အပိုင်း (၁၂၂)
ချင်ယွမ်ချွန်း နှင်းပွဲတော်
ရှောင်းယီက သူမကို ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။
“ငါကျွေးမယ်”
“ကောင်းလိုက်တာ”
နန်းပေါင်ရီသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ဈေးအကြီးဆုံး စားသောက်ဆိုင်သို့ ပျော်ရွှင်တက်ကြွစွာ ပြေးသွားသည်။
“အစ်ကို ၂၊ ညီမလေးက ပုစွန်ထုပ်ကြီးတွေနဲ့ ခရု စပ်စပ်လေးတွေကို စားချင်တယ်၊ လာ လာ တုတ်ထိုးတွေ အများကြီး သွားစားကြမယ်”
လမ်းပေါ် ညဈေးတန်းမှ ဆိုင်များက စားသောက်ပွဲတွေမှာလိုမျိုး ခမ်းခမ်းနားနား ပြင်ဆင်ထားခြင်း မရှိဘဲ အရောင်နဲ့ အနံ့၊ အရသာကိုသာ အဓိက ထားကြသည်။ အိုးအကြီးကြီးထဲ၌ ခရုပြုတ်အစပ်နဲ့ ခုတ်ပိုင်းထားသည့် ကြက်သွန်နီ၊ ငရုတ်သီးနှင့် အချဉ်ရည်၊ တခြား ပါဝင်ပစ္စည်းများ ရှိသည်။ လတ်ဆတ် မွှေးပျံ့သည့် အနံ့မှာ လမ်းမတစ်ခုလုံးကို ပျံ့လွင့်နေသည်။
ကျင်းကွမ်မြို့က စီချွမ်နားမှာ ရှိသောကြောင့် စပ်သည့် အစားအစာတွေိကို စားလေ့ရှိသည်။ နန်းပေါင်ရီသည် ချိုသည့်စားစရာများကို ကြိုက်နှစ်သက်သော်လည်း စပ်သည့် အစားအစာတွေကိုလည်း စားနိုင်သည်။
သူမသည် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို လက်လွှတ်မခံဘဲ စားသောက်ဆိုင်သို့ ပြေးသွားသည်။ ခရုအစပ်ချက် အပြည့်နဲ့ စက္ကူအိတ် တစ်အိတ်ကို ကိုင်ထားပြီး သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ကျေနပ်အားရစွာ စုပ်ပြီး စားနေတော့သည်။
ရှောင်းယီက သူမကို ကြည့်လိုက်သည်။ ကောင်မလေးသည် ပြာပန်းခတ် လှုပ်ရှားနေသည့် ညဈေးတန်းထဲ နစ်မြုပ်နေသည်။ သူမ၏ အသက်ဝင်နေသည့် အသက်ရှူသံလေးက သူ၏ဘေးမှာ ရှိနေခဲ့သည်။
သူက သူမကို ငေးမောကြည့်နေတာကြောင့် သူမသည် ခေါင်းလေးကို မော့လိုက်ပြီး မျက်ခုံးကိုပင့်ကာ ချိုသာသည့် အသံလေးနဲ့ မေးလိုက်သည်။
“အစ်ကို ၂ လည်း ခရုစားချင်လို့လား”
သူမ၏နှုတ်ခမ်းမှာ အချဉ်ရည်များပေနေပြီး သူမ၏ ပြုံးနေသည့် မျက်နှာလေးသည် နှစ်လိုဖွယ် ကောင်းနေသည်။
“လူကြီးကို စော်ကားနေတာလား”
ရှောင်းယီသည် သူမ၏ နှုတ်ခမ်းထောင့်ကို ပဝါအစိုနဲ့ သုတ်ပေးရင်း “အစ်ကို့ကို ပြောတော့ တုတ်ထိုးတွေကို ဝယ်သွားပြီး အိမ်ကို ပြန်ရောက်ရင် စားဖို့ဆို?”
နန်းပေါင်ရီက ပြုံးလိုက်ပြီး သဘောတူလိုက်သည်။ သို့သော် ဟန်လင်းလမ်းကနေ နန်းအိမ်တော်ကို လမ်းလျှောက်ပြီး ပြန်ရန် သူမက တွန့်ဆုတ်နေသည်။
သူမ၏အသံက တိုးလျနေလျက် “အစ်ကို ၂၊ လမ်းလျှောက်ရတာ ဘယ်လောက်ပင်ပန်းလဲ? ဘာလို့ မြင်းမစီးတာလဲ”
ရှောင ်းယီက ဘာမှပြန်မဖြေပါချေ။ သူသည် ကောင်မလေးကို သူ၏မြင်းပေါ်တင်ပြီး ဖက်ထားရင်း ဆယ်ပေလောက်ထိ ရောက်အောင် စီးသွားလိုက်သည်။
သူမက နတ်ဆိုးကဲ့သို့ ပြောလိုက်သည်။
“အစ်ကို ၂၊ လေက အရမ်းတိုက်နေတယ်၊ ဒီလို ကဆုန်ပေါက် ပြေးနေတာက အရမ်းအေးတယ်၊ ဘာလို့ ညီမလေးက မြင်းပေါ်မှာ ထိုင်နေရပြီး အစ်ကိုက မြင်းကို ဦးဆောင်နေရတာလဲ ၊ သွားကြမယ်”
သူ၏လက်မောင်းကြားမှ မိန်းမငယ်လေးသည် လှပပြီး ငယ်ရွယ်သေးသည်။ သူမသည် တုတ်ထိုးများ၊ ခရုများကို ဂရုတစိုက်နဲ့ ကိုင်ထားသည်။
ရှောင်းယီသည် ဘာလုပ်နိုင်မလဲ၊ ကောင်မလေးမှာ သူ၏သမာဓိအားကိုလည်း စမ်းသပ်နေသည်။ သူသည် မြင်းဇက်ကြိုးကို ငြိမ်သက်စွာ ထိန်းကိုင်ရင်း နှင်းထဲသို့ ပြေးသွားလိုက်သည်။ လမ်းမ၏ တစ်ဖက်တစ်ချက်တွင် မီးပုံးများက လှပစွာ ထိန်ညီးနေကြသည်။
နန်းပေါင်ရီက ခရုတစ်ကောင်ကို ယူလိုက်ပြီး ညင်သာစွာ တစ်ကိုက် ကိုက်လိုက်သည်။ ပြီးတော့ မြင်းစီးနေသည့် လူငယ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူက ကြည့်ကောင်း ချောမောပြီး အရပ်လည်း မြင့်သည်။ ပန်းထိုးထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းဆံထိုးကို ထိုးထားသည်။
ထိုသူ၏ နောက်ကျောဘက် မြင်ကွင်းကပင် သူမကို ရှင်းမပြနိုင်အောင် လုံခြုံသည့် ခံစားချက်ကို ပေးစွမ်းသည်။ အကယ်၍ အနာဂါတ်တွင် သူမသာ တစ်စုံတစ်ယောက်နဲ့ လက်ထပ်ခဲ့ရင် ဟိုအကြင်နာတရား မရှိသည့် ဗီလိန်ကောင် ချန်းတယ်ယွီထက် အရှုံးမပေးတတ်သည့် စိတ်ဓါတ်နဲ့ တည်ကြည်သည့် အမတ်မင်းလို လူမျိုးကိုသာ ရွေးချယ်မည်။ သူမက ခေါင်းလေးကို မော့လိုက်သည့်အခါ မျက်တောင်ဖျားပေါ်ကို နှင်းစက်လေးများ ကျလာသည်။
ဒီညချမ်းမှာ ဒီလမ်းက ဘယ်တော့မှ မဆုံးပါစေနဲ့လို့ သူမဆုတောင်းမိသည်။
………..
ဒုတိယနေ့….
ရာသီဥတုက အရမ်းအေးနေသည်။ ကျောက်ဝမ်ခြံ၏ စာကြည့်ခန်းမှာ ဖွင့်ထားသည်။ ပါးလျသည့် ဝတ်စုံကို ဝတ်ထားလျှင်တောင် အခန်းထဲမှာ နွေးထွေးနေသည်။
ကျန်းဆွေ့ဟန်က ကြီးမားသည့် မီးဖိုကြီးကို စာကြည့်ခန်း၏ အရှေ့ဘက် ပြတင်းနားမှာ ထားထားပြီး အကင်ဆန်ခါကို တင်ထားသည်။
သူသည် ယွီဝေ့ကို လတ်ဆတ်သည့် အသားလွှာများ ပြင်ဆင်ရန်၊ ခုံးများကို ဆေးရန်၊ ကြက်သွန်မြိတ်၊ မှို၊ တို့ဖူး.. စသည့် စားစရာများနှင့် ငရုတ်ကောင်းဖြူးထားသည့် အချဉ်ရည်တို့ကို အသားကင်လုပ်ရန်အတွက် ပြင်ဆင်ခိုင်းထားသည်။
ရှောင်းယီသည် အနောက်ဘက် ပြတင်းတွင် ထိုင်နေရင်း လွန်စွာ မနှစ်မြို့ဟန်ဖြင့် ပြောသည်။
“စာကြည့်ခန်းထဲမှာ ဘာတွေ လာရှုပ်နေတာလဲ”
“ရှေးလူတွေက ပြောခဲ့တယ်၊ လူတွေက စားသောက်ခြင်းကနေ နိဗ္ဗာန်ကို ရရှိတယ်တဲ့၊ ကျွန်တော်က အသားကင်လေး နည်းနည်းလုပ်တာ ဘာများ မှားလို့လဲ”
ကျန်းဆွေ့ရင်းသည် သူ၏ဝတ်ရုံလက်ကို လှည့်နေရင်း ဆားနည်းနည်းနဲ့ ငရုတ်ကောင်း နည်းနည်းကို အသားကင်ပေါ် ဖြူးလိုက်ရင်း ဆက်ပြောသည်။
“အစ်ကိုရှောင်းနဲ့ ရှန်းသခင်လေး၊ အစ်ကိုတို့ နှစ်ယောက် ကျွန်တော့်ကို အားနာမနေပါနဲ့ လာစားကြလေ”
ရှန်းရိချောင်သည် ထိုင်ခုံပေါ်မှာ ထိုင်နေသည့်တိုင် မြင့်မြတ်သည့် သခင်လေး တစ်ပါး၏ ဟန်ပန်အပြည့် ရှိနေဆဲပင်။
သူသည် ဇီးပန်းပွင့်လေးများကို ညှပ်နေရင်း ထိုစကားကိုကြားလျှင် သူ၏မျက်လုံးများကိုပင့်ပြီး အသားကင်ဖိုကို ကြည့်လိုက်သည်။ သူက အနည်းငယ် ဝေဖန်လိုက်သည်။
“လူကြီးလူကောင်းတွေက ချက်ပြုတ်တာနဲ့ ဝေးဝေးနေရမယ်၊ သမားတော်ကျန်းက ဆေးပညာမှာ ထူးချွန်ပြောင်မြောက်ပေမယ့် သူကိုယ်တိုင် အသားကင်နေတယ်၊ အဲ့ဒါက နိယာမကို ဆန့်ကျင်နေတာပဲ၊ တကယ်လို့ ငါသာ စစ်ဆေး အကဲဖြတ်ရမယ်ဆိုရင် မင်းက အဆင့်လေး ပစ္စည်းပဲဖြစ်မယ်၊ အသားလွှာတွေက အရသာ ရှိရင်တောင် အချဉ်ရည်တွေ အများကြီး သုံးထားလို့ သူရဲ့မူရင်း အရသာက ဖျော့သွားတယ်၊ အဆင့် ခြောက်ပစ္စည်း….”
“မပြောနဲ့တော့၊ နားညည်းတယ်”
ကျန်းဆွေ့ဟန်က ကင်ထားသည့် အသားတွေကို သီတံမှာ ထိုးလိုက်သည်။
အသားလွှာများကို မီးဖိုပေါ်၌ အပြင်သားကို တူးနေအောင် ကင်ထားပြီး အတွင်းသားမှာ နူးညံ့နေသည်။ သီတံ၌ ပုတီးလုံးကဲ့သို့ သီထားပြီး နီရဲသည့် ဆီကို စမ်းထားကာ ဆားနည်းနည်းနဲ့ ငရုတ်ကောင်း ဖြူးထားသည်။
ကျန်းဆွေ့ဟန်က စားရန်ထလိုက်ပြီး ရေရွတ်သည်။
“ဘယ်လောက်တောင် အရသာရှိလိုက်သလဲ၊ အစ်ကိုတို့ နှစ်ယောက်က တကယ်ကို ကောင်းချီး ပေးမခံရသည့် သူတွေပဲ”
“ဘယ်လောက်တောင် အရသာရှိလို့လဲ”
နန်းပေါင်ရီက တံခါးပေါင်ကို ကျော်ပြီး စာအုပ်တစ်အုပ်ကို ကိုင်ရင်း ဝင်လာသည်။
သူမသည် နှာခေါင်းလေးကိုရှုံ့ပြီး အနံ့ခံလိုက်ရင်း အကင်ဖိုကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးရွှဲကြီးတွေက ချက်ချင်း မြင့်တက်သွားသည်။
သူမသည် အကင်ဖိုဆီကို တန်းသွားလိုက်ပြီး “အစ်ကိုကျန်း ညီမလေးလည်း စားချင်တယ်”
“အင်း မင်းစားလို့ ရတယ်”
ကျန်းဆွေ့ဟန်က ပြုံးရင်း သူမကို တုတ်ထိုးများ၊ ဟင်းပွဲများ ပေးလိုက်သည်။
နန်းပေါင်ရီသည် အသားလွှာတချို့နှင့် ဟင်းသီးဟင်းရွက်ကင် တချို့ကို မြည်းကြည့်လိုက်ပြီး နှင်းများကို ဖြတ်လာသည့် သူမ၏ကိုယ်လေးမှာ နွေးထွေးသွားသည်။ သူမသည် မချီးကျူးဘဲ မနေနိုင်တော့။
“ဒီလိုပုံစံမျိုးနဲ့ ကင်တာက ရှားတယ်၊ အရသာက ထိပ်တန်းပဲ”
“ပုံမှန်ပါပဲ”
ကျန်းဆွေ့ဟန်သည် ခုံးကောင်တွေကို ကင်နေရင်း “အသားတွေက လတ်ဆတ်နေတာပဲ၊ ငါတို့ ဒီနေ့ ကောင်းကောင်း စားကြမယ်”
အပြင်ဘက်မှာ နှင်းများက ထူထပ်စွာ ကျဆင်းနေသည်။
နန်းပေါင်ရီက စပ်သည့် အစားအစာများကိုစားပြီး သူမ၏မျက်နှာမှာ နီရဲနေသည်။ အသက်ပြင်းပြင်း ရှူရင်းပြောသည်။
“မနက်ဖြန်၊ ကွမ်ရှူးရေကန်မှာ ချန်းသခင်လေးကို ကြိုဆိုတဲ့ပွဲရှိတယ်၊ ညီမလည်း တက်ရမယ်..”
ကျန်းဆွေ့ဟန်က ပျားရည်စိမ် ကြက်တောင်ပံကင်ကို ဝါးသီတံမှာ ထိုးလိုက်ရင်းပြောသည်။
“ချန်းသခင်လေး? မင်းရဲ့ သတို့သားလောင်းလား”
“ဟုတ်တယ်၊ ချမ်းသာပြီး အာဏာရှိတဲ့ အိမ်တွေက သခင်လေး၊ သခင်မလေးတွေကိုလည်း ဖိတ်ထားတယ်တဲ့ …. အာ… ကွမ်ရှူးရေကန်မှာ နှင်းအကြောင်းကို စပ်ဆိုထားတဲ့ ကဗျာတွေနဲ့ …. လာတဲ့ လူတိုင်းက ဆောင်းရာသီရဲ့ သဘာဝရှုခင်းတွေကို အခြေခံပြီး ကဗျာတွေ၊ စာတွေစပ်ကြမှာ ….”
နန်းပေါင်ရီက အရမ်း စပ်နေတာကြောင့် ပြောရတာ ခက်ခဲနေပြီး စကားများက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
ရှောင်းယီသည် နွေးနေသည့် လက်ဖက်ရည်ကို အချိန်ကိုက် ကိုင်ထားမိသည်။ သူမမှာ ထိုလက်ဖက်ရည်ခွက်ကို ယူပြီး သောက်လိုက်သည်။ သူမ၏ လျှာသည် ပူနေရာမှ အနည်းငယ် သက်သာသွားသည်။
“ညီမလေး တချို့စာအုပ်တွေ ရှာဖတ်ကြည့်ပေမယ့် ကဗျာဘယ်လို ရေးရမယ်ဆိုတာ မသိဘူး ဖြစ်နေတယ်၊ ညီမလေးကိုကူပြီး စိတ်ကူးကောင်းလေးတွေ စဉ်းစားပေးပါလား”
ချန်းတယ်ယွီဘက်က စေ့စပ်ပွဲ ဖျက်သိမ်းအောင် သူမ၏ဂုဏ်သိက္ခာကို သူမကိုယ်တိုင် ဖျက်ဆီးလိုက်ပေမယ့် ထိုအတွက်ကြောင့် သူမက ချန်းတယ်ယွီနှင့် နန်းယန်ဆီက လှောင်ပြောင် ခံခဲ့ရသည်။ နှင်းရေကန် စားသောက်ပွဲမှာတော့ နန်းယန်၏ ကဗျာတွေကို သူမ လွှမ်းမိုးနိုင်ရမည်။
ရှန်းရိချောင်သည် ဇီးပန်းပင်၏ အကိုင်းတွေကို ကြည့်နေရင်း ထေ့ငေါ့ပြီး ပြောလိုက်သည်။
“အရူးပဲ၊ မင်းက ကဗျာနဲ့ စာပေတွေကို အချိန်တိုအတွင်း စပ်ဆိုနိုင်ရအောင် မင်းကိုယ်မင်း အထင်ကြီးလှချည်လား”
နန်းပေါင်ရီက ပြန်လည် ချေပလိုက်သည်။
“ရှင့်အတွက်တော့ ပြောဖို့လွယ်တာပေါ့၊ ဒါပေမယ့် ကျွန်မကို နောက်ထပ်သုံးရက် ထပ်ပေးမယ် ဆိုရင်တောင် ကျွန်မက ဘယ်လိုကဗျာ အမျိုးအစားကိုမှ ရေးနိုင်မှာ မဟုတ်ပါဘူး”
“နောက်ဆုံးတော့ မင်းရဲ့ ညံ့ဖျင်းမှုကြောင့်ပဲလေ၊ ငါလိုသခင်လေးက မင်းကို အဆင့်ရှစ်လို့ သတ်မှတ်တာ တန်တယ်”
နန်းပေါင်ရီ “….”
သူပြောတာက ကျိုးကြောင်းသင့်လွန်းသည့်အတွက် သူမဘာမှ ပြန်မချေပနိုင်တော့ချေ။
ကျန်းဆွေ့ဟန်က အကြံအစည်ရှိရှိ ပြုံးလိုက်သည်။
“နန်းသခင်မလေး ၅၊ ငါက မင်းကို ကဗျာကောင်းတစ်ပုဒ် ပေးနိုင်ပါတယ်၊ ဒီလို ကဗျာမျိုးကို ကမ္ဘာပေါ်မှာ ဘယ်သူကမှ မစပ်ဆိုနိုင်လောက်ဘူး၊ တကယ်လို့ မင်းသာ နှင်းရေကန် စားသောက်ပွဲမှာ ရွတ်ပြလိုက်ရင် အားလုံးကို အံ့ဩသွားစေလိမ့်မယ်”
“ရေးထားတယ်? မင်းက?”
ရှန်းရိချောင်က လှောင်ပြောင်လိုက်သည်။
“ငါ့ကိုအထင်မသေးပါနဲ့”
ကျန်းဆွေ့ဟန်သည် မျက်ခုံးကို ဟန်ပါပါ ပင့်လိုက်ပြီး “ကြည့်နေ၊ ငါမင်းကို ရွတ်ပြမယ်”
သူ၏လက်များကို သန့်ရှင်းပြီးနောက် သူ၏ပိတ်ထားသည့် ယပ်တောင်ကိုဖွင့်ပြီး ယပ်ခပ်ရင်း မတ်တပ် ရပ်လိုက်သည်။ သူသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အရှေ့ပြတင်းနားတွင် ရပ်ရင်း တည်ကြည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“သေချာနားထောင်ကြ”
နန်းပေါင်ရီသည် ကြီးမားလှသည့်ပွဲကို ချီးကျူးဂုဏ်ပြုရန် အဆင်သင့်ဖြစ်နေဟန်ဖြင့် တကြွကြွဖြစ်နေပြီး သေချာ မထိုင်နိုင်တော့ပေ။
ရှောင်းယီက သူမကို ကြည့်လိုက်သည်။ ကောင်မလေးသည် ရှေ့ကိုကြည့်နေပြီး သူမ၏ မီးငှက်လို မျက်လုံးများက ကြည်လဲ့ တောက်ပနေသည်။ မှိုတုတ်ထိုးကို သူမ၏လက်ထဲ၌ ကိုင်ထားပြီး မှိုကို ကိုက်ထားသည့် သေးငယ်သည့် သွားရာလေးက ထင်းနေသည်။ သူသည် ဘေးဘက်ကို ခဏယိမ်းလိုက်ပြီး မှိုကို အမြန်စားလိုက်သည်။
နန်းပေါင်ရီက မသိလိုက်ပါချေ။ သူမသည် ကျန်းဆွေ့ဟန်ကိုသာ အပြုံးနှင့် စိုက်ကြည့်နေသည်။
ထောင့်နားမှာတော့ ရှန်းရိချောင်က သူ၏မျက်လုံးတွေကို လှည့်လိုက်ပြီး သူ့ဝမ်းကွဲ အစ်ကို၏ တိတ်တဆိတ် လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။
ပြတင်းအပြင်ဘက်မှာ နှင်းများက ထူထပ်စွာ ကျဆင်းနေသည်။
ကျန်းဆွေ့ဟန်က လည်ချောင်း ရှင်းလိုက်ပြီး သူ၏ လှိုင်းလုံးသဖွယ် မြင့်မားသည့် အသံနဲ့ ရွတ်ဆိုလိုက်သည်။
“တောင်ပိုင်း၏ သဘာဝရှုခင်းမှာ
ရေခဲပြင်ကမိုင်ပေါင်းများစွာ
အဆက်မပြတ်ကျဆင်းနေသည့်နှင်းစက်တွေက မိုင်ပေါင်းများစွာ။
မဟာတံတိုင်း၏အတွင်းဘက်နဲ့ အပြင်ဘက်ကို ကြည့်လိုက်ရင်
ဘာမှမဟုတ်ပေမယ့် အလေးထားရမယ့်အရာတွေရှိတယ်၊
မြစ်တွေက မြင့်ရာကနေ နိမ့်ရာကို စီးဆင်းရင်း လှိုင်းထန်နေတယ်၊
တောင်တန်းတွေက ငွေရောင်မြွေကြီးတစ်ကောင် ကနေဟန်
သဘာဝက ဖော့ဖယောင်းသဏ္ဌာန်ထွင်းထုထားသလို
မိုးနတ်မင်းနဲ့ နှိုင်းယှဉ်ချင်ပါ၏
နေသာသည့်နေ့တွေဟာတော့
ပြင်ညီပေါ်မှာ အနီရောင်ဖုံးအုပ်ထားသလို
အလွန်နှစ်သက်ဖွယ်ကောင်းလှတယ်”
“ငါတို့နိုင်ငံမှာ မရေမတွက်နိုင်သည့် သူရဲကောင်းများကို ဆွဲဆောင်နိုင်တဲ့ အလှတရားတွေ အများကြီးရှိတယ်၊
စာပေ အရည်အချင်းက နည်းနည်းလေး ညံ့ပေမယ့် ငါက ဧကရာဇ်ချင်ဟန်၏ အနုပညာကို လေးစား တန်ဖိုးထားတယ်၊
ဘိုးဘေးများ၏ ထန်ကျုံး သီချင်းကတော့ ကလူမြှူဟန်တွေ နည်းတယ်၊
လေးမြားနဲ့ ကြီးမားသည့် လင်းယုန်ကိုပဲ သိသည့် စိတ်ကြီးဝင်သည့် မျိုးဆက်က ဂျင်ဂျစ်ခန်
ဒီလက်ဆောင်တွေကို ကြည့်ပါဦး”
ကျန်းဆွေ့ဟန်သည် ကဗျာရွတ်ပြီးနောက် သူတို့သုံးယောက်အား ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေဟန်နှင့် ကြည့်လိုက်ပြီး “ကဗျာက ဘယ်လိုနေလဲ”
………………………….