အပိုင်း (၁၁၆)
အမတ်မင်းက ကျောင်းကျောင်းအတွက် ကောင်းမွန်သည့်မင်္ဂလာပွဲတစ်ခု စီမံပေးမယ်မှလား
သူမသည် မျက်ရည်များကို မထိန်းချုပ်နိုင်တော့….
အမတ်မင်းသည် မှန်ကန်သည့်ဘက်က ရပ်တည်သည့် လူကောင်းတစ်ယောက် ဖြစ်သည့်အပြင် ချစ်ခြင်းတရားကို လေးစားပြီး တရားမျှတသည်။ သူသည် သူမကို ကယ်ခဲ့ရုံတင်မက သူမအတွက် တာဝန်ယူပေးဖို့ပါ လိုလားသေးသည်။
သို့သော် သူမသည် သာမန်မျိုးရိုးက မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။
‘သူမက အရှက်မရှိသလိုမျိုး ဘယ်လိုလုပ်ပြီး သူ၏လက်ထပ်ပွဲကို နှောင့်ယှက်လို့ဖြစ်ပါ့မလဲ’
သူမမှာ အလောတကြီး ပြောလိုက်သည်။
“မလိုပါဘူး အစ်ကို ၂ က အခုဆို အဆင့် ၂ အရာရှိမင်း ဖြစ်နေပြီ၊ ပြီးတော့ ညီမလေးက ကုန်သည်မျိုးရိုး သမီးတစ်ယောက်ပါ၊ ညီမလေးက အစ်ကို့ကို အစိုးရအလုပ်တွေမှာ ဘာထောက်ပံ့မှုမှ ပေးနိုင်မှာ မဟုတ်ဘူး၊ ညီမလေးကို လက်ထပ်ရင် အစ်ကို့အတွက် အရမ်းဆိုးလိမ့်မယ်၊ အစ်ကိုက မင်းသမီးတပါးကိုသာ လက်ထပ်သင့်တာပါ”
ရှောင်းယီ၏မျက်လုံးများသည် မည်းမှောင် သွားသည်။ နန်းကျောင်းကျောင်းမှာ သူ့ကိုငြင်းရဲတာလား၊ အမတ်မင်းသည် မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် မီးရောင်အောက်မှာ ထိုင်နေပြီး ညအိပ်ဝတ်စုံ၏ လည်စည်းက ပြေလျော့နေသည်။ ထို့ကြောင့် သူသည် သူမ၏ ကျောက်စိမ်းနှင့် ပုံဖော်ထားသလို သေးသွယ်သည့် လည်တိုင်နှင့် ညှပ်ရိုးများကို မြင်နေရသည်။ အတွေးထဲမှာတော့ ‘ငါနမ်းလိုက်ရင် ဘယ်လိုပုံစံဖြစ်သွားမလဲ’
သူ၏စိတ်ထဲတွင် ဒီမိန်းကလေးသည် ဘယ်လိုပဲဖြစ်ဖြစ် သူ၏သားရဲတွင်းထဲကို ဆင်းသက် လာရမည်ပင်။
သူ၏မျက်နှာပျက်မှုကို အဖတ်ဆယ်ရန် သူက တရားစာအုပ်၏ နောက်တစ်မျက်နှာကို လှန်လိုက်ပြီး ပိုမို အေးစက်တည်ငြိမ်သည့် အသံဖြင့် ပြောလိုက်သည်။
“မင်းက ဘာတွေ စဉ်းစားနေတာလဲ? တကယ်ဆို မင်းက သခင်မတစ်ယောက် မဖြစ်နိုင်တော့ ငါက မင်းကို မောင်းမတစ်ယောက်အဖြစ်လက်ခံမလို့”
နန်းပေါင်ရီသည် ပိုမိုပြီး စိတ်လှုပ်ရှားလာသည်။ ကြည့်ပါဦး! အမတ်မင်းက သူမအတွက် ဘယ်လောက်တောင် စဉ်းစားပေးလိုက်သလဲ? တရားဝင် ဇနီးတစ်ယောက် မဖြစ်နိုင်သည့် သူမကို မောင်းမအဖြစ် လက်ခံလိုက်သည်။ သူမ လက်မထပ်နိုင်တော့မှာကို သူစိတ်ပူတာကြောင့် သူမကို တာဝန်ယူပေးရန် စဉ်းစားခြင်းဖြစ်သည်။
သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး ရှောင်းယီ၏ ခြေထောက်နားတွင် ဒူးထောက်လိုက်သည်။ သူမမှာ သူ၏ခြေထောက်ကို ပွေ့ဖက်လိုက်ပြီး မျက်နှာလေးကိုမော့၍ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည ်။
“အစ်ကို ၂၊ အစ်ကိုတစ်ယောက် အနေနဲ့ အစ်ကိုက ညီမအတွက် အရမ်း စဉ်းစားပေးတာပဲ၊ အစ်ကို့ရဲ့ကြင်နာမှုကို ကျောင်းကျောင်း ခံစားရပါတယ်၊ အနာဂါတ်မှာ အစ်ကိုက တိုးတက်ပြီး ရှန်ကျင်းမြို့တော်ကို ဝင်နိုင်ခဲ့ရင် ညီမလေးအတွက် လူကောင်းတစ်ယောက်လောက် ရွေးပေးလေ၊ အဲ့ဒါဆိုရင် ကောင်းတဲ့ လက်ထပ်ပွဲတစ်ခု ဖြစ်လာဖို့ နောက်မကျပါဘူး၊ အစ်ကိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစ်ကိုတစ်ယောက်ပဲ၊ အစ်ကိုက ညီမလေးကို ချစ်မှာမလား၊ ဟုတ်တယ်မလား”
ကောင်မလေး၏ မျက်လုံးများသည် နီရဲနေပြီး သနားချင့်စဖွယ် ကောင်းလှသည်။ မျက်ရည်များ စွန်းထင်းနေသည့် မျက်နှာလေးနှင့် ရင်ဆိုင်မိချိန် ရှောင်းယီမှာ အငြင်းစကား ပြောမထွက်တော့ပေ။ သူ၏ စိတ်ထဲမှ တောက်လောင်နေသည့် မီးတောက်များ ငြိမ်သက် သွားစေသည်။ သူ၏မျက်နှာမှာ မည်းမှောင်လာပြီး အံကြိတ်လိုက်သည်။
“ဒီအမတ်မင်းက…. ဒါပေါ့ သူက ကျောင်းကျောင်းအတွက် ကောင်းမွန်တဲ့ လက်ထပ်ပွဲတစ်ခု ဖန်တီးပေးမှာပါ”
‘ကောင်းမွန်တဲ့မင်္ဂလာပွဲ?’
ရှောင်းယီ၏ညီမကို ဘယ်သူက လက်ထပ်ရဲမလဲ စောင့်ကြည့်လိုက်ဦးမယ်။
ညတစ်ဝက် ကုန်လွန်ခဲ့ပြီး အရုဏ်တက်ခါနီးခဲ့ပြီ..
နန်းပေါင်ရီသည် ရှောင်းယီ၏ဝတ်စုံကို ဆွဲထားရင်း တိုးဖွဖွပြောသည်။
“အစ်ကို ၂ ၊ အရုဏ်ဦးတိုင်း အိမ်တော်ကို လာစစ်ဆေးတတ်တဲ့ အဘွားရဲ့ လူတစ်ယောက်ရှိတယ်၊ တကယ်လို့ ညီမလေးက အိမ်တော်မှာ မရှိရင် အဘွားကို သတင်းပို့လိမ့်မယ်၊ အဘွားက ညီမလေးကို စိတ်ပူနေလိမ့်မယ်”
အိမ်တော်မှာ မိန်းကလေးတွေ အများကြီးရှိပြီး နန်းအိမ်တော်၏ စည်းကမ်းက တင်းကြပ်သည်။ မိန်းကလေးများသည် မိမိဘာသာ ညဘက် အပြင်ထွက်ခွင့် မရှိချေ။
ရှောင်းယီသည် ကြည့်လိုက်ပြီး သူမကို ဖက်လိုက်သည်။ သူသည် သူမကို ဆုန်ဟယ့်ခြံအထိ တိတ်တဆိတ် လိုက်ပို့ပြီး ပန်းထိုးထားသည့် အိပ်ရာပေါ် တင်ပေးလိုက်သည်။ နန်းပေါင်ရီသည် ဒီနေ့ည အလွန် ကြောက်လန့်ခဲ့သောကြောင့် ရှောင်းယီ တင်ပေးလိုက်သည့်အတိုင်း အိပ်ရာခင်းထဲ ပုန်းနေသည်။ အချိန်အတန်ကြာသည့်အထိ ရှောင်းယီ ပြန်သွားသံကို သူမ မကြားမိချေ။ သူမသည် အိပ်ရာထဲမှ မျက်လုံးလေး နှစ်လုံးကို ဖော်ပြီးကြည့်လိုက်ရာ သူသည် မပြန်သေးရုံမက အိပ်ရာပေါ်မှာ ခမ်းခမ်းနားနားကို ထိုင်နေသေးသည်။ သူမသည် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ခေါ်လိုက်သည်။
“အစ်ကို ၂?”
ရှောင်းယီသည် ဆေးတစ်ခွက်ကို သူ၏လက်မောင်းကြားက ထုတ်ယူလိုက်ပြီး “ခြေထောက်ပေး”
နန်းပေါင်ရီက မူးမေ့မတတ်ပင် ဖြစ်သွားရသည်။ သူမ စာကြည့်ခန်း ပြတင်းပေါက် အပြင်ဘက်ကို ခုန်ပြီး ထွက်ပြေးတုန်းက ခြေချင်းဝတ်ကို ထိခိုက်မိခဲ့သည်။
သူမအစက အရမ်း စိတ်လှုပ်ရှားနေတာကြောင့် သတိမရခဲ့၊ အခု အနားယူချိန်မှ ခြေချင်းဝတ်က နာနေသည်ကို သတိရသည်။ သူမချက်ချင်း သတိရသွားပြီး သူမ၏ ညာခြေထောက်ကို စောင်အပြင်ဘက်သို့ ဆွဲလိုက်သည်။
ရှောင်းယီသည် ခြေထောက်ကို ဖမ်းဆုပ်လိုက်သည်။ မိန်းကလေး၏ ခြေထောက်သည် သူ၏လက်ဖဝါးလောက်တောင် မကြီးပါချေ။ ပန်းရောင်ဖျော့ဖျော့ သမ်းနေပြီး ခြေချောင်းလေးတွေက လုံးဝန်းနေသည်။ ခြေဖမိုးက ပါးလျပြီး နူးညံ့နေသည်။ ခြေထောက်၏ ကောက်ကြောင်းများသည် နူးညံ့ပြီး ချစ်စရာကောင်းလှသည်။
အဲ့ဒီအရာများက မျိုးရိုးဗီဇအဖြစ် လက်ဆင့်ကမ်းပြီး သူ့သမီးလေး၏ ခြေထောက်အဖြစ် မွေးဖွားလာခဲ့ရင် ဘယ်လောက် လှလိမ့်မလဲ?
ရှောင်းယီက အတွေးတွေကို မရပ်တန့်နိုင်တော့။ ဆေးလိမ်းပေးတယ်လို့ အကြောင်းပြပြီး သူ၏လက်ဖဝါးနဲ့ နှစ်ကြိမ်လောက် ဖျစ်ညှစ်လိုက်မိသည် မသိ။ သူက သူမ၏ ပိုးဘောင်းဘီကို ပြန်ချပေးလိုက်ပြီး သူမ၏ သေးသွယ်သည့် ခြေချင်းဝတ်လေးမှာ အနည်းငယ် ဖောင်းနေသည်ကို သတိထားမိလိုက်သည်။
ထိုအရာမှာ သေးငယ်သည့် ဒဏ်ရာလေးသာ ဖြစ်သော်လည်း နန်းကျောင်းကျောင်းက ဇီဇာကြောင်လှသည်။ သူမသည် လောကကြီး၏ ကြမ်းတမ်းမှုတွေကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ချေ။ သူမ နာကျင်မှုကြောင့် မျက်ရည်ကျ လာသည်။ သူသည် လိမ်းဆေးကို နှံ့အောင် ညင်သာစွာ လိမ်းပေးနေသည်။ လတ်ဆတ်သည့် လိမ်းဆေးက နာကျင်မှုတွေကို ချေဖျက်ပေးသည်။ သိသိသာသာ နာကျင်မှုတွေက လျော့ပါးသွားပြီး ရှောင်းယီသည် သူမကို ဂရုစိုက်နေမှုကြောင့်သာ သူမက အဆင်ပြေနေသည်။
သူမက နှစ်ကြိမ်လောက်ရှိုက်နေပြီး သူ၏လက်မောင်းတွေကြား မှီနေသည်။ သူမမှာ မဝံ့မရဲဖြင့် အာရုံပြောင်းရန် ကြိုးစားလိုက်သည်။
“အစ်ကို ၂ က ညီမလေးကို အမြဲဒီလို ဂရုစိုက်မှာမလား? ဟင်”
ရှောင်းယီက မျက်ခုံး ပင့်သွားသည်။ နန်းကျောင်းကျောင်းမှာ မေးခွန်းတွေကို အပေါ်စီးက မေးလေ့ရှိသည့် အကျင့်ကို သူသတိထားမိသည်။
သူမက တိုးတိုးလေး ထပ်ပြောသည်။
“အစ်ကို ၂ ရဲ့ ကိုယ်ပိုင် ငွေစုစာအုပ်ကို ဖတ်ကြည့်မိတာ ညီမလေးရဲ့ အပြစ်ပါ။ ဒါပေမယ့် အစ်ကို ၂ က သဘောထား ကြီးကြီးထားပြီး ညီမလေးကို ဂရုမထားပါနဲ့လား၊ ညီမလေးလို အားနွဲ့တဲ့ မိန်းကလေး တစ်ယောက်ကို အစ်ကို ၂ က မသတ်ရက်ဘူးမှလား? ဟင်? ဟုတ်တယ်မှလား?”
ရှောင်းယီသည် သူမ၏ နှုတ်ခမ်းတွေကို ပိတ်လိုက်သည်။ သူအခု ပြောချင်တာက နန်းကျောင်းကျောင်းက အရမ်းချစ်စရာ ကောင်းနေပြီး သူ၏တုံ့ပြန်မှုကို ငံ့လင့်နေသည်။
သူသည် နက်ရှိုင်းပြီး ခက်ထန်သည့် အမူအရာကို ထိန်းထားပြီး ပြောလိုက်သည်။
“လူကြီးတစ်ယောက် အနေနဲ့ ငါက မင်းလို မိန်းမငယ်လေးကို ဂရုမစိုက်ပါဘူး၊ အဲ့ဒါက ကိုးခုမြောက် အုပ်စု၏ ပြစ်မှုတွေကို အပြစ်ပေးဖို့ ကိုယ်ပိုင်စစ်သားတွေကို ပျိုးထောင်နေတာ၊ အဲ့ဒါက မင်းငါ့ကို စွပ်စွဲလို့ကောင်းတဲ့ အရာမဟုတ်ဘူး”
နန်းပေါင်ရီက ပြုံးလိုက်ပြီး “အစ်ကို ၂ က ညီမလေးကို ယုံကြည်တာ အရမ်းကောင်းတာပဲ၊ စာကြည့်ခန်းထဲမှာ အစ်ကိုက ညီမလေးကို ဖမ်းမိသွားတော့ အရမ်းကြောက်သွားတာ၊ ဒါပေမယ့် အစ်ကို ၂ က သူခိုးမလေးကိုတောင် အရမ်းနောက်တတ်မယ်လို့ မထင်ထားမိဘူး၊ အဲ့ဒါက ….အာ….တပ်မက်တာ၊ အစ်ကို ၂ က လူကောင်းဆိုတော့ ထားလိုက်တော့၊ အစ်ကိုက အစ်ကို့ရဲ့ ငယ်ရွယ်တဲ့ တပ်မက်စိတ်နောက်ကို မလိုက်သင့်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်သင့်ဘူး”
ရှောင်းယီ ဖော်ပြလို့မရသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
သူ ဘယ်တုန်းက နောက်ပြောင်ပြီး သူ့စိတ်ကို အလိုလိုက်လို့လဲ?
ဒါပေမယ့် သူမကို ပွေ့ဖက်ပြီး သူမဆီက ခေါင်းရမ်းပန်းနံ့ သင်းသင်းလေး မရခင်ကတည်းက သူသည် သူမ၏သရုပ်မှန်ကို သိနေတယ်လို့ ပြောလို့မရပေ။ နောက်ပြောင်ပြီး ကိုယ့်စိတ်ကိုယ် အလိုလိုက်တာနဲ့ စာရင် သူ၏ပြောင်းလဲမှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုက သူမကို ပိုပြီး လက်မခံနိုင်ဖြစ်စေမှာ စိုးရသည်။ နန်းပေါင်ရီသည် သူ၏ ပြောင်းလဲလာသည့်စိတ်ကို မသိသေး။
သူမက သူမထင်သည့်အတိုင်း ဆက်ပြီး ပြောနေသည်။
“အစ်ကို ၂ က ငယ်ရွယ်ပြီး ကတိတည်တယ်၊ ဒါပေမယ့် အလှနောက်ကိုပဲ လိုက်နေရင် အနာဂါတ် ပျောက်သွားလိမ့်မယ်၊ အစ်ကို ၂ က ဆက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားနေမှရ….”
“ပါးစပ်ပိတ်ထား”
ရှောင်းယီက ဆူလိုက်သည်။ နန်းပေါင်ရီသည် သူမ၏ပါးစပ်ကို လိမ်လိမ်မာမာ ပိတ်လိုက်သည်။ ရှောင်းယီက သူမကို ဆေးပေးလိုက်ပြီး တိတ်ဆိတ်စွာနဲ့ ဘောင်းဘီကို ညင်ညင်သာသာ ပြန်ချလိုက်သည်။
သူက ဆေးပုလင်းကို အိပ်ရာ၏ ခေါင်းရင်းမှာ ထားလိုက်ပြီး ထွက်သွားဖို့ပြင်သည့် အချိန်တွင် အပြင်ဘက် စင်္ကြံမှ ခြေသံကို ကြားလိုက်ရသည်။
နန်းပေါင်ရီက လန့်သွားပြီး “အဘွားရဲ့ လူယုံက ဒီမှာရောက်လာပြီ၊ အစ်ကို ၂ ပုန်း.. ပုန်းတော့”
ရှောင်းယီက ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက အရပ်လည်းမြင့်ပြီး ကျစ်လျစ်သည့် ခန္ဓာကိုယ် အချိုးအစားရှိသည်။ သူပုန်းဖို့ အသင့်တော်ဆုံး နေရာမှာ ဗီဒိုထဲနှင့် တုပ်တန်းပေါ်ပင်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်၏ ဗီဒိုထဲ၌ ပုန်းရန်မှာ ယောက်ျားတစ်ယောက် အနေဖြင့် မဖြစ်သင့်ပေ။ သူသည် တုပ်တန်းပေါ်ကို တက်ဖို့ပြင်လိုက်ချိန်တွင် သူ၏ဝတ်ရုံ အနားစကို နန်းပေါင်ရီက ဆွဲထားသည်။
ကောင်မလေးက အထိတ်တလန့်နဲ့ သူ့ကို အိပ်ရာအောက်သို့ သူ့အားလေးနဲ့ တွန်းပို့နေသည်။
“အစ်ကိုက ညီမလေး၏ အိပ်ဆောင်ကို အရုဏ်တက်မှာ ရောက်နေတယ်ဆိုရင် ဘယ်လောက်ပဲ ရှင်းပြရှင်းပြ ရတော့မှာ မဟုတ်ဘူး၊ အစ်ကို ၂ တော်ပါတော့၊ ညီမလေး တောင်းပန်ပါတယ်၊ အိပ်ရာအောက်မှာ ပုန်းလိုက်ပါ”
“ငါ…..”
ရှောင်းယီ မငြင်းရသေးခင် ခုတင်အောက်သို့ တွန်းပို့ခံလိုက်ရသည်။ အိပ်ရာကို လာစစ်ဆေးသည့် အဘွားအိုက တံခါးကိုဖွင့်ပြီး ဝင်လာခဲ့သည်။ ရှောင်းယီက ခုတင်အောက်မှာ မည်းမှောင်နေသည့် မျက်နှာဖြင့် လှဲနေလိုက်ရသည်။ သူနေလာခဲ့သည့် ဆယ်ရှစ်နှစ်တာ ကာလပတ်လုံး မိန်းကလေး တစ်ယောက်၏ ခုတင်အောက်ကို တစ်ခါမှ မဝင်ဖူးပါချေ။
‘တကယ်အရှက်ရစရာပဲ’
နန်းပေါင်ရီက အိပ်ချင်ယောင် ဆောင်နေပေမယ့် လိမ္မာပါးနပ်စွာ သူမ၏ နားလေးတွေကို စွင့်ထားသည်။ သူမသည် အဘွားအို၏ ကန့်လန့်ကာ ဆွဲသံကိုကြားသည်။ အဘွားအိုသည် နှစ်ခါပြန်ကြည့်လိုက်ပြီး သူမ လုံခြုံတယ်ဆိုတာကို အတည်ပြုပြီးနောက် လှည့်ပြန်သွားတော့သည်။
နန်းပေါင်ရီသည် လွတ်မြောက်သွားသလို သက်ပြင်းချလိုက်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ သူမက ခုတင်အစွန်းကို ခေါက်လိုက်ပြီး “အစ်ကို ၂ ၊ ထွက်လာလို့ရပြီ”
ရှောင်းယီက မည်းမှောင်နေသည့် မျက်နှာနှင့် ထွက်လာသည်။ သူသည် ခါးပတ်ကြိုးကို တင်းတင်း ချည်လိုက်ပြီး အသံနက်နက်ဖြင့် ပြောသည်။
“ကောင်းကောင်းနားလိုက်၊ မနက်ဖြန်ည ကျောက်ဝမ်ခြံ၏ ဖူရုံပွဲကြည့်စင်မှာ စားသောက်ပွဲ ရှိတယ်၊ အဲ့ဒီမှာအဲ့ဒီကို လာရမယ်ဆိုတာကို မှတ်ထား”
နန်းပေါင်ရီက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“အစ်ကိုက စားသောက်ပွဲကို သွားမလို့လား? ဘယ်သူ့ပွဲကို သွားပြီး ဆင်နွှဲမှာလဲ”
“ရှန်းရိချောင်”
ရှောင်းယီက သူမကို တစ်ချက်ကြည့်လိုက်ပြီး “သူ့ကိုကြောက်လား”
နန်းပေါင်ရီသည် သူမ၏ခေါင်းကို ခါယမ်းလိုက်ပြီး လေးလေးနက်နက် ပြောသည်။
“အစ်ကို ၂ ဒီမှာရှိနေလို့ ညီမလေး မကြောက်ပါဘူး၊ ညီမလေးက သူနဲ့ မကျေနပ်ချက်လည်း ဘာမှမရှိဘဲနဲ့ ဘာလို့ညီမလေးကို ထိခိုက်အောင် လုပ်တာလဲဆိုတာကိုပဲ ညီမလေးက မေးချင်တာ”
………………………