အပိုင်း (၁၅၄)
ရှောင်းယီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြင်းထန်တယ်
လက်ထပ်ဖို့ ကတိကဝတ်ကို အမှီပြုပြီး သူမက တခြားတွေကို ဂရုစိုက်မနေတော့ချေ။
ဒီညမှာ သူမအမေ၏ နေရာကို မကာကွယ်နိုင်ရင် နန်းအိမ်သားတွေက သူမတို့ကို ခြေဖဝါးအောက်မှာ နင်းခြေပစ်ကြလိမ့်မည်။
ဘယ်သူက ထင်ထားပါ့မလဲ ဘုရင်ခံချန်းဆိုသည့် အသံကို ကြားတာတောင် ထိုမိန်းမက ကြောက်ရွံ့ဟန် တစ်စက်မှမပြချေ။
ချန်းယဲ့ရူက ကျက်သရေရှိစွာ ထိုင်ခုံမှာ ထိုင်နေသည်။
သူမက ဝတ်ရုံစကို ပွတ်သပ်လိုက်ရင်း “ကျွန်မနဲ့အားကွမ်က တစ်ယောက်ကိုတစ်ယောက် တကယ် ချစ်မြတ်နိုးနေကြတာ၊ ဘုရင်ခံချန်း ဒီနေရာမှာ ရှိနေရင်တောင်မှ ကျွန်မဘက်က တရားမျှတတယ်၊ မင်းက တရားဝင်ဇနီး ဖြစ်ရင်တောင် လေပြည်ညင်းလို မင်းရဲ့ဝတ်ရုံလက်တွေနဲ့ တခြားသူကို ချစ်ခင်ဖို့ ကြိုးစားပေးရမှာ၊ တကယ်လို့ ဘုရင်ခံချန်းက အမိန့်အာဏာကို သုံးပြီး တခြားသူတွေရဲ့ မင်္ဂလာပွဲကို ကြားဝင် နှောင့်ယှက်မယ်ဆိုရင် ကျွန်မက အရင်ဆုံး ပေကျင်း ရုံးတော်ကို သွားပြီး တိုင်ချက်ဖွင့်ရလိမ့်မယ်”
ဘုရင်ခံချန်းက သူမ၏အစ်ကိုရင်း ဖြစ်သည်။ အရင်ကတော့ သူမတို့၏ ဆက်ဆံရေးက အလွန်ရင်းနှီးပြီး မမျှော်လင့်စွာဘဲ သူမ၏အစ်ကိုက သခင်မဟောင်ကို လက်ထပ်ပြီးနောက်မှာ မောင်နှမ ဆက်ဆံရေးက အက်ရာ ထင်လာခဲ့သည်။
ဟောင်မိသားစုက တစ်ကိုယ်ကောင်း ဆန်ကြသည်။ သူမက စည်းစိမ်ချမ်းသာနှင့် ဩဇာအာဏာကို အလွန်မက်မောပြီး သူမ၏အစ်ကိုကို အာဏာသုံးဖို့ ဖိအားပေးပြီး ကိုယ်ကျိုးအတွက် လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို လုပ်ဆောင်စေခဲ့သည်။
သူမ၏အစ်ကိုကို အသုံးချနေခြင်းအတွက် သူမက အလွန်ဒေါသ ထွက်ခဲ့ပြီး စကားများ ရန်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူမက ချန်းအိမ်တော်က ထွက်ပြီး တခြား စီးပွားရေးကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့သည်။
ရှေ့နှစ်တွေတုန်းက သူမ၏အစ်ကိုက သူမဆီကို အကြိမ်ပေါင်းများစွာ လာလည်ပြီး မိသားစုတွေ ပြိုကွဲမှာကို စိုးရိမ်သည့်အတွက် သူမကို အိမ်ကို ပြန်လာဖို့ ခေါ်ခဲ့သည်။ သို့သော်လည်း သူမက သဘောမတူခဲ့ချေ။ ချန်းအိမ်တော်ကို ဘယ်တော့မှ မပြန်ဘူးလို့ သူမကိုယ်သူမ သံဓိဋ္ဌာန်ချထားခဲ့ပြီး သူမ၏အစ်ကိုတစ်ယောက်တည်းနှင့်သာ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။
ဒီနေ့မှာတော့ ….
ဒီအပြင်ဆောင်ကလေး နန်းယန်က သူမကို ဖိအားပေးဖို့ သူမအစ်ကို၏ နာမည်ကို သုံးခဲ့သည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် နန်းယန်နှင့် သခင်မဟောင်က မလျော်ကန်သည့် နေရာမှာ တူညီကြပုံပင်။ သူတို့က မိသားစုဝင် မဖြစ်ထိုက်သလို မိသားစုထဲကိုလည်း အဝင်မခံသင့်ပါချေ။
နန်းယန်က ပန်းပွင့်ခန်းမထဲမှာ အသက်မရှူနိုင်အောင် မွန်းကျပ်လာပြီး စကားမပြောနိုင်တော့ပေ။ သူမနားမလည်နိုင်၊ နန်းပေါင်ရီ ဒီလိုမိန်းမကို ဘယ်ကများ ရှာလာတာလဲ။
အရမ်း အကြောက်အလန့် မရှိရာကျမနေဘူးလား။
အာဏာရှိသည့် မိသားစုက လက်တုံ့ပြန်မှာကို တကယ် မကြောက်ဘူးလား။
သူမက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး တည်ငြိမ်စွာဖြင့် “ကျွန်မ အမေက ဖေဖေနဲ့အတူ နှစ်ပေါင်းများစွာ နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားပြီး ပေါင်းသင်း နေထိုင်ခဲ့ပြီးပြီ၊ ကျွန်မက သူတို့၏ လက်ထပ်ပွဲကို ဘယ်သူကမှ ဖျက်ဆီးခွင့် ပေးမှာ မဟုတ်ဘူး”
သူက နန်းသခင်ကြီး ၂ ဘက်ကို လှည့်လိုက်ပြီး “အာဏာရှိခြင်းက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ် ဆိုတာကို ဘဘကြီး ၂ က သိလောက်ပါတယ်၊ ဘယ်လိုလဲ၊ ဘဘကြီးက အမိန့်အာဏာကို လွန်ဆန်နိုင်လို့လား”
နန်းသခင် ၂ က အေးဆေး တည်ငြိမ်နေသည်။ ဒီနေ့ညပွဲကို ကြည့်ပြီးနောက် ကျောင်းကျောင်းက သူ့ကို ဘာကြောင့် အချိန်ဆွဲ ခိုင်းခဲ့လဲဆိုသည့် အချက်ကို သူနားလည်ထားပြီး ဖြစ်သည်။
သူမသိခဲ့တာက ဘာကြောင့် ဘုရင်ခံချန်းက သူ့ကို ကိုယ်တိုင်ခေါ်ပြီး လျိုရှောင်မုံ့ကို ခယ်မ ၃ နေရာကို ပေးဖို့ ဖိအားပေးတာလဲ ဆိုတာကိုပင်။ အခုတော့ ကြည့်ရတာ နန်းယန်၏ အကြံအစည် ဖြစ်ပုံရသည်။
နန်းယန်က အပြင်လူတွေနှင့် ပေါင်းပြီး သူမ၏မိသားစုကို ပြန်လှောင်ပြောင်ခဲ့သည်။ သူမကိုယ့်ကိုယ်ကိုယ် ပြန်ရှက်သင့်သည်။
သူက လှောင်ရယ်လိုက်ပြီး “ဘုရင်ခံချန်းရဲ့ သဘောထားက ဘယ်လိုလဲ ဆိုတာကို မင်းကိုယ်တိုင် သွားပြီး ဘာလို့ မေးမကြည့်တာလဲ”
နန်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ဒီနန်းမိသားစုတွေက သေမှာကိုမကြောက်ကြဘူးပဲ၊ ပြီးမှမငိုကြနှင့်……
သူမက အစေခံကို အမိန့်ပေးလိုက်သည်။
“နုန်အာ အစ်ကိုချန်းဆီကို သွားပြီး ဒီကိုလာဖို့ ဖိတ်ခေါ်ခဲ့၊ ဖြစ်နိုင်ရင် ဘုရင်ခံချန်းကိုပါ ဖိတ်လာခဲ့”
မီးပုံက ရုတ်ခြည်း ငြိမ်သက်သွားသည်။
နန်းပေါင်ရီက ရှောင်းယီ၏ဘေးမှာ ပြန်ထိုင်လိုက်သည်။ လက်ဖက်ရည်ပူပူကို ကိုင်ထားပြီး ပွဲကြည့်ဖို့ စောင့်နေလိုက်သည်။ ဒီည နန်းယန်က နန်းအိမ်တော်မှာ ရပ်တည်နိုင်ဖို့အတွက် တိုက်ခိုက်နေခြင်း ဆိုတာကို သူမနားလည်သည်။
နှမြောစရာ ကောင်းတာက ချန်းယဲ့ရူ၏ မိသားစု အဆင့်အတန်းကို နန်းယန် မသိခဲ့ခြင်းပင်။ သူမ၏ ပျက်စီးမဲ့ ကံကြမ္မာကို သူမ မသိသေးပါချေ။
ချန်းယဲ့ရူ၏ နောက်ကြောင်းကို သိသွားသည့်အခါ ဖြစ်သွားမဲ့ နန်းယန်၏ အမူအရာကို ကြည့်ဖို့ သူမ မစောင့်နိုင်တော့ချေ။
သူမ၏ဘေးမှာတော့ ရှောင်းယီက အကျိုးအမြတ်ရဖို့ သည်းမခံနိုင်တော့ချေ။
သူက ဒီနှစ်သစ်ကူး အကြိုညမှာ နန်းသခင် ၃ ၏ မိသားစုဘဝကို သူစိတ်မဝင်စားပါချေ။ သူ့အတွက် ရယ်စရာ ကောင်းတာက ထိုလူကြီးက ပန်းပွင့်တွေနှင့် ဖန်တွေ၏ လေပြည်ညင်း အလယ်မှာ ရှိနေတာပင်။
နန်းကျောင်းကျောင်း၏ မျက်နှာကိုသာ မထောက်ရင် သူအစောကြီး ကတည်းက ကျောက်ဝမ်ခြံကို ပြန်သွားပြီ ဖြစ်သည်။
သူက လက်တွေကို ဆန့်လိုက်ပြီး နန်းပေါင်ရီ၏ စန္ဒကူးနံ့သင်းနေသည့် ဆံနွယ်တွေကို သူ၏နှာခေါင်းဖျားမှာ ထားပြီး နမ်းရှိုက်လိုက်သည်။
အနံ့လေးက အရမ်းကို…………..
သူက ပုံမှန်လေသံနှင့် “နန်းကျောင်းကျောင်း၊ ငါဗိုက်ဆာတယ်”
နန်းပေါင်ရီက စိတ်လှုပ်ရှားဖို့ ကောင်းသည့်ပွဲကို ကြည့်ဖို့စောင့်နေရင်း သူမ၏ဆံနွယ်တွေကို ပြန်ယူလိုက်ပြီး “ပြဿနာမရှာနဲ့”
ရှောင်းယီ၏ မျက်ခုံးတွေက မြင့်တက်သွားသည်။ သူမ၏ လေးနက်သည့် မျက်နှာထားကို ကြည့်ပြီး စကားစရပ် သွားသည်။
ကောင်မလေး၏ ဘေးတိုက်မျက်နှာက ဖွေးဉပြီး နူးညံ့နေသည့်အပြင် နှာတံပေါ်ပြီး နှုတ်ခမ်းသေးသေး လေးက ပန်းရောင်ဖျော့ဖျော့ သန်းနေသည်။ အနီရောင် ယုန်မွေးဝတ်ရုံနှင့် သူမက နှစ်သစ်ကူး အရုပ်မလေး ထက်တောင်ပိုပြီး ချစ်စရာ ကောင်းနေသေးသည်။
သူက ပျင်းရိစွာ လက်ကိုဆန့်ထုတ်လိုက်ပြီး ကောင်မလေး၏ မျက်နှာဖောင်းဖောင်းလေးကို ဆွဲဆိတ် လိုက်သည်။
ခံစားလို့အရမ်းကောင်းသည်……
“ပြဿနာမရှာပါနဲ့ဆို”
နန်းပေါင်ရီက သူ၏လက်ကို စိတ်မရှည်စွာ ပုတ်ထုတ်လိုက်သည်။ သူမ၏အသံက အနည်းငယ် ကျယ်သွားတာကြောင့် လူတွေအားလုံးက ကြည့်လာကြသည်။
နန်းပေါင်ရီ၏ မျက်နှာက ရုတ်ခြည်း နီရဲသွားပြီး ရှင်းမပြတတ်စွာ မျက်လွှာကို ချလိုက်သည်။ လူတွေ အများကြီး ဝိုင်းကြည့်တာကို ခံရသည့်အခါ စောင်ပုံထဲမှာ ဝင်ပုန်းချင်မိသွားပြီး အစ်ကို ၂ ကိုလည်း တစ်ချက်လောက် ကန်ပစ်လိုက်ချင်လာသည်။
စောင့်ရသည့်အချိန်က အလွန်ကြာညောင်း နေသလိုပင်။
ရှောင်းယီက ပျင်းရိစွာ နန်းပေါင်ရီကို တစ်ချက် ကြည့်လိုက်သည်။ ကောင်မလေးက မျက်တောင်ရှည်တွေကို အောက်စိုက်ချထားပြီး မျက်လုံးတွေက သန့်ရှင်း၍ အနည်းငယ် စိုစွတ်နေသလိုပင်။ သူမက ပျင်းရိစွာ စောင့်ဆိုင်းနေပြီး သူမ၏ လက်ချောင်းတွေက ဝတ်စုံက ပုတီးစေ့တွေကို ကစားနေသည်။
နှလုံးခုန်သံက အနည်းငယ် မြန်ဆန်လာတာကြောင့် သူမ၏ရင်အုံက ပုံမှန်ထက် ပိုဖောင်းလာပြီး မျက်နှာလေးက ပန်းရောင်ပြေပြေလေး သန်းနေတာက မျက်နှာချေမှုန့် အနီရောင် ခြယ်ထားတာထက်ကို ပိုပြီး လှသွေးကြွယ်နေတော့သည်။
သူ၏လက်တွေက ယားယံလာပြန်သည်။ သူက သူ၏ လက်ညှိုးကို ဆန့်လိုက်ပြီး သူမ၏ ပါးဖောင်းလေးကို စိတ်ပါလက်ပါနှင့် တို့ထိလိုက်ပြီး “အာ..” လို့ တမင် အသံပြုလိုက်သည်။
နန်းပေါင်ရီက ထပ်ပြီး မအော်ရဲတော့ပါချေ။ သူ့ကို တိတ်တဆိတ် စူးရဲစွာစိုက် ကြည့်နေရုံသာ တတ်နိုင်သည်။
ရှောင်းယီက လုံးဝ ကြောက်စိတ် မရှိပါချေ။ ကောက်ကျစ်စွာဖြင့် သူ၏ နှုတ်ခမ်းထောင့်ကို လျှာဖြင့်လျက် လိုက်ပြီး ပါးဖောင်းလေးကို ထပ်တို့ထိလိုက်၍ “အာ..” လို့ ထပ်အသံပြုလာပြန်သည်။
သူမ၏မျက်နှာလေးက သေးသွယ်ပြီး အနုစိတ် ခြယ်မှုန်းထားသလို လှပလွန်းသည်။
ပျော့ပျောင်းတယ်၊ နူးညံ့တယ်၊ တို့ဖူးတုံးလေးလိုပဲ…..
နန်းပေါင်ရီ၏ ပါးဖောင်းလေးကို တို့ထိရတာဟာ အလွန်ပျော်စရာ ကောင်းမှန်း ရှောင်းယီ ရှာဖွေတွေ့ရှိ သွားသည်။
“အာ….”
သူက စပြီး ကစားတော့သည်။ သို့သော်လည်း နန်းမိသားစုတွေ အားလုံး အဘွားအိုမှစ၍ သူ့ကို စိုက်ကြည့်နေကြတာကို ရုတ်တရက် သူသိသွားသည်။
သူက မျက်ခုံးတွေကိုပင့်၍ သူ၏လက်တွေကို တည်ငြိမ်စွာ ပြန်ရုပ်လိုက်ပြီး ပျင်းရိစွာ ပြန်ထိုင်နေ လိုက်သည်။
နောက်ထပ် အမွှေးတိုင်တစ်တိုင် ထွန်းစာအချိန် ကြာသွားပြီးသည့်နောက်မှာ နောက်ဆုံးတော့ နုန်အာက ချန်းမိသားစုကို ဖိတ်ခေါ်လာခဲ့သည်။
ပခုံးပေါ်မှာ နှင်းစက်တွေ တင်နေသည့် မြေခွေးသားမွေး ဝတ်ရုံကို ဝတ်ဆင်ပြီး ချန်းတယ်ယွီက ပန်းပွင့် ခန်းမ၏ တံခါးဘောင်ကိုဖြတ်ပြီး တိတ်ဆိတ်စွာ ဝင်လာခဲ့သည်။
လျိုမိသားစုက နောက်ခံကောင်းတစ်ခု ရောက်လာပြီဟု ထင်မှတ်ပြီး ငိုကြွေးနေတာနှင့် ဆဲရေးတိုင်းထွာ နေတာကို ရပ်လိုက်ကြသည်။
“အစ်ကို ချန်း”
နန်းယန်က သူ့ကို နှုတ်ဆက်ဖို့ မစောင့်နိုင်တော့ဘဲ “နောက်ဆုံးတော့ အစ်ကိုရောက်လာပြီ”
သူမ၏မျက်လုံးတွေက နီရဲနေပြီး မျက်ရည်တွေနှင့် တဖျတ်ဖျတ် လက်နေသည်။ သနားချင့်စဖွယ် မျက်နှာလေးက သူ့ကိုအပြည့်အဝ မှီခိုနေဟန်ရှိပြီး ချန်းတယ်ယွီကို သနားသွားစေသည်။
သူက အေးစက်သည့်အသံနှင့် “နန်းသခင်မကြီး၊ နန်းသခင်ကြီး ၂၊ ဒီတစ်ခေါက် လာခဲ့တာက ဒေါ်ဒေါ်လျိုရဲ့ ကိစ္စအတွက်ပါ”
အားလုံးက တိတ်ဆိတ်သွားသည်။
ချန်းတယ်ယွီက လေသံသဲ့သဲ့ဖြင့် “အားလုံးသိတဲ့အတိုင်း ကျုပ်နဲ့ယန်အာက မင်္ဂလာကိစ္စ ပြောဆိုပြီးကြပြီ၊ လက်ထပ်ဖို့ပဲ စောင့်ဖို့လိုတော့တယ်..”
ပြောပြီးနောက် သူက နန်းပေါင်ရီက လင်းလက် တောက်ပနေတာကို တွေ့သွားသည်။ သူ၏ စေ့စပ်ပွဲ ပယ်ဖျက်လိုက်သည့် သတို့သမီးလောင်းက ရွှေရောင်နှင့် အနီရောင် ရောထားသည့် ယုန်မွေး အပေါ်ဝတ်ရုံ ကို ဝတ်ဆင်ထားပြီး ရင့်ကျက်ဟန် ရှိနေသည်။
လူတွေထဲမှာ အမြဲတမ်း ထင်ပေါ်နေတတ်သည်။ သူ့အတွက်တော့ ဂရုမပြုမိဘဲ နေဖို့ခက်လှသည်။
သူက စူးစိုက်နေသည့် အကြည့်တွေကို ရုပ်သိမ်းလိုက်ပြီး “နှစ်ဖက်လုံးရဲ့ မျက်နှာကို ထောက်ထားပြီး ကျုပ်အဖေက ဒေါ်ဒေါ်လျိုကို ကူညီဖို့ လိုအပ်တယ်လို့ စဉ်းစားတယ်၊ ပြီးတော့ ဒေါ်ဒေါ်လျိုက နန်းသခင် ၃ အတွက် သားသမီး နှစ်ယောက်လည်း မွေးပေးထားသေးတယ်”
“အ…”
အချိန်အခါ မသင့်သည့် အသံတစ်ခုက ရုတ်တရက် ထွက်လာသည်။
ချန်းတယ်ယွီက ထိုအသံလားရာကို ကြည့်လိုက်တော့ ရှောင်းယီက အပြုံးရေးရေး ထင်နေဟန်ဖြင့် နန်းပေါင်ရီ၏ မျက်နှာကို သူ၏လက်ချောင်းတွေနှင့် တို့ထိဆော့ကစားနေသည်။
သူက တိတ်တဆိတ် မျက်မှောင်ကြုတ် လိုက်ပြီး အရှက်မရှိသည့် ကျိန်ဆဲသည့် စကားတစ်ခွန်းကို သူ့စိတ်ထဲမှာ ပြောရင်း စကားကို ဆက်လိုက်သည်။
“ပြီးတော့ အခုကိုယ်ဝန်လည်း ရှိနေပြီဆိုတော့…”
ရယ်သံ တိုးလျလျက သူ့ကို နှောင့်ယှက်လိုက်သည်။
သူက သည်းမခံနိုင်စွာ ကြည့်လိုက်သည့်အခါ နန်းပေါင်ရီက ရှောင်းယီကို ထုရိုက်နေပြီး ရှောင်းယီက ထိုထုရိုက်မှုကို ဂရုမစိုက်သည့်အပြင် သူမ၏ လက်သီးဆုပ်လေးကို ဖျစ်ညှစ်နေသည်။
ဒါက ပုံမှန် စနောက်နေကြတာ ဖြစ်ပေမယ့် သူ၏နှလုံးသားထဲမှာတော့ မီးတောက်တစ်ခုက အစပျိုး တောက်လောင်လာသည်။
သူတို့နှစ်ယောက်က တိတ်တဆိတ် ခြေရှုပ်နေကြသည်ဟု နန်းယန်က ပြောခဲ့ဖူးသည်။
အခုကြည့်ရသလောက်တော့ အဲ့ဒါက အရမ်း….
သူက စကားကိုထပ်ပြီး ရှည်အောင် မပြောချင်တော့ပေ။ ဘုရင်ခံချန်း အိမ်တော်၏ မင်းသားတစ်ယောက် အနေနှင့် သူက အေးစက်စွာ ထပ်ပြောလိုက်သည်။
“တိုတိုပြောရရင် ယန်အာက ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာတော့မယ်၊ ငယ်ရွယ်တဲ့ လှပမှုကို အသုံးချပြီး မြင့်မြင့်ကို လှမ်းချင်တဲ့ အရှက်မရှိတဲ့ မိန်းမအတွက်ကတော့….”
သူက ချန်းယဲ့ရူကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
ပြီးနောက် … သူမူးမေ့လဲမတတ် ဖြစ်သွားရတော့သည်။
သူက အသံပါ ပျောက်ဆုံးသွားရပြီး “ဒေါ်လေး”
***