အပိုင်း (၁၆၃)
လူတွေ အများကြီး၏ ရှေ့မှာ ငြင်းဆန် ခံရလိုက်ရသည့်အခါ နန်းယန်က ရှက်ရွံ့ပြီး ဒေါသလှိုင်း ထန်သွားတော့တယ်။
ရှောင်းယီက ချိုမြိန်တဲ့ အစာသွပ်မုန့်တစ်ခုမှန်း အဘွားအိုက သိထားသည်။
သို့သော်လည်း ဒီလို ကမ်းလှမ်းမှုမျိုးကိုတော့ သူမ မျှော်လင့် မထားခဲ့ပါချေ။ ဒီအစ်မကြီးတွေ အားလုံးက သူတို့၏ လက်ကိုင်ပဝါတွေကို သူမကို ကမ်းပေးနေကြသည်။ အားလုံးက စူးရှတဲ့ အမြင်တွေ ရှိကြတာကြောင့် သူမ၏ မြေးဦး နန်းချန်းလီကိုတော့ တုံးအပြီး မိန်းကလေးတွေကို ပျော်ရွင်အောင် မလုပ်နိုင်ဘူးလို့ သုံးသပ်ပြီး မနှစ်သက်ကြချေ။ သို့သော်လည်း ရှောင်းယီကို ဒီလောက် သဘောကျ လိမ့်မယ်လို့တော့ သူမထင်မထားခဲ့မိပေ။
သူမက ရှောင်းယီကို ကြည့်လိုက်သည်။ လူငယ်က ချောမောပြီး ဂုဏ်သရေကြီးမြင့်တဲ့ ဟန်ပန်အမူအရာ ရှိသည်။ ရာထူးမြင့်ပြီး ကြုံတောင့်ကြုံခဲ ကျိုးကြောင်းဆီလျော်စွာလည်း တွေးခေါ်တတ်သည်။
သူမက ရှောင်းယီ အကြောင်းကို အများကြီး တွေးနေမိပေမယ့် သူက ကျောင်းကျောင်းအာကို တပ်မက်ဖူးတာကြောင့် သူမနဲ့ သူက အက်ကြောင်း ထင်ထားခဲ့ဖူးသည်။
သို့သော်လည်း ………….
ရှောင်းယီကို တခြား မိန်းကလေးတွေနဲ့ စေ့စပ်ပေးဖို့ကိုတော့ သူမ မလိုလားပါချေ။ သူမ၏ ကျောင်းကျောင်းအာက အမေ မရှိတော့သလို ရှိတဲ့အဖေကလည်း ဖခင်ဝတ္တရား မကျေပွန်ပေ။ အဘွားတစ်ယောက် အနေနဲ့ ကာကွယ်ပေးပြီး ကောင်းမွန်တဲ့ အရာတွေ အားလုံးကို ကျောင်းကျောင်း အတွက် ထိန်းသိမ်းပေးရမည့် တာဝန်ရှိသည်။
ပြဿနာက ရှောင်းယီ၏ နောက်ကြောင်း ရာဇဝင်က ကောင်းမနေတာပင်။
နောက်တစ်ခေါက် စဉ်းစားကြည့်ရင်တော့……….
အဘက်ဘက်က တွေးတောပြီးသည့်အခါ သူမက အပြုံးနဲ့ ပြောလိုက်သည်။
“မြေးလေးမှာက စိတ်ကူးထားတာ ရှိပါတယ်၊ သူကြိုက်တာ မကြိုက်တာပေါ် မူတည်တာပေါ့”
ထိုစကားက ပညာသားပါပါနဲ့ ငြင်းပယ်လိုက်ခြင်းပါပေ။
အဘွားအိုတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးရင်း “အဲ့ဒါက လွယ်ပါတယ်၊ နှစ်သစ်ကူးပြီး ပထမလမှာ မြေးလေးတွေကို ခေါ်လာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပါစေ၊ ကောင်းမွန်တဲ့ အရာတစ်ခုဖြစ်လာရင် ငါတို့ မိသားစုတော်လို့ ရပြီပေါ့၊ ဟုတ်တယ် မလား”
တခြား မိန်းမကြီး တစ်ယောက်ကလည်း ရှောင်းယီက ဖော်ရွေလောက်တယ်လို့ ထင်ပြီး သူက ရှောင်းယီ၏ ဘေးမှာ ထိုင်၍ သူ၏လက်ကို ကြင်နာစွာ ကိုင်၍ “အမတ်မင်းရဲ့ စစ်မြေပြင်မှာ အောင်မြင်ခဲ့တဲ့ အကြောင်းတွေကို အများကြီး ကြားထားတယ်၊ ဒီလောက်ကြည့်ကောင်း ချောမောမယ်လို့ ထင်မထားခဲ့ဘူး၊ ဘယ်လို ပုံစံမိန်းကလေးမျိုးကို သဘောကျလဲ အဘွားတို့ မိသားစုမှာ မြေးမလေးတွေ အများကြီး ရှိတယ်၊ အားလုံးက ချောမောလှပကြတယ်”
သူမက ရှောင်းယီ၏ ဘေးကိုသွားပြီး စကားစတာကို မြင်တဲ့အခါ တခြား သူတွေကလည်း ထိုင်မနေနိုင် တော့ပါချေ။ ရှေ့ကို တိုးလာကြပြီး ကြောင်းလမ်းဖို့အတွက် မေးမြန်းကြတော့သည်။
နန်းပေါင်ရီက ပန်းထိုး ထိုင်ဖုံပေါ်မှာ ထိုင်၍ မိန်းမကြီးတွေက ရှောင်းယီကို တွန်းအား ပေးနေကြတာကို ကြည့်နေပြီး သူမက နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်သည်။
အမတ်မင်းကတော့ ဒီအချိန်မှာ ရှုံးနိမ့်ဖို့ လမ်းစပေါ်နေလေပြီ…..
ထိုနေရာမှာ အင်မတန် စည်ကားနေသည်။ ထိုစဉ်မှာပဲ ပြဇာတ်ရုံ အပြင်ဘက်က ဒေါသသံက ရုတ်တရက် ထွက်ပေါ်လာသည်။ နန်းပေါင်ရီက အစေခံတစ်ယောက်ကို ခေါ်ပြီး မေးမြန်းလိုက်သည်။
“ပြဇာတ်က စတော့မှာကို အပြင်မှာ ဘာတွေ အငြင်းပွားနေတာလဲ”
“မမလေး ၅ ကို ပြန်ဖြေပါတယ်၊ အဲ့ဒါက ဘုရင်ခံအိမ်တော်က သခင်မက အထဲကိုဝင်ပြီး ပြဇာတ် ကြည့်မလို့တဲ့၊ ဒါပေမယ့် သူဌေးမဟန်က သူတို့ကို ခုံတွေ ပြည့်သွားပြီမို့လို့ ဝင်ကြည့်ခွင့် မပေးဘူး၊ ဒါပေမယ့် အဲ့ဒါကို သူတို့က လက်မခံဘဲ ငြင်းခုံကြပြီး ရန်ဖြစ်နေကြတာပါ”
နန်းပေါင်ရီ၏ မျက်ခုံးတွေက မြင့်တက်သွားသည်။
အဲ့ဒီတော့ သခင်မဟောင်က သူမရေးတဲ့ ပြဇာတ်၏ ပရိသတ် အကြီးစားပေါ့
ဒီပြဇာတ်က သခင်မဟောင်ကို အခြေတည်ပြီး ရေးထားတာ ဖြစ်သည့်အတွက် သူ့ကို ဖိတ်ခေါ်လိုက်မှ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတော့မှာပေါ့လေ….
သူမက ပြုံးလိုက်ပြီး “ထိုင်ခုံတွေက ရှိပါသေးတယ်၊ သူတို့ကို ခေါ်လိုက်မလား၊ ပြီးတော့သူက မမရဲ့ အနာဂတ် ယောက္ခမလောင်းပဲလေ”
အားလုံးက နန်းယန်ကို အထင်အမြင်သေးသည့် အကြည့်နဲ့ ကြည့်လိုက်ကြသည်။
အဘွားအို၏ အစ်မကြီးတွေက နေ့တိုင်း သူမတို့ဘာသာ ပြိုင်ဆိုင် နေကြပေမယ့် ဘာကမှားနေလဲ ဆိုတာကိုတော့ သိကြသည်လေ။ ဒီအစေခံမ၏ သမီးက နန်းအိမ်တော်က မြေးမလေး၏ ကောင်းမွန်တဲ့ မင်္ဂလာပွဲကို လုယူသွားတယ် ဆိုတာကို သူတို့သိကြသည်။
အဲ့ဒါကြောင့် အကြည့်တွေက အထင်အမြင်သေးမှုတွေနဲ့ ပြည့်သိပ်နေသည်။
နန်းယန်က ပန်းထိုးပဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ ထင်ထားတာက နန်းပေါင်ရီနဲ့ ချန်းအိမ်တော်က တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြဘူးဟုပင်။ သို့ပေမယ့် နန်းပေါင်ရီက ချန်းသခင်မကို ပြဇာတ်ကြည့်ဖို့ ဖိတ်ခေါ်မယ်လို့ သူမ ထင်မထားခဲ့ပါချေ။
ဘာလို့လဲ…..
သို့သော်လည်း သူမမေးခွန်းအတွက် အဖြေက ရှိမနေပါချေ။
ဘုရင်ခံချန်း၏ ဇနီးက တခြား မိန်းမကြီးတွေနဲ့ ပြဇာတ်ကြည့်ဖို့ ဝင်လာကြသည်။ အားလုံးက အရာရှိကတော်တွေ ဖြစ်တာမို့ အနောက်ခြံကို စီမံရတာအပြင် အလုပ်မရှိကြတာကြောင့် သူတို့က လက်ဖက်ရည် သောက်ပွဲတွေနဲ့ ပြဇာတ်ကြည့်ရင်း စကားများရတာကို နှစ်သက်ကြသည်။
ဒီနေ့တော့ သခင်မဟောင်က နွေဦးကျောက်စိမ်း စံအိမ်မှာ ပြဇာတ်ကြည့်ဖို့ တခြားသူတွေကို ဦးဆောင်ပြီး ခေါ်လာတာဖြစ်သည်။ မမျှော်လင့်ထားတာက အဝင်ဝမှာတင် တားဆီးခြင်း ခံရမယ်လို့ပင်။
သူမက လက်မခံနိုင်ဘဲ တံခါးဝမှာတင် အချင်းများ ကြတော့သည်။
အခုတော့ အစေခံ တစ်ယောက်၏ ဒုတိယထပ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်ခြင်းကို ခံလိုက်ရသည်။ သူမက ဆံထိုးကို ကြည့်ကောင်းအောင် ပြင်လိုက်ပြီး သူမ၏သွင်ပြင်က မာနကြီးဟန် ပိုပြီး ထင်ပေါ်လာသည်။
“ပြဇာတ်သမတွေ အားလုံးက တကယ်တော့ ရာထူးကြီးတဲ့ အိမ်တော်က သူကို ကြောက်ကြရတယ် ဆိုတာက ထုံးစံပဲ၊ ငါတို့က မင်းတို့ကို ချီးမြှောက်ဖို့ လာကြည့်တာ၊ နွေဦးကျောက်စိမ်း စံအိမ်က ဂုဏ်တောင် တက်ရဦးမှာ နောက်တစ်ခါဆိုရင် ငါတို့ကို ဒီလို မသိမိုက်မဲပြီး လျစ်လျှုရှုတာမျိုးတွေ မလုပ်နဲ့”
အစေခံက သည်းမခံနိုင်တော့ဘဲ နှိပ်ကွပ်လိုက်သည်။
“သခင်မကြီး ပြဇာတ်ရုံထဲကို ဝင်ကြည့်ခွင့် ရတယ်ဆိုတာက နန်းသခင်မလေး ၅ ရဲ့ ဖိတ်ခေါ်မှုကြောင့်ပါ၊ အာဏာရှိတဲ့ မိသားစုကို ဦးစားပေးလို့ မဟုတ်ပါဘူး၊ ဒီမှာ နန်းအိမ်တော်က အိမ်သားတွေ ရောက်နေကြတာပါ၊ နွေဦးကျောက်စိမ်း စံအိမ်က ပြဇာတ်ရုံ တစ်ရုံလုံးကို နန်းအိမ်တော်က ကြိုတင် ငှားရမ်းထားတာ၊ တခြားသူကို အဝင်မခံဘူး”
“ဒီအစေခံက စကားကြီး စကားကျယ်နဲ့”
သခင်မဟောင်က သုန်မှုန်သွားတော့သည်။ မိန်းမတစ်ယောက်က သူမ၏ ဝတ်ရုံလက်ကို ဆွဲလိုက်ပြီး သတိပေးလာသည်။
“နန်းသခင်မလေး ၅ ဆိုတာက နန်းပေါင်ရီမလား လက်ထပ်ပွဲ ပျက်သွားတဲ့ နင့်ချွေးမဟောင်းလေ”
သခင်မဟောင်က သူမ၏စကားကို ပြန်မဖြေနိုင်ဘဲ လန့်ထိတ် သွားတော့သည်။
ခဏအကြာမှ သူမက ပြုံးပြီး “အင်း၊ ဟုတ်တယ်၊ အဲ့ဒီကလေးမက ကြောင်းလမ်းခြင်း ဖျက်သိမ်းတုန်းက ငိုလိုက်တာ ဆိုတာလေ၊ သူက အိမ်က ဒုတိယသားကို လက်မလွှတ်နိုင်ဘူး၊ ဒီနေ့ကိစ္စက ချန်းအိမ်တော်ကို သူပြန်ဝင်ချင်လို့ အခုလို ဖိတ်ခေါ်တာပေါ့၊ သူက အိမ်ကသားကို သတိရ လွမ်းဆွတ် နေတုန်းပဲလေ…”
“ချန်းသခင်လေးက လူမှုပတ်ဝန်းကျင်မှာရော စစ်ဖက်ရေးရာမှာပါ အရည်အချင်းလည်း ရှိသလို အာဏာလည်း ရှိတယ်၊ ရှုနိုင်ငံက ဘယ်မိန်းမပျိုကများ မကြိုက်ဘဲ နေနိုင်ပါ့မလဲ၊ သခင်မချန်းက တကယ်ကို ကောင်းချီး ပေးခံရတာပဲ”
“ဘယ်ကသာ၊ ဘယ်ကသာ..”
သခင်မဟောင်က ပြုံးရင်း ကျယ်လောင်စွာ ပြောလာသည်။
“အထဲဝင်ပြီး နန်းပေါင်ရီက ငါ့ကို ဘယ်လို ကပ်ဖားရပ်ဖား လုပ်မလဲဆိုတာ ကြည့်ကြတာပေါ့”
အစိုးရ အရာရှိကတော် အဖွဲ့က ဒုတိယထပ်သို့ တက်သွားပြီး ထိုင်ခုံတွေမှာ နေရာယူ လိုက်ကြသည်။
ဒုတိယထပ်က အထူးတန်းဖြစ်ပြီး အယောက်တစ်ရာခန့် ကြည့်ရှုနိုင်အောင် ပြင်ဆင်ထားသည်။ အားလုံးက အချင်းချင်း၏ ဟိတ်ကြီးဟန်ကြီး နိုင်မှုကိုကြည့်ပြီး အစဉ်လိုက် ထိုင်လိုက်ကြသည်။
သခင်မဟောင်က နန်းပေါင်ရီကို ကြည့်လိုက်သည်။ သူမက ထိုကောင်မလေး သူမကိုလာပြီး နှုတ်ဆက် ဂါရဝပြုမှာကို စောင့်နေသည်။ သို့သော်လည်း ကောင်မလေးက နန်းပေါင်ကျူးနဲ့ စကားပြောရင်း ရယ်မောနေပြီး သူမဘက်သို့ တစ်ချိန်လုံး လှည့်မလာပါချေ။ မျက်နှာပျက်သွားပြီး သူမက အထက်စီး ဆန်စွာ ပြောလိုက်သည်။
“ကောင်းပြီ၊ နန်းပေါင်ရီက ဒီပြဇာတ်ကိုကြည့်ဖို့ ငါတို့ကို ဖိတ်ခေါ်တယ် ဆိုတာက ငါတို့အိမ်က လန်အာကို လွမ်းဆွတ်နေဆဲပဲ မို့လို့ပေါ့၊ မင်းက သူ့ကိုလက်ထပ်ချင်နေတုန်းပဲ ဟုတ်တယ် မဟုတ်လား”
နန်းပေါင်ရီက မျက်လုံးဝိုင်းသွားပြီး မီးငှက်လို မျက်လုံးတွေက တောက်ပ လင်းလက်လာသည်။
“ဒေါ်ဒေါ်က အရမ်း စိတ်ပူတတ်တာပဲ၊ သမီးက ဘယ်လောက်ပဲ အရှက်သိက္ခာမဲ့မဲ့ တခြားသူ၏ သတို့သားလောင်းကိုတော့ မတပ်မက်တတ်ပါဘူး”
အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကြောင့် နန်းယန်ကို အားလုံးက ကြည့်လိုက်ကြသည်။ နန်းယန်က သခင်မဟောင်ကို တရိုတသေနဲ့ လက်ဖက်ရည်ခွက် ကမ်းပေးနေရာက တိတ်တဆိတ် မျက်နှာရဲသွားရပြီး မျက်လွှာတွေကို ချလိုက်ရတော့သည်။
နန်းပေါင်ရီက ပါးစုန့်တွေ မို့တက်သွားအောင် ပြုံးလိုက်ရင်း “ဒေါ်ဒေါ် သမီးက ဒေါ်ဒေါ့်ကို ကြည့်ဖို့ ခေါ်လိုက်တယ် ဆိုတာက အစိုးရ အရာရှိကတော် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် အပြင်မှာ ဆူညံ အော်ဟစ် သောင်းကျန်းနေတယ်လို့ ကြားလို့ သဘောထား ကြီးကြီးနဲ့ ပြဇာတ်ရုံထဲကို ဖိတ်ခေါ် လိုက်တာပါ၊ ချန်းသခင်လေးက အရမ်းတော်ပါတယ်၊ ဒါပေမယ့် နန်းပေါင်ရီကလည်း ဂုဏ်မငယ်ပါဘူး၊ မြင်းကောင်း တစ်လက်က ခေါင်းကိုလှည့်ပြီး မြက်မစားတတ်ဘူးလေ”
သူမ၏ စကားလုံးတွေက အကြင်နာတရား ကင်းမဲ့ပြီး ပါးနှစ်ချက် ဆင့်ရိုက်သလိုပင်၊ သခင်မဟောင်၏ မျက်နှာက အလွန်အမင်း အကျည်းတန် လာတော့သည်။ သခင်မဟောင်က ပန်းထိုးပဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ရှက်ရွံ့သွားရတော့သည်။ သူမက လက်ကိုင်ပဝါကို ဆွဲလိုက်တဲ့အခါ သူမ၏ တံတောင်ဆစ်က နန်းယန်၏ လက်ကို တိုက်မိ သွားတော့သည်။
နန်းယန်က မရှောင်လိုက် နိုင်တာကြောင့် လက်ဖက်ရည်တွေက သခင်မဟောင်ကို လောင်းချလိုက်သလို ဖြစ်သွားတော့သည်။ သခင်မဟောင်က နာကျင်မှုကြောင့် အော်ဟစ်၍ ရုတ်တရက် ထခုန်လိုက်ပြီး နန်းယန်၏ မျက်နှာကို လက်ဝါးနဲ့ ရိုက်ချလိုက်ပြီး ဆူပူတော့သည်။
“မျက်လုံး မပါဘူးလား၊ လက်ဖက်ရည်လေးတောင် ဖြောင့်အောင် မထည့်နိုင်ဘူးလား”
နန်းယန်က နီရဲသွားသည့် ပါးပြင်ကို အုပ်လိုက်ပြီး သခင်မဟောင်ကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။ သူမက ချန်းအိမ်တော်၏ တံခါးပေါက်ဝကတောင် မဝင်ရသေးဘဲ သခင်မဟောင်က သူမကို ဘယ်လိုဖြစ်ပြီး ရိုက်ရဲရတာလဲ
သူမက ဘယ်လိုပဲ ယောက္ခမလောင်း ဖြစ်နေနေ၊ အကျိုးအကြောင်း မသင့်ဘဲ လူတွေကို ရိုက်ဖို့ အခွင့်မရှိ ပါချေ။
“နင်ကငါ့ကို စိုက်ကြည့်ရဲတယ်”
သခင်မဟောင်က အလွန် စိတ်ဆိုးသွားပြီး သူမ၏ နှာခေါင်းထိပ်ကို တို့လိုက်ရင်း “ဘယ်လိုတောင် ပမာမခန့် လိုက်သလဲ၊ လန်အာက နင့်ကို ဘယ်လိုများ သဘောကျသွားသလဲ ငါတွေးကြည့်လို့ကို မရဘူး”
လူတွေ အများကြီး၏ ရှေ့မှာ ငြင်းဆန် ခံရလိုက်ရသည့်အခါ နန်းယန်က ရှက်ရွံ့ပြီး ဒေါသလှိုင်း ထန်သွားတော့သည်။ သို့သော်လည်း နန်းအိမ်တော်နဲ့ သူမ၏ အိမ်သားတွေက သူမဘက်က ဝင်ပြော မပေးကြပါချေ။
နန်းအဘွားအိုနဲ့ တခြား အဘွားအိုတွေက အောက်ဘက် ဇာတ်ခုံပေါ်ကပြဇာတ်ကိုသာ ပြုံးရင်း ကြည့်နေကြသည်။
နန်းပေါင်ရီနဲ့ အငယ်တွေကတော့ သူမကို ဟာသပြက်လုံး တစ်ခုလို ကြည့်နေကြလေသည်။
***