အပိုင်း (၁၂၉)
ညီအစ်မတစ်တွေပူးပေါင်းပြီး နတ်ဆိုးမိသားစုကိုနှိပ်ကွပ်ကြမယ် (၁)
ချန်းဇိုင်ရှီရဲ့မျက်နှာက ရုတ်ချည်း ကြည့်ရဆိုးသွားတော့သည်။
သူမက စားထားတဲ့အရာနဲ့ ပန်းပွင့်ကိတ်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။
“ယောင်းမလေးက ဖြူစင်ပြီး ကြင်နာတတ်တဲ့သူလို့ ထင်ထားတာ၊ ဒါပေမယ့် ဒါက ဘာသဘောလဲ၊ ဒါမမကို စော်ကားနေတာပဲ”
“တခြားသူတွေရဲ့ပစ္စည်းကို ကောက်ရတာကြိုက်တယ်မှလား၊ ဆံထိုးလည်းဒီလိုပဲ၊ အစားအစာတွေ ဆိုလည်း အဲ့လိုပဲပေါ့”
နန်းပေါင်ရီက ပန်းပွင့်ကိတ်ကို ကောက်ယူလိုက်ပြီး “ချန်းမမလေးက စားဖို့ငြင်းတယ်ဆိုရင်တော့ ရွှေဆံထိုးတွေအတွက်ကို မေးမနေပါနဲ့တော့၊ ချန်းမမလေးကို တစ်ခုတော့ သတိပေးလိုက်မယ်၊ တခြားသူတွေရဲ့ပစ္စည်းက ဘယ်လောက်ပဲကောင်းကောင်း အဲ့ဒါက တခြားသူရဲ့ပစ္စည်းပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးက ပြီးပြည့်စုံတဲ့မိသားစုတွေရဲ့အိမ်က မမလေးတွေပဲလေ၊ ပစ္စည်းကောင်းတွေ အားလုံး ကိုယ့်ရဲ့အိမ်ကို အပါသယ်ချင်ရလောက်အောင် အပေါစားမဆန်ပါနဲ့”
သူမက ပြောပြီးနောက် ကိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။ သူမရဲ့မျက်နှာက ကျေနပ်အားရဟန် အပြည့် ရှိနေသည်။
ချန်းဇိုင်ရှီရဲ့မျက်နှာက ဖြူဖျော့သွားသည်။ သူမက လက်ကိုင်ပဝါနဲ့ ပါးစပ်ကို ကာလိုက်ရင်း ချောင်းဟန့် လိုက်သည်။
နန်းယန်က သူမကိုကူညီဖို့ ရှေ့ကိုထွက်လာသည်။
“ချန်းမမလေးက အားနည်းတယ်လို့ကြားမိတယ်၊ သူက တစ်နှစ်ပတ်လုံးအိမ်တော်ထဲမှာပဲ အဖျားဝေဒနာကို ကုသနေရတာ၊ နေ့ပိုင်းတွေတောင် အပြင်ကိုမထွက်တတ်ပေမယ့် အခုတော့ ထွက်လာလို့ သူ့ရဲ့မျက်နှာကို တွေ့ရတာ၊ ကျောင်းကျောင်း၊ အားနည်းတဲ့သူကို စကားတတ်တိုင်း မစော်ကားနဲ့”
ချန်းဇိုင်ရှီက နန်းယန်ရဲ့လက်ကို ကျေးဇူးတင်စွာကိုင်လိုက်ပြီး “မိန်းကလေးနန်းယန်က တကယ်ကို တွေးခေါ်တတ်တာပဲ၊ ယဉ်ကျေးပြီး လှလည်းလှတယ်၊ ရှုနိုင်ငံရဲ့ အရည်အချင်းရှိတဲ့မိန်းကလေးအဖြစ် ကျော်ကြားထိုက်ပါပေတယ်”
“ချန်းမမလေးရဲ့စကားက မြင့်လွန်းနေပါပြီ၊ မမလေးရဲ့ကဗျာတွေကို ကျွန်မဖတ်ဖူးတယ်၊ မမလေးကသာ ကျွန်မတို့နိုင်ငံရဲ့ စံပြမိန်းကလေးတစ်ယောက်ပါ”
နန်းပေါင်ရီက ကိတ်မုန့်ကိုစားနေပြီး ထိုနှစ်ယောက်ရဲ့ ချီးမွမ်းခန်းဖွင့်တာကို ကြည့်ရင်း စဉ်းစားနေသည်။ အရင်ဘဝတုန်းက သူတို့နှစ်ယောက်က တစ်လျှောက်လုံး ဆက်ဆံရေးကောင်းခဲ့သည်။ ယောင်းမလို့ အပြန်အလှန်ခေါ်ကြရင်း အလွန်ရင်းနှီးခဲ့ကြသည်။ ဒီဘဝမှာလည်း အဲ့ဒီလိုမျိုး ဆက်ဆံရေး ကောင်းနိုင်ပါဦးမလားဆိုတာ သူမ မသိပါချေ။
နန်းပေါင်ကျူးက သူမရဲ့နားနားကို ကပ်ပြီး အသံတိုးတိုးနဲ့ပြောသည်။
“ကျောင်းကျောင်း၊ ငါကြည့်ရတာတော့ နင့်ထက်ပိုပြီး နန်းယန်က ချန်းအိမ်နဲ့သင့်မြတ်နေတယ်၊ သူက ချန်းသခင်လေးဆီကို အမြဲတမ်း လျှို့ဝှက်ပြီး စာတွေပို့တတ်တယ်တဲ့၊ မသိရင်သူက ချန်းသခင်လေးရဲ့ သတို့သမီးလောင်းကျနေတာပဲ”
နန်းပေါင်ရီက ဖရဲသီးတစ်စိတ်ကို ဝါးချောင်းလေးနဲ့ထိုးယူလိုက်ပြီး နန်းပေါင်ကျူးကို တယုတယ ခွံ့ကျွေးလိုက်သည်။
သူမက လေသံလေးဖြင့် “ကျူးကျူး၊ ချန်းတယ်ယွီကို ဘယ်လိုထင်လဲ?”
“အာ…”
နန်းပေါင်ကျူးက ဖရဲသီးကိုစားရင်း တုံ့ဆိုင်းဆိုင်းဖြင့် “ကျောင်းကျောင်း၊ ငါအမှန်အတိုင်းပြောရင် နင်စိတ်မဆိုးရဘူးနော်….”
“ပြောမှာသာပြောပါ”
“ငါက ဘုရင်တွေနဲ့ မင်းသားတွေကို အများကြီးမမြင်ဖူးလို့ ယောကျာ်းလေးတွေရဲ့ပုံစံကို သိပ်မသိပေမယ့် ချန်းတယ်ယွီက အရမ်းမျက်စိ နောက်စရာကောင်းတယ်၊ သူကနင့်ကို သိမ်ငယ်အောင်လုပ်ပြီး သူစိတ်ကူးထဲက ပုံစံအတိုင်းနင့်ကို ပုံသွင်းဖို့ကြိုးစားနေတာ….. ငါ့အထင်တော့ သူကနင့်ကိုမချစ်ဘူး၊ နင့်ဆီကရမဲ့ အကျိုးအမြတ် ဥပမာ..ငါတို့အိမ်ရဲ့ချမ်းသာမှုကို သူမက်မောနေတာ”
နန်းပေါင်ရီက အံ့အားသင့်သွားသည်။ သူ့ရဲ့ဝမ်းကွဲအစ်မက တုံးအတယ်လို့ ထင်ထားပေမယ့် တကယ်တမ်းတော့ ကျူးကျူးရဲ့အမြင်က စူးရှလှသည်။
သူမက ပြုံးလိုက်ပြီး နန်းပေါင်ကျူးရဲ့နားနားကိုကပ်၍ တီးတိုးပြောလိုက်သည်။
နန်းပေါင်ကျူးက သူမရဲ့ပါးစပ်ကိုပိတ်လိုက်ပြီး အံ့အားသင့်သွားဟန်နဲ့ “စေ့စပ်ပွဲဖျက်သိမ်းမယ်?”
“အင်း၊ စေ့စပ်ပွဲဖျက်သိမ်းမယ်၊ ဒါပေမယ့် အခုအချိန်အထိ ညီမလေးတို့အိမ်တော်က သူတို့မိသားစုကို ထောက်ပံ့ထားခဲ့တာတွေကိုတော့ ပြန်ယူရဦးမယ်၊ ညီမလေးမှာ အကြံတစ်ခုရှိတယ်၊ ကျူးကျူးကူညီ ပေးမလား”
သူမ အသေးစိတ်ရှင်းပြပြီးနောက် နန်းပေါင်ကျူးရဲ့မျက်လုံးတွေက မြင့်တက်သွားသည်။
သူမက ချန်းတယ်ယွီကို မကြိုက်ချေ။ ကျောင်းကျောင်းကိုလည်း ဒီလိုလူစားမျိုးနဲ့ လက်မထပ် စေချင်တာကြောင့် အလွယ်တကူလက်ခံလိုက်သည်။
“ကျောင်းကျောင်း ဘာမှမပူနဲ့ ငါ့တာဝန်သာထား”
နေ့လည်စာချိန်ရောက်ခဲ့ပြီ….
နေ့လည်စာစားဖို့အတွက် အစေခံခေါင်းဆောင်က ရေကန်လယ်က အဆောင်ကိုလာပြီး ဖိတ်ခေါ်သည်။
“စားသောက်ပွဲပြင်ဆင်ပြီးပါပြီ၊ ပန်းပွင့်ခန်းမကို ကြွကြပါ”
လူတိုင်းက ရေကန်ကိုမျက်နှာမူထားတဲ့ စင်္ကြန်တလျှောက် လမ်းလျှောက်သွားကြသည်။
နန်းပေါင်ကျူးက ရှေ့ကိုတိုး၍ “အိုး!…” လို့အာမေဋိတ်ပြုလိုက်ပြီး ချန်းဇိုင်ရှီကို အရှိန်ပြင်းစွာ ဝင်တိုက်လိုက်သည်။
ချန်းဇိုင်ရှီရဲ့ခန္ဓာကိုယ်က ပိန်ပါးတာကြောင့် ထိုကဲ့သို့ အတိုက်ခံလိုက်ရတဲ့အခါ လက်ရမ်းဘက်သို့ ကုန်းကျသွားပြီး သူ့ခေါင်းမှာထိုးထားတဲ့ ကျောက်စိမ်းဖြူဆံထိုးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ၍ အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့သည်။
“ငါ့ကျောက်စိမ်းဆံထိုး!….”
သူမရဲ့မျက်နှာက ဖြူဖျော့သွားပြီး မျက်လုံးတွေက နှမြောတသခြင်းများပြည့်နှက်နေသည်။
နန်းပေါင်ကျူးက ခါးကို ပွတ်သပ်လိုက်ပြီး ရှက်ရွံ့ဟန်ဖြင့် “တောင်းပန်ပါတယ် ချန်းမမလေး၊ ဘယ်သူက တိုက်လိုက်မှန်းမသိဘူး ပြေးလိုက်မိတာ ….. ကျောက်စိမ်းဆံထိုးက ဈေးကြီးမှာပဲ၊ ဟုတ်လား?”
“မနှစ်က မွေးနေ့တုန်းက မေမေက ငါ့ကို မွေးနေ့လက်ဆောင်ပေးခဲ့တာ၊ အဲ့ဒါက ဈေးမကြီးပဲနေမလား?”
ချန်းဇိုင်ရှီက ကျိုးပဲ့သွားတဲ့ ကျောက်စိမ်းဆံထိုးကို မျက်ရည်များဖြင့် ကောက်ယူလိုက်သည်။
“ဒီဆံထိုးက ငါ့ရဲ့တန်ဖိုးအထားရဆုံး ရတနာလေးပဲ၊ နင်ငါ့ကို ပြန်လျှော်ပေးရမယ်”
နန်းပေါင်ကျူးက အလွန်အပြစ်ကင်းစင်ဟန်နဲ့ “အနှေးနဲ့အမြန် ငါတို့က မိသားစုတွေ ဖြစ်လာကြမှာပဲလေ၊ ငွေအကြောင်းပြောတာက ဘယ်လောက်နာကျင်စေလဲ”
ဒါ့အပြင် ကျောင်းကျောင်းက သူမကို ခုနလေးတင်ပြောပြလိုက်သည်။ အဲ့ဒီကျောက်စိမ်းဆံထိုးက နန်းအိမ်တော်ရဲ့ငွေနဲ့ ချန်းအိမ်တော်က ဝယ်ထားတဲ့ပစ္စည်းဖြစ်သည်တဲ့။ အဲ့ဒါက တကယ်ဆို သူမတို့ရဲ့ ပိုင်ဆိုင်မှုပင်။
“တခြားသူတစ်ယောက်ကိုထိခိုက်စေပြီး ဘာဖြေရှင်းချက်မှ မပေးလို့ရမလား”
ချန်းဇိုင်ရှီက အားနည်းဟန်နဲ့ ငိုကြွေးတော့သည်။
“နင်နဲ့ နန်းပေါင်ရီ ကျောင်းတက်တုန်းက နန်းရှောင်ချန့်က နန်းပေါင်ရီရဲ့ စာရေးတဲ့ စုတ်တံကို ဖျက်စီးလိုက်တယ်တဲ့၊ နင်တို့က အဖိုးအခအဖြစ် ရွှေစတစ်သောင်းကိုပြန်ပေးဖို့ အတင်းအကြပ်ဖိအားပေး ခဲ့ကြတယ်တဲ့၊ အခုနင်က ငါ့ရဲ့ကျောက်စိမ်းဆံထိုးကို ချိုးပစ်ပြီး ငါ့ကို အလျော်ပြန်မပေးချင်ဘူး၊ အဲ့ဒီလို လုပ်ရပ်မျိုး ကမ္ဘာပေါ်မှာရှိသေးတယ်လား”
ကောင်မလေးက လူတွေအားလုံးကို သက်သေပြု၍ပြောနေဟန်ရပြီး ချန်းအိမ်တော်ရဲ့အာဏာလည်း သက်ရောက်စေချင်ဟန်ရသည်။
နိုင်ဝမ်ကျိုးက လက်ရန်းပေါ်မှာထိုင်ရင်း လက်မောင်းတွေကို မှီတင်ထားပြီး ခြေထောက်တွေကိုလည်း တွဲလောင်းချထားသည်။ သူက လှောင်ပြောင်သရော်လိုက်သည်။
“ကျောက်စိမ်းဆံထိုးက ရွှေစတစ်သောင်းတန်ကြေးရှိတယ်လို့ ချန်းမမလေးကပြောတယ်၊ ငါသိရသလောက် အစိုးရအရာရှိတစ်ယောက်ရဲ့ လစဉ်ဝင်ငွေက ရွှေစသုံးထောင်ပဲရှိတာဆို၊ အဲ့ဒီလောက်တန်ဖိုးကြီးတဲ့ ဆံထိုးကိုဝယ်ဖို့ သူ့မှာဘယ်ကပိုက်ဆံရလဲ စဉ်းစားလို့ကိုမရဘူး၊ ဖြစ်နိုင်တာက ….. အကျင့်ပျက်ခြစားပြီး လာဘ်ပေးလာဘ်ယူလုပ်ထားတာများလား?”
ချန်းဇိုင်ရှီရဲ့မျက်နှာက အပြင်းအထန် ထိတ်လန့်သွားပြီး “အစေခံမကများ၊ သူများကို သွားပုပ်လေလွင့် လျှောက်ပြောမနေနဲ့”
ချန်းတယ်ယွီရဲ့မျက်နှာက တည်ငြိမ်နေပြီး “ငါ့နာမည်အောက်မှာ ငါတို့မိသားစုက ဆိုင်တွေအများကြီး ရှိတယ်၊ ငါတို့မိသားစုရဲ့ဝတ်စုံတွေနဲ့ အစားအစာအတွက် ငွေအများစုက အဲ့ဒီစီးပွားရေးက ရတာတွေပဲ၊ ငါ့အဖေက ဘုရင်ခံတစ်ယောက်ဖြစ်တယ်၊ ဘာကြောင့် သူက အကျင့်ပျက်ပြီး လာဘ်စားရမလဲ”
“အိုး…. အဲ့ဒါဆိုရင် ဧကရာဇ်ပေးတဲ့ လစာကနည်းလို့ စီးပွားရေးကို ခွဲထွက်ပြီး လုပ်ကိုင်တယ်ပေါ့…”
နိုင်ဝမ်ကျိုးက ချီးကျူးလိုက်ပြီး “ဘယ်သူက အာဏာရှိတဲ့သူရဲ့ဆိုင်က ဝယ်ဖို့ငြင်းဆန်ပါ့မလဲ၊ ငွေရှာဖို့ အကောင်းဆုံးအကြံဉာဏ်ပဲ”
ချန်းမောင်နှမက အသက်အန္တရာယ်နဲ့ နီးကပ်လာသလို ခံစားချက်မျိုး ခံစားလိုက်ကြရသည်။ နန်းညီအစ်မ မဆိုထားနဲ့ အစေခံကတောင် လက်စောင်းထက်နေသည်ပင်။
ချန်းဇိုင်ရှီက ကျိုးသွားတဲ့ကျောက်စိမ်းဆံထိုးကို မြဲမြဲဆုပ်ကိုင်ရင်း နီရဲနေတဲ့မျက်လုံးတွေနဲ့ ပြောလာသည်။
“ဆုံးရှုံးမှုအတွက် ပြန်ပေးမှတရားမှာပေါ့၊ နန်းပေါင်ကျူး ငါ့အမေရှေ့မှာဆိုရင်ရော နင်ပြိုင်ငြင်းရဲလို့လား”
ဒီစကားလုံးက နန်းပေါင်ကျူးကို စမ်းသပ်လိုက်ခြင်းဖြစ်သည်။
နန်းပေါင်ကျူးက ပြုံးရင်း “သေချာပေါက် ရဲတာပေါ့၊ ကျောင်းကျောင်းလည်းလိုက်ခဲ့လေ၊ နင့်ရဲ့အနာဂတ် ယောက္ခမလောင်းကို တွေ့ရတာပေါ့၊ ဘယ်လိုလဲ”
ညီအစ်မနှစ်ယောက်က ဖုံးကွယ်ထားတဲ့ အကြံအစည်နဲ့ အချင်းချင်းကြည့်လိုက်ကြသည်။
နန်းပေါင်ရီက စောင်းကြည့်လိုက်ပြီး မယဉ်ကျေးဟန်အနည်းငယ်စွက်၍ ပြောလိုက်သည်။
“ဒေါ်ဒေါ့်ကို တကယ် တွေ့ချင်ပါတယ်”
ရှောင်းယီက မတ်တပ်ရပ်ပြီး ပန်းပွင့်ခန်းမကိုချီတက်သွားကြတဲ့လူအုပ်ကို ကြည့်နေသည်။ သူက လက်ကောက်ဝတ်ကို လှည့်ပြီး ကံကောင်းစေတဲ့ အကြွေစေ့လေးကို ပွတ်သပ်လိုက်သည်။ နန်းပေါင်ရီရဲ့ လှည့်ကွက်တွေကို သူတကယ်ပဲကြည့်ချင်စိတ်ပြင်းပြသည်လေ။
နိုင်ဝမ်ကျိုးက လက်ရန်းမှ ခုန်ဆင်းလိုက်ပြီး “ဝမ်းကွဲအစ်ကိုက ဘာတွေစောင့်နေတာလဲ၊ ပျော်စရာလေးတွေကို သွားကြည့်ရအောင်လေ၊ ချန်းအိမ်တော်က အစ်ကို့ရဲ့ညီမလေးကျောင်းကျောင်းကို စော်ကားပြောဆိုကြမှာကို ကြောက်နေတာလား”
ညီမလေးကျောင်းကျောင်း ?….
ရှောင်းယီက အနည်းငယ်မျက်မှောင်ကြုပ်လိုက်ပြီး အေးတိအေးစက်ပြောလာသည်။
“သေချာပြန်ပြောလိုက်စမ်း”
နိုင်ဝမ်ကျိုးက ပြုံးလိုက်ပြီး ဝတ်ရုံအဖျားစကို ဆွဲဆန့်ဟန်ဆောင်ရင်း ပန်းပွင့်ခန်းမသို့ ထွက်သွားတော့သည်။
ထိုအချိန် အနောက်ဘက်ခြံဝင်းက လက်ရာမြောက်တဲ့ အဆောက်အဦထဲတွင်…..
ချန်းအိမ်တော်ရဲ့ သခင်မဟောင်က ကြေးမုံရဲ့ရှေ့မှာထိုင်နေပြီး အစိမ်းရောင်ကျောက်နဲ့ တန်ဆာဆင် ထားတဲ့ လည်ဆွဲရှည်ကို တည်ငြိမ်စွာ ကောက်ယူလိုက်သည်။ အစေခံက သူမကို ဂရုတစိုက် ဝတ်ဆင်ပေးရင်း ချီးမွမ်းလိုက်သည်။
“အစိမ်းရောင်ကျောက်တွေက လုံးဝိုင်းပြီး သန့်ရှင်းနေတာပဲ၊ သခင်မကြီးရဲ့ လည်ပင်းမှာဆွဲလိုက်တော့ အရမ်းကို လှပပြီး တင့်တယ်သထက်တင့်တယ်နေတော့တာ”
သခင်မဟောင်က ထိုစကားကို အလေးမမူဟန်ဖြင့် “နန်းအိမ်တော်က ပို့ပေးတဲ့လက်ဆောင်တွေက တကယ်ကို တန်ဖိုးကြီးပြီး ရှားပါးတယ်၊ ရှီအာအတွက် ကျောက်စိမ်းဖြူဆံထိုးဆိုလည်း ရှားပါးပြီး အရမ်းလှတယ်”
အစေခံက နှင်းဆီပန်းအဆီကိုယူပြီး သူမရဲ့ဆံပင်တွေကို ဂရုစိုက်၍ လိမ်းပေးနေရင်း “ဒီအကြောင်းပြောတော့မှ နန်းသခင်မလေး ၅က ဒီနေ့ ကဗျာစပ်ဆိုပွဲကို ရောက်နေတယ်တဲ့၊ သူက သခင်မကြီးရဲ့ ချွေးမလေးဖြစ်တော့မှာဆိုတော့ သူ့ကို လာတွေ့ဖို့ ဆင့်ခေါ်လိုက်မလား သခင်မကြီး”
………………………….