အပိုင်း (၁၂၈)
‘နန်းကျောင်းကျောင်း၊ မင်းရဲ့ ရွှေဆံထိုးကို ခဏငှား’
အစေခံက ရေခဲပြင်ဆီသို့ အမြန်သွားကြည့်လိုက်သည်။
ပေါ့ပါးတဲ့မြှားတံက ထောင့်ဖြတ်အတိုင်း ရေခဲလွှာကို ဖြတ်သွားပေမယ့် ရေအောက်ထဲက မြှားမှာတော့ ဘာကိုမှမမိပါချေ။ သူကခေါင်းကိုမြှင့်လိုက်ပြီး ချန်းတယ်ယွီကို လှမ်းအော်လိုက်သည်။
“သခင်လေး ပထမမြှားက မထိဘူး၊ ဒုတိယမြှားကို ပစ်ကြည့်ပါဦး”
မထိဘူး! နန်းပေါင်ရီက နူတ်ခမ်းထောင့်စွန်းတွေကော့တက်သွားအောင်ပြုံးရင်း ချန်းတယ်ယွီကို ကြည့်လိုက်သည်။ သို့သော် သူ့ရဲ့မျက်လုံးတွေက တည်ငြိမ်နေပြီး ပထမအကြိမ်အမှားကို စိတ်ပျက် နေဟန်မရှိပါချေ။
သူက လေးကိုင်းကို ချိန်ဆလိုက်ပြီး အနည်းငယ် ဆုပ်လိုက်ရင်း နောက်တစ်ကြိမ် မြှားတံကို လွှတ်လိုက်သည်။ ဒုတိယမြှားတံက ထွက်သွားပြီး ထောင့်ဖြတ်အတိုင်း ရေခဲပြင်ကို ဖောက်ထွင်း သွားပြန်သည်။
အစေခံက ရေထဲကို ငုံ့ကြည့်လိုက်တဲ့အခါ သွေးရောင်အနည်းငယ်လွှမ်းနေတာကို တွေ့ရသည်။ ဒုတိယမြှားက ငါးတစ်ကောင်ကို တကယ်ပဲထိသွားခဲ့သည်။
သူက အံ့ဩပျော်ရွှင်သွားပြီး အော်လိုက်သည်။
“လာကြည့်ကြ၊ သခင်လေးရဲ့ လေးအတတ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ၊ နှိုင်းယှဉ်လို့မရအောင် တကယ်ကို ကောင်းတာ”
ချန်းတယ်ယွီက ရှောင်းယီဘက်ကိုလှည့်လိုက်ပြီး “အမတ်မင်းရဲ့အမြင်မှာရော ဘယ်လိုနေလဲ?”
ရှောင်းယီက ပြုံးရင်း “အဲ့ဒီလောက်ကတော့….”
ချန်းတယ်ယွီက မျက်ခုံးပင့်သွားပြီး သူ့ရဲ့လက်ကိုမြှောက်လိုက်သည်။
“အဲ့ဒါဆိုရင် အမတ်မင်းရဲ့ မြှားပစ်စွမ်းရည်ကိုပြပါဦး၊ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ ကျွန်တော် သိပါရစေ”
ရှောင်းယီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြတင်းဆီကို ပေါ့ပေါ့ပါးပါး ထထွက်သွားသည်။
ချန်းတယ်ယွီက ပြုံးရင်း လေးကိုပေးလိုက်သည်။
“ဒီလေးကိုငှားပြီး ပစ်ခွင်းကြည့်ပါ”
“မလိုဘူး”
ရှောင်းယီက ပြုံးစစဖြင့်နန်းပေါင်ရီကို ပြောလိုက်သည်။
“နန်းကျောင်းကျောင်း ဒီကိုလာခဲ့”
နန်းပေါင်ရီက စူးစမ်းစိတ်ပြင်းပြစွာနဲ့ ထိုနေရာကို လျှောက်သွားလိုက်သည်။
“အစ်ကို ဘာလုပ်မလို့လဲ”
“မင်းရဲ့ရွှေဆံထိုးကို ခနငှား”
ရှောင်းယီက ကောင်မလေးရဲ့ ဆံထုံးမှာထိုးစိုက်ထားတဲ့ ရွှေဆံထိုးသုံးချောင်းကို ဆွဲယူလိုက်သည်။ နန်းပေါင်ရီက ကန့်ကွက်လိုက်သည်။
“ညီမလေးရဲ့ ရွှေဆံထိုးတွေက အရမ်းဈေးကြီးတယ်”
ရှောင်းယီက သူမရဲ့ ဆံထုံးလေးကို တို့ထိလိုက်ပြီး “ဒီထက်ပိုကောင်းတာကို မင်းအတွက် ပြန်ဝယ်ပေးမယ်”
မောင်နှမနှစ်ယောက်က အလွန်နီးကပ်ပြီး ရင်းရင်းနှီးနှီးရှိကြသည်။ နန်းပေါင်ရီရဲ့နေရာကို အားလုံးက စိတ်ကူးယဉ်နေကြပြီး နန်းပေါင်ရီ ဖြစ်ချင်သွားကြသည်။ သူတို့လည်း အမတ်မင်းလို အစ်ကိုမျိုး တစ်ယောက်လောက် လိုချင်သည်လေ။
ရှောင်းယီက ပြတင်းမှာ ပျင်းရိစွာ ရပ်နေပြီး ရွှေဆံထိုးသုံးချောင်းနဲ့ ကစားနေသည်။ ဇာမဏီမျက်လုံးတွေက စူးရဲစွာ ရေခဲပြင်ကို တစ်ချက်ကြည့်လိုက်သည်။
ခဏအကြာ ဆံထိုးသုံးချောင်းလုံးကို ရေခဲပြင်ဆီသို့ အရှိန်ပြင်းပြင်းနဲ့ ပစ်လွှတ်လိုက်သည်။
ဆံထိုးများက ရေခဲပြင်ကို ဖောက်ထွင်းသွားပြီး စိမ်းပြာရောင်ငါးတစ်ကောင်ကို ဆံထိုးသုံးချောင်းလုံးက တစ်ပြိုင်တည်းမှာ ထိုးစိုက်နေသည်။
အစေခံက အော်ပြောလိုက်သည်။
“ဘုရားရေ၊ ရွှေဆံထိုးတွေက လေးကြိုးရဲ့တွန်းကန်အားမပါဘဲနဲ့တောင် ရေခဲပြင်ကိုဖြတ်သွားတယ်၊ ဒါဟာ အမတ်မင်းရဲ့အတွင်းအား အရမ်းကောင်းတယ်ဆိုတာကိုပြတာပဲ၊ အရမ်းကောင်းတယ်၊ အရမ်းတော်တာပဲ”
တခြားသူတွေအားလုံးက အံ့အားသင့်လွန်း၍ ဆွံ့အသွားကြသည်။
ရွှေဆံထိုးနဲ့တောင်မှ သားကောင်ကို ထိအောင်ပစ်နိုင်တယ်ဆိုတော့ လေးနဲ့မြှား သာဆိုရင် ဒီထက်ပိုပြီး ကောင်းအောင်ပစ်နိုင်မယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။
ဒီလိုသာနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ချန်းတယ်ယွီရဲ့ မြှားပစ်စွမ်းရည်က သူနဲ့အတူ ယှဉ်ပြိုင်ပြီး စင်မြင့်ပေါ်မှာ နေရာယူဖို့ မထိုက်တန်ပါချေ။
ချန်းတယ်ယွီရဲ့မျက်နှာက မည်းမှောင်သွားသည်။ ရှောင်းယီမှာ ဒီလိုအရည်အချင်းမျိုးရှိတယ်ဆိုတာ သူမသိခဲ့။ သူ့မှာဒီလိုအရည်အချင်းမျိုးသာရှိတယ်ဆိုရင် ဘာလို့ အရင်နှစ်တွေတုန်းက ဟွားချောင်ပြိုင်ပွဲမှာ ထုတ်မပြရတာလဲ?
သူစိတ်ပျက်နေစဉ်မှာပဲ ရှောင်းယီက သူ့ရဲ့ လေးကိုင်းကို ဖြစ်ညှစ်လိုက်တာကို သူတွေ့လိုက်ရသည်။ ရှောင်းယီက နူတ်ခမ်းတွေကို တွန့်ကွေးပြီး ထေ့ငေါ့လိုက်သည်။
“ဒီလိုလေးမျိုးနဲ့ မြှားတံမျိုးက အရမ်းကောင်းပြီး လှတယ်လို့ထင်ရတယ်၊ ဒါပေမယ့် စစ်မြေပြင်ကိုသာ ယူသွားရင် မိန်းကလေးတစ်ယောက်ရဲ့ အသေးစား အသုံးအဆောင်တစ်ခုလိုမျိုး လှောင်ပြောင်ခံရ လိမ့်မယ်၊ တကယ့်လေးကိုင်းစစ်စစ်က ဒီလိုမျိုး အလှဆင်ပစ္စည်းတွေနဲ့ တန်ဆာဆင်မထားဘူး၊ ကွေးညွတ်ပြီး …… ကျိုးပျက်လွယ်တယ်”
ပြောပြီးနောက် သူက လေးကိုင်းကို ငြင်ငြင်သာသာ ချိုးပစ်လိုက်သည်။
ချန်းတယ်ယွီရဲ့မျက်လုံးတွေက ရုတ်တရက်ပြူးကျယ်သွားသည်။ သူ့ရဲ့ လမင်းဖြိုခွင်းလေးက တကယ် ကျိုးသွားပြီလား?
သူက အသံနက်နက်နဲ့ “ဧည့်သည်တစ်ယောက်အနေနဲ့ အမတ်မင်းက အိမ်ရှင်ရဲ့ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ဖျက်စီးလိုက်တယ်၊ ဒါက လူ့ကျင့်ဝတ် ဓလေ့ထုံးတမ်းတွေနဲ့ မဆီလျှော်တဲ့လုပ်ရပ်ပဲ၊ ကျွန်တော့ရဲ့ လမင်းဖြိုခွင်းလေးက အရမ်းတော်တဲ့ လက်မှုပညာသည်တစ်ယောက် လုပ်ပေးထားတာ၊ ပြီးတော့ ရွှေစထောင်ပေါင်းများစွာ တန်ကြေးရှိ….”
“ဘာလဲ၊ ချန်းသခင်လေးက ဒီအမတ်မင်းကို ရွှေစပြန်လျှော်ပေးစေချင်တာလား?”
ရှောင်းယီက ပြတင်းကို ပျင်းရိစွာ မှီနေရင်း ခေါင်းကို အနည်းငယ်ပင့်မော့၍ ပြုံးနေပြီး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ရန်စနေသည်။
“ချန်းသခင်လေး၊ ငါတို့က အနှေးနဲ့အမြန် မိသားစုဖြစ်လာကြမှာပဲလေ၊ မိသားစုအချင်းချင်း ငွေစကားပြောတာက နာကျင်စေတယ်”
သူကပြောပြီး နန်းယန်နဲ့ ချန်းတယ်ယွီတို့နှစ်ယောက်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။
ချန်းတယ်ယွီရဲ့ နဖူးက မြင့်တက်သွားသည်။
အနှေးနဲ့အမြန်? မိသားစု?
အနှေးနဲ့အမြန် သူတို့က မိသားစုတစ်ခုဖြစ်လာလိမ့်ဆိုတာကို သူသိပေမယ့် ဘာလို့ သူ့ရဲ့လေးကို စိတ်လိုက်မာန်ပါ ချိုးပစ်လိုက်တာလဲ၊ သူ့ရဲ့မျက်နှာကို နည်းနည်းလေးတောင် ထောက်ခဲ့လို့လား?
ငွေစကားပြောတော့မှ သူတို့က မိသားစုတွေပါလို့ ဆိုလာပြန်သည်။
ဒီကဗျာစပ်ဆိုပွဲက သူ့ကို အသာစီးမရစေတာကြောင့် ငြိမ်သက်စွာထိုင်နေရုံသာ တတ်နိုင်တော့သည်။
လူတွေရဲ့ ရှောင်းယီကို ချီးမွမ်းသံတွေဟာ မစဲနိုင်တော့ချေ။ အဖွဲ့အလိုက် ထိုင်နေကြပြီး ကဗျာအကြောင်းနဲ့ ပြိုင်ပွဲအကြောင်းကို ဆက်ပြီး ပြောဆိုနေကြသည်။
နန်းပေါင်ရီနဲ့ နန်းပေါင်ကျူးက ကိတ်မုန့်ကို အတူတကွစားနေကြသည်။ အစေခံက ရေခဲပြင်ကိုဖြတ်ပြီး ထိုးဖောက်သွားတဲ့ ရွှေဆံထိုးတွေကို လာပေးကြရင်း ပြုံးပြီးပြောလာသည်။
“နန်းသခင်မလေး ၅ရဲ့ ဆံထိုးတွေပါ”
နန်းပေါင်ရီက တစ်ချက်ကြည့်လိုက်ပြီး ငြင်းပယ်လိုက်သည်။
“ဒါတွေက သွေးနံ့ရတယ်၊ နမိတ်မကောင်းဘူး၊ မလိုချင်တော့ဘူး”
သူမအမုန်းဆုံးက သွေးညှီနံ့ဖြစ်သည်။ အမတ်မင်းက ပြောထားသည်လေ။ ပိုကောင်းတဲ့အသစ် ဝယ်ပေးမယ်တဲ့…
ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။
လူငယ်တွေနဲ့ မိန်းကလေးတွေရဲ့မျက်နှာက ရှုပ်ထွေးသွားဟန်ရသည်။ ရွှေဆံထိုးသုံးချောင်းက ရွှေစရာချီပြီး တန်ဖိုးရှိသည်။ ဒါကိုတောင် သူမက မလိုချင်တော့ပါချေ။ နန်းအိမ်တော်က တကယ်ကို ချမ်းသာကြွယ်ဝသည်ပဲ။
သူတို့မှာ အော်ဟစ်ပြီးတောင် ငိုချင်သွားရသည်။ ထိုအခိုက်အတန့်မှာ နန်းအိမ်တော်မှာ မွေးဖွားလာချင်စိတ် ကိုယ်စီဖြစ်သွားကြသည်။
ထိုစဉ် ငွေခေါင်းလောင်းသံလို တခစ်ခစ်ရယ်သံတစ်ခုက ပုတီးစေ့လိုက်ကာရဲ့အပြင်ဘက်မှ ထွက်ပေါ်လာသည်။
နန်းပေါင်ရီက လှမ်းကြည့်လိုက်သည်။
အစေခံက လိုက်ကာစကို ဖယ်လိုက်တဲ့အခါ မိန်းကလေး တစ်ယောက် လှမ်းဝင်လာတာကိုတွေ့ရသည်။ သူမက အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ခန့်ရှိပြီး နှင်းလိုဖြူဖွေးတဲ့အသားအရည်နဲ့ ကျော့ရှင်းတဲ့ ဟန်ပန်ရှိသည်။ ကြာပန်းတစ်ပွင့်က ရွံ့နွံထဲက ထိုးထွက်လာပေမယ့်
အစွန်းအထင်းကင်းနေသကဲ့သို့ပင်။
“ရွှေဆံထိုးတွေက တန်ဖိုးကြီးတယ်၊ လွှင့်ပစ်လိုက်ရင် နှမြောစရာကောင်းတာပေါ့၊ တကယ်လို့ ယောင်းမလေးက မလိုချင်ဘူးဆိုရင် မမကို ဘာလို့ မပေးလိုက်တာလဲ”
မိန်းကလေးက ပြောလာသည်။ သူမရဲ့မျက်လုံးတွေက ဆိုးသွမ်းဟန်ရပေမယ့် ယဉ်ကျေးသလို ပြုံးပြနေ သည်။
နန်းပေါင်ရီက သူမကို တိတ်ဆိတ်စွာကြည့်လိုက်သည်။
‘ချန်းဇိုင်ရှီ’ ချန်းတယ်ယွီ့အမေရဲ့ သမီး၊ သူမရဲ့ အရင်ဘဝက ယောင်းမဖြစ်သည်။ ချန်းအိမ်တော်ရဲ့ သခင်မလေးတွေထဲမှာ အသက်အကြီးဆုံးမိန်းကလေး ချန်းဇိုင်ရှီ ဖြစ်သည်။
အရင်ဘဝတုန်းက သူမရဲ့ အသွင်းပစ္စည်းတစ်ဝက်က နန်းယန်ရဲ့ယူဆောင်သွားခြင်းကို ခံခဲ့ရပြီး နောက်တစ်ဝက်က ချန်းဇိုင်ရှီရဲ့ ယူသွားခြင်းကိုခံခဲ့ရသည်။
သူမလက်ထပ်ပြီး ချန်းအိမ်တော်ကိုရောက်တော့ လူတိုင်းက သူမအပေါ် ဆိုးရွားစွာ ဆက်ဆံကြသည်။ ချန်းဇိုင်ရှီတစ်ယောက်သာ သူမကို ကြင်နာစွာဆက်ဆံခဲ့သည်။ သူမစိတ်ဓါတ်ကျတဲ့အခါတွေမှာလည်း သူမကို အားပေးဖေးမခဲ့သည်။ ယောက္ခမရဲ့ အပြစ်ပေးခံရတဲ့အခါတွေမှာလည်း အရိုက်မခံရဖို့ ဝိုင်းဝန်းတောင်းပန်ပေးခဲ့သည်။ ချန်းဇိုင်ရှီက သူမအပေါ် ညီအစ်မလို သဘောထားသည်ဟု သူမ ထင်မှတ်ခဲ့မိသည်။
ချန်းဇိုင်ရှီမင်္ဂလာဆောင်တော့ သူမက နန်းပေါင်ရီကို အကူအညီတောင်းခဲ့သည်။ ချန်းသခင်မက အသွင်း ပစ္စည်းတွေပေးတာနည်းတဲ့အတွက် နန်းပေါင်ရီရဲ့အသွင်းပစ္စည်းတွေကို ခဏငှားပြီး သူမလက်ထပ်ပြီးတဲ့ အခါ ပြန်ပေးပါမည်ဟုကတိပြုခဲ့သည်။ ထို့ကြောင့် သူမငှားပေးခဲ့သည်။
ရလဒ်ကတော့ ခွေးက အသားတုံးကို မရနိုင်သလို ဘယ်တော့မှပြန်မရတော့ပါချေ။
ချန်းဇိုင်ရှီရဲ့ အပြစ်ကင်းစင်ဟန် မျက်နှာလေးကိုကြည့်ရင်း သူမ စိတ်အခြေအနေက မကောင်းတော့။
သူမက ခေါင်းကိုမော့လိုက်ရင်း ပြုံးလိုက်သည်။
“ဘယ်သူက နင့်ရဲ့ ယောင်းမလဲ?”
ချန်းဇိုင်ရှီက သူမဆီကို လျှောက်လာပြီး ကြင်နာစွာ ပွေ့ဖက်လိုက်သည်။
“နောက်နှစ်နှစ်၊ သုံးနှစ်နေရင် နင်က လက်ထပ်ပြီး ငါတို့အိမ်ကိုရောက်လာတော့မှာလေ၊ အဲ့ဒီတော့ ငါ့ရဲ့ ယောင်းမလေးမဟုတ်ဘူးလား? ယောင်းမလေးရဲ့ပစ္စည်းတွေက အကောင်းစားတွေချည်းပဲ၊ တကယ်လို့ ယောင်းမလေး မကြိုက်ဘူးဆိုရင် အဲ့ဒီဆံထိုးသုံးချောင်းကို မမကိုဘာလို့ မပေးလိုက်တာလဲ?”
နန်းပေါင်ရီက သူမရဲ့ စကားကြွယ်မှုနဲ့ ယောင်းမလေးဆိုတဲ့အခေါ်ကိုနားထောင်ပြီး စိတ်ထဲက ငြင်းပယ်နေမိသည်။ သူမက ချန်းဇိုင်ရှီကို အဲ့ဒီဆံထိုးနဲ့ မျက်စိကန်းသွားအောင်ထိုးပစ်လိုက်ချင်နေပြီး နှလုံးကို ကလော်ထုတ်ပစ်လိုက်ချင်နေသည်။
သူမက ပန်းပွင့်ကိတ်တွေကို ပန်းကန်ထဲပြန်ထည့်လိုက်ရင်း “ငါ့ရဲ့ပစ္စည်းတွေက နင့်ရဲ့အမြင်မှာ ကောင်းနေပေမယ့် ဒီစားပြီးသားပန်းပွင့်ကိတ်လိုပဲ၊ တကယ်လို့ နင်က ငါစားပြီးသား ပန်းပွင့်ကိတ်ကို စားမယ်ဆိုရင် အဲ့ဒီ ရွှေဆံထိုးတွေကို ငါပေးမယ်”
………………………….