အပိုင်း (၁၃၀)
ညီအစ်မတစ်တွေပူးပေါင်းပြီး နတ်ဆိုးမိသားစုကိုနှိပ်ကွပ်ကြမယ် (၂)
“နန်းပေါင်ရီလည်း ရောက်နေတယ်?”
သခင်မဟောင်က မျက်ခုံးတွေကို ပင့်လိုက်ပြီး မျက်လုံးများက အံ့ဩသွားမှုကို မဖုံးဖိနိုင်ခဲ့။
“အဲ့ဒီမိန်းကလေးက တကယ်လျှာစောင်းထက်တယ်၊ ငါမကြိုက်ဘူး၊ ငါ့ကိုလာမတွေ့ခိုင်းနဲ့”
“သခင်မကြီးက သူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ဒုသခင်လေးနဲ့လက်ဆက်ပေးဖို့ ဆုံးဖြတ်လိုက်တာလဲ”
“ဘာကြောင့်လဲဆိုတော့ နန်းအဘွားကြီးက တန်ဖိုးကြီးတဲ့လက်ဆောင်တွေအများကြီးပေးလို့လေ၊ နန်းအိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုကြောင့်သာမဟုတ်ခဲ့ရင် ဒီလိုကုန်သည်မိသားစုကို ဘယ်သူက အဖက်လုပ်မှာလဲ”
သခင်မဟောင်က ပြောပြီး ဂုဏ်ယူဟန်နဲ့ “နောက်ကျရင် နှစ်တိုင်း နန်းအိမ်တော်ကနေ ငွေကြေးတွေနဲ့ လက်ဆောင်တွေကို အများကြီးတောင်းရမယ်၊ အဘိုးကြီး နန်းတိုင်ကျွင်းနဲ့ ကျန်းချွမ်ဖူ တို့ရဲ့မျက်နှာကို ကြည့်စမ်း၊ သူတို့က ငြင်းရဲမှာမဟုတ်ဘူး၊ နန်းပေါင်ရီကို ဘယ်သူက မွေးထားတာလဲ၊ ငါတို့မိသားစုရဲ့ သားနဲ့လက်ထပ်ချင်ရင် ငါတို့မိသားစုရဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကို လိုက်နာရမယ်၊ သူတို့ရဲ့ သမီးလေးက လက်ထပ်တဲ့အခါမှာ အခက်မကြုံအောင် သူတို့က အတတ်နိုင်ဆုံးလိုက်လျောရမှာပဲ”
“သခင်မကြီးက အရမ်းအမျှော်အမြင်ကြီးတာပဲ”
အစေခံက ချီးကျူးလိုက်ပြီး “နန်းအိမ်တော်က ဘယ်လောက်ပဲချမ်းသာ ကြွယ်ဝမှုတွေက အရာရှိကတော် တစ်ယောက်ဖြစ်ဖို့အတွက် အသွင်းပစ္စည်းတွေဖြစ်ကုန်မှာပဲ”
“နောက်နှစ်နှစ်ကြာလို့ ဒုတိယသားက ကျင်းရှီ ကျောင်းကို တရားဝင် ဝင်ခွင့်ရပြီးရင် မလွဲမသွေ ငွေကြေး ကုန်ကျမှာပဲ၊ ရှီအာအိမ်ထောင်ပြုဖို့က နောက်ကျနေတယ်၊ သူ့အတွက် အသွင်းပစ္စည်းတွေကလည်း ဈေးကြီးပြီး အများကြီး ကုန်ကျဦးမယ်၊ အိမ်တော်တစ်ခုလုံးမှာ ငွေသုံးစရာ နေရာတွေချည်းပဲ၊ အဲ့ဒါကြောင့် သေချာ ဂရုတစိုက်နဲ့ စီမံရမယ်”
အစေခံက ပြုံးလိုက်ပြီး “သခင်လေးက ဉာဏ်ကောင်းပါတယ်၊ သူကသေချာပေါက် နန်းမမလေးနဲ့ လက်ထပ်မှာပါ”
သခင်နဲ့အစေခံ စကားပြောနေစဉ်မှာ အစေခံတစ်ယောက်က လိုက်ကာကိုလှပ်ရင်းဝင်လာပြီး ခန်းမက အဖြစ်အပျက်ကို ပြောပြလာသည်။
“ဘယ် ဆံထိုးလဲ”
သခင်မဟောင်က အလှပြင်ခုံဘက်ကို ပြန်လည်မျက်နှာမူလိုက်ပြီး “ငါ့မျက်လုံးကို အရောင်ခြယ်လို့ ပြီးပြီလား”
အစေခံက ထပ်ပြောသည်။
“မမလေးက အရမ်းငိုနေပါတယ်၊ နန်းအိမ်တော်က မမလေးတွေက အဲ့ဒါကို ဂရုမစိုက်ကြဘူး၊ မမလေးက သခင်မကြီးကိုယ်တိုင် သင်ခန်းစာပေးစေချင်နေတာ”
သခင်မဟောင်က အေးစက်စွာပြောလိုက်သည်။
“ပန်းပွင့်ခန်းမမှာ စောင့်နေခိုင်းလိုက်”
အစေခံပြန်ထွက်သွားပြီးနောက် သခင်မဟောင်က အလှပြင်ရင်း “နန်းပေါင်ရီက အိမ်တော်ထဲတောင် မဝင်ရသေးဘူး ငါ့သမီးကို စော်ကားနေပြီ၊ နွေဦးရာသီပန်းပွဲတော်တုန်းကတည်းက ဒင်းက ရေနံဆီမီးအိမ် တစ်လုံးမဟုတ်မှန်း ငါသိတယ်”
အစေခံက သူမကို ဆံထိုးထိုးပေးလိုက်ပြီး “မမလေးတွေအချင်းချင်းရန်ဖြစ်ကြတာက နိုင်တယ်၊ ရှုံးတယ်ဆိုတာနဲ့တင် မပြီးသွားမှာကို စိုးရိမ်မိပါတယ်၊ အကြီးဆုံးမမလေးက အကြီးတစ်ယောက်အနေနဲ့ သူသွားကြည့်ချင်တယ်လို့ပြောသွားတာ”
“စိတ်မပူနဲ့၊ သူတို့ဘာသာခနနေပါစေ၊ ငါတို့ချန်းအိမ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို နန်းပေါင်ရီကို သိအောင်သင်ခန်းစာပေးရမယ်၊ သူက ငါ့ချွေးမဖြစ်ချင်ရင် ငါ့ရှေ့မှာရိုရိုကျိုးကျိုးနေရမယ်”
သခင်မဟောင်က အစေခံကို လှလှပပဝတ်စားပြင်ဆင်ခိုင်းပြီး တမင်အချိန်ဆွဲနေသည်။
ပန်းပွင့်ခန်းမမှာတော့ အားလုံးက စောင့်ရတာစိတ်မရှည်တော့ပေ။
နန်းပေါင်ရီကတော့ စိတ်လောမနေ၊ ခြေထောက်တွေကို ချိတ်ထိုင်ပြီး လက်ဖက်ရည်ပူပူလေးကို ဇိမ်ရှိရှိ သောက်နေသည်။
အရင်ဘဝတုန်းက သခင်မဟောင်ရဲ့ နည်းလမ်းပေါင်းများစွာကို သူမတွေ့ခဲ့ဖူးသည်။ သခင်မဟောင်က အချိန်ဆွဲရတာကို ကြိုက်ပြီး အမြဲတမ်းသူတပါးကို စောင့်ဆိုင်း စေတတ်သည်။
ဥပမာအနေနဲ့ မနက်တိုင်း အိပ်ရာကထတဲ့အခါမှာ သူမဝတ်စားပြင်ဆင်နေတာကို ချွေးမက အိပ်ဆောင်တံခါးဝမှာ တနေ့လုံးစောင့်နေဖို့ ဖိအားပေးခြင်းမျိုးပင်။
နန်းပေါင်ရီက ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ထိုကဲ့သို့ တုံးအခြင်းမျိုးမလုပ်တော့မှာဖြစ်သလို သူမက အရမ်းကို သက်တောင့်သက်သာရှိနေသည်။
လက်ဖက်ရည်သောက် ကိတ်မုန့်စားပြီး သခင်မဟောင် ရောက်လာမှာကို အေးအေးဆေးဆေး စောင့်နေ လိုက်သည်။ ငိုနေတဲ့သူက ချန်းဇိုင်ရှီပဲလေ၊ သူမ မှမဟုတ်တာ။ နန်းပေါင်ရီက ငတုံးမလေး မဟုတ်တော့ပါချေ။
နန်းပေါင်ကျူးက ပန်းပွင့်ခန်းမထဲမှာလျှောက်ကြည့်နေရင်း ရှေးကျပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို အလှတင်ထားတဲ့စင်ကို ကြည့်နေသည်။ သူမက ကျောက်စိမ်းခွက်တစ်ခုကို ကောက်ယူလိုက်ပြီး မျက်ခုံးတွေက အနည်းငယ်မြင့်တက်သွားသည်။
ဒီတန်ဖိုးကြီးတဲ့ခွက်က သူတို့စုဆောင်းထားတဲ့ပစ္စည်းတွေတဲ့လား… ကြည့်ရတာတော့ သခင်မဟောင်က ငွေညှစ်ထားပြန်ပြီ ထင်သည်။
သူမက ပြုံးလိုက်ပြီး “ဒီသုံးချောင်းထောက်ခွက်လေးက အရမ်းလှတာပဲ၊ လက်ကတောင် မချချင်တော့ဘူး…”
ချန်းအိမ်တော်ရဲ့အစေခံတွေက သတိလစ်မတတ်ဖြစ်သွားပြီး ထိုအရာကို သူမလက်က ကာကွယ်ဖို့ ရှေ့တိုးလာကြသည်။ နန်းပေါင်ကျူးက လွှတ်ချလိုက်သည်။ တန်ဖိုးကြီးတဲ့ နဂါးသွဲ့ကျောက်နဲ့ လုပ်ထားတဲ့
သုံးချောင်းထောက်ခွက်လေးက ကြမ်းပြင်ပေါ်သို့ သက်ဆင်းသွားပြီး အစိတ်စိတ်ကွဲကြေ သွားတော့သည်။
“အိုး…”
နန်းပေါင်ကျူးက အပြစ်ရှိဟန်နဲ့ ခေါင်းကိုမော့လိုက်ပြီး “တောင်းပန်ပါတယ်၊ ငါ့လက်က ခဏချော် သွားတယ်၊ ငါတို့အားလုံးက မိသားစုတွေပဲ၊ အပြစ်မတင်ပါနဲ့…”
ချန်းတယ်ယွီက ဘာအမူအရာမှမပြဘဲ ထလာသည်။ ကွဲကြေသွားတဲ့ ခွက်ကိုကြည့်ပြီး ထိုအတွက် စာရင်းကို စိတ်ထဲက ထည့်မှတ်လိုက်သည်။ လမင်းဖြိုခွင်းလေးကို ရှောင်းယီက ချိုးပစ်လိုက်ပြီး ကျောက်စိမ်းဖြူဆံထိုးနဲ့ နဂါးသွဲ့ကျောက်နဲ့ လုပ်ထားတဲ့ သုံးချောင်းထောက်ခွက်ကိုတော့ နန်းပေါင်ကျူးက ဖျက်စီးလိုက်သည်။ အားလုံးကို အတိအကျပြန်လျော်ခိုင်းဖို့ သူက အားလုံးကို ငွေတစ်စမှမကျန်အောင် စာရင်းမှတ်ထားသည်။ နန်းအိမ်တော်ကိုစာရင်းအတိအကျ ပြပြီး ငွေပြန်တောင်းဖို့ ဆုံးဖြတ်ထားသည်။
နန်းပေါင်ကျူးက ခန်းမကို လှည့်ပတ်ကြည့်ရှုနေသည်။ သူမက ရှေးဟောင်းပန်းချီကားတစ်ချပ် ရှေ့မှာ ရပ်လိုက်သည်။ ဒီပန်းချီကလည်း သူမတို့အိမ်ကပင်။ သူမတို့အိမ်ကပစ္စည်းဘယ်လောက်များ သခင်မဟောင် ဓါးပြတိုက်ပြီး ယူထားလေသလဲ?
သူမက မေးစေ့ကိုပွတ်ရင်း တွေးဆဟန်ဖြင့် ရေရွတ်သည်။
“ပန်းချီကားက အရမ်းကျော်ကြားတဲ့လက်ရာပဲ၊ ချပြီး ခနလောက် အနီးကပ်ကြည့်…”
အစေခံတွေက မတားရသေးခင်မှာပဲ သူက ပန်းချီကားကို ဆွဲချပြီးနေပြီဖြစ်သည်။ ရွှေစသောင်းချီတန်တဲ့ ‘တောင်ကျစမ်းရေ’ ဆိုတဲ့ ရှေးဟောင်းပန်းချီကားက ခဏချင်း ထက်ဝက်ပြဲသွားသည်။
ခန်းမတစ်ခုလုံး အပ်ကျသံတောင်မကြားရအောင် တိတ်ဆိတ်သွားသည်။
ချန်းဇိုင်ရှီက သည်းမခံနိုင်တော့ချေ။
“နန်းပေါင်ကျူး၊ ငါတို့အိမ်က အဖိုးတန်ပစ္စည်း ဘယ်လောက်တောင် နင်ဖျက်စီးပြီးပြီလဲ၊ နင်ဘာလုပ်ချင် တာလဲ၊ အားလုံးကို ပြန်လျော်ပေးရမယ်”
နန်းပေါင်ကျူးက အဘိုးကြီးလိုအပြုံးနဲ့ ပြဲစုတ်သွားတဲ့ ပန်းချီကားကို ကစားနေရင်း အရိုးထဲကပါ စိမ့်နေအောင် ဝင့်ကြွားနေသည်။
သူမက အမှားမရှိလေဟန်နဲ့ “မရည်ရွယ်ပါဘူး၊ ဘာလို့ငါ့ကို လာအော်နေတာလဲ၊ ပြီးတော့ ငါတို့အားလုံးက အနှေးနဲ့အမြန် မိသားစုတွေဖြစ်လာကြမှာပဲလေ၊ ပြန်လျော်ပေးဆိုတာက စိတ်မကောင်း အောင်လုပ်နေတာပဲ”
ချန်းဇိုင်ရှီက အရမ်းစိတ်ဆိုးသွားပြီး ပန်းပွင့်စားပွဲပေါ်ကို မျက်နှာမှောက်ပြီး ငိုတော့သည်။ ပန်းပွင့်ခန်းမရဲ့ အခြေအနေက အစေခံတွေကတဆင့် သခင်မဟောင်ဆီသို့ အလျင်အမြန်အစီရင်ခံ ရောက်ရှိသွားသည်။
“သခင်မကြီး ပန်းပွင့်ခန်းမကို မသွားသေးဘူးဆိုရင် နန်းပေါင်ကျူးက တန်ဖိုးရှိတဲ့ပစ္စည်းတွေ အကုန်လုံးကို ဖျက်စီးပစ်လိမ့်မယ်”
သခင်မဟောင်က ထပ်ပြီးငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။
သူမက ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး “ဘာကို သူက တောင်ပိုင်းရဲ့ တန်ဖိုးရှိတဲ့ ပုလဲရတနာလဲ၊ တန်ဖိုးမရှိတဲ့ အလှဆင်ပစ္စည်းတွေလိုမျိုး အားလုံးကိုဖျက်စီးနေတာပဲ၊ သွားမယ် ပန်းပွင့်ခန်းမကို အခုသွားမယ်၊ သူ့အမေက သူ့သမီးကို ဘယ်လိုဆုံးမရမလဲမသိဘူးဆိုရင် ငါကသင်ပေးရမှာပေါ့”
ခြံဝင်းထဲက တခြားမိန်းမကြီးတွေကိုပါခေါ်လာခဲ့ပြီး သူမကဦးဆောင်လျက် ခန်းမထဲကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာသည်။ တံခါးဘောင်ကနေ ခြေလှမ်းလိုက်တဲ့အခါမှာပဲ ခန်းမရဲ့ နေရာတိုင်းမှာ ရှုပ်ပွနေတာကို တွေ့လိုက်ရသည်။
နန်းပေါင်ကျူးက ရွှေနဲ့ကျောက်စိမ်းစီခြယ်ထားတဲ့ Ruyi ကို လက်ထဲမှာကိုင်ရင်းဆော့နေသည်။
သခင်မဟောင်က အော်လိုက်သည်။
“နန်းပေါင်ကျူး”
နန်းပေါင်ကျူးက လန့်သွားပြီး ရွှေနဲ့ကျောက်စိမ်းစီခြယ်ထားတဲ့ Ruyi က ပြုတ်ကျ၍ အစိတ်စိတ်ကွဲ သွားသည်။
သခင်မဟောင်က အစေခံရဲ့လက်ကို ကိုင်ထားရင်း တကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
“မင်း…. မင်းဘာလုပ်တာလဲ”
“အာ….”
နန်းပေါင်ကျူးက မျက်နှာကို အုပ်လိုက်ပြီး “ဒေါ်ဒေါ်က ရုတ်တရက်ကြီး ထွက်လာပြီး သမီးကိုလန့်အောင် လုပ်လိုက်လို့လေ၊ ပေါင်ကျူးက ဒေါ်ဒေါ့်ကို နူတ်ဆက်ပါတယ်”
ခန်းမထဲက လူတွေအားလုံးကလည်း လိုက်ပြီး အရိုအသေပြု နူတ်ဆက်လိုက်ကြသည်။
နန်းပေါင်ရီက အစားအသောက်တွေကို စားလို့ဝသွားပြီး လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။ သူမက သခင်မဟောင်ဆီကို လျှောက်သွားပြီး အာရုံစိုက်၍ ကြည့်လိုက်သည်။
သူမက သခင်မဟောင်ကိုမျက်နှာချိုသွေးလိုက်ရင်း “အိုး… ဒါက ကျွန်မရဲ့အနာဂတ်ယောက္ခမလောင်း ကြီးများလား၊ လာပါ၊ ကျောင်းကျောင်းက ယောက္ခမကြီးထိုင်ဖို့ ကူညီပေးပါ့မယ်…. သခင်မကြီးက အသက်ကြီးပြီဆိုတော့ ဘယ်လိုလုပ်ထိုင်နိုင်ပါ့မလဲ၊ အစေခံကိုခေါ်ပြီးကူညီခိုင်းသင့်တယ်၊ ကျောင်းကျောင်းက သခင်မကြီး လမ်းနည်းနည်းလျှောက်ဖို့ ကူပေးပါ့မယ်”
သခင်မဟောင်က ထိတ်လန့်သွားသည်။ နန်းအိမ်တော်က ညီအစ်မက တစ်ဖက်က အနီရောင်ကဲ့သို့ တိုက်ခိုက်လိုက် နောက်တစ်ဖက်က အဖြူရောင်လိုတိုက်ခိုက်လိုက်နဲ့ ဟန်ချက်ညီညီ တိုက်ခိုက်နေကြ သည်။ ဒါဘယ်လိုပုံစံမျိုးလဲ? ခြေလှမ်းတစ်လှမ်းလှမ်းဖို့ အကူအညီလိုတယ် ဆိုတာက ဘာလဲ၊ သူမအဲ့လောက် အသက်ကြီးသွားပြီလား?
သူမ ကိုယ့်အတွေးနဲ့ကိုယ်ပိတ်မိနေစဉ်မှာပဲ နန်းပေါင်ရီက သူမကို စားပွဲမှာထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို အစေခံဆီက ယူပြီး သူမကို ကမ်းပေးလာသည်။
“ဒေါ်ဒေါ်၊ လက်ဖက်ရည်သုံးဆောင်ပါဦး”
နန်းပေါင်ရီရဲ့ ကြိုးစားမှုကြောင့် သခင်မဟောင်ရဲ့မျက်နှာက ကြည်လင်လာသည်။ သူမက တမင်ချောင်းဟန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်နဲ့ ပြောလာသည်။
“ငါကြားတာတော့ ဒီနေရာမှာ ပစ္စည်းတွေအများကြီး ပျက်စီးသွားတယ်တဲ့”
ချန်းဇိုင်ရှီကငိုရင်း “မေမေ၊ နန်းပေါင်ကျူးက သမီးရဲ့ကျောက်စိမ်းဖြူဆံထိုးကို ဖျက်စီးရုံတင်မကဘူး၊ အိမ်တော်က အဖိုးတန်ပစ္စည်းတွေနဲ့ ပန်းချီကားကိုပါ ဖျက်စီးပစ်လိုက်တယ်၊ သမီးက သူ့ကိုပြန်လျော်ဖို့ပြောတော့ ငြင်းရုံမကဘဲ မိသားစုအချင်းချင်း ငွေစကားပြောတာက နာကျင်စေ တယ်တဲ့…”
“အာ…”
သခင်မဟောင်က ပြုံးရင်း အေးစက်စက်နဲ့ နန်းပေါင်ကျူးကို ကြည့်လိုက်သည်။
“နင်တို့အိမ်နဲ့ ငါတို့အိမ်က စေ့စပ်ကြောင်းလမ်းထားပေမယ့် နင့်ညီမက အခုထိ ငါ့အိမ်ကလူ မဖြစ်သေးဘူး၊ ဘာလို့ မိသားစုလို့ သတ်မှတ်နေတာလဲ”
နန်းပေါင်ကျူးက အံ့ဩသွားဟန်ဖြင့် “ဒေါ်ဒေါ်ဆိုလိုတာက သမီးတို့က မိသားစုမဟုတ်ဘူးပေါ့?”
“အမှန်ပဲ”
သခင်မဟောင်က အော်ပြောလိုက်သည်။
“ချန်းအိမ်တော်က ဆွေကြီးမျိုးကြီး မိသားစုပဲ၊ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိတယ်၊ နင့်ညီမလို ကုန်သည်မျိုးရိုးက သမီးတစ်ယောက်က စေ့စပ်ကြောင်းလမ်းထားရင်တောင် ချန်းအိမ်တော်ကို ဝင်နိုင်ဖို့ ကိုယ်ကျင့်တရား ကောင်းရမှာဖြစ်သလို ရိုးသားဖြောင့်မတ်ပြီး အရည်အချင်းရှိတယ်လို့ နှစ်ပေါင်းများစွာ သက်သေပြဖို့ လိုသေးတယ်၊ သူက ငါတို့အိမ်သားတစ်ယောက်ဖြစ်လာရင်တောင် ချန်းအိမ်တော်နဲ့ နန်းအိမ်တော်ကတော့ မိသားစုတွေဖြစ်မလာနိုင်ဘူး၊ လက်ထပ်လိုက်တဲ့ မိန်းကလေးကလွဲရင် ကုန်သည်မျိုးရိုးနဲ့ အစိုးရအရာရှိမျိုးရိုးက ဘယ်လိုလုပ်ပြီး တန်းတူညီတူဖြစ်နိုင်ပါ့မလဲ”
နန်းပေါင်ကျူးက ပြုံးလိုက်ပြီး “ဒေါ်ဒေါ့်ရဲ့အမြင်မှာ နန်းအိမ်တော်နဲ့ ချန်းအိမ်တော်က ဘယ်တော့မှ မိသားစုဖြစ်မလာနိုင်ဘူးဆိုတော့…. ဒီနှစ်တွေအတွင်းမှာ နန်းအိမ်တော်က ပေးထားတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေအားလုံးကို ပြန်ပေးပါ”
………………………….