အပိုင်း (၁၂၅)
ရှောင်းယီက အရမ်းအံ့အားသင့်ဖို့ ကောင်းတယ်
အနီရောင် ဆေးသုတ်ထားသည့် စင်္ကြံသည် ရေကန်၏ အလယ်ထိတိုင် ရှည်လျားသည်။ လှပသည့် နှစ်ထပ်သစ်သား အဆောက်အဦမှာ ရေကန်၏အလယ်တွင် တည်ရှိသည်။ ရှည်လျားသည့် ပုတီးစေ့ ကန့်လန့်ကာကိုဖြတ်ပြီး လူများ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ စကားပြောသံများ၊ ရယ်မောသံများက ရေကန်စပ်အထိ ပျံ့လွင့်လာသည်။
နန်းပေါင်ရီနှင့် ရှောင်းယီသည် ဒုတိယထပ်ကို တက်သွားကြပြီး အတော်အတန် ကျယ်ဝန်းသော ခန်းမကို တွေ့ရသည်။ ကြီးမြတ်သည့် မိသားစု ရှစ်ခုအတွက် စားပွဲဝိုင်း ခုနစ်ဝိုင်း၊ ရှစ်ဝိုင်းခန့် ခင်းကျင်းထားသည်။ အစေခံများက ဖရဲသီး၊ သစ်သီးများနှင့် ပန်းပွင့်ကိတ်မုန့်များကို သယ်ဆောင်လာကြပြီး မိန်းမငယ်လေးများက စကားပြောရင်း ရယ်မောနေကြသည်။
အစိုးရ အကြီးအကဲ တစ်ယောက်၏ ပွဲဖြစ်တာကြောင့် ကျင်းကွမ်မြို့မှ အရာရှိများ၏ သားသမီးများနှင့် မိန်းမစိုးတို့သည် ပွဲကို တက်ရောက်ကြသည်။ နန်းပေါင်ရီနှင့် နန်းပေါင်ကျူးသည် သူတို့၏ စေ့စပ်ထားသည့် သူဘက်မှ ဖြစ်သောကြောင့်နှင့် ရှောင်ယီကြောင့်သာ ဖိတ်ကြားခံရခြင်း ဖြစ်သည်။
အစေခံမလေးက ပုတီးစေ့ကန့်လန့်ကာကို ဖယ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
“အမတ်မင်းနှင့် နန်းသခင်မလေး ၅ ရောက်လာပါတယ်”
ဧည့်သည်များက မတ်တပ်ရပ်ပြီး အရိုအသေ ပေးကြသည်။
နန်းပေါင်ရီက ရှောင်းယီ၏ အနောက်မှာ ပုန်းနေသည်။ သူမသည် ခေါင်းလေးဖော်ပြီး ချောင်းကြည့်လိုက်သည်။ နန်းယန်သည် ချန်းတယ်ယွီ၏ ဘေး၌ ရပ်နေသည်။
ဒီနေ့တော့ သူမက ယဉ်ကျေးပြီး နှစ်သက်ဖွယ် ကောင်းသည့် နူးညံ့သည့် ပန်းရောင် ကြာပန်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ချောမောလှပမှုကြောင့် ယောက်ျားများက သူမကို သဘောကျကြသည်။ မျက်လုံးကြီးကြီးများ၊ သွယ်လျသည့် မေးရိုးနဲ့ ဆယ့်သုံးနှစ်သာ ရှိသေးပေမယ့် သူမက ဆွဲဆောင်မှုရှိသည်။ နန်းယန်၏ နူးညံ့လှပမှုက သူမကို အလွယ်တကူ အကောင်း မြင်စေနိုင်သည်။
ရှောင်းယီသည် သူ၏လက်ကို အသာယမ်းလိုက်ပြီး လူများကို သက်သောင့်သက်သာနေရန် ခွင့်ပြုလိုက်သည်။ သူသည် ပြတင်းနားမှ နေရာကောင်းကို ယူလိုက်ပြီး တည်ငြိမ်စွာ ထိုင်လိုက်သည်။
လူများအားလုံးသည် ရှောင်းယီနှင့် နန်းပေါင်ရီကို ကြည့်နေကြပြီး အနည်းငယ် အံ့အားသင့်သွားခြင်းကို မထိန်းချုပ်နိုင်ကြ။
မိန်းကလေးများက တီးတိုး ပြောနေကြသည်။
“သူ ဘာဝတ်စုံကို ဝတ်လာတာလဲ၊ ယောက်ျားလေး ဝတ်စုံဝတ်ပြီး သားရေဖိနပ် စီးလာတယ်၊ ဒါပေမယ့် မက ်မွန်ပန်း မျက်နှာချေကို လိမ်းလာတယ်၊ အဲ့လိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး”
“ဒါပေမယ့် အဲ့ဒါတကယ် ကြည့်ကောင်းတယ် ငါလည်း ယောက်ျားလေးဝတ်စုံ နှစ်စုံလောက်ဝယ်ပြီး စမ်းဝတ်ကြည့်ရမယ်”
နန်းယန်သည် ကဗျာစုစည်းမှု လက်ရေးစာမူကို ကိုင်ထားပြီး မျက်နှာမှာ ဖျော့တော့နေသည်။ အရုဏ်မတက်ခင် ကတည်းက သူမအိပ်ရာထပြီး ဝတ်စား ပြင်ဆင်ခဲ့ရသည်။ ဝတ်ရုံ၊ အတွင်းဝတ်နဲ့ ဆံထိုးများ အားလုံးကို သူမ အပင်ပန်းခံပြီး လိုက်ဖက်အောင် ပြင်ဆင်ခဲ့ရပေမယ့် နန်းပေါင်ရီ၏ မလိုက်ဖက်သည့် ပုံစံလောက် အာရုံစိုက် မခံခဲ့ရပေ။ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ချန်းတယ်ယွီကို ထွင်းဖောက်မြင်ရဟန်နှင့် ကြည့်လိုက်သည်။
စာပေသမား အရာရှိလေးသည် နန်းပေါင်ရီကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေပြီး အနည်းငယ် နစ်မြောနေဟန် ရသည်။ နန်းပေါင်ရီသည် ရှောင်းယီ၏ စားပွဲကို ရောက်သွားသည့်အထိ သူက ငေးကြည့်နေဆဲပင်။ သူမသည် ခဏမျှစဉ်းစားလိုက်ပြီး ရယ်မောလိုက်သည်။
“ကျောင်းကျောင်းက အလှအပအတွက်ဘဲ မွေးလာတာ၊ သူက နေ့တိုင်း ဘာစာမှမဖတ်ဘူး၊ သူက အဝတ်အစားတွေကိုပဲ ဂရုစိုက်တယ်၊ ဒီနေ့ဝင်လာတဲ့ လူလေးယောက်ကြောင့် ညီမ အံ့ဩသွားတယ်၊ ချန်းသခင်လေးက အရမ်း စိတ်လှုပ်ရှားနေတာပဲ၊ ပြီးတော့ ကျောင်းကျောင်းလို လှပတဲ့ မိန်းကလေးနဲ့သာ ချန်းသခင်လေးက လိုက်ဖက်မှာပေါ့နော်”
ချန်းတယ်ယွီသည် အာရုံများကို ပြန်စုစည်းလိုက်ပြီး ထေ့ငေါ့လိုက်သည်။
“အလှတရားက မိုးကောင်းကင်လောက်ရှိလည်း ပညာရှိခြင်းကသာ လူတွေကို ကယ်တင်နိုင်တယ်၊ ဒီလို မိန်းကလေးမျိုးက မောင်းမတစ်ယောက် ဖြစ်ဖို့ပဲ တန်တယ်”
သူက တမင်ရည်ရွယ်ပြီး အသံကိုနှိမ့်၍ မပြောခဲ့ပေ။ ခန်းမထဲမှ ရယ်မောနေကြသည့် လူများမှာ ထိုအခိုက်အတန့်မှာ အားလုံး တိတ်ဆိတ်သွားပြီး အားလုံး တစ်ယောက်ကိုတစ်ယောက် ရှက်ကိုးရှက်ကန်းနှင့် ကြည့်နေကြသည်။
နန်းပေါင်ရီသည် ရှောင်းယီ၏ ဘေး၌ ထိုင်နေသည်။ သူမသည် ရှောင်းယီအတွက် လက်ဖက်ရည်ကို ပြင်ဆင်ပေးနေသည်။ ထိုစကားကိုကြားတော့ သူမ၏ ဖွေးဉနုဖပ်နေသည့် မျက်နှာလေးကို ပင့်လိုက်သည်။ မီးငှက်လို မျက်လုံးရွှဲကြီးများက ဆန်းသစ်စလလို တွန့်ကွေးသွားကြပြီး သူမက ပြောသည်။
“အစ်ကိုချန်း၊ အဲ့ဒီလိုပြောတာက ညီမရဲ့ နှလုံးသားကို သည်းမခံနိုင်အောင် နာကျင်စေတယ်၊ သခင်လေးက ညီမကို ဒီလို အထင်သေးနေတယ် ဆိုရင် မနက်ဖြန် ညီမတို့ အိမ်ကိုလာပြီး လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်တာက ပိုကောင်းပါလိမ့်မယ်”
ချန်းတယ်ယွီမှာ သူရှုံးသွားပြီလို့ ခံစားလိုက်ရသည်။
တကယ်ဆို လက်ထပ်ပွဲကို သူ မဖျက်သိမ်းနိုင်။ နန်းပေါင်ရီနှင့် စေ့စပ်ထားသည့် ဒီနှစ်များ အတွင်းမှာ သူတို့၏မိသားစုသည် နန်းမိသားစုဆီမှ အကျိုးအမြတ် ဘယ်လောက်တောင် ရလဲဆိုတာ မရေမတွက် နိုင်တော့ပေ။ အားလပ်ရက်မှာ အပြင်ထွက် လည်တာတောင်မှ နန်းအိမ်တော်က ငွေအမြောက်အမြား ပေးသည်လေ။ သူအခု လက်ထပ်ပွဲ ဖျက်သိမ်းလိုက်ရင် အဲ့ဒီအကျိုးအမြတ်များ အားလုံးကို သူမရနိုင်တော့။
သူက ထိုင်လိုက်ပြီး နွေးထွေးသည့် အသံနဲ့ “ငါက တကယ်တမ်း သံက သံမဏိဖြစ်မလာတာကို မုန်းတာပါ၊ နန်းမိန်းကလေးလို မိန်းကလေး တစ်ယောက်က စာပေဘယ်လို လေ့လာရမလဲ ဆိုတာကို မသိဘူး၊ သူက နေ့တိုင်း အဝတ်အစားနဲ့ အလှအပအတွက်ပဲ အချိန်ကုန်နေတယ်၊ ငါမသိတာက မင်းရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ယောက်ျားတွေကို ဖျားယောင်း သွေးဆောင်နေတာလား၊ အဲ့ဒါက အမှားလုပ်တာပဲ”
နန်းပေါင်ရီသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ကဗျာများနှင့် စာအုပ်များကြားမှ ငယ်ရွယ်သည့် အရာရှိလေး၊ အညိုရင့်ရောင် သားမွှေးဝတ်စုံကို ဝတ်ထားပြီး အဖြူရောင် ကျောက်စိမ်းဆံထိုးကို ထိုးထားသည်။ တောက်ပနေသည့် လရောင်လို သဏ္ဌာန်မျိုးပင်။ သို့သော်လည်း သူ၏ပါးစပ်ကတော့ ကြမ်းတမ်း ရိုင်းစိုင်းလှသည်။
သူမကပြုံးရင်း “အဲ့ဒီတော့ သခင်လေးရဲ့ စိတ်ထဲမှာ ညီမရဲ့ဝတ်စုံက ကြည့်ကောင်းနေတာဟာ ယောက်ျားတွေကို ဖျားယောင်းဖို့ပဲလို့ ထင်တယ်ပေါ့”
“မဟုတ်ဘူးဆိုရင်၊ ဘာကြောင့်လဲ”
ချန်းတယ်ယွီက လေးနက်သည့် အသံဖြင့် “နှစ်စဉ်နှစ်တိုင်း မိန်းကလေးတွေရဲ့ ပြိုင်ဆိုင်မှုကြောင့် ပြဿနာပေါင်း မနည်းဘူး၊ မိန်းမတွေက စွဲမက်ဖွယ်ကောင်းအောင် ဝတ်စားပြင်ဆင်ကြတယ်၊ တကယ်ကောင်းတဲ့ မိန်းကလေးဆိုတာ အဝတ်အစားပေါ်မှာ အာရုံစိုက်မနေဘူး၊ ဥပမာအနေနဲ့ ပြောရရင် မင်း၏အစ်မ နန်းယန်လိုမျိုး သူက ညင်သာသိမ်မွေ့ပြီး မိန်းမကောင်း တစ်ယောက်က ဗဟုသုတကြွယ်ဝဖို့နဲ့ စဉ်းစားတွေးခေါ်နိုင်ဖို့ လိုတယ်ဆိုတာကို သိတယ်”
ချန်းတယ်ယွီ၏ သိသာသည့် ရိုက်ချက်ကို သိသော်လည်း နန်းပေါင်ရီသည် သူ၏စကားလုံးတွေကို ဒေါသထွက်နေဖို့သာ တတ်နိုင်သည်။ မိန်းကလေး တစ်ယောက်၏ တန်ဖိုးကို ဘယ်လို ပုံပန်းသွင်ပြင်နဲ့ တိုင်းတာတာလဲ? အရင်ဘဝတုန်းကလည်း ချန်းတယ်ယွီ၏ အကြောင်းကို သိခဲ့ပေမယ့် အခုတော့ သူက အရမ်းကို အပေါ်ယံ ဆန်လွန်းသည်။
ရှောင်းယီက ရယ်လိုက်ပြီး “ဒီအမတ်မင်းသာ မိန်းကလေး တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် သူမကို နေ့တိုင်းနေ့တိုင်း လှပအောင် ဝတ်စားဆင်ယင်နေဖို့ ခွင့်ပြုပေးမယ်၊ မျက်နှာချေမှုန့်တွေ၊ နှုတ်ခမ်းဆိုးဆေးတွေ၊ ရှုပန်းထိုးထည်တွေ၊ ပိုးထည်တွေနဲ့ လက်ဝတ်လက်စားတွေကို သူကြိုက်တယ် ဆိုတာနဲ့ အကုန်လုံးကို ဝယ်ပေးမယ်”
နန်းပေါင်ရီမှာ ရုတ်တရက် ထိတ်လန့်သွားသည်။ သူမသည် ရှောင်းယီကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ရွှေနဲ့ကျောက်စိမ်းလို အဖိုးတန် လူငယ်လေးသည် အာဏာကို ချုပ်ကိုင်ထားနိုင်ပြီး အေးစက်သည့် ကိုယ်နေဟန်ထား ရှိသည်။
ဒါပေမယ့် အရမ်းကို နွေးထွေးသည့် စိတ်ထားရှိသည်….
ချန်းတယ်ယွီ၏ လေသံက အထင်သေးဟန် အပြည့် ဖုံးလွှမ်းနေပြီး “နေ့တိုင်း အလှအပအတွက်ဘဲ အာရုံစိုက်နေရင် မိန်းမ တန်ဖိုးကျတယ်၊ မိန်းကလေး တစ်ယောက်က ခင်ပွန်းနဲ့ သားအတွက်ပဲ ဖြစ်ရမယ်၊ အိမ်နောက်ပိုင်းကို ဂရုစိုက်ရမယ်၊ ဥပဒေနဲ့အညီ နေထိုင်ရမယ်၊ စာပေများများ လေ့လာရမယ်၊ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နေရမယ်၊ အမှီအခို ကင်းချင်ရင်တော့ ဈေးရောင်းပြီး မိသားစုကို ထောက်ပံ့ပေးပြီး ဘယ်တော့မှ ခင်ပွန်းကို မမှီခိုနဲ့ပေါ့”
နန်းပေါင်ကျူးက အာမေဍိတ်ပြုလိုက်ပြီး “ချန်းသခင်လေးရဲ့ ဇနီးနဲ့ မုဆိုးမက ဘာကွာတော့မလဲ”
နိုင်ဝမ်ကျိုးသည် လိမ္မော်သီး တစ်လုံးကို အခွံခွာရင်း “မုဆိုးမဖြစ်ဖို့ ယောက်ျား ယူစရာမလိုဘူး၊ ချန်းသခင်လေးရဲ့ ဇနီးက မုဆိုးမထက်တောင် ပိုပြီး ခက်ခဲမယ်ထင်တယ်”
သခင်နဲ့ အစေခံအတွက်တော့ ထိုစကားတွေက တဲ့တိုးဆန်လွန်းသည်။
ထူးဆန်းသည့် လေထုသည် အားလုံးကို ရစ်ပတ်လွှမ်းခြုံထားသည်။ ချန်းတယ်ယွီ၏ မျက်နှာမှာ ထိန်းသိမ်းဖို့ မလွယ်ကူတော့ချေ။
သူက တည်ကြည် ဟန်ဆောင်ပြီး “ကျွန်တော်က အမတ်မင်းရဲ့အမြင်ကို ငြင်းပယ်ပါတယ်၊ တိုတိုပြောရရင် မိန်းကလေး တစ်ယောက်အတွက် အလွန်အကျွံ လှပအောင် ဝတ်စား ဆင်ယင်ခြင်းက အန္တရာယ်ကို ဖိတ်ခေါ်တာနဲ့အတူတူပဲ”
ရှောင်းယီက လှောင်ပြောင်သရော် လိုက်သည်။
“အဲ့ဒါက ကိုယ့်ရဲ့မိန်းကလေးကို ကာကွယ်နိုင်တဲ့ အရည်အချင်း မရှိလို့လေ”
သူသည် နန်းပေါင်ရီကို တည်ငြိမ်တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး “မင်းသာ ဒီအမတ်မင်းရဲ့ မိန်းကလေးဖြစ်ခဲ့ရင် နေဒဏ်နဲ့ ရေဒဏ်ကို လက်ဖျားနဲ့တောင် မထိစေရဘူး၊ မင်းရဲ့ လက်ဖဝါးပေါ်က ချစ်စရာကောင်းတဲ့ ကြောင်လေးလို ဖြစ်နေစေရမယ်၊ အပြင်သွားမယ်ဆိုလည်း ကမ္ဘာအဆုံးထိ မင်းရဲ့နောက်ကလိုက်မဲ့ ကိုယ်ရံတော် တစ်ယောက် ဖြစ်ပေးမယ်၊ ဘယ်သူကမှ မထိရဲအောင် စောင့်ရှောက်ပေးမယ်၊ ဒီအမတ်မင်းက သူမကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့၊ ရဲရင့်ပြီး တည်ငြိမ်စေဖို့၊ ဆွဲဆောင်မှုရှိစေဖို့၊ ပုလဲလုံးလေးလို တန်ဖိုးရှိစေဖို့ လိုလားတယ်”
စကားလုံးတွေက ပြောင်မြောက်ပြီး ကျယ်လောင်သည်။
အားလုံးသည် ချန်းတယ်ယွီ၏ သဘောထား ကျဉ်းမြောင်းမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်စေသည်။
ခန်းမတစ်ခုလုံးရှိ မိန်းကလေးများသည် ရှောင်းယီအပေါ် အမြင်ပြောင်း သွားကြသည်။ ကြောက်ရွံ့ရိုသေခြင်းကနေ နောက်ဆုံး ချစ်ခြင်းတရားဆီသို့ ကူးပြောင်းသွားသည်။ တကယ်လို့ လက်ထပ်မယ်ဆိုလျှင် အမတ်မင်းလို လူမျိုးကိုသာ ရွေးချယ်သင့်သည်။
ချန်းတယ်ယွီ၏ မျက်နှာက ပူလောင်လာသည်။ မည်းမှောင်သည့် ဒီရေလှိုင်းလုံးကြီးက လှိမ့်တက်လာသလို သူ၏မျက်လုံးများက ဒေါသနှင့် ပြည့်နှက်လာသည်။
လေထု၏ အခြေအနေသည် မူမမှန်တော့သည်ကို မြင်သည့်အခါ နန်းယန်မှာ သက်သာအောင် ဖြေလျှော့လိုက်သည်။
“ဒီနေ့ပွဲက နှင်းရေကန်မှာ သဘာဝကို စပ်ဆိုထားတဲ့ ကဗျာတွေရဲ့ အလှအပတွေကို ခံစားဖို့ပဲလေ၊ ဘာလို့အားလုံးက မူလရည်ရွယ်ချက်ကို မေ့နေကြတာလဲ”
တခြားသူတွေက အခြေအနေ ပြန်ကောင်းလာအောင် သဘောတူလိုက်ကြသည်။
မိန်းကလေး တစ်ယောက်က ပြောလိုက်သည်။
“ဒီနေ့ရဲ့အဓိက က ဆောင်းရာသီရဲ့ သဘာဝအလှအပတွေကို ကဗျာ စပ်ဆိုဖို့ပဲတဲ့၊ အားလုံးက ကဗျာတစ်ပုဒ်စီရေးပြီး မရေးနိုင်တဲ့ သူကို အပစ်ပေးတဲ့အနေနဲ့ သေရည်သောက်ခိုင်းမယ်၊ ဘယ်လိုလဲ?”
နန်းယန်က နန်းပေါင်ရီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် မုန်းတီးမှုများဖြင့် တောက်လောင်နေပြီး နူးညံ့စွာပြုံးရင်း ပြောလိုက်သည်။
“သောက်ပြီး အပြစ်ပေးရုံတင် မဟုတ်ဘဲ ကျွန်မတို့အတွက် သီဆိုကပြပြီး ဂုဏ်ပြုရမယ်၊ အဲ့ဒါမှပိုပြီး အသက်ဝင်မှာပေါ့”
တကယ်က လူတော်တော်များများကို သီဆိုပြီးကပြဖို့ ပြောလိုက်သလိုပင်။
ပြီးတော့ သူမသည် နန်းပေါင်ရီကို နိမ့်ကျသည့် သူတစ်ယောက် အဖြစ် မြင်လိုလှပြီဖြစ်သည်။
………………………….