အပိုင်း (၁၄၆)
သူပေးသည့်စာကို သူမဖတ်လိုက်တယ်
အစေခံက နားမလည်ပေ။
“မမလေး”
နန်းယန်၏မျက်လုံးတွေထဲမှာ အနက်ရောင် မျဉ်းတစ်ကြောင်း ဖြတ်ပြေးသွားသည်။
“နန်းပေါင်ရီက ပြောတယ်၊ ငါ့မှာအတွင်းပစ္စည်းတွေ မရှိတော့ ချန်းသခင်မကြီးက လက်ထပ်ပွဲကို လက်လျှော့သွားမှာပဲတဲ့၊ …… ဒါပေမယ့် ငါကနန်းအိမ်တော်က သမီးတစ်ယောက် မဟုတ်ဘူးလား။ ငါ့နာမည်နဲ့ မျိုးရိုးဗီဇက သူတို့ဆီကပဲ ဆင်းသက်လာတာလေ”
“မမလေး မေ့နေပြီလား၊ အရင်တစ်ခေါက်က သခင်ကြီးနဲ့ သခင်မကြီး လက်ထပ်ဖို့ လုပ်တော့ အမတ်မင်းက ဟန့်တားလိုက်တယ်လေ”
နန်းယန်က ဂရုမစိုက်ချေ။ သူမက ဝတ်ရုံလက်ကို ကွယ်ရင်း အိပ်ခန်းထဲကို ပြန်ဝင်လာခဲ့သည်။
“မနက်ဖြန် ချန်းအိမ်တော်ကိုသွားပြီး ချန်းသခင်လေးကို သွားမေးလိုက်၊ နေ့လယ်ပိုင်းကျရင် နွေဦးကျောက်စိမ်းစံအိမ်မှာ ငါနှင့်အတူ လက်ဖက်ရည် သောက်နိုင်မလားလို့”
နောက်တစ်နေ့…..
နန်းယန်က ချန်းတယ်ယွီနှင့် တွေ့ဖို့ပြောထားသည့် နွေဦးကျောက်စိမ်းစံအိမ်ကို ရောက်သည့်အခါ ချန်းတယ်ယွီက ရောက်နှင့်နေပြီ။ အရာရှိငယ်က အညိုရောင် သားမွေးထည်ကို ဝတ်ဆင်ထားပြီး နွေးထွေး စွတ်စိုနေသည်။
သူမက မျက်လုံးတွေိကို အောက်ချလိုက်ပြီး ငုံ့ကိုင်းဂါရဝပြုရင်း “ချန်းသခင်လေးက အရမ်းကံကောင်း တာပဲ”
ချန်းတယ်ယွီက မှားယွင်းစွာ ကောက်ချက်ချ မိသွားသည်။
“မင်းနဲ့ငါက လက်ထပ်ဖို့အတွက် ကတိကဝတ် ပြုပြီးကြပြီ၊ ဘာလို့ အရမ်း ယဉ်ကျေးနေတာလဲ၊ ငါ့ကို ….. လို့ခေါ်ရင်ခေါ်၊ ဒါမှမဟုတ် နန်းပေါင်ရီ ခေါ်သလို အစ်ကိုချန်းလို့ ခေါ်ရင်လည်း ခေါ်လို့ရတယ်”
နန်းယန်ကပြုံးရင်း ထိုင်လိုက်သည်။
“ဒီနေ့ အစ်ကိုချန်းနဲ့ တွေ့ဖို့ပြောလိုက်တာက အစ်ကို့ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ”
“ငါ့ဂုဏ်သိက္ခာ”
နန်းယန်က သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ရင်း “ဒီနှစ်ပိုင်းတွေမှာ ညီမက အရည်အချင်းရှိတဲ့ မိန်းကလေးလို့ ကျော်ကြားပေမယ့် ညီမနောက်ခံ အခြေအနေက နိမ့်ကျလွန်းတယ်၊ ညီမက မချမ်းသာဘူး၊ အစ်ကို ညီမနဲ့ လက်ထပ်ပြီးရင် ကျင်းကွမ်မြို့ကလူတွေက အစ်ကို့ကို လှောင်ပြော ရယ်မောကြမှာကို ညီမကြောက်တယ်”
ချန်းတယ်ယွီက သူမကို ကြည့်လိုက်သည်။ မိန်းကလေးက ကြော့ရှင်းစွာ ဝတ်စားပြင်ဆင်ထားပြီး သူမ၏ နှလုံးသားက သူ့တစ်ယောက်တည်းနှင့် ပြည့်နေသည်။ သူမ၏အတွေးတွေ အားလုံးက သူ့အတွက်သာ။ ဒီလိုကြင်နာတတ်ပြီး အရည်အချင်းရှိသည့် မိန်းကလေးက ရှားပါးလွန်းလှသည်။
သူက နန်းယန်၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး “ငါမင်းရဲ့ ခင်ပွန်းဖြစ်ရမှာကို မှားတယ်လို့ ဘယ်တော့မှ ထင်မှာမဟုတ်ဘူး၊ နန်းသခင်ကြီး ၂ မနေ့က ပြန်ရောက်တယ်လို့ ကြားတယ်၊ ငါ့အဖေကို သူနဲ့တွေ့ဖို့ ပြောလိုက်မယ်၊ ငါ့အဖေက အာဏာရှိတဲ့သူ တစ်ယောက်ပဲ၊ သူက နန်းသခင်ကြီး ၂ ကို ကိုယ်တိုင် ဖိအားပေးလိုက်ရင် နန်းသခင် ၂ က မင်းရဲ့အမေကို အသိအမှတ်ပြုမှာ မလွဲမသွေပဲ၊ အဲ့ဒါဆိုရင် မင်းရဲ့ အခြေအနေက အလိုအလျှောက် မြင့်မားလာမှာ အမှန်ပဲ”
ချန်းဘုရင်ခံက နန်းသခင်မကြီးကို ကိုယ်တိုင် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်ပါချေ။ သို့သော် နန်းသခင် ၂ ကတော့မတူ။ ချန်းဘုရင်ခံက သူ့ကို အရာရှိ အာဏာသုံးပြီး ဖိအားပေးလို့ရသည်။ ခြိမ်းခြောက်တာ ပဲဖြစ်ဖြစ် အပျော့ဆွဲနှင့် လှည့်ပတ်ပြီး ပြောတာပဲဖြစ်ဖြစ် လုပ်ပြီး လျိုရှောင်မုံ့ကို နန်းအိမ်တော်၏ သခင်မ ၃ အဖြစ် လက်ခံဖို့ တွန်းအားပေးလို့ရသည်။
ထို့ကြောင့် သူမက နန်းသခင်ကြီး ၂ ပြန်ရောက်လာမဲ့အချိန် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။
“ချန်းသခင်လေး….”
နန်းယန်က ရှက်သွေးဖြာနေပြီး မျက်နှာနီ၍ “ညီမက အစ်ကို့ကို ဒုက္ခမပေးချင်ပါဘူး၊ ဒါပေမယ့် အစ်ကို့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှာ စိုးလို့ပါ၊ အဲ့ဒါကြောင့် အကောင်းဆုံး နည်းလမ်းကိုရွေး….”
“ခင်ပွန်းနဲ့ ဇနီးသည်ဆိုတာ တူညီတဲ့ သစ်တောထဲက ငှက်လေးတွေပဲ၊ ညီမကို ကူညီတာဟာ ကိုယ့်ဘာသာကိုယ် ကူညီတာပဲပေါ့”
“ကျောင်းကျောင်းသာ ဒါတွေကိုသိရင် စိတ်ဆိုးပြီး မနာလိုဖြစ်မယ် ထင်တယ်နော်၊ အစ်ကိုချန်းလည်း သိတာပဲ သူက ညီမမေမေကို သဘောမကျဘူးလေ…”
နှစ်ယောက်သားက အစီအစဉ် တစ်ခုကို ကြံစည်ရေးဆွဲ ထားကြသည်။ သို့သော် သူတို့၏ အကြံအစည်က ဟန်ယန့်လျန် မှတစ်ဆင့် နန်းပေါင်ရီဆီသို့ ရောက်သွားတော့သည်။
ယနေ့ နန်းပေါင်ရီက နွေဦးကျောက်စိမ်း စံအိမ်ကို ပြဇာတ်၏ ဝေစုခွဲတမ်းတွေယူဖို့ ရောက်လာခဲ့သည်။ မမျှော်လင့်ထားဘဲ ပေါက်ကွဲ ထွက်လာနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို သူမ ကြားလိုက်ရသည်။
ဟန်ယန့်လျန်က ပန်းထိုးသည့် အစကိုယူရင်း ပန်းထိုးနေသည်။ မွှေးကြိုင် သင်းပျံ့နေသည့် သူမ၏ပခုံးတွေကို လှစ်ဟထားသည်။ ထိုစဉ်မှာတော့ မိန်းမပီသစွာ ချောမောလှပသည့် ဟန်ပန်အပြည့်ပင်။
သူမ ရယ်မောလိုက်သည့် အခါမှာတော့ သူမ၏မျက်နှာက တဏှာရာဂတွေ လောဘတွေနှင့် ပြည့်နှက်နေသည်။
“နန်းယန်က သူရဲ့အဆင့်အတန်းကို မြှင့်တင်ဖို့ လုံလောက်တဲ့ အင်အားရှိနေတယ်၊ နန်းသူဌေးမလေး …. မင်းဘာဆက်လုပ်မှာလဲ”
နန်းပေါင်ရီက ဟန်သူဌေးမ၏ အိပ်ရာပေါ်မှာ ခြေချိတ်ထိုင်နေပြီး ပြတင်းအပြင်ဘက်က နှင်းစက်တွေကို ကြည့်နေရင်း စာရွက်အပိုင်းအစတွေနှင့် ဆော့ကစားနေသည်။
ဒါတွေက သူ့အိပ်ခန်းရှေ့မှာ တွေ့ခဲ့သည့် စာရွက်ပိုင်းတွေပင် ဖြစ်သည်။ အပိုင်းပိုင်းအစစ ဖြစ်သွားလို့ တချို့စာတွေကို ဖတ်မရတော့ပေမယ့် အမတ်မင်း၏ လက်ရေးဆိုတာကို သူမ မှတ်မိသည်။
သူမ ခန့်မှန်းကြည့်ရသလောက် အမတ်မင်းဆီက ပြန်စာဖြစ်မည်။
သို့သော် ဘာကြောင့် အပိုင်းပိုင်းအစစ ဖြစ်နေရသည်လဲ။
မနက်ခင်းမှာ သူမက ကျောက်ဝမ်ခြံကိုသွားပြီး ဒီပျက်စီးနေသည့် အပိုင်းအစတွေက ဘာရေးထားတာလဲ ဆိုတာကို သွားမေးခဲ့ပေမယ့် သူကပြောဖို့ ငြင်းဆန်ခဲ့သည်။ သူမ တကယ် စိတ်လောလာပြီး စာကိုသူမဘာသာ ဆက်ကြည့်ဖို့ ကြိုးစားတော့သည်။
အပိုင်းပိုင်း အစစတွေကိုကိုင်ပြီး အစိတ်အပိုင်း သေးသေးလေးကအစ ကြိုးစား၍ ဆက်နေရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။
“ငါထင်တာတော့ သူက ဘုရင်ခံချန်းကို ကူညီပေးဖို့ တောင်းဆိုမှာပဲ၊ နန်းယန်က လူတွေရဲ့စိတ်ကို အရည်ပျော်အောင်လုပ်၊ ကြိုးကိုင်ပြီး သူ့အတွက် အသုံးချတဲ့ နေရာမှာ အရမ်းတော်တယ် ဒါပေမယ့်….”
သူမက ပြုံးရင်း “တကယ်လို့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ မိန်းမတစ်ယောက်ကသာ ငါ့အဖေကို လက်ထပ်ချင်မယ်ဆိုရင် နန်းအိမ်တော်ရဲ့ တတိယသခင်မ ဆိုတဲ့နေရာက လျိုရှောင်မုံ့အတွက် ဖြစ်နိုင်ပါဦးမလား”
“မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ မိန်းမတစ်ယောက်”
“ချန်းယဲ့ရူ”
လေအေးတွေက စတင် တိုက်ခတ်လာသည်။
ချန်းယဲ့ရူက ဘုရင်ခံချန်း၏ ညီမအရင်းဖြစ်ပြီး အကြောင်းတစ်ခုကြောင့် ချန်းအိမ်တော်ကနေ တစ်ယောက်တည်း ခွဲထွက်သွားပြီး နှစ်ပေါင်းများစွာ အိမ်တော်အပြင်မှာ သီးသန့်နေခဲ့တာဖြစ်သည်။
သူမက အသက်သုံးဆယ်ကျော်ပြီ ဖြစ်ပေမယ့် အိမ်ထောင်မပြုရသေးပေ။
ကျင်းကွမ်မြို့၏ ကောလာဟလတွေအရ ချန်းယဲ့ရူ အသက်ဆယ့်ငါးနှစ်မှာ ရေထဲကို ပြုတ်ကျသွားပြီး နန်းကွမ်က ကယ်ဆယ်ပေးခဲ့တယ်လို့ ဆိုကြသည်။
နန်းကွမ် ငယ်ရွယ်စဉ်က အရမ်း စိတ်ကူးယဉ်ဆန်ပြီး အပြောလည်း ကောင်းသည်။ ချန်းယဲ့ရူက ပထမဆုံး တွေ့ဆုံမှုမှာတင် နန်းကွမ်ကိုမှ မရရင် လက်မထပ်ဘူးလို့ ကြွေးကြော်ခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာနှင့် နန်းကွမ်မှာ စေ့စပ်ထားသည့် မိန်းကလေး ရှိနေခဲ့တာကြောင့် သူမနှင့် လက်မထပ် ဖြစ်ခဲ့ပေ။
နှစ်တွေကြာသည့် တိုင်အောင် ချန်းယဲ့ရူက တစ်ယောက်တည်း ရှိနေခဲ့တာကြောင့် သူမ၏ အကြောင်းက လူတွေပါးစပ်ဖျားမှာ မှေးမှိန် ပျောက်ကွယ် သွားခဲ့သည်။
တကယ်လို့ သူမသာ နန်းကွမ်နှင့်လက်ထပ်ဖို့ လက်ခံမယ်ဆိုရင် …
သူမက ဘုရင်ခံချန်း၏ ညီမပဲလေ…..
ညီမအရင်းနှင့် ချွေးမကြားမှာ ညီမအရင်းကိုပဲ ရွေးချယ်မည် ဆိုတာသေချာသည်။
ဟန်ယန့်လျန်က ပြုံးရင်း နန်းပေါင်ရီ၏ မျက်နှာလေးကို လက်ဖြင့် ဖျစ်ညှစ်လိုက်သည်။
“ငါ နင့်ကို အချိန်တွေ အကြာကြီး မမြင်ခဲ့မိဘူး၊ နန်းသူဌေးမလေးက အရမ်းဉာဏ်နီဉာဏ်နက် များတာပဲ”
နန်းပေါင်ရီက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။ ချန်းမိသားစုနှင့် ကြောင်းလမ်းခြင်း ဖျက်သိမ်းသည့်နေ့က နန်းယန်က သူမ၏အိပ်ခန်းကို လှောင်ပြောင်ဖို့ ရောက်လာခဲ့သည်။ သို့သော်လည်း အတွင်းပစ္စည်း ကိစ္စနှင့် မိသားစု အဆင့်အတန်းအကြောင်းကို ပြောပြီး သူမခြိမ်းခြောက်ခဲ့တာကြောင့် စိတ်ပျက်ပြီး ထွက်ပြေးသွားခဲ့သည်။
တကယ်တော့ သူမ နန်းယန်ကို မခြိမ်းခြောက်ခင်မှာ သူမ အဒေါ်ကျိဆီက စာတွေ အများကြီး ရခဲ့သည်။ အဲ့ဒီထဲက တစ်စောင်ကတော့ ချန်းယဲ့ရူ ပို့လိုက်တာဖြစ်ပြီး ချန်းတယ်ယွီကြောင့် ဝမ်းမနည်းစေဖို့ နှစ်သိမ့်ပေးသည့်စာ ဖြစ်သည်။
ချန်းယဲ့ရူက တကယ်ကောင်းသည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။
အရင်ဘဝက သူမ၏အဖေ ရူးသွပ်သွားပြီး နောက်ဆုံးတော့ လျိုရှောင်မုံ့၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်။ နောက်တော့ ကိုကိုကြီးက သူမဆီကို လာသည့်အခါ ဖေဖေ့ကို ချန်းယဲ့ရူက ခေါ်သွားကြောင်း ပြောပြခဲ့သည်။
အသက်ကြီးသည့် အချိန်ထိ ချစ်နေဆဲပင်… အချစ်တွေက မပျက်စီးသေး……
အခုတော့ သူမ၏အဖေက အသက်လေးဆယ်ကျော် နေပြီဖြစ်ပြီး ဒုတိယအကြိမ် လက်ထပ်မယ် ဆိုရင်တောင် ချန်းယဲ့ရူနှင့်ပဲ ဖြစ်စေရမည်။
အဲ့ဒီလိုဖြစ်ခဲ့ရင် တကယ်လို့ နောက်ပိုင်းမှာ သူမ ရှန်ကျင်းမြို့တော်မှာ အိမ်ထောင် ကျခဲ့ရင်တောင် သူမ၏အဖေ အမှီအခို မရှိမှာကို စိတ်ပူနေစရာ မလိုတော့ပေ။
နန်းယန်က ကျင်းကွမ်မြို့မှာ သူမကိုယ်သူမ တော်သည်ဟု ထင်နေပေမယ့် အဲ့ဒါက နောက်ဆုံးမှာ ဟာသတစ်ခုသာ ဖြစ်သွားမှာကို သူမ မသိသေးပါချေ။
လျိုရှောင်မုံ့ကလည်း စံအိမ်သခင်မ တစ်ယောက် ဖြစ်တော့မယ်ဆိုပြီး ပျော်ရွှင်နေစဉ်မှာ သူမသာ အံ့အားသင့်စရာ ကိစ္စကြီးကို လုပ်လိုက်ရင် စဉ်းစားသာ ကြည့်ပေတော့။
ချန်းယဲ့ရူက သူမ၏မျက်လုံးထဲကို သဲအဝင်ခံမှာ မဟုတ်ပေ။ သူမသာ အိမ်တော်ကို ရောက်လာရင် လျိုရှောင်မုံ့နှင့် သူမ၏ဗိုက်ထဲက ကလေး၊ ပြီးတော့ နန်းယန်တို့ကို ကိုင်တွယ် ဖြေရှင်းလိမ့်မည်။ ဒါကြောင့် သူမ ခေါင်းခြောက်စရာ ကိစ္စမရှိတော့ပါချေ။
ဟန်ယန့်လျန်က ခဏမျှ စဉ်းစားနေပြီး မေးလာသည်။
“ဒါပေမယ့် နင့်အဖေက လျိုရှောင်မုံ့ကို အရမ်း သဘောကျတယ်လေ၊ ချန်းယဲ့ရူက သူ့ကို လက်ထပ်ချင်ရင်တောင်မှ နင့်အဖေက လက်ထပ်ချင်ပါ့မလား”
“ဒီလိုဖူးစာကို ဖန်တီးတာက ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလေ၊ ရှချင်းချင်းရဲ့ အရမ်း ကောင်းမွန်လှတဲ့ မင်္ဂလာပွဲကို မဖန်တီးနိုင်ခဲ့လို့လား သူတို့နှစ်ယောက်က နောက်ဆုံးမှာ ညားကိုညားရမယ်”
နန်းပေါင်ရီက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမက နောက်ဆုံး အပိုင်းအစကို စာရွက်မှာ ဖြည့်လိုက်သည်။
သူမ စာကို ဖတ်ကြည့်လိုက်သည့် အခါမှာ အတွေးတွေ အားလုံး ပျောက်ရှသွားရတော့သည်။
***