အပိုင်း (၁၆၁)
နန်းကျောင်းကျောင်းနှင့် ပထမဆုံးအကြိမ် အပြင်ထွက်လည်ခြင်း
အဲ့ဒီညပြီးတဲ့နောက်မှာ သူမနားလည်ဖို့ ကြိုးစား တွေးကြည့်မိသည်။
အဘိုးလေးက အမတ်မင်းကြောင့် အိမ်တော်မှာ နေနေခြင်းဖြစ်သည်။ သူ၏ ဘဝမှန်ကို မထုတ်ဖော်ဘဲ အစေခံတစ်ယောက်လို ဟန်ဆောင်နေခြင်းက နိုင်ငံအချင်းချင်းကြား ရှုပ်ထွေးနေသည့် နိုင်ငံရေး တင်းမာမှုတွေကြောင့် ဖြစ်တန်ရာ၏ ။
သူ၏အကျင့်စရိုက်က ကောင်းမွန်လို့သာ အမတ်မင်းက သူ့ကို ကျူးကျူး၏ အနားမှာနေဖို့ ခွင့်ပြုထားတာ ဖြစ်လိမ့်မည်။
အမတ်မင်း ယုံကြည်တဲ့သူကို သူမလည်းယုံကြည်သည်လေ….
ထုတ်ဖော်ပြောဖို့ လိုမနေပါချေ……
နန်းပေါင်ရီက နိုင်ဝမ်ကျိုးကို တစ်ချက် ကြည့်လိုက်သည်။ သူက ဆယ့်နှစ်နှစ်ပဲ ရှိသေးတာပဲ၊ အဲ့လို အရှုပ်အထွေးတွေကို သူဘယ်လုပ်နိုင်မှာလဲ သူက ကလေးပဲရှိသေးတာလေ။
အဲ့ဒီအတွေးကြောင့် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။
နိုင်ဝမ်ကျိုး၏ မျက်ခုံးကို ပြင်ဆင်ခြယ်သနေခြင်းက ရပ်တန့်သွားပြီး လှပသည့် မျက်နှာလေးက တိမ်မည်းတွေ ဖုံးလွှမ်းသွားတော့သည်။
အခု နန်းပေါင်ရီက သူ့ကို ဘယ်လိုအကြည့်နဲ့ ကြည့်လိုက်တာလဲ။
သူ့ကို ယောကျာ်းတစ်ယောက်လို့ မမြင်ဘူးလား။
သူ နိုင်ဝမ်ကျိုးက ယောက်ျားတစ်ယောက်ဆိုတာ အသိသာကြီးပဲလေ။
***
အချိန်တွေတရွေ့ရွေ့နဲ့ လပြက္ခဒိန်၏ ၂၇ ရက်မြောက်က ကျရောက်လို့ လာချေပြီ။
နွေဦးကျောက်စိမ်းစံအိမ်၏ ပြဇာတ်အသစ် ‘ငါက ဒီနှစ်တွေအတွင်း ကောက်ကျစ်စဉ်းလဲတဲ့ ယောက္ခမနဲ့စီးချင်းထိုးခဲ့တယ်’ ဆိုတဲ့ပြဇာတ်က ဇာတ်ခုံပေါ်တင်ဖို့ အသင့်ဖြစ်နေလေပြီ။
စာရေးဆရာမလေးက ပရိသတ်၏ တုံ့ပြန်မှုကို ကြည့်ဖို့ စိတ်အား ထက်သန်နေတာကြောင့် ပထမဆုံးပွဲကို ကြည့်ဖို့ ရောက်နေခဲ့သည်။
နန်းပေါင်ရီနဲ့ ဟန်ယန့်လျန်က ပရိသတ်၏ တုံ့ပြန်မှုနှင့် ပြဇာတ် အသွားအလာတွေကို ကောင်းကောင်း မြင်ရသည့် ပွဲကြည့်စင် ဒုတိယထပ်မှာ ထိုင်နေကြသည်။
ဟန်ယန့်လျန်က ယင်းလော့၏ ကြိုးတွေကို ကစားနေရင်း ရေရွတ်လိုက်သည်။
“ယောက္ခမက နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူရဲ့ချွေးမက မြေးယောက်ျားလေး မမွေးနိုင်ဘူးလို့ ထင်ပြီး မြေးမလေးကို သေအောင် လုပ်ကြံတယ်၊ အဲ့ဒါကြောင့် ချွေးမက ထွက်ပြေးသွားတယ်၊ ပြီးတော့ ယောက္ခမက တခြား မောင်းမတစ်ယောက်နဲ့ သူ့သားကို လက်ထပ်ပေးဖို့ ကြံစည်တယ်၊ ဒါပေမယ့် သူကြံရွယ်ထားတဲ့ ချွေးမက မျိုးရိုးမကောင်းဘူး။ အဲ့ဒီတော့မှ သူက ကလေးရဖို့အတွက် အရင်ချွေးမဟောင်းကို သူ့သားကို ပြန်ခေါ်လာ ခိုင်းလိုက်တယ်၊ ရလဒ်ကတော့ သူ့ချွေးမက ဧကရာဇ်နဲ့ လက်ထပ်ပြီး တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်နေပြီ၊ ပြီးတော့ သူက ဧကရာဇ်အတွက် သားကိုးယောက်တောင် တစ်ပြိုင်တည်း မွေးပေးလိုက်သေးတယ်၊ အဲ့ဒီတော့မှ ယောက္ခမက သည်းအူပြတ်မတတ် ပူဆွေးနောင်တ ရသွားတယ်ပေါ့၊….. ဒါက ကြက်မက ဥတွေကို ဝပ်နေသလို ဖြစ်မနေဘူးလား”
သူမက တစ်ခွန်းပြောလိုက် နန်းပေါင်ရီ၏ မျက်နှာက တစ်ခါ ရှက်သွေးဖြာ လာလိုက် ဖြစ်နေတော့သည်။
ဟန်ယန့်လျန်က ပြောပြီးတော့ သူမ၏မျက်နှာလေးကို ဆွဲဖျစ်ညှစ်လိုက်ပြီး “ဒီကလေးဆန်တဲ့ ကောင်မလေးက ဒီလိုလူကြီးကိစ္စတွေကို ဘယ်ကများ သင်ယူလာသလဲပဲ။ ဘာလို့ လောကဓံ၏အလှည့် အပြောင်းတွေကို နောကြေနေတဲ့ မိန်းမတစ်ယောက်လိုမျိုး အတွေ့အကြုံ ရင့်ကျက်တယ်လို့ ဘာလို့ ထင်စရာဖြစ်နေတာလဲ”
“ရှင် ငွေတွေရနေရင်ပြီးရော မဟုတ်လား၊ ဘာလို့အများကြီး အာရုံစိုက်နေတာလဲ”
နန်းပေါင်ရီက ဂုဏ်ယူဟန်နဲ့ ဆက်ပြောသည်။
“ဧည့်သည်တွေက အရမ်း အားရနေကြတာ တွေ့ရတယ်၊ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ဆို မနက်ဖြန် ပြဇာတ်ရုံကတော့ လူပြည့်နေတော့မှာပဲ”
“မနက်ဖြန့် လပြက္ခဒိန်ရဲ့ နှစ်ဆယ့်ရှစ်ရက် မြောက်ကနေ ပထမလ ငါးရက်နေ့အထိ ပွဲခုံတွေအားလုံး ကြိုတင်စာရင်း ပြည့်သွားပြီ”
ဟန်ယန့်လျန်က ပန်းလေးတစ်ပွင့်လို လှပတဲ့အပြုံးနဲ့ “ပြောကြတာကတော့ အဲ့ဒါက အမတ်မင်းရဲ့ ရဲမက်တွေတဲ့၊ သူတို့ကြည့်ဖို့ အမတ်မင်းက ပွဲကြည့်စင်ကို အထူးတလည် ငှားရမ်းထားတာတဲ့လေ”
“အမတ်မင်းက”
နန်းပေါင်ရီက လုံးဝကို မှင်သက်သွားရသည်။
အဲ့ဒါက အမတ်မင်း၏ ဦးနှေောက်က ထွက်တဲ့ ငွေပေးမဲ့ အစီအစဉ်တဲ့လား
သူက သူမ၏ အစ်ကို ၂ လေ၊ သူသာ သူမကို တန်းပြီး ငွေပေးလိုက်ရင် သူမက သူတစ်ဦးတည်းအတွက် ပြဇာတ်ပွဲ စီစဉ်ပေးမှာပေါ့။
အဲ့ဒီလောက် ငွေတွေ အများကြီးက နွေဦးကျောက်စိမ်း စံအိမ်ကို ဖြတ်သန်းပြီးမှ သူမဆီကို ရောက်လာဖို့ မလိုပါချေ။
ညနေစောင်းမှာတော့ နန်းပေါင်ရီက ဆုန်းဟယ့်ခြံကို ပြန်ရောက်လာပြီး ပန်းပွင့်ခန်းမကို ခြေချချခြင်းမှာပဲ မိသားစုတွေ စုံလင်နေတာကို တွေ့လိုက်ရသည်။
သတင်းကောင်း တစ်ခုခု ရှိနေပုံရသည်။ အားလုံး၏ မျက်နှာမှာ အပြုံးကိုယ်စီ ချိတ်ဆွဲထားကြသည်။
သူမက သိချင်စိတ် ပြင်းပြစွာနဲ့ “အဘွား၊ ဘာလို့ လူစုံနေတာလဲ”
အဘွားအိုက ပါးစပ် နားရွက်ချိတ်မတတ် ပြုံးရင်း “နွေဦးကျောက်စိမ်းစံအိမ်မှာ ပြဇာတ်အသစ် ထွက်တယ်တဲ့၊ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လို အဘွား ကြားထားတယ်၊ နှစ်ကုန်ပိုင်းဆိုတော့ မိသားစုတွေ အားလုံးစုံပြီး အတူတူကြည့်ကြရင် ပိုကောင်းမလားလို့၊ အဲ့ဒါဆိုပိုပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ၊ ဒေါ်ကျိက သွားစုံစမ်းကြည့်တော့ နောက်ရက်တွေထိ အားလုံး ကြိုတင်လက်မှတ်တွေ ပြည့်နေပြီတဲ့၊ မမျှော်လင့်ဘဲ ကံကောင်းသွားတာက သမီးရဲ့ အစ်ကို ၂ က မနက်ဖြန်အတွက် လက်မှတ်ရ လာတယ်တဲ့လေ”
နန်းပေါင်ရီက ရှောင်းယီကို ကြည့်လိုက်သည်။ အမတ်မင်းကတော့ သူမကို ကြည့်မနေပေ။ သူ၏မျက်နှာ အမူအရာက တည်ကြည်လေးနက်၍ အေးစက်စက် အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်နေလေသည်။
သူမက မသိစိတ် တစ်ဝက်နှင့် မျက်နှာကို ထိကိုင်လိုက်မိသည်။ သူက သူမကို ကြည့်မနေတာတောင်မှ ဖျားချင်သလိုလို ခံစားချက်က ရှိနေဆဲပင်။ မျက်လုံးအကြည့် တစ်ချက်နဲ့တင် ဒီရောဂါက ကူးစက်နိုင်တာ များလား
နောက်ဆိုရင် အမတ်မင်းကို မျက်လုံးနဲ့တောင် တည့်မကြည့်မိဖို့ သူမက ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး မှတ်ချက်ပြု သတိပေးလိုက်သည်။
သူမက နန်းပေါင်ကျူး၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။ ထိုနေရာမှာ နန်းချန်းလီလည်း ရှိနေတာကို သူမ တွေ့လိုက်ရသည်။ သူမက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ ထုတ်မေး လိုက်တော့သည်။
“အဲ့ဒီလို ယောက္ခမနဲ့ ချွေးမရဲ့ ပြဇာတ်မျိုးကို ကိုကိုကြီးလည်း ကြည့်မလို့လား”
နန်းချန်းလီက ပြုံးရင်း “ဒါက ညီ ၂ လက်မှတ် စီစဉ်ပေးတဲ့ ပြဇာတ်ပဲ၊ ဘာလို့သွားပြီး မကြည့်ရမှာလဲ၊ ပြောရရင် ဒီနှစ် အိမ်တော်မှာ ချောချောမွေ့မွေ့နဲ့ ကောင်းမွန်တဲ့ ကိစ္စတွေပဲ ရှိနေတာ ညီ ၂ ရဲ့ ကျေးဇူးကြောင့်ပဲ”
သူက ရှောင်းယီကို လေးစားအားကျတဲ့ အကြည့်နဲ့ ကြည့်နေသည်။ နန်းအိမ်တော်က အစ်ကို ၂ မှ မရှိရင် မရပ်တည် နိုင်တော့ဘူးတဲ့လား ဒီနှစ်တွေမှာ သူမလည်း နန်းအိမ်တော်အတွက် လုပ်ပေးခဲ့တာတွေ အများကြီးပဲကို…..
သူမက တိတ်တိတ်လေး အမြင်ကပ်သွားမိသည်။
သူမက အဘွား၏ နားမှာ ကပ်ပြီး ကလေးလေးလို ချွဲနေလိုက်သည်။ သို့ပေမယ့် အဘွားကလည်း အစ်ကို ၂ အပေါ် အမြင်တွေ ပြောင်းလဲလာပုံရပြီး ချီးကျူး လိုက်သေးသည်။
“ဟုတ်တယ်၊ အဲ့ဒီပြဇာတ်က ဆယ်ကြိမ်စာတောင် အကုန် ကြိုတင်လက်မှတ်တွေ အားလုံးကုန်သွားပြီတဲ့၊ ယီအာ့ကြောင့် မနက်ဖြန်မှာ ကြည့်ခွင့်ရလိုက်လို့ တော်သေးတာပေါ့”
“အစ်မကြီးတွေ ကလည်း ငါနဲ့အပြိုင် ကြည့်ချင်လို့ နွေဦးကျောက်စိမ်း စံအိမ်မှာ ကြိုတင်လက်မှတ် သွားမှာတော့ အားလုံး ကုန်နေပြီတဲ့လေ၊ သူတို့က ပထမလရဲ့ ခြောက်ရက်နေ့မှ အစောဆုံး ကြည့်လို့ရ တော့မယ်တဲ့၊ တကယ်ကို လူကြိုက်များချက်ပဲ”
“ယီအာက တကယ်ကို ရိုသေကိုင်းရှိုင်းပြီး အလိုက်လည်း သိတယ်၊ ငါ့ကို လက်မှတ်အချို့ ထပ်ပေးတာနဲ့ အစ်မတွေအတွက် ပေးဖို့ အဆင်ပြေသွားတယ်၊ ငါ့ကို တကယ် မျက်နှာပွင့် သွားစေတာပဲ”
နန်းပေါင်ရီက မရိုမသေ တွေးလိုက်သည်။
သိပ်မကြာခင် အချိန်ကမှ အဘွားက သူမကို ရှောင်းယီနဲ့ ဝေးဝေးနေဖို့ ပြောခဲ့ပြီး ရှောင်းယီ၏ မျိုးရိုး အဆင့်အတန်းကို သူမ မနှစ်သက်ခဲ့ပေ။
နောက်ဆုံးတော့ သူက ပွဲလက်မှတ် နည်းနည်းလေး ပေးလိုက်ရုံနဲ့တင် အဘွားက ပြုံးရယ်နေလေပြီ။ တကယ်တော့ အစပိုင်းမှာ မိသားစုအားလုံးက ရှောင်းယီကို အမြင်ကြည်လာပြီး မိသားစုဝင်အဖြစ် နွေးနွေးထွေးထွေး ဆက်ဆံကြဖို့ကို သူမ လိုလားခဲ့သည်။ သို့သော်လည်း တကယ်တမ်း မိသားစုဝင်တွေက ရှောင်းယီကို ချီးကျူးပြီး မျက်နှာသာပေး ပင့်မြှောက်ကြတဲ့အခါ သူမက အခွင့်အရေးတွေ ဆုံးရှုံးသွားသလို ဘာလို့ခံစားနေရတာလဲ
အရင်ကဆို သူမကသာ မိသားစု၏ အလိုလိုက်ခံ အချစ်ခံလေး မဟုတ်ပါလား…
သူမက နန်းသခင် ၂ ဘက်သို့ လှည့်လိုက်သည်။ ဘဘကြီးကတော့ အမြဲတမ်း တည်ကြည်နေတတ်ပြီး ပြဇာတ်ရုံသို့ သွားကြည့်လောက်မည် မဟုတ်ပါချေ။
“ဘဘကြီး ၂…….”
သူမ စကားစစချင်းမှာပဲ နန်းသခင် ၂ ၏ စကားဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
“တရုတ် နှစ်သစ်ကူးတိုင်း အိမ်မှာ စားကြ သောက်ကြ ပျော်ကြ ကစားကြနဲ့ ဘာအလုပ်မှ မလုပ်ကြဘူး၊ ဒီနှစ်တော့ မိသားစုအားလုံး ပြဇာတ်ရုံကိုသွားပြီး စိတ်ကူးစိတ်သန်းတွေ ကွန့်မြူးဖို့နဲ့ ဗဟုသုတတိုးဖို့ သွားကြည့်ကြတာပေါ့၊ ကောင်းတယ်၊ ရှောင်းယီ၊ မင်းရဲ့စိတ်ကူးက တကယ် ကောင်းတာပဲ”
နန်းပေါင်ရီက ဆို့နင့်သွားမိသည်။ သူမက ဝတ်ရုံအနားစကို လုံးချေနေပြီး ရှောင်းယီကို ချောင်းကြည့်လိုက်သည်။
ကံမကောင်းချင်တော့ ရှောင်းယီက သူမကို ပျင်းရိနေသည့် အကြည့်နဲ့ ကြည့်နေခြင်းပင်။ သူ၏အကြည့်မှာ ထောင်ချောက်မိပြီးနောက် နန်းပေါင်ရီက လိပ်ပြာမသန့်သလို ခံစားရပြီး ခေါင်းလေးကို အမြန်ပြန် နှိမ့်လိုက်မိသည်။
ညခင်း၏ နှင်းစက်တွေက သိပ်သည်းစွာ ကျဆင်းနေသည်။
နန်းပေါင်ရီက ပန်းပွင့်ခန်းမကနေ အိပ်ခန်းဆီကို အမြန်ပြန်ပြေး လာခဲ့သည်။ စင်္ကြံတစ်ခု၏ ထောင့်ကို ကွေ့လိုက်တယ်ဆိုရင်ပဲ ရှောင်းယီ၏ ရှေ့က တားဆီးထားခြင်းကို ခံလိုက်ရတော့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် နောက်ကို နှစ်လှမ်း ဆုတ်လိုက်ပြီး သူ့ကိုကြည့်ရင်း “အစ်ကို ၂ က ညီမလေးကို ဘာလို့ တားထားတာလဲ”
ရှောင်းယီက သူမနဲ့ နီးကပ်တဲ့အထိ ဖြည်းဖြည်းချင်း တိုးလာပြီး “မင်းကငါ့ကို ခိုးကြည့်တယ်….”
“မကြည့်ပါဘူး”
“လိမ်တယ်….”
ရှောင်းယီက လက်ကို ဖြည်းညင်းစွာ ဆန့်၍ သူမ၏ စန္ဒကူးနံ့သင်းနေသည့် ဆံနွယ်တွေကို ကိုင်လိုက်ပြီး သူ၏လက်ချောင်းတနဲ့ ညင်သာစွာ ရစ်နှောင်လိုက်သည်။
သူက အရပ်မြင့်သည်။ ဇာမဏီမျက်လုံးတွေက ကြိုးတစ်ချောင်းနဲ့ တွယ်နှောင် ထားသလိုပင်။ သူ၏ ဟန်ပန်က သူ့အနားမှာ တောင်တန်းတွေနှင့် မြစ်တွေ ရစ်ပတ်ထားသလို ဇီးပန်းပွင့်တွေထက်ကို ပိုပြီး အေးစက် တည်ကြည်နေသည်။
ရှင်းပြလို့မရသည့် ခံစားချက်က တစ်ဖန် နိုးထလာပြီး နန်းပေါင်ရီ၏ နှလုံးခုန်သံတွေကို မြန်ဆန် လာစေပြန်သည်။ သူမက မျက်လုံးတွေကို လျင်မြန်စွာ ပိတ်လိုက်ပြီး သူ့ကို ထပ်မကြည့်ရဲတော့ပါချေ။
ဒီလူကြီးက တကယ်ကို စိတ်ဆိုးချင်စရာ ကောင်းလှသည်။ အမြဲတမ်း သူမ၏ နှလုံးခုန်နှုန်းကို မြန်အောင် လုပ်နိုင်ပြီး ရှက်သွေးဖြာအောင် လုပ်နိုင်သည်။ တကယ်ကို ပြဿနာကြီးပင်။
အဲ့ဒါက ဘယ်လိုရောဂါ လက္ခဏာမျိုးမှန်းကို မသိ…
သူမက မျက်လုံးကို အလောတကြီး ဖုံးကွယ် လိုက်တဲ့အခါ ရှောင်းယီက မျက်ခုံးပင့်မိ သွားတော့သည်။ နန်းကျောင်းကျောင်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ သူခံစားမိနေသည်။
သူက နည်းနည်း စောင်းလိုက်ပြီး သူမ၏နားနားကို နှုတ်ခမ်းပါးတွေနဲ့ ပွတ်သပ်မိလုနီးပါး ကပ်၍ ပြောလိုက်သည်။
“နန်းကျောင်းကျောင်း မနက်ဖြန် လှလှလေးဝတ်လာခဲ့…ဟုတ်ပြီလား”
ဒါက သူ သူမကို အပြင်ထွက်လည်ဖို့ မေးတဲ့ ပထမဆုံး အကြိမ်ဖြစ်သည်။
နန်းမိသားစု တစ်စုလိုက်ကြီး နဲ့အတူ သွားရမှာကိုတော့ ထည့်တွက် မနေတော့ချေ….
နန်းပေါင်ရီ၏ နှလုံးခုန်သံတွေက ဗုံတီးသံလို ကျယ်လောင်လာနေပြီး နားရွက်တွေက နီရဲလာသည်။ သူမ စိတ်လှုပ်ရှားလွန်းစွာ နောက်ကို ဆုတ်လိုက်မိသည်။
သူမက အပြင်းအထန် ငြင်းပယ်လိုက်လေသည်။
“အစ်ကိုက ညီမလေးကို လှလှလေးဝတ်ဖို့ မပြောလည်း ညီမလေးက ပုံမှန် လှလှလေး ဝတ်တာပါပဲ၊ မျက်နှာ မပျက်စေရပါဘူး”
ရှောင်းယီက ပြုံးမိသွားသည်။
ဒီကောင်မလေးက ယွင်နန်ကြောင့် အကျဉ်းထောင်ထဲမှာ အဖမ်းခံရသည့် အချိန် ဝတ်စုံဖရိုဖရဲ ဖြစ်နေတုန်း ကတောင် မျက်နှာပျက်မှာကို ဒီလောက် စိတ်ပူမနေခဲ့ပါချေ။
***