အပိုင်း (၁၆၈)
အစ်ကို ၂ ကအရမ်းတော်တာပဲ
သူမက လူသတ်သမားဟာ နန်းပေါင်ရီပါလို့ အပြင်းအထန်ကို စွပ်စွဲပြီး အယုံသွင်း နေတော့သည်။
သို့သော်လည်း နန်းပေါင်ရီ လုပ်တာပါလို့တော့ လက်ဆုပ်လက်ကိုင် မပြနိုင်ပါချေ။
နန်းပေါင်ရီက လှပတဲ့ သာမန် မိန်းမပျိုလေး တစ်ယောက်သာဖြစ်ပြီး အာဏာရှိသူ တစ်ယောက်တော့ မဟုတ်ပါချေ။ သူမက ဘယ်လိုလုပ်ပြီး တစ်ဝမ်းကွဲ အစ်ကိုကို လှည့်ကွက် မသုံးပဲနဲ့ သတ်ပစ်နိုင်ပါ့မလဲ
ဖြစ်နိုင်တာက ……
သူမက ရှောင်းယီကို သံသယမျက်လုံးနဲ့ ကြည့်လိုက်သည်။ ရှောင်းယီက ထိုင်ခုံပေါ်မှာ ထိုင်နေပြီး လက်ဖက်ရည် သောက်နေသည့် ပုံစံက အားလပ်ချိန်မှာ အနားယူနေသည့် ပုံစံမျိုးဖြစ်သည်။
သူကူညီပေးခဲ့တာလား
မကြာခင်မှာပဲ လက်ထောက်က နန်းပေါင်ရီကို ခေါ်လာခဲ့သည်။
“ချန်းသခင်လေးက ကျွန်မကို ဆင့်ခေါ်တယ်”
သူမက မယုံနိုင်သလို မေးလိုက်သည်။ ချန်းတယ်ယွီက သူမကို ကြည့်လိုက်တဲ့အခါ သူမ၏ မျက်လုံးတွေက အံ့အားသင့်မှုနဲ့ လက်ဖြာနေတာကို တွေ့လိုက်ရသည်။
ကောင်မလေးက ကောင်းမွန်လှတဲ့ အနီရောင် ပိုးဖဲ ပန်းထိုးဝတ်စုံကို ရောင်စုံ ဘရိုကိတ်ထည်နဲ့ တွဲဖက် ဝတ်ဆင်ထားပြီး လက်မောင်းမှာ ရွှေရောင်နဲ့ တိမ်လွှာဆင် ခြယ်သထားသည်။ ပိုးပန်းဖွား အမြိတ်လေးတွေက သူမလမ်းလျှောက်တိုင်းမှာ ယိမ်းနွဲ့နေကြသည်။
သရုပ်ဆောင်တွေ၏ မျက်လုံးက အလွန်အမင်း ထက်ရှတယ်လို့ ပြောကြသည်။ သို့ပေမယ့် ထိုကဲ့သို့ ဖြစ်လာအောင် လေ့ကျင့်ဖို့က နှစ်ပေါင်းများစွာ ကြာမြင့်သေးသည်ပင်။
သို့သော်လည်း နန်းပေါင်ရီ၏ ညှို့ဓါတ်ပြင်းတဲ့ မျက်လုံးရွဲကြီးတွေက စိတ်၏အတွင်းနဲ့အပြင်ကို ဆွဲဆောင် နိုင်သည်။ မျက်လုံးတစ်စုံမှာ ဆောင်းရာသီ၏ နေရောင်လို ပြိုးပြိုးပြက်ပြက် လင်းလက်တဲ့ မီးပွားလေးတွေနဲ့ ပြည့်နှက်နေသည်။
ထိုမျက်လုံးတွေနဲ့ စိုက်ကြည့် ခံရသည့်အခါ ချန်းတယ်ယွီက စစ်မေးဖို့ကိုတောင် ဘာမေးရမှန်း မသိတော့ပါချေ။
သူမ၏ မျက်လုံးတွေက အပြစ်ကင်းစင်ဟန်နဲ့ သန့်စင်လွန်းနေသည်။ သူမက ဘယ်လိုလုပ်ပြီး လူသတ်သမား ဖြစ်နိုင်ပါ့မလဲ
နန်းပေါင်ရီက ဝမ်းနည်းသွားဟန်နဲ့ “ချန်းသခင်လေး၊ သခင်လေးက လူတွေအားလုံးရဲ့ ရှေ့မှာ လက်ထောက်ကို ကျွန်မကိုခေါ်လာဖို့ အမိန့်ပေးခဲ့တယ်၊ အပြင်လူတွေက ကျွန်မကို သင်္ကာမကင်း ဖြစ်ကြတော့မှာပေါ့၊ တကယ်လို့ သခင်လေး စစ်မေးချင်တယ် ဆိုရင်လည်း ကျွန်မအိမ်ကိုပြန်ပြီး အစားလေး စားပါရစေဦး၊ သခင်လေးက တော်တော် မကောင်းတာပဲ၊ စကားမပြောဘဲ ကျွန်မကိုပဲ စိုက်ကြည့်နေတာက သခင်လေး ဘာလုပ်ချင်တာပါလဲ”
ချန်းတယ်ယွီမှာ သူမကို မေးဖို့ မေးခွန်းတွေ ရှိနေပေမယ့် သူက တဒင်္ဂ တွန့်ဆုတ်နေသည်။
“ငါ…ငါ…”
“သခင်လေးမှာ ဘာမှပြောစရာ မရှိဘူးဆိုရင် ကျွန်မအိမ်ပြန်ပြီး အစားသွားစားတော့မယ်”
နန်းပေါင်ရီက လှည့်ထွက် သွားတော့သည်။
သူမ၏ မီးငှက်သရဖူမှာ ရှည်လျားတဲ့ ရွှေရောင်ငှက်မွေး နှစ်တောင်ရှိပြီး သူမ လှည့်လိုက်တဲ့အခါ ချန်းတယ်ယွီ၏ ပါးပြင်ကို ငှက်မွေးစက ထိထိမိမိ ရိုက်မိသွားတော့သည်။
ချန်းတယ်ယွီ၏ ပါးပြင်ကို ထိမိသွားပေမယ့် သူက စိတ်ဆိုးမသွားပါချေ။ သူက အသိပြန်ဝင်လာပြီး တည်တံ့တဲ့ မျက်နှာနဲ့ ပြောလိုက်သည်။
“မင်းရဲ့အစ်မက ပြောတယ်၊ မင်းက လျိုဒုန်ဖန်ချစ်ရတဲ့ ကောင်မလေးတဲ့၊ သူထိုင်ခုံကနေ ထွက်သွားတဲ့အချိန် အတောအတွင်းမှာ မင်းကို တွေ့ဖို့သွားတာတဲ့၊ မင်းဘာပြောချင်သေးလဲ”
“အာ….”
နန်းပေါင်ရီက သံရှည်ဆွဲ ညည်းညူလိုက်ပြီး ရှည်လျားတဲ့ ရွှေရောင်ငှက်မွေး နှစ်တောင်က ချန်းတယ်ယွီ၏ မျက်နှာကို ထပ်ပြီး ရိုက်ခတ်မိပြန်သည်။
သူမက ဖြူဖွေးသွယ်လျတဲ့ မေးဖျားလေးကို မာနကြီးစွာ ပင့်မော့လိုက်သည်။
“ကျူးကျူးနဲ့ ကျွန်မက ပွဲကြည့်စင်ပေါ်က ထွက်လာပြီးတော့ ဟန်သူဌေးမဆီက ပြဇာတ်ဝတ်စုံတွေနဲ့ လက်ဝတ်ရတနာတွေကို ငှားပြီး ဇာတ်စင်ပေါ်မှာ ဖျော်ဖြေနေကြတာပါ၊ တစ်လျှောက်လုံး ကျွန်မတို့ လျိုဒုန်ဖန်ကို လုံးဝ မတွေ့လိုက်ပါဘူး၊ ကျွန်မကို သခင်လေး မယုံဘူးဆိုရင် သူဌေးမဟန်ကို မေးကြည့်လို့ ရပါတယ်”
ချန်းတယ်ယွီက သူမကို အေးစက်တဲ့ အရိပ်အငွေ့တွေနဲ့ ကြည့်လိုက်သည်။
ဟန်ယန့်လျန်က ပြုံးရင်း “သခင်မလေး ၅ ပြောတာက အမှန်ဆိုတာကို ကျွန်မသက်သေ ပြုနိုင်ပါတယ်”
“ဇာတ်စင်ပေါ် မတက်ခင်မှာလည်း ကျွန်မက သူဌေးဟန်နဲ့ ရှိနေတာပါ၊ ဇာတ်စင်ပေါ်က ပြန်ဆင်းလာပြီးတဲ့ နောက်မှာလည်း မရေမတွက်နိုင်တဲ့ မျက်လုံးတွေက ကျွန်မကို မြင်လိုက်ကြတာပဲ၊ လျိုဒုန်ဖန်ကို တိုက်ခိုက်ဖို့အချိန် ကျွန်မမှာ ဘယ်လိုလုပ် ရှိမှာလဲ သူ့ကိုသတ်တယ် သူ့ကို သတ်ချင်ရင်တောင် အနည်းဆုံးတော့ သူက ရုန်းကန် လှုပ်ရှားမှာပဲလေ၊ ဟုတ်တယ်မလား ဒီနေရာမှာ ရုန်းကန်ထားတဲ့ အရာလည်း မတွေ့ရဘူး”
နန်းယန်က ပြန်လည် ချေပလိုက်သည်။
“ကျောင်းကျောင်း၊ ငါ့အစ်ကိုဝမ်းကွဲက နင့်ကို သဘောကျနေတာ၊ သူကနင့်ကို တွယ်ကပ် နေတာကို နင်မကြိုက်လို့ တစ်ယောက်ယောက်ကိုရှာပြီး သူ့ကို သတ်ခိုင်းလိုက်ပြီးမှ သူ့ဘာသာ သတ်သေသလို ပုံစံမျိုးဖြစ်အောင် လုပ်ကြံထားတာ နေမှာပေါ့၊ အဲ့ဒါမှ ပြစ်ဒဏ်က လွတ်မှာလေ”
နန်းပေါင်ရီက ပြုံးလိုက်ပြီး နန်းယန်ဘက်ကို လှည့်လိုက်တဲ့အခါ ငှက်မွေးလေးက ချန်းတယ်ယွီကို ထပ်ပြီး ရိုက်မိပြန်သည်။
သူမက ဂုဏ်ယူဝင့်ကြွားဟန်နဲ့ “ကျွန်မကို ချစ်ခင်နှစ်သက်တဲ့ သူတွေက အများကြီးပဲ၊ လောကကြီးမှာ ကျွန်မကို သဘောကျတဲ့ ယောက်ျားတွေမှ အများကြီးရယ်၊ အဲ့ဒီလူတွေ အားလုံးကို တစ်ယောက်ချင်း ကျွန်မက လိုက်သတ်ရမှာလား။ ထပ်ပြောရရင် တခြားသူတွေက ကျွန်မကို သဘောကျကြတယ် ဆိုတာ ကျွန်မက မိန်းမကောင်းလေး ဖြစ်ပြီး ကောင်းချီး ပေးခံရတဲ့ ကြွယ်ဝချမ်းသာတဲ့ မိန်းမပျိုလေးမို့လို့လေ၊ ပျော်တောင်ပျော်နေ ရဦးမှာကို ဘာလို့သူတို့ကို သတ်ရမှာတဲ့လဲ နန်းယန် နင့်ရဲ့ဦးနှောက်မှာ ပြဿနာ ရှိနေပြီ၊ နင့်လိုမျိုး ငါ့ကိုထင်မနေနဲ့”
“နင်…..”
နန်းယန်က သူမ၏ မရိုသေတဲ့ စကားတွေမှာ အံ့အားသင့်လွန်း သွားရသည်။ ကမ္ဘာပေါ်မှာ ဘယ်လို မိန်းကလေးမျိုးကများ ယောက်ျားတွေက ဝိုင်းကြိုက်ကြတာကို ဂုဏ်ယူဝင့်ကြွား နေမှာလဲ
သူမကို ယောက်ျားတွေ အများကြီးက နှစ်သက်ကြတာကို ပျော်ရွှင်နေသင့်သည်လား
ဒါက မိန်းကလေး တစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အပြုအမူတွေနဲ့ ဆန့်ကျင်နေသည်ပင်။
နန်းပေါင်ရီက ချန်းတယ်ယွီဘက်ကို ပြန်လှည့်လိုက်သည်။ ငှက်မွေးတောင်နဲ့ အရိုက်မခံရခင်မှာ ချန်းတယ်ယွီက နောက်ကို အချိန်မီ ဆုတ်လိုက်ရသည်။
နန်းပေါင်ရီက တည်ငြိမ်စွာနဲ့ ဖြေရှင်းပြသည်။
“လျိုဒုန်ဖန်က ဘာလို့ မိန်းမတစ်ယောက်ရဲ့ အဝတ်အစားတွေကို ဝတ်ထားတာလဲဆိုတော့…. ကျွန်မ ခန့်မှန်းရရင် သူက မိန်းမဖြစ်ချင်စိတ် ထက်သန်နေတာပဲ ဖြစ်ရမယ်၊ ဒါပေမယ့် သူရဲ့သဘော သဘာဝကို လောကကြီးက လက်မခံမှန်းသိလို့ သူက မရပ်တည်နိုင်တော့ဘဲ သူ့ကိုယ်သူ သတ်သေသွားတာ နေမှာ…”
“အဓိပ္ပါယ်မရှိဘူး….”
နန်းယန်က စိတ်ဆိုးမာန်ဆိုးဖြင့် “ငါ့ဝမ်းကွဲအစ်ကိုက ယောက်ျားကောင်း တစ်ယောက်ပဲ၊ ဘာလို့သူက မိန်းမတစ်ယောက် ဖြစ်ချင်ရမှာလဲ”
နန်းပေါင်ရီက ပြုံးလိုက်ပြီး “မမ၊ စိတ်မဆိုးပါနဲ့၊ တစ်ခါတလေမှာ ကျွန်မလည်း စိတ်ကူးမိတယ်၊ ကျွန်မသာ ယောက်ျားလေး တစ်ယောက်ဖြစ်ခဲ့ရင် ပတ်ဝန်းကျင်မှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်သွားမလဲလို့၊ တကယ်လို့ ကျွန်မသာ ယောက်ျားလေး တစ်ယောက်ဖြစ်ခဲ့ရင် ဆိုတာမျိုးကို စိတ်ကူးမိသေးရင် လျိုမိသားစုက အစ်ကိုကလည်း မိန်းကလေးဖြစ်ဖို့ စိတ်ကူးမိနိုင်တာပဲလေ၊ စိတ်ထဲက ဖြစ်နေတဲ့ နှစ်သက်သဘောကျမှု ဆိုတာမျိုးက ဘယ်သူမှ မသိနိုင်ဘူးလေ”
သူမက အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောနေတာတောင် သူမ၏ ပုံပန်းသွင်ပြင်က ယုတ္တိတန် နေသလိုဖြစ်နေသည်။ နန်းယန်က ပြောစရာစကား မရှိတော့အောင် စိတ်ဆိုးသွားရသည်။
ချန်းတယ်ယွီက နန်းပေါင်ရီကို တိတ်တဆိတ် ကြည့်လိုက်သည်။ ကောင်မလေး၏ မျက်နှာက ဖွေးဉ၍ သိမ်မွေ့ပြီး နူးညံလှသည်။ သူမက တစ်သန်းမှာတစ်ယောက် ရှာမှရှား လှပတဲ့ ဖြစ်တည်မှုလေးဖြစ်သည်။
အရှားပါးဆုံးကတော့ သူမက စကားပြောလည်း ကောင်းလှသည်။
သူက နန်းပေါင်ရီ၏ တုံးအမှုကို မနှစ်သက်ခဲ့တာ ဆိုပေမယ့် အခုတော့ကြည့်ရတာ သူမက လူပြိန်းတစ်ယောက် မဟုတ်နိုင်ဘဲ အရှိန်အဝါကြီးတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေလေသည်။
သူ မိုးနတ်မင်းကို သွားတွေ့လိုက်သင့်သည်။
သိပ်မဝေးလှတဲ့ နေရာက ရှောင်းယီက မျက်လုံးတွေကို မှေးကျဉ်း လိုက်သည်။ သူက ဘာအမူအရာမှ မပြဘဲ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။ သူက နန်းပေါင်ရီဆီကို လျှောက်သွားပြီး သူမ၏ လက်လေးကို ဆုပ်ကိုင်လိုက်သည်။
လူတွေအားလုံး၏ ရှေ့မှာပဲ သူက ကောင်မလေး၏ နှာခေါင်း ထိပ်ဖျားလေးကို ကြင်နာစွာ ပွတ်သပ် လိုက်ပြီး “မျက်နှာချေမှုန့်တွေက ထူပြိန်းနေတာပဲ၊ အိမ်ပြန်ရောက်ရင် ငါမျက်နှာသစ်ပေးမယ်”
“အလှအပအတွက် သေချာပေါက် အချိန်တော့ယူရမှာပေါ့”
နန်းပေါင်ရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ရှောင်းယီက နှုတ်ခမ်းကိုပိတ်ပြီး တဟက်ဟက် ရယ်မောလိုက်သည်။ ရုတ်တရက် သူက ချန်းတယ်ယွီကို အေးစက်တဲ့ အကြည့်နဲ့ကြည့်ပြီး မေးလိုက်လေသည်။
“မေးခွန်းတွေ အဆင့်ဆင့်မေးပြီး စစ်ဆေး အတည်ပြုပြီးပြီဆိုတော့ ကျောင်းကျောင်းမှာ အပြစ်မရှိကြောင်း သက်သေရပြီမလား၊ ငါတို့သွားတော့မယ်”
ပြောပြီးနောက် သူကနန်းပေါင်ရီကို စင်နောက်ဘက်ပိုင်းကနေ ခေါ်ထုတ်သွားတော့သည်။
နန်းပေါင်ရီက ခေါင်းကိုလှည့်ပြီး ချန်းတယ်ယွီကို မျက်နှာမဲ့ပြ လိုက်သေးသည်။
ဒီလူက လူသတ်သမားကို ရှာချင်နေသည်။ သို့ပေမယ့် လူသတ်သမားက သူ၏နှာထိပ်ဖျားကနေ ဟိတ်ဟန် ထုတ်ပြီး ဖြတ်လျှောက်သွားမှန်း သူမသိလိုက်ရှာပေ။
သူက စာတွေအများကြီး ဖတ်ထားပေမယ့် လုံးဝကို အသုံးမဝင်ပါချေ။ နောက်ဆုံးတော့ စာရွက်တွေက အတွေးတိမ်စေပြီး ဒီလိုကိစ္စမျိုးဆိုတာက အတွေ့အကြုံနဲ့သာ လုံးဝကို သက်ဆိုင်သည်။
အမတ်မင်းသာ သူ့နေရာမှာဆိုရင် သူမက လူသတ်သမားဆိုတာကို သိပ်မကြာခင်မှာပဲ သက်သေပြနိုင်မှာ ကျိန်းသေသည်။
သူမ၏ မီးငှက်သရဖူက ရှည်လျားတဲ့ ရွှေရောင်ငှက်မွေး နှစ်တောင်ဟာ ချန်းတယ်ယွီ၏ ပါးပြင်ကို ရိုက်မိနေပေမယ့် ချန်းတယ်ယွီက နာကျင်ဟန် လုံးဝမပြဘဲ စိတ်လည်း မဆိုးပါချေ။ သူမနဲ့ ရှောင်းယီ အောက်ထပ်ကို ဆင်းသွားတာကို သူကရပ်ကြည့်နေသည်။
သူတို့၏တွဲထားတဲ့ လက်တွေကိုကြည့်ရင်း သူ၏နှလုံးသားမှာ မပျော်ရွှင်တဲ့ ခံစားချက်က ပေါက်ကွဲ ထွက်လာသည်။ သူ၏အပိုင် ပစ္စည်းတစ်ခုကို တခြားသူက ယူဆောင်သွား ခံရသကဲ့သို့ပင်။
သူက သိစိတ်တဝက် မသိစိတ်တစ်ဝက်နဲ့ ဝရံတာ လက်ရန်းနားကို လျှောက်သွားပြီး အသံနက်နက်နဲ့ အော်လိုက်သည်။
“ရပ်လိုက်”
သူခေါ်လာတဲ့ ရဲမက်တွေက ရှောင်းယီနဲ့ နန်းပေါင်ရီကို လူသတ်သမားကို ဖမ်းသလို ဓါးရှည်တွေနဲ့ ပိတ်တားလိုက်သည်။
တဒင်္ဂမျှ အားလုံးက တိတ်ဆိတ်သွားသည်။ လေထု၏ အခြေအနေက ပေါက်ကွဲခါနီး အခြေအနေလို ဖြစ်သွားတော့သည်။
နန်းပေါင်ရီက ထိတ်လန့်သွားပြီး ရှောင်းယီကို ကြည့်လိုက်သည်။ အမတ်မင်း၏ ကြည့်ကောင်းလှတဲ့ မျက်နှာနဲ့ မေးရိုးက ပြီးပြည့်စုံအောင် ချောမောနေပြီး တည်ကြည် လေးနက်နေသည်။
သူကခေါင်းကိုတောင် လှည့်မသွားဘဲ “ချန်းသခင်လေးက ဘာလုပ်ချင်တာလဲ”
သူ၏နူတ်က အသံထွက်လာတဲ့အခါ ပွဲကြည့်စင် အောက်ထပ်က ဧည့်သည်တွေ အားလုံးက ရုတ်ခြည်း ထရပ်လိုက်ကြပြီး သူတို့၏ ဓါးရှည်တွေကို ဆွဲထုတ်လိုက်ကြသည်။
သူတို့က သာမာန်လူလို ဝတ်စားထားပေမယ့် သူတို့မှာ အေးစက်တဲ့ မျက်နှာထားနဲ့ စူးရှတဲ့အကြည့်တွေ ရှိကြသည်။ သူတို့အားလုံးက စစ်မြေပြင်မှာ တိုက်ခိုက်လာကြတဲ့ သူတွေဖြစ်ပြီး ရုံးတော်က ရဲမက်တွေလောက်က သူတို့ကို ယှဉ်လို့မရနိုင်ပါချေ။
ရဲမက်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဓါးကိုင်ထားတဲ့ သူတို့လက်တွေက တုန်လှုပ်လာကြသည်။
ချန်းတယ်ယွီ၏ မျက်နှာက အရုပ်ဆိုး အကျည်းတန် သွားတော့သည်။ ထိုဧည့်သည်တွေက ရှောင်းယီ၏ ရဲမက်တွေမှန်း သူလုံးဝကို ထင်မထားခဲ့ပါချေ။
ရှောင်းယီက နှစ်ကြိမ်ခန့် လှောင်ရယ် ရယ်လိုက်ပြီး နန်းပေါင်ရီကိုခေါ်၍ ပွဲကြည့်စင်ကနေ အထက်စီးဆန်စွာ ဂုဏ်သိက္ခာရှိရှိနဲ့ ထွက်သွားတော့သည်။
ရထားလုံးထဲမှာ ထိုင်ရင်းမှ နန်းပေါင်ရီက သူ့ကို လက်မ မထောင်ဘဲ မနေနိုင်တော့ချေ။
“အစ်ကို ၂ က အရမ်းတော်တာပဲ”
ရှောင်းယီက သူမကို စိုက်ကြည့်လိုက်သည်။ ထူပြိန်းနေသည့် မျက်နှာချေမှုန့်တွေနဲ့တောင် ကောင်မလေးက သိမ်မွေ့နုနယ်ပြီး ဆွဲဆောင်မှု ရှိနေဆဲပင်။ နန်းဆန်ပြီး ကျက်သရေရှိတဲ့မျက်နှာလေးက ထွက်ပြူနေသည်။
ချန်းတယ်ယွီ၏ အရူးထမှုကို သူ လှောင်မရယ် နိုင်တော့ပါချေ။
***