အပိုင်း (၁၁၇)
ယွမ်နန်၏ အဆုံးသတ်
နန်းသခင်မကြီးက နန်းပေါင်ရုံ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်နေရခြင်းကြောင့် မအားသဖြင့့် နန်းပေါင်ရီကို ထိန်းချုပ်ရန် အချိန်မရှိခြင်းဖြစ်သည်။ သူမသည် ရှောင်းယီကို သတိပေးပြီး နောက်ပိုင်း ရှောင်းယီနဲ့လည်း ထပ်မတွေ့ဖြစ်ပါချေ။
ညဘက်ရောက်ချိန် သူမ ကျောက်ဝမ်ခြံကို တိတ်တဆိတ် ရောက်လာခဲ့သည်။ ဖူရုံပွဲကြည့်စင်သည် ရေကန်အနား၌ရှိပြီး ညခေါင်ရမ်းပန်းများကို ပတ်ပတ်လည်တွင် စိုက်ထားသည်။ ပန်းတွေ၏သဏ္ဌာန်က ကန်ရေပြင်၌ ထင်ဟပ်နေပြီး လှပ အသက်ဝင်နေသည်။
ယွီဝေ့သည် ပွဲကြည့်စင်၏ ဝါးကန့်လန့်ကာကို လှပ်လိုက်ပြီး ပြုံးရင်းပြောသည်။
“မမလေး ကြွပါ”
သူမက ပွဲကြည့်စင်ထဲကို ဝင်လာခဲ့သည်။ စင်မှာ စားပွဲများနဲ့ မွေ့ရာထိုင်ဖုံများ ပါရှိသည်။ စန္နကူးမီးတိုင်များမှာ မြင့်မားသည့် ဖန်မီးအိမ်တွေကို တင်ထားသည်က ရသမြောက်ပြီး လှပနေသည်။
အမတ်မင်းက ရောက်လာသည်။ သူက ထိုင်ဖုံပေါ်မှာထိုင်လိုက်ပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာ အရသာခံပြီး ပြင်ဆင်နေသည်။
ထို့နောက် ရှန်းရိချောင်က ရောက်လာပြီး တခြားစားပွဲ ထိုင်လိုက်သည်။ ရှန်သခင်လေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။ သူ၏ဆံပင်များကို အဖြူရောင်ဖဲကြိုးနှင့် စည်းနှောင်ထားသည်က မာနကြီးဟန်နဲ့ တော်ဝင်ဆန်သည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
သူမသည် သူ၏မျက်လွှာတွေကို အောက်ချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ရှောင်းယီ၏ဘေး၌ တိတ်တိတ်လေး ဝင်ထိုင်လိုက်သည်။
သိသိသာသာကို စားသောက်ပွဲတစ်ခု ဆင်နွှဲနေခြင်းဖြစ်သော်လည်း လေထု၏ အခြေအနေမှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းသည့် ဓါးတစ်ချောင်းလို အငွေ့အသက်ကို ခံစားရစေသည်။
အမတ်မင်း၏ အနောက်ကို လိုက်ရသည်က အန္တရာယ်ရှိသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုလိုထင်ရသည်။ သူမမှာ တွေးဆနေပြီး ရှောင်းယီကို အကြိမ်ပေါင်းများစွာ တို့ထိနေသည်။
ရှန်းရိချောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ဝမ်းကွဲအစ်ကိုက တကယ်ကြီး ရွာသား ဖြစ်တော့မှာလား၊ ဒါ့အပြင် ကျွန်တော်က ဘယ်လိုလုပ် ဒီလို သာမာန် မိန်းကလေးတစ်ယောက်နဲ့ ညစာစားရမှာလဲ?”
သူသည် အမြဲလူများကို နှိမ်ပြီးကြည့်တတ်သည်။ နန်းပေါင်ရီသည် သူမ၏ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ ဒါပေမယ့် သူက ရှောင်းယီကို ‘ဝမ်းကွဲအစ်ကို’လို့ခေါ်လိုက်သည်။ အဓိပ္ပါယ်က အမတ်မင်းက သူ၏ဘဝမှန်ကို သိနေသည်လား?
သို့သော် သူမ၏ အရင်ဘဝတုန်းက သူသည် သူ၏ စစ်တပ်ထဲကို ပြန်ရောက် သွားခ ဲ့သည့်တိုင် သူ၏ဘိုးဘေးဘီဘင်များကို မသိခဲ့ပါချေ။ သူမသည် ရှောင်းယီကို ကြည့်လိုက်သည်။ သူသည် လက်ဖက်ရည်ကို တည်ငြိမ်စွာ ပြင်ဆင်နေပြီး ရှန်းရိချောင်၏ မေးခွန်းကို မဖြေပေ။
ရှန်းရိချောင်က ထပ်ပြောသည်။
“မင်းက ဒီညစာစားပွဲကို မလာချင်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး၊ ငါကတော့ ထိဖို့တောင် မတန်တဲ့သူနဲ့ အတူတူ စားမဲ့အစား အငတ်ခံပြီး သေလိုက်မယ်၊ ရှောင်းယီ ငါမင်းကို မေးချင်တာက ယွမ်နန် ဘယ်သွားလဲ?”
လက်ဖက်ရည်က အဆင်သင့် ဖြစ်ချေပြီ…
ရှောင်းယီက အားလပ်ချိန် အနားယူ နေသကဲ့သို့ ခွက်ထဲသို့ လက်ဖက်ရည် ငှဲ့ထည့်လိုက်ပြီး အနံ့ခံ ကြည့်လိုက်သည်။
ရှန်းရိချောင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး “မင်းငါ့ကို ဒီလိုလျစ်လျှူရှုနေမယ်ဆိုရင် ငါဒေါ်လေးဆီကို စာပို့ရလိမ့်မယ်”
“လုပ်လေ”
ရှောင်းယီက အဖြူရောင် ကျောက်စိမ်းခွက်လေးကို ကောက်ယူလိုက်ပြီး နန်းပေါင်ရီ၏ နှုတ်ခမ်းနားကို တေ့ပေးလိုက်သည်။ နန်းပေါင်ရီသည် လက်ဖက်ရည် တစ်ငုံကို သောက်လိုက်သည်။ သူမသည် လက်ဖက်ရည် မြည်းစမ်းသည့် နေရာတွင် မတော်ပေ။ သူမသိသည်မှာ ဒီလက်ဖက်ရည်က ရှောင်းယီကိုယ်တိုင် လုပ်ထားခြင်း ဖြစ်သည့်အတွက် အိမ်ထဲမှ စားဖိုဆောင်ကထက်တော့ အရသာ ပိုကောင်းသည်မှာ အမှန်ပင်။
ရှောင်းယီသည် သူမ၏ခေါင်းလေးကို ပုတ်လိုက်ပြီး ကြီးမားသည့် ဝတ်ရုံကို ချွတ်လိုက်သည်။ ပြီးတော့ သူမ၏ဆံစကနေ ခြေဖျားအထိ ဖုံးအုပ်ပေးလိုက်သည်။
“ငါ့၏ခွင့်ပြုချက်မရဘဲနဲ့ ဒါကိုချွတ်ခွင့်မရှိဘူး”
နန်းပေါင်ရီသည် ဘာလုပ်ရမယ်မှန်း မသိတော့သောကြောင့် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူမ၏နှလုံးသားသည် ဗုံစည်းချက်လို ခုန်နေတော့သည်။
ရှောင်းယီက ပွဲကြည့်စင်၏ အပြင်ဘက်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ရှီးယန်က လင်ပန်းတစ်ခုကို ကိုင်ပြီး ဝင်လာသည်။ သူသည် ရှန်းရိချောင်ရှေ့၌ ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး ရိုကျိုးသည့် အပြုံးနှင့် ပြောလိုက်သည်။
“ရှန်းသခင်လေး၊ ယွမ်နန်က ဒီမှာပါ၊ သခင်က မိန်းမလှလေးရဲ့ အရေပြားနဲ့ အရိုးတွေက ပျက်စီးလို့ မဖြစ်ဘူးတဲ့၊ ဒါက အဲ့ဒါတွေနဲ့ လုပ်ထားတဲ့ သေရည်အိုးပါ။ ကျေးဇူးပြုပြီး ဒါကို သုံးကြည့်ပါ”
နန်းပေါင်ရီသည် ကိစ္စတချို့ကို နားလည်သွားပြီး သူမ၏ လက်များကို တင်းတင်း ဆုပ်လိုက်သည်။ ‘သေရည်အိုး’ဆိုသည့် စကားလုံး နှစ်လုံးနှင့်ပင် ယွမ်နန်၏ ကံကြမ္မာကို သူမ နားလည်သွားရပြီ။ အမတ်မင်း၏ နည်းလမ်းများက တကယ်ကို ကြမ်းတမ်းလှသည်။
ရှန်းရိချောင်၏ အေးစက်စက် စကားသံကို မကြားရခင် အချိန်ထိ ပွဲကြည့်စင်ဟာ အချိန်အတန်ကြာ တိတ်ဆိတ် သွားခဲ့သည်။
“ယွမ်နန်က ဒေါ်လေးရဲ့လူ”
ရှောင်းယီက လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်လိုက်ပြီး “အဲ့ဒီတော့?”
“မင်းက တကယ် ရိုင်းစိုင်းတာပဲ၊ ငါအခုပဲ ဒေါ်လေးဆီကို စာသွားရေးမယ်”
“ငါက ငါရဲ့ ဝမ်းကွဲညီကို တစ်ခုပြောဖို့ မေ့နေတယ်၊ မင်းခေါ်လာတဲ့ ကိုယ်ရံတော်တွေ အားလုံးက ငါ့လူတွေ ဖမ်းတာ ခံလိုက်ရပြီ၊ ပြီးတော့ အားလုံးကို မြေအောက် အကျဉ်းထောင်ထဲမှာ ချုပ်ထားတယ်၊ မင်းတစ်ယောက်က လွဲရင်ပေါ့”
“မင်းက ရဲတင်းလွန်း လှချည်လား”
ရှန်းရိချောင်က ရုတ်တရက် မတ်တပ် ရပ်လိုက်သည်။
ရှောင်းယီက ထပ်ပြောသည်။
“ဒါနဲ့စကားမစပ်၊ မင်း၏တန်ဖိုးနဲ့ ညှိနှိုင်းဖို့က ငါ့လက်ထဲမှာနော်၊ မင်းက ချန်အန်းကို အသနားခံစာ ပို့ချင်တယ် ဆိုရင်တောင် ဒီက ပြဿနာကို အရင်ဖြေရှင်းဖို့ စဉ်းစားသင့်တယ်”
ဖူရုံပွဲကြည့်စင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ ရှန်းရိချောင်သည် စင်၏အပြင်ဘက်ကို တည်ငြိမ်သည့် မျက်နှာဖြင့် လျှောက်သွားသည်။
ခြေလှမ်းအနည်းငယ် မလှမ်းရခင်မှာပင် ရှောင်းယီသည် လက်ဖက်ရည်ကို မှုတ်လိုက်ပြီး “ကျောက်ဝမ်ခြံမှာ ဒီည ဘာမှမရှိဘူး၊ မင်းဒီမှာ မစားရင် မင်းညလယ်အထိ ဆာလောင်နေလိမ့်မယ်၊ မင်းက တစ်ယောက်ယောက်ကို ထပ်ပြီး တရားစွဲလို့ မင်းအဖေနဲ့အမေကို မငိုစေနဲ့ဦး”
“ရှောင်းယီ လူတွေကို သိပ်မလှည့်စားနဲ့”
ရှောင်းယီက ပြုံးလိုက်ပြီး
“မင်းကို ဘယ်လို လှည့်စားလို့လဲ”
ရှန်းရိချောင်၏အသွင်အပြင်…
သူချန်အန်းမှာ ရှိနေတုန်းက သူသည် နှစ်သက်ဖွယ်ကောင်းသည့် တော်ဝင်မျိုးနွယ် သခင်လေး တစ်ယောက်ဖြစ်သည်။ လူတိုင်းက သူ့ကို ကာကွယ်ပေးကြပြီး ချစ်ခင်ကြသည်။ သူ့ဒေါ်လေး၏ အာဏာကြောင့် နန်းတော်ထဲမှ မင်းသားကပင် သူ့ကိုတွေ့ရင် ရိုရိုသေသေဖြင့် ‘ရှန်းသခင်လေး’ လို့ခေါ်ရသည်။ ရှောင်းယီလို မျက်နှာသာ မပေးမှုမျိုး သူ့ကို ဘယ်သူကမှ မလုပ်ရဲကြပါချေ။
နောက်ဆုံး သူက တံစက်မြိတ်အောက်တွင် ခေါင်းငုံ့လိုက်ပြီး အေးစက်သည့် လေသံနဲ့ “ငါစားမယ်၊ ဒါပေမယ့် ငါက အဆင့်ကိုးပဲရှိတဲ့ သူတစ်ယောက်နဲ့တော့ အတူမစားနိုင်ဘူး၊ ဒီမိန်းကလေးကတော့ ထွက်သွား ရလိမ့်မယ်”
ယွမ်နန်၏ ခေါင်းက မရှိတော့ချေ။
ရှောင်းယီသည် သူ၏ကြီးမားသည့် ဝတ်ရုံကို ဖွင့်လိုက်ပြီး နန်းပေါင်ရီကို မလွှတ်ရုံမက အိမ်စေများကို ဟင်းပွဲများ ထပ်ချခိုင်းလိုက်သေးသည်။ သူသည် နန်းပေါင်ရီအတွက် ဟင်းပွဲများကို ကိုယ်တိုင် စီမံပေးနေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကောင်းကောင်းစား၊ လှည့်မကြည့်နဲ့”
ရှန်းရိချောင်က ဒေါသထွက်သွားသည်။ သူသည် သူ၏ ဝတ်ရုံထဲမှ လက်ကို အချင်းချင်း ဆုပ်လိုက်ပြီး ခြေချင်းချိတ်ပြီး မသက်သာစွာ ထိုင်လိုက်သည်။
“ရှောင်းယီ၊ မင်းရဲ့မျိုးရိုးက မြင့်မြတ်တယ်၊ ဘာလို့မင်းက ထိဖို့တောင်မတန်တဲ့ သူတစ်ယောက်အတွက် ပြင်ပေးနေတာလဲ”
ရှောင်းယီက သူဘာပြောပြော ဂရုမစိုက်ပါချေ။
နန်းပေါင်ရီသည် ထပ်ပြီး သည်းမခံနိုင်တော့။
“ဒီမိန်းကလေးက ဘယ်နေရာမှာများ ရှန်းသခင်လေးကို စော်ကားမိသလဲမသိဘူး၊ ဘာလို့ ကျွန်မက သခင်လေးရဲ့ အကြိမ်ကြိမ် လူမဆန်အောင် ပြောဆိုနေတာကို ခံရမှာပါလဲ”
ရှန်းရိချောင်က သူ၏မျက်နှာကို အနည်းငယ် လှည့်လိုက်ပြီး “ငါသခင်လေးက ထိဖို့တောင် မတန်တဲ့ သူတစ်ယောက်ကို စကားမပြောဘူး”
မိန်းမငယ်လေးက သူ့ကိုယ်သူ ပြန်မေးလိုက်သည်။ သူမမှာ အပြစ်ကင်းစင်စွာ မွေးဖွားခဲ့ပြီး ဘာကြောင့် အပယ်ခံဖြစ်ရမှာလဲ?
ရှန်းရိချောင်က ရွံရှာဟန်ဖြင့် “မင်းက အဆင့်မြင့်နဲ့ အဆင့်နိမ့်ဆိုပြီး အဆင့်အတန်း ခွဲခြားတဲ့ နေရာမှာ မွေးလာတာ၊ အဆင့်က ကိုးဆင့် ရှိတယ်၊ မင်းက တောင်ပိုင်းမြို့ငယ်လေးက သာမန်နိုင်ငံသား တစ်ယောက်ပဲ၊ ပြီးတော့ မင်းက ကုန်သည်မျိုးရိုး၊ မင်းဟာ ကြည့်ကောင်းနေရင်တောင် မင်းက ဒီမှာမွေးတာကြောင့် မင်းကို အဆင့်ရှစ်လို့ပဲ တန်ဖိုးသတ်မှတ်နိုင်တယ်”
နန်းပေါင်ရီက ကျေနပ်အားရသွားပြီး “အဆင့်ရှစ်ပစ္စည်းကလည်း ကောင်းတာပဲ”
ရှန်းရိချောင်က လှောင်ပြောင်လိုက်သည်။
“တစ်ကနေ ကိုးအထိမှာ နှစ်က ဒုတိယ အကောင်းဆုံးဖြစ်ပြီး တစ်က အကောင်းဆုံးပဲ”
နန်းပေါင်ရီက ပြန်ဖြေသည်။
“သေချာစဉ်းစားကြည့်ရင် ကျွန်မမှာ ပစ္စည်းတချို့ ရှိသေးတယ်”
ရှန်းရိချောင်က သူ၏အင်္ကျီလက်ထဲက လက်ကို ထုတ်လိုက်ပြီး ရှောင်းယီကို ညွှန်ပြလိုက်သည်။
“သူက အရမ်းကိုကောင်းတဲ့ မိသားစုနောက်ခံရှိပြီး ကောင်းမွန်တဲ့ အနာဂါတ်ရှိတယ်၊ သူက အဆင့်အတန်း ခွဲခြားမှုကို ကောင်းကောင်း သင်ယူရမှာ၊ နှမြောစရာက သူ မြို့ငယ်လေးမှာ ကြီးပြင်းလာလို့ အဆင့်သုံးလို့ပဲ သတ်မှတ်ခံရတယ်”
သူသည် ယွီဝေ့ကို ထပ်ညွှန်လိုက်ပြီး “မွေးဖွားလာတာ နိမ့်ကျတယ်၊ အနာဂါတ်ကလည်း သာမာန်ပဲ၊ အဆင့်ခုနစ်ရှိတယ်”
နန်းပေါင်ရီက သိမ်းသွင်း မခံရပါချေ။
“ကျွန်မက ဘာလို့ ယွီဝေ့ထက် တစ်ဆင့် နိမ့်နေရတာလဲ”
“မင်းက တောင်ပိုင်းသူမို့လို့၊ သူက တာ့ရုံကမို့လို့”
လွန်ခဲ့သည့်နှစ် နှစ်ရာတုန်းက တာ့ရုံက ကမ္ဘာကြီးလို့ သတ်မှတ်ခံရဖူးသည်။ နောက်တော့ မင်းသားက အဲ့ဒီစည်းမျဉ်းကို ပယ်ဖျက်လိုက်ပြီး တာ့ရုံ၊ အနောက်တိုင်း ဝေနဲ့ တောင်ပိုင်းကျောက်တို့က ပိုပြီး အင်အားကြီး လာကြသည်။ တာ့ရုံမှ လူများသည် သီးသန့် အဆန်ဆုံးဖြစ်သည်။ သူတို့သည် တန်ခိုးအာဏာ အကြီးမြင့်ဆုံး ပြည်နယ်ဖြစ်ပြီး တခြားနိုင်ငံတွေထက် ပိုပြီးမြင့်မြတ်သည်ဟု ယူဆကြသည်။ အဲ့ဒါကြောင့် သူတို့သည် အဆင့် သုံး၊ ခြောက်၊ ကိုး စသည်ဖြင့် အဆင့်အတန်း ခွဲခြားကြပြီး သူတို့ အဆင့်မြင့်မှာ ရှိသည်။
နန်းပေါင်ရီသည် ရှောင်းယီကို သံသယနှင့် ကြည့်လိုက်သည်။ သူ၏အစ်ကို ၂ သည် စွန့်ပစ်ခံရသည့် ကလေးငယ် တစ်ယောက်ဖြစ်ပြီး သူ့ဦးလေး အကြီးဆုံးသည် စစ်ပွဲမှ ကောက်ယူ မွေးစားခဲ့သည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူသည် တကယ်တော့ တာ့ရုံကတဲ့လား…
ရှန်းရိချောင်က ထပ်မံ၍ စားပွဲပေါ်ကို ညွှန်ပြလိုက်ပြီး “အနီရောင် စန္နကူးသားက ဈေးကြီးပေမယ့် နှမြောစရာက ပုံစံ ဟောင်းနေတယ်၊ အဆင့် ၅ ပစ္စည်းပဲ၊ အဖြူရောင် ကျောက်စိမ်း လက်ဖက်ရည်ခွက်က ရှင်းလင်းနေပြီး စိုစွတ်နေတယ်၊ ဒါပေမယ့် အနုပညာရဲ့ အချိတ်အဆက်က ပြေပြစ်မှု မရှိဘူး၊ အဆင့် ၄ ပစ္စည်း၊ ငါးအသားလွှာက လတ်ဆတ်ပေမယ့် ကြက်သွန်စိမ်းနဲ့ အချဉ်က သာမန်ပဲ၊ စားသင့်တဲ့ အစားအစာတွေ မဟုတ်ဘူး၊ အဆင့် ၅ ပစ္စည်း၊ လက်ဖက်ရည်က ….”
သူကဆက်ပြီး ပြောနေသည်။ နန်းပေါင်ရီနှင့် ရှောင်းယီမှာ ထွက်သွားကြတော့သည်။ မိန်းကလေးသည် မီးအိမ်ကိုမြှောက်ပြီး ရေစပ်မှ လျှောက်နေသည်။
“အစ်ကို ၂ မှာ ထူးခြားတဲ့ နောက်ခံအင်အား ရှိနေတာပဲ၊ ညီမလေးကို တစ်ခုခု မပြောပြချင်ဘူးလား”
………………………