အပိုင်း (၁၂၃)
အဘိုးလေး
သူ့ကိုယ်သူ အမြဲတမ်း အမြင့်မှာ ရှိသည်ဟု အထင်ရောက်ပြီး ဘဝင်မြင့် နေတတ်သည့် ရှန်းရိချောင်က တည်ကြည်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
“ဂုဏ်သရေကြီးမြင့်သည့် သူရဲကောင်းတွေ ခေတ်ဟောင်းနဲ့ ခေတ်သစ်၏ ဂုဏ်ယူဖွယ်ရာပဲ။ ကဗျာတွေထဲမှာ အဆင့်သတ်မှတ်ရမယ် ဆိုရင် ပထမတန်းပဲ”
ရှောင်းယီက ဒိန်ခဲအပိုင်းအစလေးကို ကိုင်ရင်း သူ၏မျက်လုံးမှာ ပြုံးရိပ်ရေးရေး ထင်သည်။
‘အရာရာက ရှေ့ဆက်သွားရမယ်။ စိတ်ကူးယဉ်ဆန်သည့် ဖော်ပြချက်တွေ ရေတွက်မနေဘဲ ပစ္စုပ္ပန်ကို တည့်တည့်ရှုပါ’ ဆိုတာက ကောင်းမွန်သည့် စာသားပဲ။
ငယ်ရွယ်သူ တစ်ယောက်၏ ရည်မှန်းချက်က ဘာများလဲ။ စာပေအရည်အချင်း ပြည့်ဝရန် လိုသည်။
နန်းပေါင်ရီသည် ကဗျာတွေ သီချင်းတွေမှာ မထူးချွန်သော်လည်း ကဗျာ၏သိမ်မွေ့မှုကို သူမ ခံစားနိုင်သည်။
သူမ၏မျက်လုံးများက ပင့်တက်သွားပြီး “အစ်ကိုကျန်း တကယ်ပဲ ဒီကဗျာကို အစ်ကို ရေးထားတာလား”
“အာ…”
ကျန်းဆွေ့ဟန်က စိတ်မသိုးမသန့်ဖြင့် အပြစ်ရှိဟန် မျက်နှာနှင့် အဝေးကိုငေးပြီး “ငါ့ရဲ့ကိုယ်ပိုင် ဖန်တီးမှုတော့ မဟုတ်ဘူး။ ငါ့ဇာတိက လူကြီးတစ်ယောက် ရေးထားတာ”
“ဒီလိုလူစားမျိုး ကမ္ဘာပေါ်မှာ ရှိသေးတယ်လား”
ရှန်းရိချောင်က အနည်းငယ် စိတ်ဝင်စားသွားပြီး “ဒီလို အရည်အချင်းမျိုးက ချန်အန်းမြို့တော်ရဲ့ နန်းတော်ထဲကို ငါ့ရဲ့ တရုံက ဖိတ်ခေါ်သင့်တယ်။ သူ့နာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ”
ကျန်းဆွေ့ဟန်က ပြုံးလိုက်ပြီး “နာမည်က အဘိုးမောင်တဲ့၊ လူတွေက ဟန်လင်း သင်တန်းကျောင်းက လူတွေကို အထင်မသေးရဲကြဘူး၊ နူးညံ့တဲ့ စာသားတွေမှာ အရည်ပျော် သွားကြတယ်။ နန်းမမလေး ၅၊ မင်းက ဒီစာသားတွေကို ယုံကြည်မှုအပြည့်နဲ့ ပြောလို့ရတယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ဒီကဗျာကို မကြားဖူးကြသေးဘူး”
ပြောနေစဉ်မှာ အပြင်ဘက်စင်္ကြံမှ လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်။
နန်းပေါက်ကျူးက တံခါးပေါင်ကိုဖြတ်ပြီး အလောတကြီး ဝင်လာသည်။
“ကျောင်းကျောင်း၊ ငါက နင်နဲ့အတူ နှင်းလူအရုပ်လေး လုပ်မလို့ ဆုန်ဟယ့်ခြံမှာ သွားရှာတာ နင့်ကိုမတွေ့လို့၊ ကျောက်ဝမ်ခြံကို ရောက်နေမယ်လို့ မှန်းလိုက်မိပြီး ဒီကိုလာရှာတာ၊ အဘွားက ဒီကို အချိန်တိုင်း ပြေးပြေးမလာဖို့ မှာထားတယ်လေ၊ ဘာလို့ နားမထောင်တာလဲ”
နန်းပေါင်ရီသည် သူမကိုကြည့်လိုက်သည်။ ဝမ်းကွဲအစ်မသည် မြေခွေးသားမွှေးနှင့် လုပ်ထားသည့် ရှုပန်းထိုး အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ အဖြူရော င် အမွှေးဖွားဖွားတွေက သူမကို လုံးဝိုင်းနေစေပြီး သူမ၏ အသားအရေက အရေပြား ခြောက်သွေ့မှုမရှိဘဲ ရေဓါတ် ပြည့်ဝနေဟန်ရပြီး ကုပန်ကျင်း ပုလဲလုံးလေးလို နှစ်လိုဖွယ်ရာ ရှိသည်။
သူမ၏ နောက်မှာတော့ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်လောက်သာ ရှိဦးမည့် အစေခံငယ်လေး ပါလာသည်။ သူမမှာ ချောမောလှပပြီး လိမ္မာပါးနပ်ဟန် ရှိသည်။ သူမ၏ခန္ဓာကိုယ် အချိုးအစားက လှပပြီး လမ်းလျှောက်ပုံမှာ ကြည့်ကောင်းသည်။ ထိုအစေခံလေးသည် သူ၏တစ်ဝမ်းကွဲ အစ်မထက်ကို ပိုပြီး လှပနေသည်။ သူမ မစပ်စုပဲ မနေနိုင်တော့။
“ကျူးကျူး၊ ဒီအစေခံလေးက…”
“အိုး! နင်ပြောတာတောင် နောက်ကျနေပြီ၊ ငါ မမကြီး၏ မင်္ဂလာပွဲက သေရည်သောက်ပြီး ရထားလုံးနဲ့ ညကပြန်လာတော့ သူ့ကိုတွေ့တာ၊ အရမ်း သနားစရာကောင်းတယ်၊ သူက သူ့အဖေကို မြေမြှုပ်သဂြ်ုလ်ဖို့ လမ်းဘေးမှာ သူ့ကိုယ်သူ ရောင်းနေတာကို ငါတွေ့လို့ ရွှေစနှစ်စနဲ့ ဝယ်လာခဲ့တာ၊ အဲ့ဒါပဲ”
ရှောင်းယီ၊ ကျန်းဆွေ့ဟန်နှင့် ရှန်းရိချောင်သည် အစေခံဝတ်စုံနဲ့ အစေခံငယ်လေးကို ကြည့်ပြီး အံ့အားသင့်သွားကြပြီး ပြောစရာ စကားမဲ့ သွားကြရသည်။
သို့သော်လည်း သူတို့က ဘာစကားမှ မပြောကြဘဲ တစ်ယောက်ကိုတစ်ယောက် မျက်လုံးနဲ့ အချက်ပြ နေကြသည်။
နန်းပေါင်ကျူးက နန်းပေါင်ရီ၏လက်ကို ကိုင်လိုက်ပြီး “ကျောင်းကျောင်း၊ အဘွားက မှာထားတယ်၊ ယောက်ကျာ်းလေးတွေနဲ့ မိန်းကလေးတွေက မတူလို့ နီးနီးကပ်ကပ်နေလို့ မရဘူးတဲ့၊ အဲ့ဒါကြောင့် နင်က နင့်အစ်ကို ၂ နဲ့ ရင်းရင်းနှီးနှီး မနေရဘူး၊ ဘာလို့ အခုချိန်ထိ ဒီမှာ ရှိနေသေးတာလဲ၊ လာ လာ ငါနဲ့အတူ ဆုန်ဟယ့်ခြံကို ပြန်ကြမယ်”
“အဲ့ဒီတော့ ကျူးကျူးက ညီမလေးကို ဒီအစားအစာတွေ မစားနဲ့တော့လို့ ပြောတာလား”
နန်းပေါင်ကျူးက မီးဖိုပေါ်မှာ အမွှေးအကြိုင်ခတ်ပြီး သီတံနဲ့ ကင်ထားသည့် အသားတွေကို တွေ့လိုက်ရသည်။
သူမက တံတွေး မျိုချလိုက်ပြီး “နင်က အစားကောင်းတွေ စားနေတာကို ငါ့ကိုကျ မခေါ်ဘူး၊ နောက်ခါကျရင် နင်က နင့်အစ်ကို ၂ နဲ့ အစားကောင်းတွေ စားမယ်ဆိုရင် ငါ့ကိုခေါ်ဖို့ မမေ့နဲ့နော်”
ပြောပြီး သူမက နန်းပေါင်ရီကို ဆုန်းဟယ့်ခြံကို ပြန်ခေါ်သွားဖို့ မေ့သွားပြီး မီးဖိုနားမှာ ထိုင်ပြီး စားသောက်ပွဲကြီး ကျင်းပဖို့ပြင်တော့သည်။
နန်းပေါင်ရီက လွတ်မြောက်သွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး အသက်ကို ဝဝရှုလိုက်သည်။
သူမသည် ရှောင်းယီဘက်ကို လှည့်ပြီး “အစ်ကို ၂၊ မနက်ဖြန် နှင်းရေကန်က ပွဲကို လာကြည့်မှာလား”
သူမက အံ့ဩလွန်း သွားရသည်။ ထိုင်ခုံက လွတ်နေပြီး ရှောင်းယီက မရှိတော့ချေ။
သံသယ ဖြစ်စရာ အကောင်းဆုံးမှာ ဝမ်းကွဲအစ်မ၏ အစေခံလေးလည်း ရုတ်တရက် ပျောက်သွားသည်။
“ကျောင်းကျောင်း၊ ဒီမှာ စားကောင်းတာတွေ အများကြီးပဲ၊ ဘာတွေငေးနေတာလဲ”
နန်းပေါင်ကျူး၏ ပါးစပ်တစ်ဝိုက်တွင် ဆီများပေနေသည်။
“ငါနဲ့အတူမြန်မြန် လာစားလေ”
နန်းပေါင်ရီသည် သူမကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမ၏ဘယ်ဘက် လက်ထဲမှာ အသားကင် တုတ်ထိုးကို ကိုင်ထားပြီး ညာဘက်လက်မှာတော့ မိုးခိုသားကင် နှစ်ချောင်းကို ကိုင်ထားသည်။
မိသားစုအားလုံးထဲမှာ ဝမ်းကွဲအစ်မက ပူပင်သောက မရှိဆုံးသူပင်။
…..
နောက်အခန်း တစ်ခန်းမှာတော့…
ရှောင်းယီက အစေခံငယ်လေး ဝမ်ဝမ်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားပြီး အပေါ်ဆုံးထပ် တံခါးပေါင်ကို ဖြတ်ပြီး အခန်းထဲဝင်သည့် အထိ လမ်းတစ်လျှောက် ဆွဲခေါ်သွားသည်။ ရှန်းရိချောင်က တံခါးကို ပိတ်လိုက်သည်။ ကျန်းဆွေ့ဟန်က မပြောဘဲ နားလည်ဟန်နဲ့ အပြင်ဘက်မှာ ရပ်နေခဲ့သည်။
အခန်းထဲမှာတော့ …
ရှောင်းယီက အေးစက်စွာပြောလိုက်သည်။
“နန်းအိမ်တော်မှာ ဘာလာလုပ် နေတာလဲ၊ ဂုဏ်သိက္ခာရှိလှတဲ့ အဘိုးလေးက မြေးမလေး၏အိမ်ကို ဘာလာလုပ်တာလဲ”
နိုင်ဝမ်ကျိုးက သူ၏လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီး ပန်းထိုးထားသည့် ထိုင်ခုံပေါ်မှာ ပျင်းရိလေးတွဲစွာ ထိုင်လိုက်သည်။ သူ၏ ဖွေးဉုပြီး နူးညံ့သည့် မျက်နှာလေးမှာ အထင်သေးဟန် အပြည့်ပေါ်နေသည်။
“သမီးတစ်ယောက်ရဖို့ ခက်တယ်၊ ဒီကို အပျော်လာရှာတာလေ”
ရှန်းရိချောင်က သူ၏လက်တွေကို ဝတ်ရုံလက်ထဲ ထည့်လိုက်ပြီး ပြုံးနေသည်။
“သူ၏ခန္ဓာကိုယ်ကို ရောင်းပြီး သူ့အဖေကို မြေမြှုပ်သဂြ်ုလ်ပေးမယ် ဆိုတာကရော ဘာလဲ၊ မင်း၏အဖေ နိုင်ကော်ကုန်းက အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား၊ ဘယ်က အဖေနဲ့ သားကို သဂြိုလ်ရမှာလဲ”
“ရုံနိုင်ငံရဲ့ ဂုဏ်ကျက်သရေ ရှိလှတဲ့ အဘိုးကြီးရဲ့လက်ကနေ လွတ်အောင် တစ်ဖက်က ရန်သူရဲ့ နိုင်ငံထဲကို ထွက်ပြေးလာတာ၊ အခု နန်းအိမ်တော်မှာ အစေခံအနေနဲ့ မမှတ်မိနိုင်အောင် ဟန်ဆောင်ထားတော့ ဘယ်သူက ကျွန်တော် ဘယ်သူလဲဆိုတာ သိမှာလဲ”
နိုင်ဝမ်ကျိုးက သူ၏ ငွေဆံထိုးကို ကိုင်ဆော့နေရင်း “ရှန်းသခင်လေးက အရမ်းတုံးတာပဲ”
ထိုစကားများကို ပြောနေချိန်မှာ သူသည် အပြစ်ရှိသည့် မျက်ဝန်းများကို ဖုံးကွယ်ထားသည်။
သူသည် သူ့အဖေနှင့် ရန်ဖြစ်စကားများပြီး စိတ်ဆိုးဆိုးဖြင့် အိမ်ပေါ်မှ ဆင်းလာခြင်းဖြစ်သည်။ ကျင်းကွမ်မြို့ရှိ သူ၏တစ်ဝမ်းကွဲအစ်ကို ရှောင်းယီဆီကို သွားမယ်ဆိုသည့် ရည်ရွယ်ချက်နှင့်ဖြစ်သည်။
မမျှော်လင့်ဘဲ တောပုန်းဓါးပြများတွေ့ပြီး သူ၏ရွှေငွေများ အားလုံးကို ယူဆောင်သွား ခံလိုက်ရသည်။ သူသည် ကျင်းကွမ်မြို့ကို ရောက်အောင် နည်းလမ်းမျိုးစုံနဲ့ တောင်းပန်ပြီး အရောက်လာခဲ့ရခြင်း ဖြစ်သည်။
သူကျင်းကွမ်ကိုရောက်သည့် ညဘက်တွင် နှင်းများက များပြားစွာ ကျဆင်းနေသည်။ မကောင်းသည့် သူတစ်ယောက်သည် လမ်းပေါ်မှာ သူကိုတွေ့ပြီး မကောင်းကြံစည်ခဲ့သောကြောင့် သူသည် ကလေးတစ်ယောက်၏ အားဖြင့့် သူ့ကိုသတ်ရန် ကြိုးစားခဲ့သည်။
သူက ထိုလူကို ကောက်ရိုးများဖြင့် ဖုံးအုပ်နေသည့်အချိန်တွင် အရူးမလေး နန်းပေါင်ကျူးနဲ့ တွေ့ခဲ့ခြင်း ဖြစ်သည်။ နန်းပေါင်ကျူးသည် သူ၏ လှပသည့် မျက်နှာလေးကိုကြည့်၍ မိန်းကလေး တစ်ယောက်ဟု ယူဆသွားပြီး သူမ၏အဖေကို မြေမြှုပ်သဂြိုလ်ပေးရန် သူ၏ခန္ဓာကိုယ်ကို ရောင်းမလားလို့ မေးခဲ့သည်။
သူ၏အဖြေကို မစောင့်တော့ဘဲ သူမသည် အစေခံများအား သူ၏အဖေကို မြေမြှုပ်သဂြိုလ်ပေးရန် စေခိုင်းလိုက်ပြီး သူ့ကို နန်းအိမ်တော် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူက စားကောင်း သောက်ဖွယ်တွေကို စားရရုံမက ပန်းထိုးထားသည့် နွေးထွေးသည့် ဝတ်စုံကိုလည်း ဝတ်ဆင်ရသည်။ အဲ့ဒါကြောင့် သူဒီမှာ နေနေခြင်း ဖြစ်သည်။
ရှောင်းယီက တည်ကြည်လေးနက်စွာ ပြောလာသည်။
“ငါဒီမှာ အရေးကြီးတဲ့ အလုပ်ရှိတယ်၊ မင်းက ပြဿနာပဲ ရှာနေမှာ၊ နောက်နှစ်ရက်နေရင် ငါမင်းကို လျှို့ဝှက်ကိုယ်ရံတော်နဲ့ ချန်အန်းကို ပြန်ပို့ပေးမယ်”
ရှန်းရိချောင်က မဝံမရဲမေးလိုက်သည်။
“ဝမ်းကွဲအစ်ကိုက ကျွန်တော့်ကိုရော ချန်အန်း ပြန်ပို့ပေးမှာလား”
ရှောင်းယီက သူ့ကို တည်ငြိမ်သည့် အကြည့်နှင့် ကြည့်လိုက်ပြီး ငြင်းပယ်လိုက်သည်။
နိုင်ဝမ်ကျိုးက ပျင်းရိစွာ လက်ပိုက်လိုက်ပြီး “ကျွန်တော် မပြန်ဘူး၊ အခု အားလုံးက သစ္စာဖောက်ပြီး အဖွဲ့တွေ အဖွဲ့တွေကလည်း အာဏာရရေးအတွက် တိုက်ခိုက်နေကြတာ၊ အဖေက ကျွန်တော့်ကို ဖိအားပေးပြီး နေ့တိုင်း စစ်မက်ရေးရာ နည်းဗျူဟာတွေကို ဖတ်ခိုင်းနေတာ ပျင်းလွန်းလို့ သေတော့မယ်၊ ဝမ်းကွဲအစ်ကိုက ဒီမှာ လျှို့ဝှက်ပြီး နေသလို ကျွန်တော်လည်း ဒီမှာနေမယ်”
ရှောင်းယီ ပြောစရာစကား မရှိတော့ပေ။
သူ၏ ဝမ်းကွဲညီသည် သူတို့မိသားစုမှာ အငယ်ဆုံးဖြစ်ပြီး အကြီးများ၏ အလိုလိုက်ခြင်း ခံရသည်။ သူ့အဖေ နိုင်ကော်ကုန်းက အနည်းငယ် ကြမ်းတမ်းလိုက်လျှင် သူသည် အိမ်မှ ထွက်ပြေးတော့သည်။
သူက အေးတိအေးစက်နှင့် ပြောလိုက်သည်။
“မင်း ဒီမှာနေချင်ရင် ငါမတားဘူး၊ ဒါပေမယ့် ငါ့ရဲ့ ဘဝမှန်ကို မင်းဖော်ထုတ်ရဲရင်တော့ ငါ့ရဲ့ ရက်စက်မှုအတွက် အပြစ်မတင်နဲ့”
နိုင်ဝမ်ကျိုး ဝတ်ထားသည့် ဝတ်စုံကို တစ်ချက်ကြည့်လိုက်ပြီး သူလှောင်ပြောင် သရော်လိုက်သည်။
“ဒီဝတ်စုံနဲ့ ဆံပင်ပုံစံက မင်းနဲ့လိုက်တယ်”
နိုင်ဝမ်ကျိုးက သူ၏နှုတ်ခမ်းတွေကို ဖိကိုက်လိုက်ပြီး မျက်လုံးများက ရှက်သွားဟန်ရသည်။
စာကြည့်ခန်းတွင် …………
နန်းပေါင်ရီသည် မီးဖိုနားမှာ ခြေထောက်ကို ချိတ်ရင်း ထိုင်နေပြီး နန်းပေါင်ကျူး အလောတကြီး စားနေတာကို ကြည့်နေသည်။ သူမ၏ ဒေါ်လေးသည် သူ၏ဝမ်းကွဲအမကို ဒီလိုကြမ်းကြမ်းတမ်းတမ်း မွေးထားတာလားဟု တွေးနေမိသည်။
အစေခံငယ်လေးကို စုံစမ်း မေးမြန်းပြီးနောက် ရှောင်းယီနှင့် တခြားသူများက ပြန်လာကြသည်။
သူမက မတ်တပ်ရပ်ပြီး သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
“အစ်ကိုတို့ ဘယ်သွားကြတာလဲ”
“ဟိုဘက် တစ်ထပ်ဆောင်”
ကျန်းဆွေ့ဟန်က လိမ်ပြောလိုက်သည်။
နန်းပေါင်ရီက သုံးယောက်လုံး၊ အထူးသဖြင့် ရှန်းရိချောင်ကို သံသယမျက်လုံးနှင့် ကြည့်လိုက်ပြီး
“အစ်ကိုတို့ အားလုံး ဟိုဘက် တစ်ထပ်ဆောင်လေးကို သွားကြတာလား”
ကျန်းဆွေ့ဟန်က ပြုံးလိုက်ပြီး “ဟုတ်တယ်၊ အဲ့ဒီမှာ လူတွေအများကြီးပဲ”
နန်းပေါင်ရီက ထူးဆန်းမှုကို သတိပြုမိလိုက်သည်။
ဒါပေမယ့် ကျန်းဆွေ့ဟန်က နိုင်ဝမ်ကျောက်ကို ဆွဲခေါ်သည့် အကြောင်းကို မဟဘဲ နှင်းရေကန် စားသောက်ပွဲအကြောင်းကို တစ်ဖန် ဆွဲခေါ်သွားတော့သည်။
ကျောက်ဝမ်ခြံမှာ ညစာစားပြီး နန်းပေါင်ရီသည် ဆုန်ဟယ့်ခြံကို မီးပုံးလေးနှင့် ပြန်လာခဲ့သည်။ အနီရောင် ဆေးသုတ်ထားသည့် စင်္ကြံကိုဖြတ်ပြီး လျှောက်လာရင်း သူမ၏ လက်ထပ်ပွဲ ဖျက်သိမ်းရန် အကြောင်းကို တွေးနေသည်။
မနေ့ညက ချန်းတယ်ယွီ၏ မာနကြီးသည့် ဟန်ပန်နှင့် တန်ဖိုးကြီးသည့် သားမွှေးဝတ်ရုံကို ပြန်မြင်ယောင်လာသည်။
လက်ထပ်ပြီး နောက်နှစ်တွေမှာ ချန်းအိမ်တော်က အကျိုးအမြတ်များ ဘယ်လောက်ရခဲ့လဲ ဆိုတာကို သူမ မသိခဲ့။ သူမ ခန့်မှန်းကြည့်ရသလောက် ရွှေစသိန်းပေါင်း များစွာ ရခဲ့လိမ့်မည်။ သူမက အတွေးကို ရပ်တန့်လိုက်သည်။
သူမက မီးပုံးကို ကိုင်ရင်း ရဲတင်းသည့် အကြံအစည် တစ်ခုက ခေါင်းထဲမှာ ပေါ်လာသည်။
အဲ့ဒါသာအောင်မြင်ခဲ့ရင် ………
သူမ ဒီနှစ်မကုန်ခင်မှာ လက်ထပ်ပွဲကို ဖျက်သိမ်းနိုင်လိမ့်မည်။
နောက်တစ်နေ့ ……..
ကျင်းကွမ်မြို့က နှင်းရေကန် စားသောက်ပွဲ အချိန်အခါကို ရောက်လာလေတော့သည်။
………………………….