အပိုင်း (၁၂၆)
ပရိသတ်ရဲ့ ဦးဆောင်သူ
ကဗျာစပ်ဆိုပွဲကို လာကြတဲ့လူတွေထဲမှာ နန်းပေါင်ရီနဲ့ နန်းပေါင်ကျူးတို့ကလွဲပြီး အားလုံးမှာ နှင်းစက်တွေနဲ့ သဘာဝရဲ့အကြောင်းကို ညွှန်းဆိုဖွဲ့ဖို့ စိတ်ကူးတွေရှိကြသည်။
သူတို့ဆီကိုဖိတ်စာရောက်တဲ့ ရှေ့ရက်တွေကတည်းက ကိုယ့်အတွက်ကဗျာကို သူတို့ပြင်ဆင်ပြီးကြပြီ ဖြစ်သည်။ အားလုံးက သူတို့ကိုယ်သူတို့ အကောင်းဆုံးရေးသားခဲ့ကြတယ်လို့ ထင်နေကြတာကြောင့် နောက်ဆုံးအထိ ကဗျာစပ်ဆိုကြဖို့ စိတ်အားထက်သန်နေကြပြီး ကိုယ့်ကိုကိုယ်အထင်ကြီးဟန် အပြည့်နဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
နန်းယန်က ခန်းမရဲ့အလယ်ကိုလျှောက်သွားလိုက်ပြီး ဦးညွတ်နူတ်ဆက်ရင်း ပြုံးလိုက်သည်။
“ဒီမိန်းကလေး နန်းယန်က အားလုံးအတွက် ကဗျာတစ်ပုဒ်ရေးစပ်ပေးချင်ပါတယ်”
ဘယ်သူကမှ စကားမပြန်ကြပါချေ။
ပုတီးစေ့လိုက်ကာက မြင့်မားပြီး အပြင်ဘက်မှာ နှင်းတွေ ထူထပ်စွာကျဆင်းနေသည်။
နန်းယန်က မေးဖျားကို အနည်းငယ်ပင့်မော့လိုက်ပြီး နူးညံ့ပြီး ကြွရွလှပတဲ့ ခြေလှမ်းကို ဖွဖွလှမ်းရင်း သိက္ခာရှိရှိ ရှေ့သို့ထွက်လာသည်။
“နှင်းတွေက ပေါ့ပါးတဲ့ ဝါဂွမ်းစလေးတွေလို
ကမ္ဘာမြေပေါ် ကျဆင်းနေ……….”
သူမက ပုံစံက အားနွဲ့ဟန်ရပြီး ဆွဲဆောင်မှုရှိသည်။ သူမရဲ့အသံက သကြားလုံးလေးတွေလို ချိုမြိန်လှသည်။
ခန်းမထဲက လူငယ်တွေအားလုံးက သူမကို ချီးကျူးဂုဏ်ပြုကြသည်။
အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်က သူ့ရဲ့ယပ်တောင်ကို ဖွဖွကိုင်ရင်း အပြုံးနဲ့ မှတ်ချက်ပြုသည်။
“နှင်းတွေက ပေါ့ပါးတဲ့ ဝါဂွမ်းစလေးတွေလို’ ဆိုတာက သိပ်ကောင်းတဲ့ ဥပမာပဲ၊ နှင်းစက်တွေရဲ့ ပုံသဏ္ဍာန်ကို ကြွကြွရွရွ ပုံဖော်ထားတယ်။ ကမ္ဘာကြီးရဲ့ ချိုမြိန်ခြင်း ဆိုတာက ထူထပ်တဲ့နှင်းကို ခမ်းခမ်းနားနား ဖော်ညွှန်းထားတာပဲ၊ ကောင်းတယ်၊ အရမ်းကောင်းတယ်”
နန်းယန်က ပြတင်းနားမှာရပ်နေပြီး အပြင်ဘက်က ကျဆင်းနေတဲ့ နှင်းတွေကိုထိတွေ့နေရင်း
“ကိုယ်ကမင်းကို ဖြူစင်တဲ့ ချစ်ခြင်းမျိုးနဲ့
မင်းနဲ့အတူ နောက်ထပ်တစ်နှစ် ထပ်ပြီးရှိချင်ပါသေးတယ်….”
ကဗျာရဲ့အဆုံးသတ်က အနည်းငယ်လှိုက်ဖိုရပြီး လူတွေက သူတို့ရဲ့ပြင်းပြတဲ့ သဘောကျမှုကို ဖိနှိပ်ထိန်းချုပ်လို့ မရနိုင်တော့ချေ။
ခန်းမထဲက နှင်းစက်တွေကိုသဘောကျနှစ်သက်ကြတဲ့ မိန်းကလေး၊ ယောကျာ်းလေးတွေအားလုံးက ချီးကျူးကြတော့သည်။
နန်းယန်က နောက်ကိုလှည့်ကြည့်လိုက်ပြီး သူမရဲ့အကြည့်တွေက ချန်းတယ်ယွီအပေါ် နူးညံ့စွာစူးစိုက်နေသည်။
သူမက ပြတင်းနားမှာ သိမ်မွေ့လှပစွာရပ်နေပြီး အရည်အချင်းလည်းရှိသည်။ သို့ပေမယ ့် သူမရဲ့ ဝါဖျော့ဖျော့ မျက်လုံးတွေကတော့ အလိုရမ္မက်ကြီးဟန်ထင်ဟပ်နေသည်။
သူမက ချန်းတယ်ယွီ လိုချင်တဲ့မိန်းကလေးပုံစံနဲ့ တထပ်တည်းဖြစ်သည်။ ချန်းတယ်ယွီက သူ့ရဲ့ခွက်ထဲက သေရည်ကို မျှင်းသောက်ရင်း တည်ငြိမ်စွာကြည့်နေသည်။ ဗဟုသုတကြွယ်ဝတဲ့ မိန်းကလေးမျိုးကသာ သူ့အတွက် တန်ဖိုးရှိသည်။ ကြည့်ရတာတော့ သူ့ရဲ့အမေကို သူ့ပစ်မှတ် ပြောင်းလဲတဲ့နေရာမှာ ရှေ့ဆက်ပြီးကူညီပေးဖို့ တောင်းဆိုရတော့မည်ပင်။
နန်းယန်က အပြင်ဆောင်က မိန်းကလေးဖြစ်ပေမယ့် အခုတော့နန်းအိမ်တော်မှာ နေထိုင်နေသည်။ ပြီးတော့ သူက သူမကို နန်းအိမ်တော်ရဲ့ အသက်သွေးကြောတစ်ခုဖြစ်လာစေချင်သည်။
ဖြည့်ပြောရရင် သူမကို နန်းကွမ်က အရမ်းချစ်သည်။ ဒါကြောင့် အိမ်တော်မှာ သူမရဲ့ ဖြစ်တည်မှုက နန်းပေါင်ရီနဲ့ အတူတူလောက်ပင်။ သူတွေးနေတဲ့အချိန်မှာပဲ နန်းယန်က သိမ်မွေ့တဲ့ အပြုံးနဲ့ သူ့ကိုတုန့်ပြန်လိုက်သည်။
နန်းပေါင်ရီက သစ်သီးစားနေရင်း သူတို့နှစ်ယောက်ကို အပြုံးတစ်ပွင့်နဲ့ သေချာကြည့်နေသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် နင့်နင့်နဲနဲ ကြည့်နေတာက မီးပွားလေးတွေထတောက်တော့မယောင်ထင်ရ သည်။ ဒါသည်က ကိုယ်လုပ်တော် တစ်ယောက်ဖြစ်ချင်လွန်းလို့ စိတ်အားထက်သန်နေတဲ့ အပြုအမူ တွေဖြစ်သည်။
ဒီကိုယ်လုပ်တော်ရဲ့အချစ်မှာ တစ်ခုခုများစိတ်ဝင်စားစရာရှိလေမလား သူမမသိ။ သူမတွေးနေချိန်မှာပဲ ဖိတ်ခေါ်မှုတစ်ခုကို ကြားလိုက်ရသည်။
“နန်းယန်မိန်းကလေးရဲ့ကဗျာက အရမ်းကောင်းပါတယ်၊ သူမက သဘာဝရှုခင်းတွေကို ချစ်မြတ်နိုးတယ်၊ တကယ်အံ့အားသင့်စရာပဲ၊ အခု နန်းမိန်းကလေးက စလိုက်ပြီဆိုတော့ နန်းအိမ်တော်က နောက်ထပ် သခင်မလေးနှစ်ယောက်ကို ဖိတ်ခေါ်ပါတယ်၊ မိန်းကလေးနှစ်ယောက်ကရော ကဗျာစပ်ဆိုနိုင်ပါသလား၊ အားလုံးက အိမ်တော်တစ်ခုတည်းရဲ့ သမီးကညာလေးတွေဆိုတော့ အရည်အချင်းတွေကလည်း ယှဉ်သာ မှာအမှန်ပဲ”
တခြားသူတွေက တီးတိုးပြောကြသည်။ ချန်းတယ်ယွီက အေးစက်စွာပြောလိုက်သည်။
“ငါ့ရဲ့သတို့သမီးလောင်းက သဘာဝနဲ့ လိုက်လျောညီထွေမရှိဘူး၊ သူ့အတွက် ကဗျာရေးဖို့ဆိုတာက အခက်ကြုံစေလိမ့်မယ်”
ဖိတ်ခေါ်သူက ထပ်ပြောသည်။
“သူသာကဗျာမရေးနိုင်ဘူးဆိုရင် ကဗျာစပ်ဆိုပွဲကို ဘာလာလုပ်တာလဲ၊ သူဒီမှာရှိနေပြီဆိုရင်တော့ စည်းမျဉ်းအတိုင်း လိုက်နာရမှာပဲ”
နန်းယန်က နွေးထွေးတဲ့လေသံနဲ့ “ကျောင်းကျောင်း၊ နွေဦးရာသီပန်းပွဲတော်တုန်းက ညီမလေးရဲ့ ဗျက်စောင်း၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီအရည်အချင်းက အရမ်းပြောင်မြောက်တာလေ၊ ကဗျာနဲ့ စာပေတွေစပ်ဆိုဖို့က ညီမလေးအတွက် မခက်လောက်ပါဘူး၊ အိမ်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ချန်းသခင်လေးရဲ့ ဂုဏ်ကို ဆောင်လိုက်ပါ”
နန်းပေါင်ရီက ထိုင်ခုံပေါ်က ယိုင်လုနီးပါးဖြစ်သွားရသည်။ သူမက နန်းယန်ကိုကြည့်လိုက်ပြီး ခေါင်းကိုမော့လို့ပြုံးပြလိုက်သည်….
“မမက ညီမလေးရေးစပ်ထားတဲ့ကဗျာကို တကယ်ကြားဖူးချင်တယ်လား”
“တကယ်ကြားချင်တာပေါ့”
“မမရဲ့ ထင်ရှားကျော်ကြားမှုတွေကို လုယူသလိုဖြစ်မှာ စိုးမိတယ်”
နန်းယန်က ပြုံးလိုက်သည်။ သူမ နန်းအိမ်တော်မှာ ရက်တွေအများကြီးနေနေပြီး နန်းပေါင်ရီရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကို သူမ မသိဘဲနေပါ့မလား? သူမရေးထားတဲ့ကဗျာက အရမ်းကောင်းသည်။ နန်းပေါင်ရိက သူမထက်ပိုပြီးကောင်းအောင် စပ်ဆိုနိုင်လိမ့်မယ်လို့ သူမယုံကြည်ပေ။
ကဗျာစပ်ဆိုပွဲကို ဦးဆောင်နိုင်သူက သူမ နန်းယန်သာဖြစ်ရမည်….
ထိုအတွေးဆုံးတော့ သူမက ထပ်ပြီးကမ်းလှမ်းလိုက်သည်။
“ညီမလေး၊ ရွတ်ဆိုကြည့်လေ၊ ညီမလေးက ကောင်းအောင်ရွတ်နိုင်တယ်ဆိုရင်လည်း မမက ညီအစ်မ ကောင်းတစ်ယောက်ပဲကို၊ ညီမလေးရဲ့ အောင်မြင်ကျော်ကြားမှုကို ဘယ်လိုလုပ် လုယူပါ့မလဲ”
“မမက နည်းမျိုးစုံနဲ့ ဖိတ်ခေါ်နေမှတော့ ညီမလေးက အားမနာတော့ဘူးနော်”
နန်းပေါင်ရီက ပြုံးရင်း မတ်တပ်ရပ်လိုက်သည်။ သူမက တန်ဖိုးကြီးလှတဲ့ဝတ်စုံနဲ့ သေသပ်ကြော့မော့စွာ လျှောက်သွားပြီး ပြတင်းနားမှာ ရပ်လိုက်သည်။
သူမရဲ့အနီရောင်ဝတ်စုံက ရွန်းစိုပြီး သန့်စင်၍ ခမ်းနားထည်ဝါနေသည်။ မိန်းကလေးရဲ့ တောက်ပတဲ့ မျက်လုံးရွဲကြီးတွေက ဆွဲဆောင်မှုအပြည့်ရှိနေပြီး သာမန်ယောကျာ်းလေးတွေထက်တောင် ပိုပြီး ရဲရင့်ဟန်ရှိသည်။ သူမရဲ့ ရဲရင့်တဲ့ သွင်ပြင်နဲ့ ထက်မြက်လှတဲ့ ဟန်ပန်အမူအရာတွေက နန်းယန်ထက် အဆပေါင်းများစွာ သာလွန်နေသည်။
သူမက ဝတ်ရုံကို တစ်ချက်သပ်လိုက်ပြီး …..
“တောင်ပိုင်းရဲ့ သဘာဝရှုခင်းမှာ
ရေခဲပြင်ကမိုင်ပေါင်းများစွာ
အဆက်မပြတ်ကျဆင်းနေတဲ့နှင်းစက်တွေက မိုင်ပေါင်းများစွာ။
မဟာတံတိုင်းရဲ့အတွင်းဘက် နဲ့ အပြင်ဘက်ကို ကြည့်လိုက်ရင်
ဘာမှမဟုတ်ပေမယ့် အလေးထားရမယ့်အရာတွေရှိတယ်၊
မြစ်တွေက မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းရင်း လှိုင်းထန်နေတယ်၊
တောင်တန်းတွေက ငွေရောင်မြွေကြီးတစ်ကောင် ကနေဟန်
သဘာဝက ဖော့ဖယောင်းသဏ္ဍာန်ထွင်းထုထားသလို
မိုးနတ်မင်းနဲ့ နှိုင်းယှဉ်ချင်ပါရဲ့
နေသာတဲ့နေ့တွေဟာတော့
ပြင်ညီပေါ်မှာ အနီရောင်ဖုံးအုပ်ထားသလို
အလွန်နှစ်သက်ဖွယ်ကောင်းလှတယ်”
“ငါတို့နိုင်ငံမှာ မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေကိုဆွဲဆောင်နိုင်တဲ့ အလှတရားတွေအများကြီးရှိတယ်၊
စာပေအရည်အချင်းက နည်းနည်းလေးညံ့ပေမယ့် ငါက ဧကရာဇ်ချင်ဟန်ရဲ့ အနုပညာကို လေးစားတန်ဖိုးထားတယ်၊
ဘိုးဘေးတွေရဲ့ ထန်ကျုံး သီချင်းကတော့ ကလူမြှူဟန်တွေနည်းတယ်၊
လေးမြှားနဲ့ ကြီးမားတဲ့ လင်းယုန်ကိုပဲသိတဲ့ စိတ်ကြီးဝင်တဲ့မျိုးဆက်က ဂျင်ဂျစ်ခန်
ဒီလက်ဆောင်တွေကို ကြည့်ပါဦး”
သူမ စကားလုံးတစ်လုံးချင်းစီကို ရွတ်ဆိုတိုင်းမှာ နန်းယန်ရဲ့မျက်နှာက ပိုပိုပြီးဖျော့တော့လာသည်။ လက်သွယ်သွယ်တွေက လက်ဖဝါးတွေကို အချင်းချင်း ဆုပ်ချေနေပြီး အသွေး အသားတွေကို တုတ်တစ်ချောင်းနဲ့ ရိုက်နေသကဲ့သို့ခံစားနေရသည်။
သူမ ဒီကဗျာကို တစ်ခါမှမကြားဖူးပါချေ။ ကောင်းလွန်းလှသည်။ တကယ်ပဲ နန်းပေါင်ရီ ရေးစပ်ထားတာ ဟုတ်ပါ့မလား? ခန်းမတစ်ခုလုံး အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ်သွားတော့သည်။
လူတွေအားလုံးက ကဗျာစာသားတွေရဲ့ဖုံးလွှမ်းမှုမှာ အံ့အားသင့်ပြီး နစ်မြုပ်နေကြပြီး အချိန် အတန်ကြာတဲ့ထိ ပုံမှန်အနေအထားသို့ ပြန်မရောက်နိုင်ကြသေးပေ။
ဆယ်ကျော်သက်လေးတွေနဲ့ မိန်းကလေးတွေက ကဗျာစာသားတွေကို ထပ်ခါထပ်ခါ ရေရွတ်နေ ကြသည်။
‘ဘိုးဘေးတွေရဲ့ ထန်ကျုံး သီချင်းကတော့ ကလူမြှူဟန်တွေနည်းတယ်’
‘ငါတို့နိုင်ငံမှာ မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေကိုဆွဲဆောင်နိုင်တဲ့ အလှတရားတွေအများကြီးရှိတယ်’
‘အားလုံးရှေ့က စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို ရေတွက်ကြည့်ပါ၊ ဒီလက်ဆောင်တွေကို ကြည့်ပါဦး
“အရမ်းကောင်းတဲ့စကားလုံးတွေပဲ၊ အရမ်းကောင်းတယ်”
“ပြောင်မြောက်လှပါပေတယ်”
ခံစားလွယ်တဲ့ လူငယ်တွေက မျက်ရည်လည်နေကြပြီး “ငါ သူရဲကောင်းတွေကို အထင်အမြင်သေး မိခဲ့တယ်၊ ကမ္ဘာကြီးကို အမြင်ကျယ်ကျယ်ကြည့်ပြီး ရည်မှန်းချက်မြင့်မြင့်ထားရမယ်၊ ယောကျာ်း တစ်ယောက်အနေနဲ့ ဘဝမှာ အောင်ကို အောင်မြင်စေရမယ်”
ချန်းတယ်ယွီဟာ ပြတင်းနားက မိန်းကလေးကိုစိုက်ကြည့်နေပြီး သူ့ရဲ့မျက်လုံးထဲမှာ မယုံကြည်နိုင်မှု တွေက ဖိတ်ဖိတ်လက်နေသည်။ သူမက သူ့ဆီကို စာတွေအများကြီးပို့ခဲ့သည်။ ဆိုးဝါးလှတဲ့လက်ရေး လက်သားနဲ့ စကားလုံးတွေကလည်း စာပေအရည်အချင်းမပြည့်မီချေ။ ပထမဆုံးတွေ့ဆုံမှုမှာတင် ညံ့ဖျင်းလှတဲ့ ကုန်သည်သမီး တစ်ယောက်သာဖြစ်ကြောင်းသူသိခဲ့သည်။
သို့သော်လည်း ဘာကြောင့်သူမက အခုလို အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ကို ရေးစပ်နိုင်ရတာလဲ? ကဗျာရဲ့ စပ်ဟပ်မှုက ကမ္ဘာမှာ ပြိုင်ဘက်ကင်းပင်။
သူမက ပြတင်းနားမှာရပ်နေပြီး နှင်းစက်ဖွေးဖွေးတွေက သူမရဲ့မျက်နှာကို ရိုက်ခတ်နေကြသည်။ အပြာရောင်ပိုးသားပေါ်မှာ တိမ်ဖြူအဆင် ခြယ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လက်တစ်ပွေ့စာ သေးသွယ်တဲ့ခါးလေး၊ ခြေထောက်တွေက သေးသွယ်ဖြောင့်စင်းနေပြီး နူးညံ့တဲ့ အနီရောင်ဖဲကြိုးကို စည်းထားသည်။ မျက်ခုံးတွေနဲ့ မျက်လုံးတွေက သူမပြုံးလိုက်တဲ့အခါ လှပစွာ ကွေးညွတ်သွားသည်။
ဒီလိုပုံစံနဲ့ မိန်းကလေးက ရိုးစင်းတဲ့ မိန်းကလေးတစ်ယောက် ဘယ်လိုလုပ်ပြီးဖြစ်နိုင်ပါ့မလဲ? သူမအရင်က လုပ်ခဲ့တဲ့အရာတွေ အားလုံးက သူ့ရဲ့အာရုံကိုဖမ်းစားဖို့အတွက် ကြိုးစားခဲ့ခြင်းတွေ များလား?
ထိုအတွေးက စိတ်ထဲမှာ ပေါ်လာပြီးနောက် ချန်းတယ်ယွီက သူမအကြောင်းကို တွေးတောလိုက်သည်။ ဟုတ်ပေသည်၊ သူမရဲ့အဆင့်အတန်းက သူ့အတွက် သိပ်မကောင်းမှန်း သူမသိပြီး ဒီလိုနည်းလမ်းမျိုးနဲ့ သူ့ရဲ့စိတ်ဝင်စားမှုကို ရယူဖို့ ကြိုးစားခဲ့ခြင်းဖြစ်ရမည်။
နန်းပေါင်ရီမှာ တကယ်ပဲ အကြံအစည်တစ်ခုရှိနေသည်ဖြစ်ရမည်။
သူမက ငယ်ရွယ်ပြီး ချန်းအိမ်တော်ရဲ့ မြင့်မားတဲ့အဆင့်အတန်းကို လေးစားမှုမရှိသလို သူ မိန်းကလေး ဘယ်နှယောက်နဲ့ ထိတွေ့နေသလဲဆိုတာကိုလည်း စိတ်မဝင်စားခဲ့ပေ။ ဒီလိုလှည့်စားမှုမျိုးက သူ့ကို စက်ဆုပ်ရွံရှာစေသည်။
သူက သူမကိုစိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာနဲ့ အဝေးတစ်နေရာကို မျက်စိလွှဲလိုက်သည်။
နန်းပေါင်ရီက သူမရဲ့လက်လေးကို ဝှေ့ရမ်းနေပြီး ကျေနပ်အားရဟန်ရှိနေသည်။
“မမရဲ့အမြင်မှာရော၊ ညီမလေးရဲ့ကဗျာကို ဘယ်လိုထင်လဲ”
နန်းယန်ရဲ့အပြုံးက တောင့်တင်းနေသည်။ သူမတကယ်ကိုမုန်းပြီး ဝန်မခံချင်ပေမယ့် ချီးမွမ်းဖို့သာ တတ်နိုင်တော့သည်လေ။
“အရမ်းပြောင်မြောက်တယ်”
နန်းပေါင်ရီက ချန်းတယ်ယွီကို ထပ်ကြည့်လိုက်ပြီး ချိုသာတဲ့အသံနဲ့မေးလိုက်သည်။
“ချန်းသခင်လေးကရော ဘယ်လိုထင်လဲ?”
ချန်းတယ်ယွီက ခပ်ပေါ့ပေါ့ပင် “ကောင်းတယ်”
“ဒီလောက်ပဲလား?”
နန်းပေါင်ရီက မျက်ခုံးတွေကိုပင့်ပြီး “ဒီလိုကဗျာမျိုးကို တစ်ခါမှ မကြားဖူးဘူးမှလား၊ ချန်းသခင်လေးရဲ့ အမြင်မှာရော ဒီအချက်ကို လက်ခံလား?”
နိုင်ဝမ်ကျိုးက ဖရဲစေ့တွေကို ထွေးထုတ်လိုက်ရင်း အော်လိုက်သည်။
“ချန်းသခင်လေးက လက်မခံနိုင်ဘူးဆိုရင် သူ့မှာ ဒီထက်ပိုကောင်းတဲ့ ကဗျာတစ်ပုဒ်ရှိလို့ပဲပေါ့၊ လုပ်ပါ၊ ချန်းသခင်လေး ကဗျာတစ်ပုဒ်လောက်ရွတ်ပြပါ”
နန်းပေါင်ကျူးက ဖရဲသီးကို ကိုင်ထားရင်း ကျယ်လောင်စွာ သံယောင်လိုက် လိုက်သည်။
“ဟုတ်တယ်၊ ချန်းသခင်လေးက ချန်အန်းမှာ နှစ်တွေအကြာကြီး ပညာသင်လာတာဆိုတော့ အရည်အချင်းရှိမှာ ကျိန်းသေပဲ၊ သခင်လေးကလည်း ကျွန်မတို့ကို အမြင်ကျယ်အောင် သခင်လေးရဲ့ အရည်အချင်းကို ထုတ်ပြသင့်တာပေါ့၊ လုပ်ပါ၊ ကဗျာတစ်ပုဒ်လောက်ရွတ်ပြပါ”
ဒီသခင်နဲ့ အစေခံက သဟဇာတဖြစ်ပြီး ဟန်ချက်ညီညီရှိနဲ့ ပရိသတ်ရဲ့အာရုံကို ဆွဲဆောင်နေကြသည်။
………………………….