အပိုင်း (၁၆၇)
ရှောင်းယီက အမြဲတမ်း နန်းကျောင်းကျောင်း၏ နောက်ဆုံး ထွက်ပေါက်ပဲ။
“ဒီအစေခံက….”
နန်းပေါင်ရီက သူ၏ဗိုက်ကို ကို့ရို့ကားရားနဲ့ ထိကိုင်လိုက်ပြီး “ပြီးသွားပြီလား….”
ဧည့်ခန်းမ၏ လေထုအခြေအနေက ထူးဆန်းသွားတော့သည်။
“မမလေးယောင်း၊ မမလေးက ဒီနေရာမှာ ရှိနေတာပဲ”
အသံတစ်သံက တိတ်ဆိတ်နေသည့် လေထုကို ဖြိုဖျက်လိုက်သည်။
နန်းပေါင်ရီက ထိုနေရာကို ကြည့်လိုက်သည်။
ကျူးကျူးက ဝမ်ပို၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာက သက်သောင့်သက်သာ ရှိဟန်အပြည့်နဲ့ “ငါနင့်ကိုကယ်ဖို့ ရောက်လာပြီ”
သူမက ဇာတ်စင်ပေါ်သို့ ပြေးလာပြီး ထိတ်လန့်စရာ တစ်ခု တွေ့လိုက်သလို သူမ၏ ပါးပြင်ကို လက်နဲ့ ဖုံးအုပ်လိုက်ပြီး “အား… သခင်မလေး၊ မမလေးရဲ့ ချက်ကြိုးနဲ့ အချင်းက မြေပြင်ပေါ်ကျနေပြီ၊ မွေ့ရာပေါ်မှာ လှဲလိုက်ပါ၊ မဟုတ်ရင် မမလေးရဲ့ အူတွေပါ ထွက်လာတော့မယ်”
နန်းပေါင်ရီ “…”
သူမ၏ပြဇာတ်မှာ ဒီလိုစာသားမျိုး ပါတယ်လို့တော့ သူမ မထင်ပါချေ။ သို့သော်လည်း နန်းပေါင်ကျူးက ဉာဏ်ရှိရှိနဲ့ ဇာတ်ကွက်ကို ပြောင်းလဲလိုက်သည်။ သူမကို မွေ့ရာပေါ်မှာ လှဲဖို့ ကူညီရုံတင်မက ကျနေသည့် ခေါင်းအုံး သုံးလုံးကိုလည်း လက်မောင်းကြားမှာ ကောက်ယူ ပွေ့ချီလိုက်ပြီး သရုပ်ဆောင် လေတော့သည်။
“မမလေး၊ ဒီကလေးရဲ့ မျက်ခုံးတွေက ကြည့်ကောင်းလိုက်တာ၊ ဧကရာဇ်ရှီလိုပဲ၊ ကြည့်ပါဦး သူတို့က ကျွန်မကို ရယ်ပြနေကြတယ်”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
လေးလံ ထိုင်းမှိုင်းနေသည့် ဧည့်သည်တွေကလည်း နှောင့်နှေး မနေတော့ဘဲ ဇာတ်ခုံပေါ်က ဇာတ်ကွက်ကို ကြည့်ဖို့ တွန်းအားပေး ခံလိုက်ရသလိုပင်။ သူတို့က ရယ်မောကြပြီး တော်တော်နဲ့ အတောမသတ် နိုင်ကြပေ။
သို့သော်လည်း သံသယဝင်စရာ မလိုစွာဘဲ ဒီဇာတ်ကွက်က ယောက္ခမနဲ့ ချွေးမ၏ ရန်ပွဲထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေသည်က အမှန်ဖြစ်သည်။
အထူးပွဲကြည့်စင်မှာတော့….
အဘွားအိုက မယုံကြည်နိုင်စွာ သူမ၏မျက်လုံးတွေကို ပွတ်သပ်မိတော့သည်။
အထက်အောက် အစုန်အဆန် ကြည့်လည်း ဇာတ်ခုံပေါ်က နှစ်ယောက်က သူမ၏ မြေးမလေးများသာ ဖြစ်နေသည်။ သူတို့က သူမ၏အသွေးအသား အရင်းတွေမို့ ဘယ်လိုပဲ ရောင်စုံ မျက်နှာချေတွေ ထူပြိန်းနေအောင် လိမ်းထားထား အဘွားဖြစ်သူကတော့ တစ်ချက်ကြည့်ရုံနဲ့တင် သိရှိသည်ပဲ။
သူမက သခင်မကျန်း၏ လက်ကို ဆွဲလိုက်ပြီး လေသံသဲ့သဲ့ဖြင့် “ဒုတိယချွေးမ၊ ကျောင်းကျောင်းနဲ့ ကျူးကျူးက ဘာလို့ ပြဇာတ်ခုံပေါ် ရောက်နေကြတာလဲ၊ ကောင်းလိုက်တဲ့ ကလေးတွေ၊ ပြဇာတ်က တာလည်း ဘာနဲ့တူနေမှန်းမသိ၊ ဘာတွေရှုပ်နေကြတာလဲပဲ”
သခင်မကျန်းက ငိုချင်သွားရသည်။ အရင်းစစ်လိုက်ရင် သူမ၏သမီးက စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု နှေးကွေးတာကြောင့် ဖြစ်လောက်မည်။
နန်းပေါင်ကျူးက ခေါင်းအုံးသုံးလုံးကို ကောက်ယူပြီး ကလေးပုခက်ထဲ ထည့်လိုက်တာကိုရော မွေ့ရာဆီ ပြေးပြီး အော်နေတာကိုရော တွေ့နေရသည်။
“မကြောက်နဲ့ မမလေးယောင်း၊ မမလေးရဲ့ အူတွေကို ပြန်ထည့်ဖို့ ကျွန်မ ကူပေးမယ်၊ မမလေး မိခင်ရော ကလေးပါ ဘေးကင်းစေရမယ်၊ ဘာမှမပူနဲ့ မမလေး၊ ကျွန်မက ရှုနိုင်ငံက အတော်ဆုံး သမားတော်ဆီမှာ တပည့်ခံထားတာ၊ ဧကရာဇ်ရဲ့ နန်းတော်ထဲကို မိန်းမတစ်ယောက်လို ရုပ်ဖျက်ပြီး ဝင်လာခဲ့တာ၊ အဲ့ဒါက ကျွန်မဝါသနာလေ၊ ကျွန်မရဲ့ဆေးပညာက ထိပ်တန်းပဲ”
နန်းပေါင်ရီက မျက်ရည်မကျဘဲ ငိုချင်သွားရသည်။
တစ်ဝမ်းကွဲမမနဲ့ ပူးပေါင်းဖို့ဆိုရင် သူမက ဆန်းကြယ်လှတဲ့ အူတွေကို ပြန်ထည့်တဲ့ အခန်းကို ခက်ခက်ခဲခဲ သရုပ်ဆောင် ရပေတော့မည်။
ဒီဇာတ်လမ်းက နဂိုလမ်းကြောင်းပေါ်ကို ပြန်ရောက်ပါဦး မလားလို့ သူမစိတ်ပူမိသည်။
ဒုတိယထပ်မှာတော့ ရှောင်းယီက ပွဲကြည့်စင် တစ်လျှောက် ဟိုဟိုသည်သည် လျှောက်သွားနေသည်။ နန်းကျောင်းကျောင်း၏ တစ်ပြိုင်နက်တည်း ကလေးကိုးယောက် မွေးတဲ့အခန်းကို ကြည့်ရတာဟာ အဘွားအို သခင်မဟောင်ကို ဆူပူတာထက် ပိုပြီးကြည့်ဖို့ အားသန်စေသည်။
စကားလုံး ဆယ်လုံးကို သူ၏နားထဲမှာ ကြားယောင်လာသည်။ သူက လိမ္မော်သီးကို ဖြည်းညင်းစွာ စားနေသည်။
‘ကိုယ်လုပ်တော်၏ နှုတ်ဆက်ခြင်း’… ယုဂျီက ငိုကြွေးနေသည်…..
မိန်းကလေးက ဉာဏ်ကောင်းလှပြီး သူမကိုယ်သူမ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို သိနေပြီပင်။
အခုတော့ သူမက အခင်းဖြစ်ရာ နေရာမှာ သူမ မရှိဘူးဆိုတာကို သက်သေပြဖို့ ဇာတ်စင်ပေါ်ကို ရောက်နေပြန်လေပြီ။
ရှီးယန်က စိတ်သောက ရောက်စွာ စောင့်မျှော်နေသည့် လျိုမိသားစုဘက်ကို ကြည့်လိုက်ပြီး အသံကိုနှိမ့်၍ သူ့ကိုမေးလိုက်သည်။
“လျိုဒုန်ဖန်ရဲ့ ခန္ဓာကိုယ်က ဇာတ်စင်နောက်မှာ ရှိနေတုန်းပဲ၊ အဲ့ဒါကို သေသပ်အောင် ရှင်းနိုင်ပါ့မလား”
“သူက ကောင်းကောင်း ကိုင်တွယ်တတ်နေပြီ၊ ကြားဝင်ပေးဖို့ မလိုဘူး”
“ဟုတ်ကဲ့”
ဇာတ်စင်ပေါ်မှာတော့ နန်းကျောင်းကျောင်းက ခြောက်ယောက်မြောက် ကလေးကို မွေးဖွားနေလေပြီ။ နန်းပေါင်ကျူးက ကတ်ကြေးကို လက်တစ်ဖက်မှာ ကိုင်ပြီး ရှည်လျားတဲ့ လွှကို နောက်တစ်ဖက်က ကိုင်ထားသည်။ ကျယ်လောင်စွာ အော်ဟစ်နေတာက ကလေး မွေးဖွားနေတာနဲ့ မတူဘဲ အသိပေးချက်ကို အော်ဖတ်နေတာနဲ့ တူနေသည်။
ရှောင်းယီက နူးညံ့တဲ့မျက်လုံးတွေနဲ့ လိမ္မော်သီး အမွှာတွေကို စားနေသည်။
ကောင်မလေးက ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း မလုပ်ချင်ဘူးဆိုရင် သူက သူမကို နောက်မှာထားပြီး သူ၏တောင်ပံတွေနဲ့ ကာကွယ်ပေး၍ အသေးစိတ် စောင့်ကြည့်ရင်း ဂရုစိုက်ပေးမည်။
တကယ်လို့ သူမကသာ ကောင်းကင်နဲ့ တိမ်စိုင်တွေကို ပြောင်းပြန်လှန်ပစ်ဖို့ သူ၏အာဏာကို လိုလာပြီ ဆိုရင်တော့ သူမကို သူနဲ့အတူ ပျံသန်းခွင့် ပြုလိုက်မည် ဖြစ်သည်။
ရှောင်းယီက အမြဲတမ်း နန်းကျောင်းကျောင်း၏ နောက်ဆုံး ထွက်ပေါက်တစ်ခု ဖြစ်စေရမည်……
သတ္တမမြောက် ဇာတ်ဝင်ခန်းက ပြီးဆုံးခါနီးလေပြီ။
နန်းယန်က စိတ်ရှုပ်ထွေးနေပြီး ကျောချမ်းတဲ့ ခံစားချက်ကို ခံစားနေရသည်။ ဇာတ်စင်နောက်ကို သွားမကြည့်ဘဲ မနေနိုင်တော့ချေ။
အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်ကြာလာတာတောင် လျိုဒုန်ဖန်က ဘာလို့ ပြန်မလာသေးတာလဲ အစေခံတွေကလည်း နန်းပေါင်ရီနဲ့ လျိုဒုန်ဖန် အကြောင်းကို အတင်းအဖျင်း မပြောကြသေးချေ။
ပွဲကြည့်စင် တစ်ခုလုံးက ထူးထူးခြားခြား ငြိမ်သက်နေပြီး အားလုံးက မရင့်ကျက်တဲ့ ပြဇာတ်သမ နှစ်ယောက်၏ ဆွဲဆောင်မှုမှာ ရယ်မောနေကြသည်။
နန်းယန်က ပြန်ထိုင်လိုက်သည့် အချိန်မှာပဲ အစေခံတစ်ယောက်က ဖြူဖျော့နေသည့် မျက်နှာနဲ့ ပြန်ရောက် လာသည်။
သူမက နန်းမိသားစုဝင်တွေ အားလုံးကို ဂါရဝပြုလိုက်ပြီး စိုးရိမ်ကြောင့်ကြစွာနဲ့ပြောလာသည်။
“စင်နောက်မှ၊ တစ်ခုခုဖြစ်သွားတယ်၊ စင်နောက်မှာ ….”
နန်းယန်၏ မျက်လုံးတွေက မြင့်တက်သွားသည်။ လျိုမိသားစုက အစ်မတွေ၊ ညီမတွေ အားလုံးကလည်း ထို့နည်းတူစွာ စိတ်လှုပ်ရှား သွားကြသည်။
အစ်မလျိုက မတ်တပ်ရပ်၍ အစေခံ၏ လက်ကို ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ “ငါ့သားနဲ့ ပတ်သက်တဲ့ အကြောင်းမလား”
သူမက နန်းအိမ်တော်၏ ကြွယ်ဝချမ်းသာမှုတွေကို တပ်မက်နေပြီး ထိုအရာတွေအားလုံး သူမတို့ လျိုမိသားစု၏ လက်ထဲကို ရောက်လာမှာကို တွေးပြီး စိတ်ကူးယဉ် နေလိုက်သည်။
နန်းပေါင်ရီက သူတို့မိသားစုကို ကျိုးနွံစွာနဲ့ အလုပ်အကျွေး ပြုနေရမှာကို မြင်ယောင်နေတော့သည်။
အစေခံက သူမ၏လက်ကို ရုပ်လိုက်ပြီး စိတ်လောနေပုံနဲ့ “ဒီမှာအတူတူ ပြဇာတ်ကြည့်နေတဲ့ လျိုမိသားစုက ယောက်ျားလေးက စင်နောက်မှာ လဲနေလို့…. သွေးတွေကလည်း ကြမ်းပြင်ပေါ်မှာ အပြည့်ပဲ၊ သူအသက် မရှိတော့ဘူး…”
လူတွေအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြသည်။
သတင်းအတိုချုပ်ကို ကြားပြီးတဲ့အခါ အစ်မလျို၏ မျက်နှာက ဖြူဖျော့သွားပြီး ယိမ်းယိမ်းယိုင်ယိုင်နဲ့ စင်နောက်သို့ ပြေးသွားတော့သည်။
နန်းယန်က ခေါင်းကိုငုံ့ပြီး မယုံကြည်နိုင်မှုနဲ့ ပြည့်နေသည့် သူမ၏ မျက်နှာကို ဖုံးကွယ်လိုက်သည်။
လျိုဒုန်ဖန်က တစ်ကိုယ်ကောင်း ဆန်ပြီး စည်းစိမ်ဥစ္စာတွေကို လောဘတက်ပေမယ့် သူ၏ဘဝက ပျော်စရာ ဖြစ်မလာဘဲ အခုလို ပြီးဆုံးသွားတော့သည်လား
သူက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် သတ်သေမှာမဟုတ်ပါချေ။
ဒီကြားထဲမှာ တစ်ခုခု နားလည်မှု လွဲနေတာပဲဖြစ်ရမည်။
နန်းမိသားစု၏ မျက်နှာတွေကလည်း မကောင်းတော့ပါချေ။ နန်းသခင် ၂ က အဘွားအိုကို ထူပေးလိုက်ပြီး လေသံသဲ့သဲ့နဲ့ ပြောလာသည်။
“အမေ၊ အမေက အရမ်း အသက်ကြီးနေပြီ၊ သွေးထွက်သံယိုတွေကို ကြည့်ဖို့ အဆင်မပြေတော့ဘူး၊ အမေတို့က အိမ်တော်ကို အရင်ပြန်နှင့်ကြပါ၊ ဒီနေရာမှာ ကျွန်တော်ပဲ နေခဲ့လိုက်မယ်၊ ရုံးတော်ကို တိုင်ချင်တယ် ဆိုရင်လည်း လူတွေရှိနေတာပဲ၊ ကလေးတွေက ကြည့်လုပ်ကြပါလိမ့်မယ်”
အဘွားအိုက ခေါင်းညိတ် လက်ခံလိုက်သည်။ သခင်မကျန်းက အဘွားအိုကို တွဲပြီး ဆွေမျိုးတွေ နဲ့အတူ အောက်ထပ်သို့ ဆင်းသွားတော့သည်။
အပြင်ဘက်က ရထားလုံးတွေကို ရောက်တော့ အဘွားအိုက ရှောင်းယီကို ညီမငယ်လေး နှစ်ယောက်ကို ရှာပြီး အမြန်ဆုံး အိမ်တော်ကို ပြန်ပို့ပေးဖို့ မှာလိုက်သည်။ ပြီးနောက် ရထားလုံးတွေက ထွက်ခွာ သွားတော့သည်။
သူတို့ထွက်သွားပြီး မကြာခင်မှာပဲ ချန်းတယ်ယွီက လက်ထောက် နဲ့အတူ ရောက်လာခဲ့သည်။ စင်နောက်ဘက်က အခင်းနေရာကို သွားဖို့ လမ်းရှင်းထားပြီး ဖြစ်သည်။
ချန်းတယ်ယွီက ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပဝါ တစ်ထည်နဲ့ ဖုံးအုပ်၍ အလောင်းကို စစ်ဆေးလိုက်ပြီး သူက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုပဲ၊ မင်းရော ဘယ်လိုထင်လဲ”
လူကြီးက သေချာစွာ စစ်ဆေးလိုက်ပြီး “ချန်းသခင်လေးကို အစီရင်ခံပါတယ်၊ ဒီနိမ့်ကျတဲ့ အပြင်အဆင်က ဖော်ပြနေတာကတော့ ဒီလူဟာ ကျိန်းသေပေါက် ကိုယ့်ကိုယ်ကိုယ် သတ်သေတာပါ၊ သူ့လည်ပင်းက ဓါးဒဏ်ရာက ညာဘက်လက်နဲ့ ဓါးကိုကိုင်ခဲ့တယ်ဆိုတဲ့ သက်သေပါပဲ”
နန်းယန်က လူအုပ်ကြားထဲကို တိုးဝင်ပြီး မျက်ရည်ဝိုင်းနေသည့် မျက်လုံးတွေနဲ့ ရပ်နေသည်။
သူမက ငိုကြွေးရင်း “အစ်ကိုချန်း၊ သေသွားတဲ့သူက ညီမရဲ့ တစ်ဝမ်းကိုအစ်ကို လျိုဒုန်ဖန်ပါ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် သူနဲ့စကားပြော ဖြစ်ခဲ့သေးတယ်၊ သူက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ပါ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ တစ်ခုခု နားလည်မှု လွဲတာနေ မှာ၊ အစ်ကိုချန်း ညီမရဲ့ ဝမ်းကွဲအစ်ကိုကို သတ်တဲ့ လူသတ်သမားကို ရှာပေးပါနော်”
သူမက ချန်းတယ်ယွီ၏ လက်မောင်းတွေ ကြားထဲကို ပစ်ဝင်လိုက်ပြီး မိုးစက်တွေ တပေါက်ပေါက် ကျဆင်းနေသလို ငိုကြွေးတော့သည်။
ချန်းတယ်ယွီက မျက်မှောင်ကြုတ် လိုက်သည်။ ရဲမက်တွေ အများကြီး စောင့်ကြည့်နေကြတဲ့ နေရာမှာ နန်းယန်က သူ၏လက်မောင်းတွေ ကြားထဲကို တိုးဝင်လာခဲ့တာက လွန်မနေဘူးလား
သူက နန်းယန်ကို တွန်းထုတ်လိုက်ပြီး “သံသယရှိစရာက ဘာလို့ လျိုဒုန်ဖန်က သူသေတဲ့အချိန်မှာ မိန်းမ အဝတ်အစားတွေကို ဝတ်ဆင်ထားတာလဲ ဆိုတာပဲ၊ နန်းယန်၊ လျိုဒုန်ဖန်က ပုံမှန်နေ့တွေမှာ မိန်းမ အဝတ်တွေကို ဝတ်လေ့ရှိလား”
နန်းယန်က သူ၏အလုပ်အပေါ် သဘောထားကြောင့် အလွန် ကသိကအောက် ဖြစ်သွားရသည်။ သူမက မျက်ရည်တွေကို သုတ်လိုက်ပြီး လေသံသဲ့သဲ့ဖြင့် ပြောလာသည်။
“အဲ့ဒီလို အကျင့်မျိုး မရှိပါဘူး၊ ဖြစ်နိုင်တာက သူ့ကိုသတ်ခဲ့တဲ့ လူသတ်သမားက ဝတ်ပေးထားတာပဲ နေမှာ.. ပြီးတော့ အစ်ကိုချန်း ကိစ္စတစ်ခု ရှိသေးတယ်၊ ယန်အာက အဲ့ဒါကို ပြောသင့်မပြောသင့် တွေဝေနေလို့ပါ”
“လူတစ်ယောက်ရဲ့ အသက်နဲ့ဆိုင်တဲ့ ကိစ္စက အရေးကြီးတယ်၊ ပြောသာပြောပါ”
“တဝမ်းကွဲအစ်ကိုရဲ့ ချစ်ရသူက နန်းပေါင်ရီပါ၊ ပြီးတော့…”
နန်းယန်က ပြောဖို့ တွန့်ဆုတ်နေပြီး “ဝမ်းကွဲအစ်ကို ပွဲကြည့်စင်ပေါ်က ထွက်သွားတာက နန်းပေါင်ရီကို သွားရှာတာပါ၊ ဒီသေဆုံးခြင်းက နန်းပေါင်ရီနဲ့ ဆိုင်မဆိုင်တော့ ညီမ မသိဘူး၊ တကယ်လို့ ဆက်စပ်မှု ရှိခဲ့တယ် ဆိုရင်တော့ အစ်ကိုချန်းက သူ့ကို ဆင့်ခေါ်ပြီး မေးမြန်းကြည့်တာ ပိုကောင်းမယ် ထင်ပါတယ်၊ သူနဲ့မဆိုင်ဘူးဆိုရင် သူက ထိပ်တိုက် ရင်ဆိုင်ရဲရမှာပေါ့”
***