အပိုင်း (၁၅၃)
သူမက အဖေ့အတွက် မိန်းမပျိုတစ်ယောက်ကို တကယ် ရှာတွေ့ခဲ့တယ်
နန်းယန်က ကြည့်လိုက်သည်။
သူမ၏အဖေက တခြား သူစိမ်းမိန်းမ တစ်ယောက်၏ လက်ကို ရင်းနှီးစွာ ဆုပ်ကိုင်ထားသည်။ သေချာတာတော့ အဖေက သူမတို့ သားအမိ နှစ်ယောက်ကို ဒီကိစ္စကို ဖုံးကွယ် ထားတာကြောင့် သူမတို့ ရောက်လာတာကို အံ့အားသင့်စွာနှင့် ကြည့်နေပြီး တဒင်္ဂ ဆွံ့အနေသည်။
သူမ၏စိတ်ထဲမှာ မဖော်ပြနိုင်လောက်အောင် ဒေါသထွက်သွားပြီး နန်းပေါင်ရီက သူမတို့ကို ခေါ်လိုက်ရသည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားသည်။
သူမ၏အဖေက သူမတို့ နောက်ကွယ်မှာ မိန်းမတစ်ယောက်ကို ရှာတွေ့သွားသည်။ ပြီးတော့ ထိုမိန်းမက နန်းအိမ်တော်ကိုလည်း ခံ့ခံ့ညားညားနှင့် ဝင်ထွက်နိုင်သည်။
သူမ ဆက်ပြီး မစဉ်းစား နိုင်သေးခင်မှာ လျိုရှောင်မုံ့က အစွယ်တွေနှင့် လက်သည်းတွေကို ထုတ်လိုက်ပြီ ဖြစ်သည်။
“နန်းကွမ်၊ ဒီရက်တွေမှာ ဘယ်တွေ ရောက်နေတာလဲ၊ ကျွန်မကို လာမတွေ့တာက ဒီမြေခွေးမဆီကို ရောက်နေလို့ပေါ့လေ၊ နန်းကွမ် ရှင်မှာ ကျွန်မအတွက် တာဝန်ရှိသလို ကျွန်မဗိုက်ထဲက ကလေး အတွက်လည်း တာဝန်ရှိတယ်”
သူမက အော်ဟစ်ပြီး ချန်းယဲ့ရူကို ရိုက်ဖို့ကြိုးစားသည်။ နီးကပ်လာသည့် အချိန်မှာ နန်းကွမ်က သူမကို တွန်းထုတ်လိုက်သည်။
နန်းကွမ်က ချန်းယဲ့ရူကို သူ၏နောက်မှာ ထားပြီး ကာကွယ်လိုက်သည်။ သူ၏မျက်နှာ အမူအရာက ချန်းယဲ့ရူ အပေါ်မှာ အရမ်းကို သိမ်မွေ့နေသည်။
သူက ဆယ်နှစ်ကျော် ကြာအောင် လျိုရှောင်မုံ့နှင့် အတူရှိခဲ့ပြီး အမြဲတမ်း နွေးထွေး ကြင်နာတတ်သည်။ ဒီညမှာတော့ ဘာကြောင့် တခြား တစ်ယောက်လို ပြောင်းလဲသွားရတာလဲ။
သူက ထိုမိန်းမ အပေါ်ကိုပိုပြီး ချစ်ခင်နှစ်သက်သည်လား နန်းကွမ်က ပန်းပွင့်သေရည်ကို သောက်နေပြီး ဘာမှပြောမလာပါချေ။
လျိုရှောင်မုံ့က အလွန်စိတ်ဆိုးပြီး သူမ၏နှလုံးသားနှင့် အသည်းတွေပါ နာကျင်လာရသည်။
အရင်ကတော့ နန်းကွမ်က ဟွားလျိုကို သွားပြီး မိန်းမတွေကို ခေါ်တတ်သည်။ ထိုအခါများမှာ သူမက ထိုမိန်းမတွေကို ရှာပြီး ပွဲကြမ်းပစ်သည်။ ထိုမိန်းမတွေက အဆင့်အတန်းမရှိသည့် မိန်းမတွေဖြစ်ပြီး နန်းအိမ်တော်၏ အရှိန်အဝါအောက်ကို ဝင်ခွင့်မရကြပါချေ။
သို့သော် ဒီတစ်ခေါက်ကတော့ ကွဲပြားသည်။
နန်းကွမ်က ဒီမြေခွေးမနှင့် ငြိသွားလိမ့်မယ်လို့ သူမ မသိခဲ့၊ ပြီးတော့ ဒီမြေခွေးမက နန်းအိမ်တော်နှင့် ဆုန်းဟယ့်ခြံကို ခမ်းခမ်းနားနားနှင့် ဝင်ရောက်လာနိုင်သည်။
ဒီအခြေအနေကို ကြည့်ရင် သခင်မကြီးက လမ်းရှင်းပေးထားသည်မှာ သေချာသည်။
သူမက အပြင်ဆောင်မှာ ဆယ်နှစ်ကျော် ဒုက္ခခံခဲ့ရပြီး နောက်ဆုံး အိမ်တော်ထဲကို ဝင်ရောက် နိုင်ခါနီးပြီလေ။ သူမသမီး၏ ကတိအရ ပြီးပြည့်စုံသည့် မင်္ဂလာပွဲကို ဆင်နွဲရတော့မည်ဟု သူမထင်ထားခဲ့သည်။ သူမ၏ ပန်းတိုင်ကို ရောက်ဖို့ လက်တစ်ကမ်း အလိုကို ရောက်နေခါမှ ဒီလိုမြေခွေးမက သူမ၏ လမ်းကို ဖြတ်ဝင်လာလိမ့်မည်ဟု ထင်မထားခဲ့။
နန်းကွမ်က အဲ့ဒီမြေခွေးမကို အရမ်း ကြင်နာနေပြီး သူမ၏ကိုယ်ဝန်ကိုတောင် ဂရုမစိုက်တော့ဘဲ အဝေးကို တွန်းထုတ်လိုက်သည်။
သူမ လက်မခံနိုင်ချေ။ သူမ၏ရင်အုံက အရှိန်ပြင်းပြင်းနှင့် ခုန်လှုပ်နေပြီး ချန်းယဲ့ရူကို လက်ညှိုး ထိုးလိုက်ပြီး စူးရှစွာ အော်လိုက်သည်။
“နင် ခွေးမ၊ သူက လက်ထပ်ပြီးသားဆိုတာ နင်မသိဘူးလား နင်ဘာလို့ ဒီလောက်တောင် မျက်နှာပြောင်တိုက်ပြီး ဖြားယောင်း သွေးဆောင် ရဲရတာလဲ”
ချန်းယဲ့ရူက အစိုးရအရာရှိ အိမ်တော်မှာ ကြီးပြင်းလာတာဖြစ်ပြီး ငယ်ငယ်ကတည်းက အိမ်တွင်း ရန်ပွဲတွေနှင့် အကျွမ်းတဝင် ရှိခဲ့သည်။
သူမက လှောင်ရယ်လိုက်ပြီး ဝတ်စုံစကို တည်ငြိမ်စွာ ခါလိုက်သည်။
“အားကွမ်က မောင်းမတစ်ယောက်နဲ့ အတူနေတယ်လို့ ကျွန်မ ကြားမိပါတယ်၊ ဒါပေမယ့် ရှင်ကသူ့ကို နေ့တိုင်း မှီခိုတွယ်ကပ်နေပြီး အိမ်ကနေလည်း ပေးမထွက်ဘူးတဲ့၊ ပြီးတော့ သူ့ကို တခြားသူနဲ့ နီးကပ်ခွင့် မပေးသလို လက်ထပ်ဖို့လည်း ခွင့်မပြုဘဲ အမြဲ လိုက်နှောင့်ယှက်နေတယ်တဲ့၊ ပြီးတော့ ရှင်က မင်္ဂလာမဆောင် ရသေးခင်မှာ ကိုယ်ဝန်ရနေပြီ၊ ဒီနေ့ ကျွန်မရောက်လာတာက ဘာမှမဟုတ်ပေမယ့် ရှင့်ကို လန့်သွားစေတာလား၊ ရှင်နဲ့မှ မဆိုင်တာ လာပြီး ဆူပူမနေသင့်ဘူး”
“နင်….”
လျိုရှောင်မုံ့က သွေးအန်တော့မတတ် ဖြစ်သွားရပြီး “နင် ခွေးမ၊ ခွေးမ… နင့်ကိုငါသတ်မယ်”
သူမက စိတ်ဆိုးမာန်ဆိုးဖြင့် ပြေးသွားပြီး သူတို့ နှစ်ယောက်ကို ခွဲထုတ်လိုက်သည်။ သူမ၏ ကိုယ်ဝန်ကြောင့် သူမ၏လှုပ်ရှားမှုက မတည်ငြိမ်ပဲ ယိမ်းထိုးနေသည်။ သူမက ချန်းယဲ့ရူကို ရုတ်တရက် အရမ်းမုန်းသွားပြီး ဒေါသထွက်နေသည်။
သို့သော်လည်း သူမ ချန်းယဲ့ရူကို ထိအောင် မရိုက်နိုင်ပါချေ။ ဒါကြောင့် ထိုမြေခွေးမ၏ အရေခွံကိုခွာချပြီး ဈေးထဲမှာ သွားရောင်းပြီးမှ ချန်းယဲ့ရူ၏ မိသားစုကို နည်းလမ်း အမျိုးမျိုးနှင့် ခြိမ်းခြောက်ဖို့ စဉ်းစားမိသည်။
သူမ၏ဆဲရေးစကားတွေက လွဲလို့ ပန်းပွင့်ခန်းမက တိတ်ဆိတ်နေသည်။
နန်းကွမ်၏ မျက်နှာက တဖြည်းဖြည်း ရုပ်ဆိုးလာသည်။ သူက လျိုရှောင်မုံ့ကို မယုံနိုင်စွာ ကြည့်နေသည်။ သူနှင့်ခေါင်းအုံး တစ်အုံးထဲမှာ မှေးစက်ခဲ့သည့် သူမက ဒီလိုပုံစံမျိုး ပြောင်းလဲ သွားသည်လား။
သူ၏စိတ်ထဲမှာ သူမက ရွံ့နွံထဲမှာ ကြီးပြင်းလာရပေမယ့် အစွန်းအထင်း မရှိနိုင်ဟု ထင်ခဲ့မိသည်။ ဈေးထဲမှာ ကြီးပြင်းခဲ့ရင်တောင်မှ ဒီမိန်းမထက်ပိုပြီး နူးညံ့သိမ်မွေ့ နိုင်သေးသည်။
သို့သော်လည်း ဒီညမှာတော့…………..
လျိုရှောင်မုံ့က လမ်းဘေးမှာ ဆူပူသောင်းကျန်းနေသည့် မိန်းမတွေလို ပြောင်းလဲသွားပြီး အပေါက်ဆိုးသည့် အမျိုးသမီးတွေနှင့် ကွာခြားမှု မရှိပါချေ။
နန်းယန်က သူ၏မျက်နှာ အမူအရာတွေ အားလုံးကို မြင်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ် လိုက်သည်။
‘မကောင်းတော့ဘူး’
ချက်ချင်း သူမက မျက်ရည်တွေကို သုတ်လိုက်ပြီး နန်းကွမ်၏ ဝတ်ရုံလက်ကို ကလေးတစ်ယောက်လို ကိုင်လိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
“ဖေဖေ၊ မေမေက ကိုယ်ဝန်ကြောင့် စိတ်မတည်မငြိမ် ဖြစ်နေတာပါ၊ သည်းခံပေးပါ…”
နန်းကွမ်က ဘာမှပြန်မပြောချေ။
နန်းယန်က ထပ်ပြောလိုက်သည်။
“ဖေဖေ မေမေက ဖေဖေ့ကို အရမ်းချစ်တာပါ၊ ဖေဖေက တခြား မိန်းမတစ်ယောက်နဲ့ ရင်းနှီးနေတာကို သူမြင်တော့ အရမ်းဒေါသထွက်ပြီး ဆဲမိတာပါ၊ ပြီးတော့လည်း အရင် လဝက်တုန်းက ဖေဖေပဲ မေမေနဲ့ လက်ထပ်မယ်လို့ ပြောခဲ့တယ်လေ၊ အခုက အချိန်ဘယ်လောက် ကြာသေးလို့လဲ၊ ဘာလို့ဖေဖေက စိတ်ပြောင်း သွားရတာလဲ၊ ယန်အာက ဖေဖေနဲ့မေမေ လက်ထပ်ဖို့ တကယ် မျှော်လင့်ထားခဲ့တာ၊ အဲ့ဒါမှ ယန်အာနဲ့ အစ်ကိုက ပျော်ကြရမှာ၊ ဖေဖေက မေမေ့ကိုပဲ လက်ထပ်ရမှာလေ၊ သမီးတို့ အားလုံးစုံမှ ပြီးပြည့်စုံပြီး ပျော်ရွှင်တဲ့ အိမ်လေးဖြစ်မှာပေါ့”
နန်းကွမ်က တိတ်ဆိတ်နေဆဲပင်။ သူက လျိုရှောင်မုံ့ကို တစ်ချက်ကြည့်လိုက်ပြီး ချန်းယဲ့ရူကို ပြန်ကြည့်လိုက်သည်။ တစ်ကိုယ်ကောင်း ဆန်ဆန် ပြောရရင် ချန်းယဲ့ရူက လျိုရှောင်မုံ့ထက် ကောင်းတယ်လို့ သူခံစားရသည်။ သူမက သူ့ကိုအရူးအမူး ချစ်မြတ်နိုးပြီး ဆယ့်ငါးနှစ်တိုင်အောင် အိမ်ထောင်မပြုခဲ့ချေ။ ထပ်ဖြည့် ပြောရရင် သူ့အတွက်ပဲ စဉ်းစားပြီး သူ့ကို ဦးစားပေးတတ်သည်။
ဒီရက်တွေမှာ သူက သူမကို ကြက်တိုက်ပွဲကို ခေါ်သွားခဲ့သည်။ သူ၏ သံမဏိစစ်သူကြီး ၆ က ပွဲထဲမှာ သေသွားသည့်အခါ သူမက ရွှေစတစ်ရာနှင့် သူ့ကိုတခြား တိုက်ကြက်တစ်ကောင် ဝယ်ပေးခဲ့သည်။ ပြီးတော့ သူ သုံးပွဲဆက်တိုက် အနိုင်ရခဲ့သည်။
ရှက်စရာ ကောင်းအောင်ပဲ သူကြက်တိုက်လာတာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီ ဖြစ်ပေမယ့် ပထမဦးဆုံး အကြိမ် နိုင်ဖူးခြင်းဖြစ်သည်။
ပထမဆုံး အနေနှင့် ၁၃ နှစ်ကြာမှ နန်းယန်ကို သူမကျေမနပ် ဖြစ်သွားသည်။
သူက သက်သောင့်သက်သာ မရှိသည့်အသံနှင့် “မင်းရဲ့အမေကို လက်မထပ်ဘူးဆိုရင် ပြီးပြည့်စုံ ပျော်ရွင်တဲ့ မိသားစု မရှိရတော့ဘူးလား၊ ကျောင်းကျောင်းကတောင် ငါ့မင်္ဂလာပွဲကို လက်ခံတယ်၊ မင်းက ညီမလေးလို မဟုတ်ဘဲ ဘယ်လိုဖြစ်ပြီး မသိနားမလည်ပဲ တစ်ကိုယ်ကောင်း ဆန်ရတာလဲ”
နန်းယန်က မူးမေ့မတတ် ဖြစ်သွားရသည်။ သူမ မွေးဖွားလာစဉ် ကတည်းက သူမအဖေ၏ မသိနားမလည်ပဲ တစ်ကိုယ်ကောင်း ဆန်တယ်ဆိုသည့် မှတ်ချက်ကို ပထမဆုံး ကြားရတာဖြစ်သည်။ အရင်ကဆို ထိုစကားလုံးတွေက နန်းပေါင်ရီအတွက် သူမအဖေ သုံးခဲ့သည့် စကားလုံးတွေဖြစ်သည်။
နန်းပေါင်ရီက ပြုံးလိုက်ပြီး “မမ၊ ညီမလေးတို့ ဖေဖေက သူရဲ့ဘဝ တစ်လျှောက်လုံး ပင်ပန်းခဲ့ပြီးပါပြီ၊ အခုမှ ခက်ခက်ခဲခဲနှင့် သူချစ်တဲ့ မိန်းကလေးကို ရှာတွေ့တာ၊ ဘာလို့မမက တရုတ်ဘဲလိုမျိုး လိုက်နှောင့်ယှက် နေရတာလဲ၊ ကလေးတွေ ဆိုတာက မိဘတွေရဲ့ ဆန္ဒကို လိုက်လျော ပေးရမှာလေ၊ သူတို့ကို ဦးစားပေးရမှာ၊ မမက အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ပါ၊ စာအုပ်တွေ အများကြီး ဖတ်ထားပြီး အားလုံးကို ခွေးရဲ့ဗိုက်ထဲ ထည့်လိုက်တာလား”
နန်းယန်က အလွန် စိတ်ဆိုးသွားပြီး အသည်းတွေပါ ဆတ်ဆတ်ခါအောင် နာလာရသည်။
သူမ နန်းပေါင်ရီကို လျှော့တွက်ခဲ့မိသည်။ နန်းပေါင်ရီက သူမ၏အဖေကို တခြား မိန်းမတစ်ယောက်နှင့် မိတ်ဆက် ပေးလိမ့်မယ်လို့ မထင်ထားမိခဲ့ချေ။ ဒါက လူတစ်ယောက် လုပ်သင့်သည့် အလုပ်လား။
နန်းယန်က ချန်းယဲ့ရူကို အေးစက်သည့် အကြည့်နှင့် ကြည့်လိုက်ပြီး “မိန်းကလေးက ဘယ်ကလဲတော့ မသိဘူး၊ ကျင့်ဝတ်ထုံးတမ်း၊ ဖြောင့်မတ်မှုနဲ့ အရှက်တရား ဆိုတာ ဘာလဲဆိုတာကို စာတတ်တဲ့သူဆိုရင် သိပါတယ်၊ ကျွန်မ မိဘတွေရဲ့ ချစ်ခြင်းကို ကြားဝင် နှောင့်ယှက်တာ ရှင့်ကိုယ်ရှင် မရှက်ဘူးလား၊ ကျွန်မအမေက သားသမီး နှစ်ယောက်တောင် မွေးထားပြီး အခုဗိုက်ထဲမှာလည်း နောက်ထပ် တစ်ယောက်ကို ထပ်ပြီး ကိုယ်ဝန်လွယ်ထားသေးတယ်၊ ကျွန်မသာရှင်ဆိုရင် တခြားသူတွေ မထိခိုက်အောင် အမြန်ဆုံး ထွက်သွားမိမှာပဲ”
ချန်းယဲ့ရူက ထိုမျှလောက်နှင့် ဖယ်ထုတ်ဖို့ မလွယ်ပါချေ။ သူမက နန်းကွမ်ကို ၁၅နှစ်လောက် ကြိတ်ချစ်ခဲ့ပြီး နောက်ဆုံးမှာမှ အသိအမှတ်ပြုမှုကို ရခဲ့တာဖြစ်သည်။
သူမက ခပ်ရေးရေး ပြုံးလိုက်ပြီး နန်းကွမ်ကို ကြင်နာစွာ ကိုင်လိုက်ရင်း “နန်းယန် မိန်းကလေးကို မေးချင်တာက အပြင်ဆောင်က မိန်းမတစ်ယောက်ဖြစ်တာ မရှက်ဘူးလား၊ ယောက္ခမက အသိအမှတ် မပြုဘဲနဲ့ တခြား သူတစ်ယောက်ရဲ့ အိမ်တော်ကို အတင်းဝင်နေတာရော မရှက်ဘူးလား၊ ညီမနဲ့ လက်ထပ်ရမဲ့ မတ်ကိုဖြားယောင်းပြီး ညီမရဲ့ မင်္ဂလာပွဲကို ပျက်စီးအောင် လုပ်တာကိုရော မရှက်ဘူးလား”
တချို့စကားလုံးတွေက ကျယ်လောင်ပြီးရင်း ကျယ်လောင်နေသည်။
နန်းယန်က ထိုမေးခွန်း သုံးခုလုံးကို မဖြေနိုင်ပါချေ။ သူမက လက်ဖဝါးကို ဖျစ်ညှစ်လိုက်ပြီး ချန်းယဲ့ရူကို တည့်တည့်ကြည့်၍ သူမ၏မျက်နှာက နီရာကနေ အဖြူသို့ ကူးပြောင်းသွားသည်။
နန်းပေါင်ရီက ဒီလိုမိန်းမမျိုးကို ဘယ်ကရှာလာတာလဲ၊ သိပ်တော်လွန်းသည်။
နန်းပေါင်ရီက အားလပ်ချိန် အပန်းဖြေနေသလို ပန်းပွင့်ကိတ် တစ်လုံးကို ယူစားနေသည်။ သူမက ဖြည်းဖြည်းချင်း အရသာခံနေပြီး မျက်လုံးတွေက ချန်းယဲ့ရူကိုကြည့်၍ အမှတ်ပေးနေမိသည်။
ဒေါ်ဒေါ်ချန်းက စကားစစ်ထိုးသည့် နေရာမှာ အောင်မြင်ပြီး နန်းယန်ကို အရမ်း စိတ်ဆိုးစေသည်။ သူမ ဖေဖေနှင့် ဒေါ်ဒေါ်ချန်းကို မြန်မြန်နီးစပ်အောင် ကူညီဖို့ သံဓိဋ္ဌာန်ချလိုက်သည်။
နန်းယန်က သည်းမခံနိုင်တော့ချေ။ နောက်ဆုံးတော့ သူမ၏လူသတ်ချင်သည့် အငွေ့အသက်တွေက တိုးထွက်လာတော့သည်။ သူမက အထက်စီးဆန်ဆန် ပြောလိုက်သည်။
“မိန်းကလေးက အခုထိ မသိသေးမှာကို စိုးမိပါရဲ့၊ ရှုနိုင်ငံရဲ့ ဘုရင်ခံချန်းက ကျွန်မရဲ့အမေကို နန်းအိမ်တော်ရဲ့ ဇနီးမယားအဖြစ် တင်မြှောက်ဖို့ ထောက်ခံပေးထားတယ်၊ ရှင်က ဘုရင်ခံချန်းကို လွန်ဆန်ရဲလို့လား”
***