ့ကိုမသတ်ခင် ငါနင့်ကိုသတ်မယ်၊ ဒီနေ့ နင့်ကို ကောင်းကောင်း ဆုံးမရမယ်”
နန်းကွမ်က ဝတ်ရုံလက်တွေကို မလိုက်ပြီး သူမကို လိုက်ဖမ်းတော့သည်။
နန်းပေါင်ရီက ကောက်ကွေ့တဲ့ လမ်းအတိုင်းပြေးပြီး နံရံတစ်ခု၏ နောက်မှာ ဝင်ပုန်းလိုက်သည်။
“ဖေဖေ၊ သမီးက နန်းကျင် မိန်းမရအောင် ကူညီပေးတာပါ၊ ပြီးတော့ ဖေဖေ့သားကို မြန်မြန် အခြေကျအောင် လုပ်ပေးတာလေ၊ ဖေဖေက သမီးကို ကျေးဇူးတောင် တင်ရဦးမှာ”
“နင် ပြောရဲသေးတယ်လား”
ထိုနေရာမှာ ပြဿနာက တဖြည်းဖြည်း ကြီးလာတာကြောင့် အစေခံတွေက နန်းသခင်မကြီးကို တင်ပြလိုက်ကြတော့သည်။
အဘွားအိုက ကောင်းကောင်းတောင် မထိုင်ရသေးပါချေ။ သူမက အလွန် ဒေါသထွက်သွားပြီး တုတ်ကောက်ကို ကောက်ကိုင်ပြီး ထွက်လာတော့သည်။
“နန်းကွမ်”
နန်းကွမ်က သူမကို ဂရုမစိုက်နိုင်တော့ပေ။
“အမေ၊ နောက်မှ ပြောလို့ရမလား၊ ကျွန်တော် ဒီတံတောင်ဆစ် နောက်ပြန်ကွေးပြီး ကျင့်ဝတ် မသိတတ်တဲ့ သမီးကို ဆုံးမရဦးမယ်၊ ကျင်းအာ၏ တောက်ပတဲ့ အနာဂတ်ကို သူက ဖျက်ဆီးပစ်လိုက်တာ”
နန်းပေါင်ရီက အဘွားအိုဆီကို ပြေးသွားတော့သည်။
သူမက သနားစဖွယ် ပြေးဖက်လိုက်ပြီး “အဘွား သမီးကိုကယ်ပါဦး”
“သနားစရာ ကောင်းလိုက်တဲ့ကလေး၊ မကြောက်နဲ့နော်”
အဘွားအိုက သူမ၏မျက်နှာလေးကို ချစ်ခင်မြတ်နိုးစွာနဲ့ တို့ထိလိုက်ပြီး ခေါင်းကိုမော့၍ နန်းကွမ်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
“တတိယသား၊ နင့်သားက ပန်းထိုးခေါင်းအုံး တစ်လုံးသက်သက်ပဲ၊ သူက မြို့နယ်အဆင့် စာမေးပွဲကိုတောင် အောင်မှာမဟုတ်ဘူး၊ အစိုးရအဆင့် စာမေးပွဲကိုဆို ပြောမနေနဲ့တော့၊ မင်းသမီးတစ်ပါးနဲ့ လက်ဆက်နိုင်မယ် အိပ်မက်ထဲမှာပဲ လက်ထပ်နိုင်လိမ့်မယ်”
နန်းကွမ်က စိတ်ဆိုးသွားပြီး “နင့်သားက ပန်းထိုးခေါင်းအုံး အမေ၊ အမေ့မှာ ကျင်းအာကို ဆူဆဲခွင့် မရှိဘူး”
“ဟုတ်တယ်၊ နင့်သားက ပန်းထိုးခေါင်းအုံး တစ်လုံးပဲ”
အဘွားအိုက ရိထေ့လိုက်သည်။
“နင့်အရှေ့ခြံကိုသာ နင်မြန်မြန်ပြန်စမ်းပါ၊ နင့်ကိုမြင်ရတာ စိတ်ဆင်းရဲလွန်းလို့”
“ကျွန်တော်…..”
နန်းကွမ်က တစ်ခုခုပြောချင်ပေမယ့် အဘွားအိုက နန်းပေါင်ရီကို ခေါ်ပြီး အိမ်ထဲကို ပြန်ဝင်သွား လေတော့သည်။
သူက နန်းပေါင်ရီကို မသင်ပြနိုင်လိုက်တာကြောင့် ပန်းပင်ကို တုတ်နဲ့ ကောက်ပေါက် လိုက်တော့သည်။
စိတ်ဆိုးလွန်းလို့ အခိုးအငွေ့တွေ ထွက်လာတဲ့အခါမှာ သူ၏နောက်ကျောဘက်ကို တစ်ယောက်ယောက် ရောက်လာသလို ခံစားလိုက်ရပြီး သူက လှည့်ကြည့်လိုက်သည်။
ရှောင်းယီက သူ့ကိုအပြုံးတစ်ပွင့် ပြုံးပြရင်း ကြည့်နေသည်။
နန်းကွမ်က ထိတ်လန့်သွားပြီး တုတ်ချောင်းကို ရှေ့မှာကာလိုက်ရင်း “မင်း.. မင်းဘာလုပ်ချင်လို့လဲ”
ရှောင်းယီက သူ၏တုတ်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ သူက နန်းကွမ်နဲ့ နီးနီးကပ်ကပ် တိုးလာပြီး တိုးဖွဖွ ပြောလိုက်သည်။
“ဦးလေး ၃၊ ကျောင်းကျောင်းက ဦးလေးအတွက် ချွေးမ ဝိုင်းရှာပေးထားတာလေ၊ ဦးလေး မပျော်ဘူးလား”
နန်းကွမ်က ဒေါသထွက်သွားပြီး “သူက တံတောင်ဆစ်ကို အပြင်ကွေးပြီး သူ့အစ်ကိုကို ဘယ်လိုကာကွယ် ရမလဲဆိုတာကို မသိတတ်ဘူး၊ အဲ့ဒါက မနှစ်မြို့စရာပဲ၊ ဘာချွေးမလဲ၊ ဒီမိန်းကလေးက ငါ့မိသားစုကို မှီခိုပြီး ကြီးပွားဖို့ ကြံနေတာ၊ ငါက ဒီနေရာမှာ နန်းပေါင်ရီ ပြန်ထွက်အလာကို စောင့်နေမှာ၊ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်”
ရှောင်းယီက မျက်ခုံးပင့်သွားသည်။
သူက ဖျော့တော့တော့ ပြုံးလိုက်ရင်း “ဦးလေး ၃ က နန်းကျောင်းကျောင်းကို သင်ခန်းစာပေးမယ်”
ဆောင်းရာသီ၏ နေရောင်က တိတ်တဆိတ် ဖြာကျနေသည်။
လူငယ်က ရယ်လိုက်တဲ့အခါ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သားရဲကောင် တစ်ကောင်လို မျက်လုံးတွေက နက်မှောင်နေပြီး ပိန်းပိတ်အောင် မှောင်မည်း သွားသလိုပင်။
နန်းကွမ်က သူ၏ရယ်သံကြောင့် ကြောက်ရွံ့သွားတော့သည်။
သူက ကြောက်လန့်စွာနဲ့ လက်ကိုမြှောက်လိုက်ပြီး “အဲ့ဒါက သူ့ကို ခြောက်ရုံတင်လေးပါ…. တကယ်တော့ အဲ့လိုမျိုးစိတ်ကူး ငါ့မှာမရှိပါဘူး….”
“အဲ့ဒါက အကောင်းဆုံးအဖြေ မဟုတ်သေးဘူး”
ရှောင်းယီက သူ၏ပခုံးကို ဆွဲပြီး ကိုယ်ကို စောင်းလိုက်ရင်း နားနားကိုကပ်၍ လေသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။
“ဦးလေး ၃၊ အဲ့ဒါက ခွေးကိုရိုက်ချင်ရင် သခင်ကို ကြည့်ရတယ် ဆိုသလိုပဲ၊ နန်းကျောင်းကျောင်းရဲ့ နောက်မှာ ဒီအမတ်မင်း တစ်ယောက်လုံး ရှိနေတာကို ဦးလေးက သူ့ကို သင်ခန်းစာ ပေးချင်တယ်ပေါ့၊ နောက်အဲ့ဒီလို မြင်ကွင်းမျိုး ကျုပ်ထပ်မြင်ရရင်….. ဦးလေးရဲ့ ခြေထောက်တွေက ဒီတုတ်ချောင်းလို ဖြစ်သွားစေရမယ်”
သူက တုံ့ဆိုင်းခြင်းမရှိ တုတ်ချောင်းကို ချိုးပစ်လိုက်သည်။
သူက နန်းကွမ်ကို အပြုံးတစ်ခု နဲ့အတူ ချန်ထားခဲ့ပြီး ထွက်သွားတော့သည်။ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေလို ရှင်းလင်းတောက်ပတဲ့ ပုံရိပ်က သူ့ကိုအဝေးမှာ ချန်ခဲ့သည်။
နန်းကွမ်က တံတွေး မျိုချလိုက်ပြီး ကျိုးသွားတဲ့ တုတ်ကို ကြည့်လိုက်သည်။ သူ၏ခြေထောက်တွေက ပျော့ခွေသွားပြီး ဒူးထောက် ကျသွားတော့သည်။
သူက ဝတ်ရုံလက်ကိုပင့်ပြီး အေးစက်နေသည့် ချွေးစီးတွေကို သုတ်ဖယ်လိုက်သည်။ သူက ရုတ်တရက် အဘွားအို၏ အိပ်ခန်းဆီကို ပြေးသွားပြီး ငိုကြွေးရင်း အော်ဟစ် တိုင်တန်းတော့သည်။
“အမေ၊ ရှောင်းယီက ကျွန်တော့်ကို အနိုင်ကျင့်တယ်၊ သူ ကျွန်တော့်ကို ခြိမ်းခြောက်တယ်”
အိပ်ခန်း၏ ပြတင်းက တင်းကျပ်စွာ ပိတ်ခံလိုက်သည်။ သူက တံခါးဘက်ကို ပြေး၍ အောဟစ်ရင်း ကုတ်ခြစ်နေ ပြန်သည်။ အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်ကြာပြီး နောက်မှာတော့ အဒေါ်ကျိက တံခါးကို ဖွင့်လိုက်သည်။
မည်းမှောင်နေသည့် မျက်နှာနဲ့ အဒါ်ကျိက တည်တင်းနေသည့် အသံနဲ့ ပြောလာသည်။
“သခင်မကြီးက မမလေး နန်းပေါင်ရီနဲ့ မနက်စာ စားနေပါတယ်၊ သခင် ၃ကို မြန်မြန်ထွက်သွားဖို့နဲ့ သူ့တံခါးဝကို ညစ်ပေအောင် မလုပ်ဖို့ မှာလိုက်ပါတယ်၊ အမတ်မင်းက ရိုသေလေးစားမှု အပြည့်ရှိပြီး အဲ့ဒီလို အကြီးတွေိကို စော်ကားတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ သခင်မကြီးက ပြောပါတယ်၊ တကယ်လို့ သခင် ၃ က အပြင်မှာ ဒီလိုဆက်ပြီး ပြဿနာ ရှာနေဦးမယ်ဆိုရင် သူကိုယ်တိုင် သခင် ၃ ခြေထောက်တွေကို ချိုးပစ်ရလိမ့်မယ်လို့ မှာလိုက်ပါတယ်”
ပြောပြီးသည့်နောက် သူမက တံခါးကို ပြန်ပိတ်သွားတော့သည်။
လေအေးတွေက ဝံပုလွေအူသံလို အသံပြုပြီး တိုက်ခတ်လာသည်။
နန်းကွမ်၏မျက်နှာက ကြောက်လန့်လွန်းနေပြီး စိတ်မချမ်းမြည့်နေပါချေ။
သူတကယ်ကို မလိမ်ပါချေ။ ရှောင်းယီက သူ့ကိုတကယ်ကြီး ခြိမ်းခြောက်ခဲ့တာ ဖြစ်သည်။ ရှောင်းယီက ကြောက်စရာ ကောင်းလှသည်။
ဝံပုလွေအူသံကို ထပ်ကြားလိုက်ရသည်။
ရှောင်းယီက ကျောင်းကျောင်း၏ ခင်ပွန်းမဟုတ်တာကြောင့် နန်းကွမ်က ရုတ်တရက် ပျော်ရွှင်သွား မိသည်။
မဟုတ်ရင်သူ့မှာ ဩဇာအာဏာ ရှိပါတော့မလားတောင် မသိပါချေ……..
***