အပိုင်း (၁၆၀)
ငါ့ဝမ်းကွဲမမကို မစော်ကားနဲ့
သူမအဖေက ဘယ်လို အကျင့်စရိုက်မျိုးရှိလဲ ဆိုတာနှင့် ဘာကိုကြိုက်တတ်လဲ ဆိုတာကို သူမသိသည်။
ကောင်းနေရင်တော့ မိန်းမတစ်ယောက်ကို နှလုံးသား တစ်ခုလုံးနှင့်ရင်းပြီး ရင်ခုန်စိတ်လှုပ်ရှား နေတတ်သလို တစ်ကြိမ် တစ်ခါသော်မျှ ပျင်းရိသွားပြီ ဆိုရင်တော့ သူမကို နှစ်ဝက် ဒါမှမဟုတ် ဆယ်လ လောက်အထိ ဂရုမစိုက်တော့ပါချေ။
အတိတ်တုန်းကတော့ သူမအဖေ၏ ထိုအကျင့်ကို အသုံးချပြီး နန်းပေါင်ရီနှင့် ဝေးအောင် ကြံစည်ခဲ့သည်။ သို့သော်လည်း အခုတော့ သူမ၏အဖေက သူမကို ဂရုမစိုက်သလို ဆက်ဆံသည့်အခါ သူမ တကယ်ကို သည်းမခံနိုင်ပါချေ။
သူမ၏အမေကို ခေါင်းငိုက်စိုက်နှင့် ကြည့်လိုက်မိသည်။ ဒီကိုယ်ဝန် ပျက်ကျခြင်းက အမေ့၏ ခန္ဓာကိုယ်ကို ထိခိုက်စေပြီး နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်တော့မည် မဟုတ်ချေ။ ထပ်ပြီး အရင်လို လှပမှုတွေလည်း ရှိနိုင်တော့မည် မဟုတ်ပါချေ။ ချန်းယဲ့ရူကို တားဆီးဖို့ ဆိုတာက အလွန်ကို ခက်ခဲသွားပြီ ဖြစ်သည်။
နန်းယန်က မျက်တောင်တွေကို ကုတ်ခြစ်လိုက်ပြီး စိတ်ဆင်းရဲစွာနှင့် ဆေးပန်းကန်လုံးကို ဘေးဘက်မှာ တင်ထားလိုက်သည်။ သူမက လက်ဖက်ရည် တစ်ခွက်လောက် သောက်ဖို့ ထလိုက်သည့် အချိန်မှာ အိပ်ခန်းအပြင်ဘက်က တံခါးခေါက်သံကို ကြားလိုက်ရသည်။
“ဝင်ခဲ့”
ဝမ်းကွဲအစ်ကို လျိုဒုန်ဖန်နှင့် ဝမ်းကွဲအစ်မ လျိုလန်အာက အပြင်ဘက်မှာ ကြောက်ရွံ့စွာနှင့် တွန့်ဆုတ်တွန့်ဆုတ် ရပ်နေကြသည်။
လျိုဒုန်ဖန်က လည်ပင်းကို ပွတ်လိုက်ပြီး မွေ့ရာကို ကြည့်ရင်း အလွန် ကြင်နာဟန်နှင့် ပြုံးလိုက်ပြီး “ဝမ်းကွဲညီမလေး ယန်အာ.. ဒေါ်လေး လျိုက … ကိုယ်ဝန် ပျက်ကျလို့ဆို အဲ့ဒါကြောင့် အစ်ကိုတို့က လာကြည့်ကြတာပါ”
နန်းယန်က တည်တင်းနေပြီး လျိုရှောင်မုံ့၏မွေ့ရာကို ကြည့်လိုက်သည်။ သူမ၏အမေက ဒီအချိန် အတောအတွင်းမှာ တစ်ခါနိုးလာပြီး သူမ၏လက်ကို ဆုပ်ကိုင်၍ အစ်မလျိုက သူမကို တွန်းလိုက်တာကြောင့် ကိုယ်ဝန် ပျက်ကျသွားတာဟု ပြောပြခဲ့သည်။
အစ်မလျိုကို သတ်ပစ်ပြီး ထိုလျိုမိသားစုတွေကို ကန်ထုတ်ပစ်ရမည်ဟု သူမ၏အမေက ပြောခဲ့သည်။
သူမက သရော်သည့်ဟန် နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်သည်။ ကလေးလေးက ထွက်သွားခဲ့ပြီ လျိုမိသားစုကို လက်တုံ့ပြန်နေခြင်းက ဘယ်လိုလုပ်ပြီး အသုံးဝင်ပါတော့မလဲ။
တခြားတစ်ခု အနေနှင့် အသုံးချမှ ပိုကောင်းမှာပေါ့….
သူမက လျိုဒုန်ဖန်ကို တစ်ချက် ကြည့်လိုက်သည်။ အသက်နှစ်ဆယ် အရွယ်လူငယ်က ချောမောသည့်ရုပ်ရည် ရှိပေမယ့် ပြုမူပြောဆိုပုံက တိရစ္ဆာန်အဆီလိုမျိုး အလွန်အကျူး ရွံ့ရှာဖွယ်ဖြစ်နေသည်။
သူမက လျိုလန်အာကို ကြည့်လိုက်ပြန်သည်။ လျိုမိသားစု၏ မျိုးရိုးစဉ်ဆက် ပင်ကိုရုပ်ရည်တွေက မဆိုးရှာကြပေ။ ဒီဝမ်းကွဲအစ်မက ဆယ့်လေးနှစ်သာ ရှိသေးပေမယ့် အရပ်မြင့်ပြီး ကိုယ်ဟန် ပြည့်ပြည့်ဖြိုးဖြိုးနှင့် လှပသည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။
သူမ၏စိတ်ထဲမှာ အကြံအစည် တစ်ခုကို စဉ်းစားမိပြီး စားပွဲမှာ တိတ်တဆိတ် ဝင်ထိုင်လိုက်သည်။ သူမက ဝတ်ရုံလက်ကိုပင့်ပြီး လက်ဖက်ရည် ငှဲ့လိုက်သည်။
“ဝမ်းကွဲအစ်ကိုရဲ့ အမြင်မှာ နန်းအိမ်တော်က ဘယ်လိုနေလဲ”
လျိုဒုန်ဖန်က မျက်နှာချိုသွေးပြီး မြှောက်ပင့်တော့သည်။
“နန်းအိမ်တော်က ချမ်းသာကြွယ်ဝပြီး နန်းဆန်တယ်၊ အဆောင်တွေကလည်း ငါတို့မြို့ထက် ပိုခမ်းနားပြီး ကျယ်ဝန်းတယ်၊ အခုလေးတင် အစေခံတွေက အစာသွပ် မုန့်ဝိုင်းတွေ၊ ခေါင်ရန်းပန်း ကိတ်မုန့်တွေနှင့် မြင်းခွာပုံ ထောပတ်မုန့်တွေကို လာပို့ကြတယ်၊ အားလုံးက အရမ်းကောင်းပြီး အိမ်မှာဆို နှစ်သစ်ကူးမှ စားရတဲ့ မုန့်တွေပဲ၊ ဝမ်းကွဲညီမလေး ယန်အာ ဒီလိုနေရာမျိုးမှာ နေရတယ်ဆိုတာ အရမ်း ကံကောင်းတာပဲ၊ အရင်ဘဝက လုပ်ခဲ့တဲ့ ကောင်းမှု ကုသိုလ်တွေရဲ့ အကျိုးဆက်ကို ခံစားရတာဖြစ်မယ်”
“အဲ့ဒီတော့ ဝမ်းကွဲအစ်ကိုက ဒီမှာ တစ်သက်လုံး မနေချင်ဘူးလား”
လျိုဒုန်ဖန်၏ မျက်လုံးတွေက ခဏချင်း မြင့်တက်သွားသည်။
သူက ပြုံး၍ ရှေ့ကိုတိုးလိုက်ပြီး နန်းယန်၏ လက်လေးကို ကိုင်ရင်း မရေရာစွာ ပြောလိုက်သည်။
“ဝမ်းကွဲညီမလေး ဆိုလိုတာက…”
နန်းယန်၏မျက်နှာက အနည်းငယ် အေးစက်သွားသည်။ မနှစ်မြို့ဟန်ဖြင့် သူ၏လက်ထဲက ရုန်းထွက်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူ၍ သူ၏လက်ဖမိုးကို ကရုဏာကင်းမဲ့စွာ လောင်းချလိုက်သည်။
လျိုဒုန်ဖန်က သူ၏လက်ဖမိုးကို အုပ်လိုက်ပြီး ကို့ရို့ကားရားအော်လိုက်သည်။
သူက နန်းယန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ဒီမိန်းကလေးက ပတ်သက်လို့ ကောင်းမဲ့သူ မဟုတ်မှန်း သူသဘောပေါက် သွားမိသည်။
သူက စိတ်လောစွာဖြင့် “ဝမ်းကွဲညီမလေး ယန်အာက ငါ့ကို နန်းပေါင်ကျူးနဲ့ နန်းပေါင်ရီ တစ်ယောက်ယောက်ကို ချဉ်းကပ် စေချင်တာလား၊ ငါသူတို့အကြောင်း စုံစမ်းထားတယ်၊ နန်းအိမ်တော်ရဲ့ မရှိမဖြစ် ရတနာလေး ကျောင်းကျောင်း ဆိုတာလေ၊ အစေခံတွေက ပြောတယ်၊ နန်းသခင်မလေးက သူ့သတို့သားနှင့် ပတ်သက်ပြီး လှည့်စားခဲ့တယ်တဲ့”
နန်းယန်က မျက်ခုံးတွေကို အံ့အားတသင့်နှင့် ပင့်လိုက်သည်။ ဒီဝမ်းကွဲက ကျေးလက်မှာ မွေးလာပြီး တုံးအဟန် ရှိပေမယ့် သူ၏ခေါင်းက အလှည့်အပြောင်းတွေကို အမှီလိုက်နိုင်စွမ်း ရှိနေသည်။
သူမက ငြိမ်သက်စွာဖြင့် “နန်းပေါင်ရီ၊ အဲ့ဒီခွေးမက ငါ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် လာလာကိုက်နေတာ၊ တကယ်လို့ ရှင်ကသူ့ကို လက်ထပ်မယ်ဆိုရင် ငါတို့က မိသားစုတွေ ဆိုတော့ ဘယ်လိုလုပ်ပြီး သင့်တော်မှာလဲ”
အရေးအကြီးဆုံးက လျိုဒုန်ဖန်ဟာ အသုံးမဝင်သည့် အမှိုက်တစ်စသာပေ။
နန်းပေါင်ရီက ထိုအမှိုက်နှင့် လက်ထပ်လိုက်ပြီး သူမကတော့ ရှုနိုင်ငံ၏ အတော်ဆုံး သခင်လေးနှင့် လက်ထပ် နိုင်သည်လေ။ ထိုအချိန်ကစပြီး သူတို့၏ကံကြမ္မာတွေက လုံးဝကို ဆန့်ကျင်ဘက်အဖြစ် ကွာခြားသွားတော့မည်။
သူမ၏အမေက တရားဝင်ဇနီး မဟုတ်တော့လည်း ဘာဖြစ်လဲ။
နန်းပေါင်ရီက သူမ၏ရှေ့မှာ ဒူးထောက် နေရဦးမှာပဲလေ။
လျိုဒုန်ဖန်က စိတ်လောနေပြီး “ဒါပေမယ့် ယန်အာ တူသားမက်က သားမက်လောက်တော့ မကောင်းဘူးလေ၊ ငါလိုချင်တယ်၊ လူတွေက ငါ့ကိုမကြည့်ကြဘူး…”
“ဘာကိုလောနေတာလဲ”
နန်းယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလိုက်သည်။
“ငါ့မှာ ငါ့အစီအစဉ်ရှိတယ်၊ ရှင်အရင် ထွက်သွားလိုက်၊ ငါ ဝမ်းကွဲအစ်မ လန်အာနှင့် ပြောစရာရှိတယ်”
လျိုဒုန်ဖန် ထွက်သွားသည့်အခါမှာ နန်းယန်က လျိုလန်အာကို ကြည့်လိုက်သည်။ မိန်းကလေးက ကြောက်တတ်ဟန်ရှိပြီး ကို့ရို့ကားရားနှင့် သူမ၏အဝတ်အဖျားကို လိမ်ကျစ်နေသည်။ အနီရောင် ပန်းပွင့်ပုံ အပေါ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းပွင့်ပုံ ပိုးထည်စနှင့် ဆံထုံးကို စည်းနှောင်ထားသည်။ သူမ၏ပုံစံက ညစ်ပတ်နေပြီး ကြည့်ရဆိုးလှသည်။
နန်းယန်က အပြုံးစစနှင့် သူမ၏ရွှေဆံထိုးကို ဖြုတ်လိုက်ပြီး လျိုလန်အာ၏ ဆံထုံးမှာ ထိုးစိုက်ပေး လိုက်သည်။
“ဝမ်းကွဲအစ်မ လန်အာက သဘာဝအတိုင်း လှတာပဲ၊ ကောင်းကောင်း ဝတ်စားပြင်ဆင်ပြီး ငယ်ရွယ်တဲ့ လှပမှုတွေကို ခံစားရမှာ၊ နောက်နှစ်ရက်နေလို့ နှင်းကျတာ ရပ်သွားရင် ငါနင့်ကို ဖူရုံလမ်းကို ခေါ်သွားပြီး အဝတ်အစားတွေနဲ့ ဆံထိုးတွေဝယ်ပေးမယ်”
လျိုလန်အာက ဆံထိုးကိုကိုင်ကြည့်ပြီး တိုးဖွဖွ မေးလာသည်။
“ဝမ်းကွဲညီမလေးအတွက် မမက ဘာလုပ်ပေးရမှာလဲ”
“ဉာဏ်ကောင်းတဲ့ လူတွေက စကားပြောရတာ လွယ်တယ်”
နန်းယန်က ပြုံးလိုက်ပြီး “ဝမ်းကွဲအစ်မက ဒီနှစ်ကုန်ပိုင်းဆို ဆယ့်ငါးနှစ် ပြည့်ပြီမလား၊ အဲ့ဒါက လှလှပပ ပွင့်ဖူးရမဲ့အရွယ်ပဲ၊ နန်းအိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို တွေ့ပြီးတာတောင် သာမန်လူ တစ်ယောက်နဲ့ လက်ထပ်ချင်စိတ် ရှိသေးတယ်လား”
လျိုလန်အာက သူမကို ကြောက်ရွံ့စွာကြည့်လိုက်ပြီး လေသံသဲ့သဲ့ ပြုလိုက်သည်။
“ချမ်းသာတာက ကောင်းပါတယ်၊ ဒါပေမယ့် စည်းစိမ်ချမ်းသာနဲ့ ပျော်မွေ့ရမဲ့ကံ မပါလာဘူး …”
“အစ်မ ရှောင်းယီကို ဘယ်လိုမြင်လဲ”
ချောမောခံ့ညားပြီး ဂုဏ်သရေ ကြီးမြင့်ဟန်ရှိသည့် လူငယ်၏ပုံရိပ်က လျိုလန်အာ၏ စိတ်အစဉ်မှာ ထင်ဟပ်လာသည်။ သူက ပန်းပွင့်ခန်းမမှာ ထိုင်နေပြီး လူတွေ အများကြီး ကြားမှာတောင် တစ်ချက် ကြည့်လိုက်ရုံနှင့် စိတ်ထဲ စွဲစေနိုင်သည့် ရုပ်ဆင်းအင်္ဂါရှိသည်။
ဆယ့်ရှစ်နှစ်အရွယ် ထိုယောက်ျားလေးက ယွဲ့လိုင်မြို့လို ကျေးလက်ဒေသမှာ မွေးဖွားခဲ့ရင်တောင် လူတိုင်းက ချီးမြှင့်မြှောက်စားကြမည်မှာ မလွဲပင်။
“ရှောင်းယီက ဒုတိယအဆင့် အမတ်မင်းရာထူးကို အသက်ဆယ့်ရှစ်နှစ်နဲ့ ရခဲ့တယ်၊ သူက တစ်ခါမှ လက်မထပ် ရသေးသလို သူ့အိမ်တော်မှာ မောင်းမတောင် မထားဘူး၊ ဝမ်းကွဲအစ်မက ပြည့်တင်းပြီး လှပတဲ့ အဆင်းရှိတယ်၊ တကယ်လို့ တော်ဝင် ကိုယ်လုပ်တော် မဖြစ်ရင်တောင် ကိုယ်လုပ်တော်ဆိုလည်း အဆင်ပြေတယ်မလား သာမန်လူတွေရဲ့ ဇနီးမယား ဖြစ်ရတာ ဘာမှမကောင်းဘူး၊ ရွှေတွေငွေတွေ သီးနေအောင်ဝတ်ပြီး ကောင်းမွန်တဲ့ အစားအစာတွေကို စားရမယ်ဆိုရင် ဘဝတစ်သက်တာလုံး အတွက် ပူစရာ မလိုတော့ဘူးလေ”
နန်းယန်က ကြင်နာဟန်နှင့် ကောင်းကျိုးတွေကို ရှင်းပြနေပြီး လျိုလန်အာ၏ မသေချာ မရေရာသည့် မျက်နှာကို ကြည့်နေသည်။
အချိန်အတန်ကြာမှ လျိုလန်အာက မဝံ့မရဲ မေးလာသည်။
“မမက ငြင်းရင်ရော၊ ဘယ်လိုဖြစ်မှာလဲ”
သူမက အရူးမဟုတ်ပါချေ။ ဂုဏ်သိက္ခာကြီးမြင့်သည့် အမတ်မင်း တစ်ယောက်က ဇနီးမယား မယူဘဲ အစေခံ မောင်းမတောင် မထားဘူးဆိုတာက သူ၏နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနေတာမျိုး ဒါမှမဟုတ် အရမ်းကို ယောက်ျားစစ်စစ် မဟုတ်လို့သာဖြစ်ရမည်။
အနေအထားနှင့် အဆင့်အတန်းက သူမအတွက် ကောင်းမွန်ပေမယ့်လည်း သူမ ဒုက္ခတော့ မရောက်ချင်ပါချေ။
နန်းယန်၏အပြုံးက ပိုပီပြင်လာသည်။
သူမက လျိုလန်အာ၏ မျက်နှာကို သရော်သလို လက်နှင့် ပုတ်လိုက်ပြီး “တကယ်လို့ အစ်မက ငြင်းဆန်ခဲ့ရင် ငါ့အမေရဲ့ ကိုယ်ဝန် ပျက်ကျတာက နင့်အမေ တွန်းထုတ်လိုက်လို့ ဆိုတာကို ရုံးတော်မှာ သွားပြီး အမှုဖွင့်လိုက်မယ်”
လျိုလန်အာက တုန်လှုပ် ချောက်ချား သွားသည်။ သူမက နန်းယန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းကိုငုံ့လို့ အခန်းထဲက ထွက်သွားတော့သည်။
အစေခံက သိချင်စိတ် ပြင်းပြစွာနှင့် “မမလေး၊ ဝမ်းကွဲအစ်ကိုနဲ့ အစ်မက ကြည့်ကောင်းတာတော့ မှန်ပေမယ့် အမတ်မင်းနဲ့ နန်းပေါင်ရီက ထင်ရှားကျော်ကြားတဲ့ သူတွေ၊ ထိပ်တန်း အလှအပတွေကို မြင်လာတာလေ၊ သူတို့ကို စိတ်ထဲထည့်မှာ မဟုတ်ဘူး”
“သူတို့ကို စိတ်ထဲထည့်စေချင်တာ မဟုတ်ဘူး”
နန်းယန်က လက်ဖက်ရည်ကို အရသာခံပြီး မျှင်းသောက်နေရင်း “သူတို့ရဲ့ ခံစားချက်တွေကို ပျက်စီး သွားအောင်သူတို့ တစ်ယောက်နဲ့တစ်ယောက် သဝန်တိုလာအောင် လုပ်ချင်ရုံပဲ၊ အဲ့ဒါမှ ရှောင်းယီက နန်းပေါင်ရီကို ထပ်ပြီး ကာကွယ်မပေးတော့မှာ၊ အဲ့ဒါဆိုလုံလောက်ပြီ”
အစေခံက ရုတ်တရက် နားလည်သွားသည်။
သူမက လက်မထောင်ပြလိုက်ပြီး “မမလေးက အမြှော်အမြင် ရှိလိုက်တာ”
တစ်ညလုံး နှင်းစက်တွေက သည်းထန်စွာ ကျဆင်းနေသည်။
နန်းပေါင်ရီက စောစီးစွာ နိုးလာသည်။ အိပ်ခန်းက နှင်းတွေကြောင့် အလွန် တောက်ပနေသည်။
သူမက နန်းပေါင်ကျူးကို လှုပ်ခါလိုက်ပြီး “ကျူးကျူး ညီမလေးတို့ နှင်းလူရုပ်လေး လုပ်ကြမလား”
နန်းပေါင်ကျူးက မိန်းမော တွေဝေနေပြီး “ကျောင်းကျောင်း၊ အရင် ကိုယ်လက် သန့်စင်လိုက်ဦး၊ ပြီးမှ နင်ဆော့ချင်သည့်အတိုင်း ဆော့ကြမယ်..”
နန်းပေါင်ရီက ခေါင်းညိတ်လိုက်ပြီး သူမဘာသာ သေချာ ဝတ်စား ပြင်ဆင်လိုက်သည်။ သူမသန့်စင်ပြီး အဝတ်အစားလဲလို့ အပြီးမှာ ပုတီးစေ့ ကန့်လန့်ကာကနေ ထွက်လာတော့ နိုင်ဝမ်ကျိုးက ဘယ်နေရာကနေ ထွက်လာမှန်းမသိ အလှပြင်ခုံ၏ ရှေ့မှာထိုင်နေသည်။ သူက မျက်ခုံးတွေကို တွန့်ချိုးပြီး နှုတ်ခမ်းကို အရောင်ဆိုးနေသည်။
သူ၏ ပြင်ဆင်နေပုံက အလွန်ကို ကျွမ်းကျင် လိမ္မာလှသည်။ သူမ ထွက်လာတာကို တွေ့သည့်အခါ သူက သူမ၏ခေါင်းအစ ခြေအဆုံးကို ကြည့်လိုက်ပြီး တိုးဖွဖွ သရော်လိုက်သည်။
နန်းပေါင်ရီက အနည်းငယ် ရှုပ်ထွေးနေသည့် ဖဲကြိုးပြာလေးကို ကိုင်လိုက်ပြီး နိုင်ဝမ်ကျိုး၏ အပြစ်အနာ အဆာမရှိ ကြွရွလှပနေသည့် လိမ်းခြယ်ပြင်ဆင်မှုနှင့် ဆံထုံးကို မနာလိုဝန်တိုစွာ ကြည့်လိုက်သည်။
သူမက အနီရောင် တောက်နေသည့် အပေါ်ထပ်ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“ငါနောက်ညတွေ ထပ်မလာတော့ဘူး…ငါ့ဝမ်းကွဲမမကို မစော်ကားနဲ့”
***