အပိုင်း (၁၆၂)
ရိုးသားခြင်း
ရှောင်းယီက သူမ၏ခေါင်းလေးကို ပုတ်လိုက်ပြီး အလင်းအလျင်နဲ့ ဆုန်းဟယ့်ခြံကနေ ပျောက်ကွယ် သွားတော့သည်။
တောင်တန်းနဲ့ မြစ်တွေ၏ ဝိသေသတွေကလည်း လေအေး၏ ရိုက်ခတ်မှု နဲ့အတူ လွင့်ပြယ် သွားကြသည်။
နန်းပေါင်ရီက သတိကြီးကြီး ထားပြီး လက်ချောင်းတွေကြားက ချောင်းကြည့် လိုက်သည့်အခါ ရှောင်းယီကို မတွေ့ရတော့ပါချေ။
သူမက သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
အဲ့ဒါက.. သူနဲ့အတူ ထပ်ပြီး စကားပြောချင်ပေမယ့် နှလုံးခုန်နှုန်း မြန်လာပြီး နီရဲလာသည့် မျက်နှာနှင့် ထူးဆန်းသည့် ခံစားချက်ကြီးကို ထပ်ပြီး မခံစားချင်တော့သော စိတ်ပြဿနာက လွန်ဆွဲနေသည်။
နောက်တစ်နေ့ မနက်စောစောမှာတော့…………..
ဟယ်ယဲ့က ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသည့် ဝတ်စုံတွေကိုကြည့်ရင်း ဆွံ့အသွားတော့သည်။
သူမက ဝတ်စုံတွေကို ကောက်ယူလိုက်ပြီး “မမလေး၊ ဒီနေ့ဝတ်ဖို့ ဝတ်စုံကို အစေခံတွေက မီးအိုးပေါ်က ထုတ်မပေးကြဘူးလား၊ ဘာလို့ မမလေးဘာသာ ဝတ်စုံတွေ အများကြီး ရွေးထားတာလဲ…. ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲပြီး ရှုပ်ပွနေတာပဲ၊ မသိရင် အိပ်ခန်းထဲကို သူခိုးဝင်ထားသလိုပဲ”
နန်းပေါင်ရီက ကြေးနီနဲ့ ခဲမဖြူ ရောစပ်ပြုလုပ်ထားတဲ့ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရှည်တဲ့ ကြေးမုံမှန်၏ ရှေ့မှာရပ်ပြီး နူးညံ့တဲ့ မိုးမခရောင် အပေါ်ဝတ်စုံကို လိုက်ဖက်မှုရှိမရှိ ကိုယ်မှာကပ် ကြည့်နေသည်။
သူမက မျက်နှာနီနီ ပျော့ပျောင်းသော လေသံဖြင့် “နင်ယူလာတဲ့ ဝတ်စုံက အရမ်းရိုးရှင်းနေတယ်၊ ငါ့အလှတွေ မပေါ်တော့ဘူး”
အမတ်မင်းက ပြောလိုက်တယ်၊ ဒီနေ့လှလှလေးဝတ်လာခဲ့တဲ့….
“မမလေးက ငယ်ငယ်ကထက် ပိုပြီး အလှအပကို ခုံမင်လာတယ်….”
ဟယ်ယဲ့က ရယ်ရမလား ငိုရမလား မသိတော့ပေ။ ရွှေရောင် မြေခွေးသားမွေး အပေါ်ဝတ်စုံနဲ့ တိမ်လွှာဆင် မီးခိုးရောင် အပြင်ဝတ်စုံကို ထုတ်ယူလိုက်သည်။
“ဒီတစ်စုံက အရမ်းကြည့်ကောင်းတယ်၊ မမလေး”
နန်းပေါင်ရီ၏ မျက်လုံးတွေ ဝိုင်းသွားသည်။ သူမက မှန်ရှေ့ကို ပြေးပြီး ကပ်ကြည့် လိုက်ပြန်သည်။ ဝတ်စုံ၏ အရောင်က နူးညံ့ပြီး အနုစိတ် ခြယ်မှုန်းထားမှုက သူမ၏ အသားအရေကို ဖြူဖွေး၍ နုနယ်ပြီး စိုပြည်နေ စေသည်။ လေပြည်၏ တိုက်ခတ်မှုနဲ့ လွင့်မြော နေစေသလို သူမ၏ မျက်နှာလေးကို ပိုပြီး နှစ်သက်စရာ ကောင်းစေနိုင်သည်။
နောက်ဆုံးမှာတော့ ဒီတစ်စုံကို သူမ စိတ်ကျေနပ် သွားတော့သည်။ ဟယ်ယဲ့က ဘီးကိုကိုင်ပြီး သူမကို ခေါင်းဖြီးပေးဖို့ စောင့်နေလေသည်။
နန်းပေါင်ရီက အလှပြင်ခုံ၏ မှန်ရှေ့မှာ လိမ်လိမ်မာမာနဲ့ ထိုင်လိုက်ပြီး ဟယ်ယဲ့ကို တိတ်တိတ်လေး ကြည့်လိုက်သည်။
တရုတ်နှစ်သစ် ကူးပြီးသည့်အခါ ဟယ်ယဲ့က ဆယ့်ငါးနှစ်အရွယ် ရောက်တော့မည်။ အသက်ဆယ့်ငါးနှစ် အရွယ် မိန်းမပျိုလေးက သွယ်လျပြီး ရှိသင့်ရှိထိုက်တဲ့ ပြည့်ဖြိုးမှုတွေ ရှိနေသည်။
ပြီးတော့ နန်းယန်က နှစ်သစ်ကူးပြီးရင် ဆယ့်လေးနှစ် ရှိပြီဖြစ်သည်။ သို့ပေမယ့် သူမကတော့ မိသားစုထဲမှာ အငယ်ဆုံး ကလေးတစ်ယောက်နဲ့သာ တူနေသည်။ သူမက လက်ကို ပင့်မြှောက်ပြီး ရင်အုံကို စမ်းကြည့်လိုက်သည်။
ထိုအရာက အရမ်းကို ပါးလျလွန်းသည်။ နွေရာသီမှာ ရင်သားအတိနဲ့ ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့ရင် လေနဲ့လွင့်ပါသွားမှာတောင် ကြောက်ရသည်။
ဟယ်ယဲ့က သူမ၏ လှုပ်ရှားမှုတွေကို သိနေပြီး နှုတ်ခမ်းကိုပိတ်၍ ကျိတ်မရယ်ပဲ မနေနိုင်တော့ချေ။
“တရုတ်နှစ်သစ် ကူးပြီးရင် အရာရာတိုင်းက သူ့အရွယ်အလိုက် ကြီးထွားလာကြတော့မှာ၊ မမလေးက သစ်ကိုင်းပေါ်က ပန်းပွင့်ရိုးတံလေးလိုပဲ၊ ကြီးထွားနှုန်းက နှေးလိုက်တာ”
“ဟယ်ယဲ့ နင်ဘာပြောတာလဲ”
နန်းပေါင်ရီက အော်ဟစ် ဆူပူလိုက်ပြီး မျက်နှာလေးက ရှက်သွေးဖြာ လာတော့သည်။
ဆံထုံး ထုံးပြီးတဲ့အခါ သူမက ဝတ်စုံကိုမ၍ အိပ်ခန်း အပြင်ဘက်ကို စိတ်ဆိုးစွာထွက်သွားတော့သည်။
ရှောင်းယီက သူမကို စိတ်တိုအောင် လုပ်သည့်အပြင် ဟယ်ယဲ့ကလည်း စိတ်ဆိုးအောင် လုပ်သေးသည်။ ဒီနေ့ တကယ် ကံကိုကောင်းမနေဘူး…..
နန်းအိမ်တော်၏ မိသားစုတွေ အားလုံး နွေဦးကျောက်စိမ်း စံအိမ်ကို ပြဇာတ် သွားကြည့်ကြမှာမို့ အိမ်တော်၏ အပြင်ဘက်မှာ ကြီးမားတဲ့ ရထားလုံး ခြောက်စီးကို စီတန်းပြီး ရပ်ထားသည်။ နန်းယန်နဲ့ လျိုမိသားစုတွေတောင် လိုက်ပါကြမည် ဖြစ်သည်။
နန်းပေါင်ရီ၏ ထက်ရှတဲ့ မျက်လုံးတွေက ရှောင်းယီ မြင်းဇက်ကြိုးကိုကိုင်ပြီး အိမ်တော်၏ ဝင်ပေါက်ကို စောင့်ကြည့်နေတာကို တွေ့လိုက်ရသည်။
သူက သူမကိုစောင့်နေသည်လားမသိ….
သူမက မျက်လွှာအောက်ချလိုက်ပြီး မြန်မြန် အရိုအသေ ပေးလိုက်သည်။
“အစ်ကို ၂”
အရိုအသေ ပေးပြီးနောက် သူမက သူ့ကိုကျော်ပြီး ရထားလုံးထဲသို့ ဝင်သွားတော့သည်။
“မမလေး”
ဟယ်ယဲ့က သူမနောက်က မနည်းလိုက်နေရပြီး ရှောင်းယီကို မြန်မြန် အရိုအသေ ပြုလိုက်ရတော့သည်။
“ဒီအစေခံက အမတ်မင်းကို အရိုအသေ ပြုပါတယ်”
ရှောင်းယီက မြင်းပေါ်ကိုတက်၍ သူမကို သာမန်ကာလျှံကာမျှသာ ကြည့်လိုက်ပြီး “အားလုံးက မင်းကို စောင့်နေရတယ်၊ နောက်ခါတွေ အပြင်သွားမယ်ဆိုရင် စောစောထဖို့ သတိထား”
“မမလေးက အိပ်ရာက အစောကြီး ထတာပါ”
ဟယ်ယဲ့က ငြင်းဆန်လိုသည့် သဘောနဲ့ “မမလေးက ပြင်ပေးထားတဲ့ ဝတ်စုံကို မလှဘူးလို့ ထင်ပြီး ဝတ်စုံ အများကြီးကို လဲလှယ် ဝတ်ဆင်နေလို့ပါ၊ အဲ့ဒါကြောင့် နည်းနည်း ကြာနေတာပါ၊ မမလေးက ပြောတယ်၊ ဒီနေ့ လှလှလေး ဝတ်ရမှာမို့လို့တဲ့”
ရှောင်းယီ၏ မျက်ခုံးတွေက ပင့်တက်သွားသည်။
အခုလေးတင် သူ့ရှေ့က အပြေးဖြတ်သွားတဲ့ ကောင်မလေး၏ ပုံပန်းသွင်ပြင်ကို ပြန်တွေးလိုက်သည်။ တိမ်လွှာဆင်နဲ့ မီးခိုးရောင် ရောထားတဲ့ ရွှေရောင် အပေါ်ဝတ်စုံမှာ နေဗီပြာရောင် ရေလှိုင်း သဏ္ဌာန် အပြင်ဝတ်စုံနဲ့ လိုက်ဖက်စွာ တွဲဆက် ဝတ်ဆင်ထားသည်။ နူးညံ့လှပလွန်းပြီး အနုစိတ် ခြယ်သထားတဲ့ တန်ဖိုးကြီးတဲ့ ဝတ်စုံဖြစ်သည်။ တက်ကြွတဲ့ ဟန်ပန်နဲ့ ဂုဏ်သရေရှိပြီး ကောင်းမွန်လှတဲ့ အပြင်အဆင်မျိုး ဖြစ်သည်။
မနေ့က သူမကို ပိုပြီးလှတဲ့ ဝတ်စုံကို ဝတ်ခဲ့ဖို့ သာမန်မျှ ပြောလိုက်ပေမယ့် သူမက မလိုလားဟန်နဲ့ သူ့ကို ပြန်ပြောခဲ့သည်။ သို့သော်လည်း တကယ်တမ်းတော့ သူမက လှသထက်လှအောင် ဝတ်ဆင်ခဲ့လေသည်။
ရထားလုံးထဲမှာတော့ နန်းပေါင်ရီက အလွန် ရှက်သွားတာကြောင့် ထွက်ချင်လာတဲ့ မျက်ရည်တွေကို ပန်းထိုးပဝါနဲ့တောင် သုတ်နေရသည်။
ဟယ်ယဲ့က ကရားရေလွှတ်သလို တတွတ်တွတ် ဆက်ပြောနေသည်။
“မမလေးက အခုဆို အသက်တစ်နှစ် ကြီးလာပြီ၊ ဘယ်လိုဆို ပိုလှမယ်၊ ဘယ်လိုနေရင် ရုပ်ဆိုးမှာတွေကို သိနေပြီ၊ ဘယ်လို ဝတ်စုံကို ဝတ်ရမယ် ဆိုတာလည်း သိနေပြီ၊ အမတ်မင်း မသိလို့၊ မမလေး မနက်က နိုးလာတော့ သူ့ကိုယ်သူ စိတ်ပူနေသေးတာ၊ မိန်းကလေး တစ်ယောက်လို မဖွံ့ဖြိုးမှာစိုးလို့….”
“ဟယ်ယဲ့…”
နန်းပေါင်ရီက အမြန်စကားစ ဖြတ်လိုက်ရတော့သည်။
သူမက ကန့်လန့်ကာကို လှပ်လိုက်ပြီး ပန်းသီးလေးလို ရဲတွတ်နေသည့် မျက်နှာနဲ့ “ဒီမနက် နင်ကောင်းကောင်း မစားခဲ့ဘူးလား၊ ဘာလို့ အဲ့လောက် စကားတွေ များနေတာလဲ”
သူမထိုကဲ့သို့ ပြောလိုက်တဲ့အခါ ရှောင်းယီ၏ မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်လာတာကို မြင်လိုက်ရသည်။ ထပ်စဉ်းစားစရာ လိုမနေပါချေ။ ထိုသည်က ရှောင်းယီသာ ဖြစ်လေသည်။
ပူလောင်လာတဲ့ ရင်ဘတ်နဲ့ သူမက ငှက်ကုလားအုတ်လေးလို ရထားလုံးထဲကို ခေါင်းလေး အမြန်ပြန်ဝင် သွားတော့သည်။ ကန့်လန့်ကာကို တင်းတင်းစေ့ ပိတ်ဖို့လည်း မမေ့ခဲ့ပါချေ။
ရှောင်းယီက နန်းကျောင်းကျောင်း ကြီးပြင်းလာမဲ့ပုံစံကို စိတ်ကူးပုံဖော် ကြည့်နေပြီး နှုတ်ခမ်းပါးတွေက အနည်းငယ် ကွေးညွတ် နေလေတော့သည်။
သူက နွေဦးကျောက်စိမ်း စံအိမ်ကို သွားဖို့ စိတ်အား ထက်သန်နေပြီး ရှီးခူကို အမိန့်ပေးလိုက်သည်။
“လက်ဆောင်”
ရှီးခူက ရုတ်တရက် ထွက်လာပြီး ငွေအိတ်လေးကို ဟယ်ယဲ့ကို ကမ်းပေးလိုက်သည်။
“သခင်လေးရဲ့ လက်ဆောင်ပါ၊ ယူပါ”
ဟယ်ယဲ့က အိတ်လေးကို ချိန်ဆကြည့်လိုက်တဲ့ အခါ လေးလံနေပြီး ရွှေစ ငါးဆယ်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းလိုက်မိသည်။ သူမ ဘာကို ကောင်းကောင်း လုပ်မိမှန်း သူမ မသိပေမယ့် အမတ်မင်းဆီက လက်ဆောင်ရတာ တကယ်ကို ကံကောင်းလွန်းလှသည်။
သူမက လေသံ တိုးဖွဖွဖြင့် “အစ်ကိုရှီးခူ၊ ဘာလို့ အမတ်မင်းက ကျွန်မကို ရွှေစတွေ လက်ဆောင်ပေးရတာ လဲဟင်”
ရှီးခူက နည်းနည်း မနာလိုဖြစ်သွားမိသည်။ အကြောင်းအရင်းကို သူသိရင် ပိုကောင်းမည်ပေါ့။ သူသာသိခဲ့ရင် ယောက္ခမနဲ့ ချွေးမ၏ စီးချင်းထိုးပွဲကို ဆယ်ကြိမ်တိုင်အောင် ကြည့်ဖို့ ဖိအားပေးခံ ရမည်မဟုတ်ချေ။
အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်ကုန်လွန် ပြီးနောက် နန်းအိမ်တော်၏ ရထားလုံးတွေက နွေဦး ကျောက်စိမ်းစံအိမ် ရှေ့မှာ ရပ်တန့်သွားကြသည်။
ပြဇာတ်ရုံက နှစ်ထပ် အဆောက်အဦဖြစ်သည်။
နန်းပေါင်ရီက ဒုတိယထပ်မှာ မိသားစုတွေနဲ့အတူ ထိုင်ကြည့်နေပြီး ပထမထပ်၏ ခန်းမဆောင်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုနေရာမှာ လွတ်နေသည့်ခုံ မရှိပါချေ။ သို့သော်လည်း အားလုံးက ယောက်ျား ရင့်မာကြီးတွေ ဖြစ်ကြသည်။
သူတို့က သာမန် အဝတ်အစားတွေ ဝတ်ဆင်ထားကြပေမယ့် တည့်မတ်စွာ ထိုင်နေကြပြီး အမတ်မင်း၏ ရဲမက်တွေမှန်း သိသာနေလေသည်။
ကျန်းဆွေ့ဟန်နဲ့ ရှီးခူက ပထမတန်းမှာ စုတ်တံ၊ မင်၊ စာရွက်နဲ့ မင်တုံးကို အရှေ့မှာထားပြီး ထိုင်နေကြသည်။ သူတို့၏ ပြဇာတ်အပေါ် ခံစားမှုတွေနဲ့ထင်မြင်ချက်တွေကို ချရေးမည့်ဟန် ရသည်။
သူမ၏နှလုံးသားက ဆွတ်ပျံ့သွားရသည်။
သူမ၏ ပြဇာတ်အသစ်က စစ်ရေးနည်းဗျူဟာတွေ ပါနေတယ် ဆိုရင်လည်း ထားတော့၊ အဲ့ဒါတွေလည်း မပါဘဲနဲ့ ဘာကြောင့် အမတ်မင်းက သူ၏ ရဲမက်တွေကိုခေါ်ပြီး အထူးတလည် ကြည့်ခိုင်းရတာလဲ
ပြီးတော့ ရက်ရောလွန်းစွာနဲ့ ဆယ်ကြိမ်စာတောင် ကြိုတင်လက်မှတ် ဝယ်ထားသည်တဲ့….
အားလုံး နေရာကျပြီးသည့် နောက်မှာ အဘွားအိုက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပါချေ။
“ဒီပြဇာတ်က ယောက္ခမနဲ့ ချွေးမအကြောင်းလို့ ပြောကြတယ်၊ မိန်းမကြီးတွေက ပိုပြီး ကြည့်ကြလိမ့်မယ်လို့ ထင်ထားတာ၊ ဘာလို့ ယောက်ျားကြီးတွေချည်းပဲ ကြည့်နေကြတာလဲ”
ရှောင်းယီက လိမ္မော်သီးကို အခွံခွာနေသည်။ သူ၏လက်ဆစ်တွေက ထင်းနေပြီး လက်ချောင်းတွေက အေးမြ၍ အပြစ် အနာအဆာမရှိတဲ့ အဖြူရောင် ကျောက်စိမ်း ပန်းပုလို သွယ်လျနေသည်။
သူက လိမ္မော်သီးကို အခွံခွာပြီးတဲ့အခါ “အဲ့ဒါ ကျွန်တော့် တပ်သားတွေပဲ၊ ဒီလိုပြဇာတ်မျိုးကို ယောက်ျားတွေလည်း ကြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်၊ အဲ့ဒါမှ မိသားစုတွင်း ပြဿနာတွေကို ကူညီ ဖြေရှင်းနိုင်မှာပေါ့၊ သေးငယ်တဲ့ မိသားစု ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မှ စစ်မက်ရေးရာတွေမှာ ပိုပြီး အာရုံစိုက်နိုင်လိမ့်မယ်၊ ဒါကလူတိုင်းရဲ့တာဝန်ပဲ၊ ပြောနေစရာကို မလိုဘူး…”
သူက စကားစကို ရပ်လိုက်ပြီး ပြုံးရင်း “ယောက္ခမနဲ့ ချွေးမရဲ့ကြားက သဘောထား မတိုက်ဆိုင်တာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သင်ယူထားမှ ကောင်းမွန်တဲ့သား၊ ကောင်းမွန်တဲ့ခင်ပွန်း တစ်ယောက်ဆိုတဲ့ ဝိသေသနဲ့ ညီမယ်မဟုတ်လား”
ထိုစကားက သေစေနိုင်လောက်သည်။
မိန်းမကြီးတွေနဲ့ အဘွားအိုတွေ အားလုံး၏ မျက်လုံးတွေက တောက်ပ လာကြသည်။ သူတို့အားလုံးက ချမ်းသာကြွယ်ဝပြီး အထက်တန်းဆန်တဲ့ မိသားစုတွေဖြစ်ကြပြီး အနောက်ဆောင်၏ တိုက်ခိုက်မှုတွေ ကြားမှာ ကြီးပြင်းလာကြသူတွေ ဖြစ်သည်။
ယောက္ခမနဲ့ ချွေးမကြားဆိုတာက ပရိပက္ခဖြစ်ဖို့ အလွန် လွယ်ကူလှသည်။ သို့သော်လည်း များသောအားဖြင့် ယောက်ျားတွေက ထိုပြဿနာမျိုးကို ရှောင်ရှားကြသည်။ သူတို့၏ အမေတွေက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဇနီးသည်ကို ချစ်တဲ့အတွက် သူတို့မိဘတွေ၏ စကားကို မရိုသေ မလိုက်နာတာမျိုး ရှိတတ်ကြသည်။ သူတို့က အိမ်တွင်းရေး ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိကြပေ။
ဝိရောဓိ ပြဿနာတိုင်းက ယောက်ျားတွေ၏ အာရုံမစိုက်မှုနဲ့ အမြင်မရှိမှုကြောင့် ဖြစ်ကြရခြင်းဖြစ်သည်။
မမျှော်လင့်ထားဘဲ ဒီငယ်ရွယ်ပြီး ချောမောကြည့်ကောင်းတဲ့ အမတ်မင်းက အရမ်းကို အမြင်ကြွယ် လှသည်။
ကောင်းမွန်တဲ့လူငယ်ပဲ၊ တကယ်ကို ကောင်းတဲ့လူငယ်ပဲ….
အဘွားအို တစ်ယောက်က နန်းသခင်မကြီး၏ လက်ကို ဆွဲကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ “နင့်မြေးလေးက အခုထိ အိမ်ထောင်ဖက် မရွေးရသေးဘူးမလား”
နန်းအဘွားအိုက သတိလစ်မတတ် ဖြစ်သွားရသည်။
သူမက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ အစ်မကြီးတွေ အားလုံးက ကျားချောင်းချောင်း နေကြတဲ့ ဝံပုလွေတွေလိုမျိုး ရှောင်းယီကို အာသာငမ်းငမ်း စိုက်ကြည့်နေကြပြီး သူ့ကို မြေးသားမက်ဖမ်းဖို့ စဉ်းစားနေကြတာကို တွေ့လိုက်ရတော့သည်။