အပိုင်း (၁၇၃)
အမတ်မင်း၏ပခုံးတွေပေါ်မှာထိုင်ခြင်း
နန်းကျင်က တောင့်ခဲသွားရသည်။
သူက လျိုလန်အာကို စိုက်ကြည့်လိုက်သည်။ ကောင်မလေးက ချိုမြိန်တဲ့ အပြုံးကိုပြုံးရင်း စိတ်ပါလက်ပါနဲ့ စွပ်ပြုတ်တစ်စွန်းကို ခပ်ယူလိုက်သည်။
“တချို့အရာတွေက ကြည့်မကောင်းပေမယ့် အရသာ ရှိတတ်တယ်၊ ဝမ်းကွဲအစ်ကို့ ဘကြီးရဲ့သမီးက ကြည့်ကောင်းပေမယ့် ဉာဏ်သိပ်မကောင်းတော့ ဝမ်းကွဲအစ်ကိုရဲ့ လှျို့ဝှက်ချက်ကို ထိန်းမထားနိုင်မှာ စိုးရိမ်တယ်”
နန်းကျင်က စာရွက်လိပ်ကို သိမ်းလိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး မိန်းကလေး၏ လည်တိုင်ကို ဖမ်းချုပ်လိုက်သည်။
သူက အသံပြင်းပြင်းနဲ့ “မင်းသိလား၊ မင်းဘာပြောနေလဲဆိုတာကို”
“လန်အာက ဝမ်းကွဲအစ်ကို ဘက်ကပါ၊ ဘာလို့ ညီမကို အကြမ်းဖက် နေတာလဲ”
လျိုလန်အာက အလွန်သနားစရာ ကောင်းဟန်နဲ့ “ထပ်ပြောရရင် ညီမက အစ်ကို့ အစီအစဉ်ကို အမေ့ကိုလည်း ပြောခဲ့ပြီးသား၊ ဒီည ညီမလေး ဘေးကင်းကင်း ပြန်မရောက်ခဲ့ရင် အမေက သခင်မကြီးကို ချက်ချင်း သွားပြောလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင်တော့ ရှင်တို့ မိသားစု သုံးယောက်မှာ ရွေးချယ်စရာ မရှိတော့ဘူးနော်၊ နန်းအိမ်တော်မှာ နေရဖို့မပြောနဲ့ လူသတ်သမားဆိုတဲ့ သတင်းသာ ပြန့်သွားရင် ဝမ်းကွဲအစ်ကို ကြိုးစားထားတဲ့ ဂုဏ်ပုဒ်တွေအားလုံး အချည်းနှီး ဖြစ်ကုန်တော့မှာနော်”
နန်းကျင်၏ မျက်လုံးတွေက သွေးရောင် လွှမ်းလာသည်။ သူက ကောင်းကင်နဲ့ မြေကြီးကို စီမံတွက်ချက် နေပေမယ့် ဒီခွေးမက သူနဲ့ နန်းယန်တို့ ပြောနေကြတာကို ခိုးနားထောင် နေလိမ့်မယ်လို့တော့ ထင်မှတ်မထားပါချေ။
သူက အေးစက်စွာနဲ့ “မင်းဘာလိုချင်တာလဲ”
“အစ်ကိုက ညီမဘာလိုချင်တာလဲ ဆိုတာ သိပါတယ်”
“မင်းကို ငါက လက်ထပ်စေချင်တာလား”
လျိုလန်အာက လက်ကိုမြှောက်ပြီး သူ၏လည်ပင်းပေါ်က နန်းကျင်၏လက်ကို ဖယ်လိုက်သည်။
“အနမ်းတစ်ခုပဲလေ၊ ဘာလို့မဖြစ်နိုင်စရာရှိမလဲ”
နန်းကျင်၏မျက်နှာက မရေရာမှုတွေနဲ့ ပြည့်နှက်သွားသည်။ အချိန်အတော်ကြာသည့် အခါမှ သူက သူမ၏လက်ကို ဆွဲလိုက်ပြီး မွေ့ရာပေါ်ကို တွန်းချလိုက်သည်။
“လျိုလန်အာ ဒီတံခါးကို မင်းစိတ်နဲ့ မင်းဘာသာ ဝင်လာခဲ့တာနော်”
သူက စောင်းလိုက်ပြီး သူမကို ဗလာသက်သက် ခံစားချက်နဲ့ နမ်းရှုံ့လိုက်သည်။ ဒီခွေးမကို အရင်အချိုသတ်ပြီးမှ နောက်ရက် နည်းနည်းကြာရင် သူတို့မိသားစုကို ဖယ်ထုတ်ပစ်ဖို့ နည်းလမ်း ရှာလိုက်လို့ ရတာပဲ။ သူ့အမေ၏ ကိုယ်ဝန်ပျက်ကျမှုအတွက် ကလဲ့စားလို့ မှတ်ယူလိုက်သည်။
လျိုလန်အာ၏ မျက်တောင်ဖျားတွေနဲ့ မျက်လုံးတွေက ဝမ်းသာနေဟန်ရှိသည်။ သူမက ငတုံးတစ်ယောက် မဟုတ်ပါချေ။ တစ်ကြိမ် ခြိမ်းခြောက်နိုင်ရုံနဲ့ နန်းကျင်၏ ပထမဇနီး ဖြစ်မလာနိုင်ဘူး ဆိုတာကို သူမသိသည်။ တစ်ဖက်လူက သူမနဲ့တကွ တစ်မိသားစုလုံးကို သတ်ချင်နေမှာအမှန်ပင်။
မနက်ဖြန်တော့ သူမဘဝ၏ ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာတော့မည်။
တစ်ညလုံး နှင်းတွေက တဖွဲဖွဲကျဆင်းနေသည်။
မနက်ခင်း စောစောမှာ နန်းပေါင်ရီက အလှပြင်ခုံရှေ့မှာထိုင်ပြီး ပျင်းရိစွာနဲ့ အဝတ်အစားတွေကို ဝတ်ဆင်နေသည်။
ဟယ်ယဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာသည်။
“မမလေး၊ အပြင်ဘက်မှာ ဒီလောက် ဆူညံနေတာ မမလေးက ပျော်စရာလေးတွေကို သွားမကြည့်ချင် ဘူးလား”
“ဘာပြောတာလဲ”
နန်းပေါင်ရီက သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
“လျိုလန်အာနဲ့ နန်းကျင်တို့ အချင်းများနေကြတာ၊ သခင်မကြီးရဲ့ အိမ်တော်မှာ ပွက်လောကို ရိုက်နေတာပဲ၊ လျိုလန်အာက ပြောတယ်၊ နန်းကျင်က မနေ့ညက သူ့ကိုအိပ်ရာထဲ ဆွဲခေါ်သွားပြီး သူ့ကို မဖွယ်မရာပြု ကျင့်တယ်တဲ့၊ သခင်မကြီးကို သူ မတရားခံရမှုအတွက် ဖြေရှင်းပေးပါလို့ လာတောင်းဆိုနေတာ”
နန်းပေါင်ရီ၏ မျက်ခုံးတွေက ပင့်တက်သွားသည်။
လျိုလန်အာကို မနေ့တနေ့ကတင် သူမက စည်းရုံးသိမ်းသွင်းလိုက်ရုံ ရှိသေးသည်၊ ဒီမိန်းကလေးက အရမ်းသွက်လွန်းနေတာ မဟုတ်ဘူးလား
သူမက အလွန် စိတ်ဝင်စားသွားပြီး မနက်စာ စားဖို့ကိုတောင် ဂရုမစိုက်နိုင်တော့ပါချေ။
“သွားရအောင် ပျော်စရာလေးတွေကို သွားကြည့်ရမယ်”
ဆုန်းဟယ့်ခြံ၏ ပင်မဆောင်မှာ လူတွေအများကြီး စုရုံးနေကြသည်။ အဘွားအိုက အမြင့်ပိုင်း ထိုင်ခုံပေါ်မှာ ထိုင်နေပြီး သူတို့ကို အကဲခတ်နေသည်။
လျိုလန်အာက ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး မကျေချမ်းတဲ့ အသံနဲ့ “ဝမ်းကွဲအစ်ကို နန်းကျင်က ညဘက်တွေဆို စာဖတ်ရတာကို နှစ်သက်တယ်လို့ ကျွန်မကြားမိလို့ ညပိုင်းကြီး စာလေ့လာရတာ ပင်ပန်းနေမှာ စိုးတာနဲ့ ဘဲသားစွပ်ပြုတ် တစ်ပန်းကန်ကို ချက်ပြီး သွားပို့ပေးတာပါ၊ ဒါပေမယ့် သူက အခုလို လုပ်လိမ့်မယ်လို့ မျှော်မှန်းမထားပါဘူး၊ ကျွန်မကို…. နန်းသခင်မကြီး ကျွန်မရဲ့ နောက်ခံမိသားစု အခြေအနေက နိမ့်ကျပေမယ့် ကျွန်မက ဖြူစင်တဲ့မိသားစုက အမျိုးကောင်းသမီး တစ်ယောက်ပါ၊ သူ၏အခုပုံစံက ဟန်ဆောင်နေတာပါ၊ သူ့စိတ်က သားရိုင်းကောင် တစ်ကောင်လိုပဲ”
နန်းကျင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ရှုပ်ထွေးနေသည်။ သူက တစ်ဖက်မှာ မတ်တပ်ရပ်နေပြီး လက်သီးကို တင်းတင်း ဆုပ်ထားသည်။
မနေ့ညက လျိုလန်အာကို ပထမဆုံး အချိုသတ်ထားမယ်ဆိုတဲ့ အစီအစဉ်ကောင်း တစ်ခု သူ့မှာရှိခဲ့ပြီး လျိုလန်အာ၏ မိသားစုတွေ အားလုံးကို သတ်ပစ်ဖို့ အခွင့်ကောင်းကို ရှာဖွေဖို့ ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်ဘဲ ဒီခွေးမက ဒီမနက်မှာ ရုတ်တရက်ကြီး ပြဿနာ ထရှာတော့သည်။ သူမ၏ ဖြူစင်မှုကို အရောင်ဆိုးပစ်တယ်လို့ အော်ဟစ်နေပြီး အရှေ့ခြံကနေ ဆုန်းဟယ့်ခြံ၏ ပင်မခန်းဆောင်ကို ရောက်တဲ့ အထိ ပြေးလာပြီး မရပ်နိုင်သေးပေ။
လျိုလန်အာက ထပ်ပြီး ငိုကြွေးရင်း “ညက ကျွန်မ ငြင်းပါသေးတယ်၊ သူက ကျွန်မရဲ့ တစ်မိသားစုလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ လန်အာအတွက် တရားမျှတမှုကို ရှာပေးပါလို့ သခင်မကြီးကို တောင်းဆိုပါတယ်၊ နန်းကျင်က ကျွန်မတို့ တစ်အိမ်လုံးကို မသတ်ဖို့ တားဆီးပေးပါ”
သူမက နဖူးနဲ့ ကြမ်းပြင်ကို ပြင်းပြင်းထန်ထန် တိုက်နေသည်။ အဒေါ်ကျိက သူမ၏ခေါင်းကို ထိန်းကိုင်လိုက်တော့မှ ရပ်တန့်သွားတော့သည်။ သူမက မျက်နှာလေးကို လက်ကိုင်ပဝါနဲ့ ဖုံးအုပ်လိုက်ပြီး မိုးရေစက်တွေလို မျက်ရည် တွေတွေကျပြီး ငိုကြွေးနေသည်။ သူမ၏ပုံစံက အရမ်းကို သနားစရာ ကောင်းလှသည်။
နန်းကျင်က ထွန်ရက်စိုက်ပျိုးလို့ ကောင်းတဲ့ မြေဆီလွှာ တစ်ခုမဟုတ်မှန်း သူမသိသည်။ ပြီးတော့ သူမကို နန်းကျင်က လက်ထပ်ခဲ့ရင်တောင် သူပျော်ရွှင်မှာ မဟုတ်ချေ။
သို့သော်လည်း ညက အဖြစ်အပျက်ကတော့ သူမကို တဒင်္ဂ စိတ်သက်သာရာ ရစေသည်။ အဲ့ဒါကြောင့်ပဲ ပြဿနာကြီးကို ရှာပြီးပြီ ဖြစ်တဲ့အတွက် သူက လက်မထပ်ချင်လည်း လက်ထပ်ရတော့မှာပင်။
ထပ်ဖြည့်ပြောရရင် သူက သူမ၏မိသားစုကို ဘယ်တော့မှ ထပ်ပြီး ထိရဲတော့မှာ မဟုတ်ပေ။ မဟုတ်ရင် လူတွေက သူ့ကိုသံသယ ဝင်ကြတော့မှာ ဖြစ်သည်။
ဒီလိုမှသာ သူမက မောင်းမတစ်ယောက် ဖြစ်နိုင်မှာမို့ ရက်စက်သင့်ရင် ရက်စက်ရပေလိမ့်မည်။
ထိုကိစ္စကို ကြည့်နေရင်း တစ်စုံတစ်ခုက ကြီးကြီးမားမား အလင်းပွင့်သွားသလို နန်းပေါင်ရီ ခံစား လိုက်ရသည်။
သူမ၏မျက်လုံးနဲ့ ကိုယ်တိုင် ထိုငြင်းခုန်ပွဲကို မြင်ချင်လှသည်။ သို့သော် လူတွေ အများကြီးက ဝိုင်းကြည့် နေကြတာကြောင့် သူမ၏ခေါင်းလေးက လူအုပ်ကြီးကို ထိုးဖောက်ပြီး မမြင်နိုင်ပါချေ။ ထို့ကြောင့်သူမက ခြေဖျားထောက်ပြီး ကြည့်ဖို့ကြိုးစားသည်။
သူမက အသက်ဆယ့်နှစ်နှစ်သာ ရှိသေးတာကြောင့် ဘေးပတ်ဝန်းကျင်က အစေခံတွေကတောင် သူမထက် အရပ်မြင့်ကြသည်။ သူမ၏ရှေ့က မြင်ကွင်းကို ပိတ်ကွယ် နေကြတာကြောင့် သူမဘာကိုမှ မတွေ့ရပါချေ။
သူမ အရမ်းလောနေချိန်မှာ ကြီးမားတဲ့ လက်တစ်စုံက သူမကို ချီမြှောက်လိုက်သည်။
နန်းပေါင်ရီက အံ့အားတသင့်နဲ့ ကြည့်လိုက်သည်။ အမတ်မင်း ဘယ်အချိန်က ရောက်လာမှန်း သူမ မသိလိုက်ပါချေ။ သူ၏မျက်နှာက တည်ကြည်နေပြီး သူမကို သူ၏ညာဘက် ပခုံးပေါ်သို့ ခိုင်မြဲစွာတင် ထားလိုက်သည်။
“ကြည့်လေ..”
သူက ပျင်းရိနေသည့် လေသံနဲ့ပြောလာသည်။
နန်းပေါင်ရီ “…..”
သူမက အမတ်မင်း၏ ပခုံးပေါ်မှာ တကယ်ကြီး ထိုင်နေရသည်။ ပြီးတော့ ဘေးပတ်ပတ်လည်မှာလည်း လူတွေ အများကြီး ရှိနေသေးသည်။ အစပိုင်းမှာတော့ အနည်းငယ် ရှက်ရွံ့သွားပေမယ့် ခဏချင်းမှာပဲ သူမ အသားကျသွားတော့သည်။
အထက်ပိုင်းက လေထုက တကယ်ကို လတ်ဆတ်နေသည်။ ဒီလို ခံစားချက်မျိုးက ကောင်းလွန်း လှပေသည်။
ခန်းမထဲမှာတော့ အဘွားအိုက အသံနက်နက်နဲ့ “နန်းကျင်၊ လျိုလန်အာပြောတာတွေက အမှန်ပဲလား”
နန်းကျင်က ဂါရဝပြုလိုက်ပြီး “အဘွားကိုဖြေပါတယ်၊ လျိုလန်အာ ပြောနေတာတွေ အားလုံးက စိတ်ကူးယဉ် နေတာတွေပါ၊ ဒီမြေးက ညက စောစောအိပ်ရာ ဝင်ခဲ့တာပါ၊ သူ့ကိုလုံးဝ မတွေ့လိုက်ရပါဘူး”
ယန်အာကလည်း ဒီပြဿနာ အကြောင်းကို ကြားထားပြီးလောက်ပြီဟု သူထင်သည်။ ယန်အာက အရမ်း ဉာဏ်ကောင်းတာကြောင့် သူ့ကို ဒီပြဿနာရဲ့ သက်သေဖြစ်တဲ့ အိပ်ရာခင်းပေါ်က သွေးတွေကို ရှင်းထုတ်ပြီးလောက်ပြီဟု သူယုံကြည်သည်။
အဘွားအိုက လျိုလန်အာကို တစ်ဖန် ကြည့်လိုက်သည်။
လျိုလန်အာက မျက်ရည်တွေကို သုတ်လိုက်ပြီး လေးလေးနက်နက်ဖြင့် “လန်အာက အပျိုစင် မိန်းကလေး တစ်ယောက်ပါ၊ အိပ်ရာပေါ်က သွေးကွက်က သက်သေပါပဲ၊ သခင်မကြီး မယုံဘူးဆိုရင် စစ်ဆေးကြည့်လို့ ရပါတယ်”
အဘွားအိုက လက်ကို မြှောက်လိုက်တဲ့အခါ အဒေါ်ကျိက အရှေ့ခြံကို တခြားအစေခံတွေ နဲ့အတူ ထွက်သွားတော့သည်။
နန်းပေါင်ရီက နန်းကျင်ကို ကြည့်လိုက်သည်။ ထိုလူငယ်၏ အမူအရာက တစ်ချိန်လုံး စိုးရိမ်ကြောင့်ကြမှု ရှိမနေပါချေ။ မျက်ခုံးစွန်းတွေနဲ့ မျက်ဝန်းတွေကတောင် တည်ငြိမ်လှသည်။
သူမက အကြောင်းအရင်း သင့်စွာနဲ့ လျိုလန်အာကို တစ်ချက် ကြည့်လိုက်တဲ့အခါ ရက်စက်တဲ့ အငွေ့အသက်တွေ အပြည့်နဲ့ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
သူမက ခေါင်းကိုနှိမ့်ပြီး ရှောင်းယီ၏ နားရွက်နားကို တိုးကပ်၍ “အစ်ကို ၂၊ ညီမလေး ခန့်မှန်းရရင် နန်းယန်က နောက်ပိုင်း ကိစ္စတွေအတွက် နန်းကျင်ကို သေချာပေါက် ကူညီမှာပဲ”
ရှောင်းယီက မယုတ်မလွန်သာ တွေးထားသည်။ ကောင်မလေး၏ ခန္ဓာကိုယ် ပေါ့ပေါ့လေးက သူ၏ပခုံးပေါ်မှာ ကျကျနန ထိုင်နေသည်။
သူက သူမ၏ ခြေထောက်လေးတွေကို လက်တစ်ဖက်နဲ့ ကိုင်လိုက်သည်။ အပေါ်ဝတ်ရုံကို ဖြတ်ပြီး သူမ ခြေထောက်လေး၏ နူးညံ့အိစက်နေမှုကို သူခံစားရသည်။
ကောင်မလေးက တိုက်တွန်းလာသည်။
“အစ်ကို ၂၊ နောက်ပိုင်း ညီမလေးက နတ်ဆိုးတစ်ကောင် လုပ်ခဲ့ရင် အစ်ကိုက နောက်ပိုင်း ကိစ္စတွေကို ကူညီပေးရမယ်နော်”
“အင်း၊ လုပ်လေ….”
ရှောင်းယီက ငြီးငွေ့နေဟန်နဲ့ ပြန်ဖြေလိုက်ပြီး ခြေချောင်းလေးတွေကို တစ်ချက် ကြည့်လိုက်သည်။ သူမက ပန်းရောင်ဖျော့ဖျော့ ပန်းထိုးဖိနပ်လေးကို ဝတ်ဆင်ထားသည်။
ရှုပိုးထည်ကို သေသပ်ကျနစွာ ချုပ်လုပ်ထားပြီး ခြေမထိပ်လေးနားမှာ ပုလဲလုံးလေး တစ်လုံးနဲ့ အလှဆင်ထားသည်။
သူက ထိုဖိနပ်လေးကို တကယ်ပင် ချွတ်ပစ်ချင်လှပြီး ခြေအိပ်တွေကိုလည်း ဂရုတစိုက်နဲ့ ချွတ်ပေး လိုက်ချင်သည်။
နန်းပေါင်ရီက သူ၏မျက်လုံးလားရာကို သိနေပြီး မျက်နှာလေးက ရှုံ့မဲ့သွားသည်။ သူမ၏ ပန်းထိုးဖိနပ်က သေးငယ်၍ အလွန်ကောင်းမွန်တဲ့ ပစ္စည်းအမျိုးအစားဖြစ်ပြီး သူ၏လက်ဖဝါးလောက်တောင် မကြီးပါချေ။
အမတ်မင်းကတော့ တကယ်ကို နေမကောင်းဖြစ်နေပြီ ထင်သည်။ ဘာလို့ ခန်းမထဲက စိတ်ဝင်စားစရာ အကြောင်းအရာကို မကြည့်ဘဲ သူမ၏ခြေထောက်တွေကိုပဲ စိုက်ကြည့်နေရတာလဲ
သူမက ဝတ်စုံကို ခါလိုက်ပြီး ခြေထောက်တွေကို ဝတ်စုံနဲ့ဖုံးကွယ်ဖို့ ကြိုးစားသည်။
သူမက မဝံ့မရဲဖြင့် “အစ်ကို ၂ လည်း ညီမလေးလို ပန်းထိုးဖိနပ်လှလှလေး လိုချင်လို့လား”
ရှောင်းယီ “….”
မဟုတ်ဘူး၊ သူအဲ့ဒါကို မလိုချင်ပေ…..
နန်းပေါင်ရီက တိုးသဲ့သဲ့ဖြင့် “ညီမလေးရဲ့ သေတ္တာထဲမှာ အဲ့လိုအဖိုးတန်တဲ့ ပုလဲလေးနှစ်လုံး ရှိသေးတယ်၊ အစ်ကို့ကို လက်ဆောင်ပေးမယ်နော်၊ အစ်ကို့ လည်ရှည်ဖိနပ်တွေမှာ အလှဆင်လိုက်ရင် အရမ်းလှမှာပဲ”
ရှောင်းယီက ဘာပြန်ပြောရမလဲမသိ ဖြစ်သွားရသည်။
‘မလိုဘူး…….’
အဒေါ်ကျိ ပြန်ရောက်လာတာကို စောင့်ဆိုင်းနေရင်း နန်းပေါင်ရီက ဗိုက်နည်းနည်း ဆာလာတာကြောင့် ဗိုက်လေးကို ပွတ်သပ်နေသည်။ ဒီပွဲကိုကြည့်ပြီးရင် ဘာစားရင် ကောင်းမလဲဟု တွေးတောနေရင်း သူမ၏ဗိုက်က အော်သံက ကျယ်လောင်စွာ ထွက်လာတော့သည်။
“ဂွီ…. ဂွီ….”
ခန်းမတစ်ခုလုံးက တိတ်ဆိတ် နေတာကြောင့် လူတိုင်းက သူမကို ကြည့်လာကြသည်။ နန်းပေါင်ရီက အလွန်ရှက်ရွံ့သွားပြီး မျက်နှာနီရဲ သွားတော့သည်။
သူမ မနက်စာ မစားရသေးဘူး ဆိုတာကို ဖြေရှင်းမလို့ ကြံနေတုန်းမှာပဲ ရှောင်းယီက ရုတ်ခြည်း တိုးတိုးတိတ်တိတ် မေးလာသည်။
“မင်း လေလည်လိုက်တာလား”
ခန်းမက ပိုပြီး တိတ်ဆိတ်သွားတော့သည်။
***